ပညာသင်ဆု စကားဝိုင်း – ၃

နိုင်ငံခြားပညာသင်ဆု လျှောက်ထားခြင်းနှင့်ပတ်သက်၍ဆွေးနွေးချင်သည့် နောက်တစ်ချက်မှာ အဆက်အသွယ်ကိစ္စဖြစ်သည်။ ပညာရေး၊ လူမှုဆက်ဆံရေးတွင် အဆက်အသွယ်ဆိုသည်မှာ ပုံစံအမျိုးမျိုးနှင့် ရှိပါသည်။ ဆိုးတာလည်း ရှိသည်၊ ကောင်းတာလည်း ရှိသည်။ အဆက်အသွယ်ဟုဆိုလိုက်လျှင် အချို့သော မြန်မာတို့တွင် မိမိအတွက် ဘာလုပ်ပေးနိုင်မည်နည်း၊ မိမိကဘာပေးရမည်နည်း စသည့် အမှီအခိုမကင်းသည့်အမြင်ဘက်မှ စဉ်စားလေ့ရှိသည်။ အချို့လူတွေက  တစ်ဖက်သားဘာလုပ်လုပ် အဆင်ပြေပြီဆိုရင် ဘယ်သူနဲ့သိတာလဲဆိုတာ မေးတတ်ကြသည်။ ပညာသင်ဆုရသည်။ ဘယ်သူနဲ့သိတာလဲ။ အလုပ်ရသည်။

ဘယ်သူနဲ့သိလို့လဲ။ တစ်စုံတစ်ခုအောင်မြင်သည်။ ကံကောင်းလိုက်တာ။ လွယ်လွယ်ပဲ ပြောတတ်ကြသည်။ တစ်ခုခုအဆင်ပြေနေလျှင် မင်းဘာခွင်(ဂွင်)မိနေတာလဲဆိုတာနှင့် စတတ်ကြသည်။ လူငယ်များကတော့  မဟုတ်ပါ။ သက်တူရွယ်တူ သက်လတ်ပိုင်းများတွင် ထိုသို့သောအတွေးများ၊ အမေးများကမကြာခဏ ဖြစ်တည်နေပါသည်။  နိုင်ငံအတွင်းမှာတော့ဟုတ်ပါသည်။ ကိစ္စအတော်များများတွင် ဒီကနေ့ထိတိုင်  အဆက်အသွယ်က အရေးပါသည်။ အချို့ မြို့နယ်များတွင် ကျောင်းကောင်းကောင်းတက်ချင်ရင်တောင် အတွင်းအဆက်အသွယ်လိုအပ်သည်မဟုတ်လား။ ဒီတော့အချို့ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေအတွေးမှာ အဆက်အသွယ်ဆိုတာက အရိုးစွဲနေသည်။ ကြိုးစားအားထုတ်မှုကိုကျော်လွန်၍ လွယ်လွယ်နှင့် အခွင့်အလမ်းကို တွေးဆတတ်ကြသည်။

မှတ်မိနေပါသေးသည်။ စာရေးသူ ၂၀၀၉ တွင် အပြည့်အဝ ရိုထရီအမေရိကန်ပညာသင်ဆု ရပါသည်။ အမေရိကန်တွင် ၂ နှစ်ကြာ သွားရောက်ကျောင်းတက်ရမည်ဖြစ်သည်။ ပညာသင်ဆုရချိန်တွင်  စာရေးသူ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့  Save The Children တွင် တာဝန်ထမ်းဆောင်နေချိန် ဖြစ်ပါသည်။ အမေရိကန်နိုင်ငံသို့ သွားရောက်ရန် ပုသိမ်မြို့မှ ရန်ကုန်မြို့သို့မပြန်မီ လူတစ်ယောက် စာရေးသူထံ လာရောက်တွေ့ဆုံပါသည်။ သူလည်း  ပညာသင်ဆုလျှောက်ချင်သည်ဟု ဆိုပါ သည်။ စကားနည်းနည်း ပြောကြည့်တော့  အဆင်မပြေလှပေ။ ဘွဲ့တစ်ခုတော့ရပါ၏။  ပြည်တွင်း NGO အတွေ့အကြုံအချို့ လည်း ရှိပါ၏။ သို့သော် အင်္ဂလိပ်စာကလည်း မရ၊ အထွေထွေဗဟုသုတလည်းအားနည်း၊ လက်ရှိ အသုံးပြုနေသော အီးမေးလ်လိပ်စာပင် မရှိပါချေ။ မေးသည့်မေးခွန်းမှာလည်း ဘယ်လိုကြိုးစားအားထုတ် ပြင်ဆင်ရမည်ဆိုသည်ထက် ဟိုဘက်ကို ဘယ်လိုစပြီးချိတ်ရမလဲ၊ အဆက်အသွယ် ဘယ်လိုရှာရမလဲဆိုတာနှင့်ပင် လည်နေပါသည်။ စာရေးသူက ပညာသင်ဆုသဘောသဘာဝကို သေချာစွာ ရှင်းပြသည့်တိုင် နောက်ဆုံး ငွေစကားပြောလာပါသည်။ ပညာသင်ဆုမရလို့ သူနိုင်ငံခြားတွင် ကျောင်းတက်ချင်လျှင် ငွေဘယ်လောက်ကုန်မလဲ မေးလာသည်။ ပြောလေဝေးလေ ဖြစ်လေသည်။ အဲဒီတုန်း က တပ်မတော်အစိုးရ အုပ်ချုပ်နေသည့် ကာလဖြစ်သည်။ အခွင့်အလမ်းဆိုတာ  လူတွေသိပ်မသိကြပေ။ ပုသိမ်ဆိုတာ နယ်မြို့တစ်မြို့မို့ ဒီလူတွေ အတွေ့အကြုံနည်းတာလား၊ လွယ်လွယ်တွေးသလား စဉ်းစားမိခဲ့သည်။

ရန်ကုန်မြို့တွင်ဖြစ်သည်။ အမေရိကသို့မသွားမီ ပြင်ဆင်အလုပ်‌နေချိန်တွင် သူငယ်ချင်းတစ်ယောက်နှင့် မြို့ထဲတွင် တွေ့ပါသည်။ ဘာလုပ်နေသလဲ မေးသဖြင့် ပညာသင်ဆုရတယ်၊ အမေရိကန်မှာ  ကျောင်းသွားတက်မယ်ဆိုတော့ သူငယ်ချင်းက “မင်းဟိုတစ်ခါကလည်း ကိုရီးယားကျောင်း သွားတက်သေးတယ်မို့လား။ မင်းကတော့ ခဏခဏ ခွင် (ဂွင်) မိတယ်ကွာ။ ငါတို့တောင် မပြောပြဘူး” ဟု ဆိုပါ သည်။ ပုသိမ်အတွေ့အကြုံကဲ့သို့ပင် ပညာသင်ဆုရဖို့ ကိုယ်မည်မျှအားထုတ်ခဲ့ရသည်ဆိုသည်ကို မမေး။ အဆက်အသွယ်၊ ခွင်တို့ အကြောင်းသာ မေးမြန်းကြပါသည်။ သူတို့အတွက် မဟုတ်။ သူတို့မှ ပေါက်ဖွားလာမည့် အနာဂတ်မျိုးဆက်များအတွက် စိတ်မကောင်းဖြစ်ရုံမှလွဲ၍ ဘာတတ်နိုင်မည်နည်း။

အဆက်အသွယ်ဆိုတာ ကောင်းသည့်ဘက်မှာလည်း ရှိပါသည်။ ပညာသင်ဆုသတင်းအချက်အလက်ရရန်၊ ချိတ်ဆက်ဆောင်ရွက်ရန် အဆက်အသွယ်များ လိုပါသည်။ ပညာသင်ဆု လျှောက်ထားသည်ဆိုသည်မှာ ရှည်လျားသော ဖြစ်စဉ်တစ်ခု ဖြစ်ပါသည်။ အက်ဆေးတွေ ရေးရသည်၊  လိုအပ်စာရွက်စာတမ်း တောင်းခံရသည်၊ ထောက်ခံစာများ ရယူရသည်။ သို့ဖြစ်ရာ မိမိကို မှန်ကန်စွာ လမ်ညွှန်ပြသနိုင်မည့်သူ၊ မိမိကို ထောက်ခံပေးမည့်သူများ လိုအပ်ပါသည်။ ပညာသင်ဆုအကြောင်း ပိုမိုသိရှိလိုပါက ပညာသင်ဆုပေးသည့် အဖွဲ့အစည်းကို အီးမေးလ်ဖြင့် ဆက်သွယ်ရပါသည်။ ကိုယ့်တက်မည့် တက္ကသိုလ်အကြောင်း သိရှိရန် ကျောင်းသားရေးရာသို့ အီးမေးလ်ပေးပို့ စုံစမ်းမေးမြန်းရပါသည်။ အလားအလာရှိသူများ၊ ရှေ့ရောက်နေသူများကို  ပစ်မှတ်ထား ဆက်သွယ်မိတ်ဖွဲ့တတ်ရသည်။ အဆိုပါ အရာအားလုံးသည်  ကောင်းမွန်သော အဆက်အသွယ်များ ဖြစ်သည်။ ဆက်သွယ်မှုတိုင်းတွင် မျှော်လင့်ချက်ပါသော်လည်း ကိုယ်ဘက်က မည်မျှကြိုးစားအားထုတ်ထားကြောင်း သိသာစေရန် လိုပါသည်။ အချို့က အမေးသာရှိသည်။ မိမိကိုယ်ကိုယ် မိတ်မဆက်ပေ။ အချို့က ကိုယ့်အကြောင်းသာပြောသည်။ ကိုယ့်မေးမြန်းနေသည့်သူ အကြောင်းကို  မပြောပေ။ အချို့ ဖေ့စ်ဘွတ်ခ်တွင် မိတ်ဆက်လိုလျှင် “ဟိုက်” ကြသည်။ “ဟိုက်” လောက်  နှင့် ပေါပေါပဲပဲ ပြန်ဖြေသည့်အထဲတွင် စာရေးသူတို့ မပါပါချေ။ အနည်းဆုံး စာတစ်ကြောင်း၊ နှစ်ကြောင်းခန့် ရေးသင့်သည်။ စာရေးသူ စာရေးခါစ၊ စာမရေးခင် ကိုယ်ခင်မင်လေးစားသော စာရေးဆရာ အချို့ဆီသို့ အကြောင်းတိုက်ဆိုင်ပါက မိတ်ဖွဲ့သွားရောက်တွေ့ဆုံပါသည်။ သူတို့ ဆီသွားလျှင် သူတို့ထုတ်ထားသော စာအုပ်တစ်အုပ်ကို ဝယ်ယူသွားပါသည်။ စာအုပ်ကိုတင်ပြ၊ လက်မှတ်တောင်းခံပြီးမှ မိတ်ဖွဲ့  စကားပြောဆိုသည်။ စာအုပ်လက်ဆောင်များ မပေးလျှင်လည်း စာအုပ်ဆိုင်တွင် သူတို့စာအုပ်ကို ဝယ်ယူသည်။ ဝယ်ယူဖြစ်ကြောင်း ဖုန်း သို့မဟုတ် အီးမေးလ်ဖြင့်  ပြန်လည်သတင်းစကားပေးသည်။ စာရေးသူတွင် ခင်မင်သိကျွမ်းသော နိုင်ငံခြားသား မိတ်ဆွေများ၊ ပညာရှင်များ၊ ပါမောက္ခများ ရှိပါသည်။ သူတို့ထံသို့ နှစ်သစ်ကူးလျှင် နှစ်ကူးအီးမေးလ် သဝဏ်လွှာများ ပေးပို့ဖြစ်သည်။ သူတို့နိုင်ငံတွင် ရေကြီး၊ ငလျင်လှုပ်၊ ဆူပူအကြမ်းဖက် သတင်းများကြားလျှင် စိုးရိမ်ကြောင်း၊ သတိရကြောင်း အီးမေးလ်မက်ဆေ့ခ်ျများ ပေးပို့ဖြစ်သည်။ ကိုယ်ပို့တော့ သူတို့ကလည်း အပြန်အလှန် ပေးပို့လေ့ရှိပါသည်။ လိုအပ်မှ အကူအညီတောင်းတာမျိုးမဟုတ်ဘဲ အဆက်အသွယ်ကို ထိန်းသိမ်းထားရှိသည်။

စာရေးသူသည် ကိုယ့်တွင်ကောင်းမွန်သော အပြောင်းအလဲရှိလျှင်၊ အပြောင်းအလဲကြီးမားလျှင် ကိုယ်တက်ခဲ့သော ကျောင်း၊ တက္ကသိုလ်၊ ဆရာသမားများထံ  အီးမေးလ်ရေးသားပေးပို့ပါသည်။ တစ်ဖက် ကလည်း ဝမ်းသာကြောင်း၊ ဂုဏ်ယူကြောင်း အီးမေးလ်များ ပြန်လှန်ပေးပို့သည်။ အဆက်အသွယ်ဆိုသည်မှာ ဟိုဘက်၊ ဒီဘက်အပြန်အလှန်ရှိပါသည်။ တစ်ချိန်လုံး ကိုယ်ကတောင်းခံနေတာမျိုး မဟုတ်ဘဲ ကိုယ့်ဘက်ကလည်း ဘာပြန်လုပ်ပေးနိုင်သည်ဆိုသည်ကို ဖော်ပြရသည်။ လူဆိုသည်မှာ မည်မျှ ကောင်းမွန်သည်ဆိုကာမူ သူ့အတ္တနှင့်သူဖြစ်ပါသည်။ ဆင်းရဲလွန်းလျှင် အဖက်မလုပ်ချင်ကြပါ။ ပညာနိမ့် လွန်းလျင် မကူညီချင်ကြပါ။ အတွေ့အကြုံနည်းလွန်းလျှင် ဥပေက္ခာပြုတတ်ကြပါသည်။ သိပ်ကွာခြားလွန်းနေလျှင် ပေါင်းသင်းဆက်ဆံခြင်း မပြုလိုကြပါ။ အရှေ့မှာပဲ ဖြစ်ဖြစ်၊ အနောက်မှာပဲ ဖြစ်ဖြစ် လူ့သဘောသဘာဝက အတူတူပင်ဖြစ်သည်။ ပညာသင်ဆု သဘောသဘာဝကိုယ်တိုင်က ငွေကြေးချို့တဲ့သူများကို ပေးအပ်ခြင်းဖြစ်သည်ဟု ဆိုသည့်တိုင် ငွေကြေးချို့တဲ့ပြီး  အနာဂတ်ခေါင်းဆောင်မှု အလားအလာရှိသူများကို ပေးအပ်ခြင်းဖြစ်သည်။ ဘက်စုံ ထူးချွန်သူ၊ ကြိုးစားအားထုတ်မှုကြီးမားသူ၊  ရလဒ်ဖော်ပြနိုင်သူဟု ရွေးချယ်ပေးအပ်ခြင်းဖြစ်သည်။ လူဆိုသည်မှာ ဆင်းရဲလွန်းလျှင် မမြှုပ်နှံချင်ပါ။ ဆင်းရဲသည်ဆိုသည်မှာ ငွေကြေး၊ ပညာရေး၊ အတွေးအခေါ်၊  အမူအကျင့်တို့ နွမ်းပါးခြင်းကို ဆိုလိုပါသည်။ ဆင်းရဲလွန်းလျှင် မြှုပ်နှံမှုသမျှသည်  အလဟာသ ဖြစ်သွားနိုင်သည်ဖြစ်ရာ ပညာသင်ဆု လျှောက်ထားသူများသည်  ငွေကြေးချိုတဲ့သည့်တိုင် ပညာရေး၊ အတွေး အခေါ်၊ အမူအကျင့်တို့ မဆင်းရဲကြောင်း ပြသနိုင်ရန်လိုပါသည်။

ယနေ့ခေတ်ကာလတွင် မည်သည့်ကိစ္စမဆို အင်တာနက်မှတစ်ဆင့် လေ့လာကြည့်ရှုနိုင်သည်။ ဖေ့စ်ဘွတ်ခ်တွင် သတင်းအချက်အလက်တို့ တစ်ပုံတစ်ပင်ရှိသည်။ ကိုယ်တိုင်ရှာဖွေ ကြိုးစားအားထုတ်ရန်သာ လိုပါသည်။ အဆက်အသွယ်ဆိုသည်ထက် အရေးကြီးသော ပညာသင်ဆုမလျှောက်မီ ရိုးရှင်းသော မေးခွန်းအချို့ကို  ကိုယ့်ကိုယ်ကိုယ် ဖြေဆိုကြည့်ရန် လိုပါသည်။ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိပြီလား။ အချို့က ဘာလုပ်လုပ် မိဘအုပ်ထိန်းသူ၊  ဆွေမျိုးသားချင်း၊ ဆရာသမား၊ သူငယ်ချင်းတွေနှင့် တိုင်ပင်နေတတ်သည်။ တစ်ကိုယ်တည်း စီမံခန့်ခွဲတတ်ပြီလား။ စီမံခန့်ခွဲသည်ဆိုသည်မှာ အကုန်ပါဝင်သည်။ ငွေကြေး၊  အချိန်၊ လုပ်အားရင်းမြစ်များကို ဆိုလိုသည်။ ထိုက်သင့်သော အင်္ဂလိပ်စာ ကျွမ်းကျင်မှုရှိသလား။ ပညာသင်ဆု လျှောက်ပြီဆိုရင် TOEFL တို့၊ IELTS တို့ဆိုတာ လိုအပ်သည်။ ပညာသင်ဆုမှ သတ်မှတ်လေ့ရှိသော လုပ်သက်ပြည့်မီသလား။ အထူးသဖြင့် မဟာဘွဲ့ပညာသင်ဆုများတွင် လုပ်သက်အနည်းဆုံး ၂ နှစ် ရှိရမည်ဆိုတာမျိုး ပါတတ်သည်။ ကိုယ့်ကို  ထောက်ခံပေးမယ့်သူတွေ ရှိသလား။ ပညာသင်ဆုလျှောက်လျှင် ကိုယ့်ကိုထောက်ခံပေးမယ့်သူက အရေးကြီးသည်။ ကျောင်းက၊ အလုပ်က လူကြီးတစ်ယောက်ယောက်က ထောက်ခံပေးမည်ဆိုလျှင် အသင့်တော်ဆုံးဖြစ်သည်။ ဘွဲ့ရ၊ အမှတ်စာရင်း စာရွက်စာတမ်းတွေ အပြည့်အစုံရှိသလား။ အချို့ပညာသင်ဆုတွေက တက္ကသိုလ်အတန်းတိုင်း၏ အမှတ်စာရင်းတွေကို တောင်းခံတတ်သည်။ အနည်းဆုံး နောက်ဆုံးနှစ် အမှတ်စာရင်း ကိုယ့်မှာရှိရမည်။ မြန်မာဘာသာဖြင့် ဖော်ပြထားလျှင် အင်္ဂလိပ်ဘာသာဖြင့် နိုတြီလုပ်ထားရမည်။  လူအမျိုးမျိုးနှင့် ပေါင်းသင်းဆက်ဆံတတ်သလား။ အချို့က လူကြောက်တတ်သည်။ မိဘများကလည်း စိတ်မချ။ ဒီတော့ လူက ဘာလုပ်လုပ် မရဲတရဲ ဖြစ်နေသည်။

နိုင်ငံခြားတွင် ကျောင်းတက်ပြီဆိုလျှင် တစ်ယောက်တည်းနေရသော အချိန်များရှိသည်။ လူကြောက်နေလို့မရ၊ သူရဲတစ္ဆေကြောက်နေလို့ မရပေ။ အဆောင်မှာ နေသည်ဆိုလျှင်လည်း ကိုယ်နှင့်တစ်ခန်းတည်းနေသည့် သူငယ်ချင်းနှင့် အဆင်မပြေတာမျိုး ကြုံရတတ်သည်။ တစ်ခါတလေ အခန်းဖော်က သူ့ရည်းစားခေါ်လာပြီး ဟိုဘက်ခုတင်မှာ၊ ဟိုဘက်အခန်းမှာ အတူအိပ်တာမျိုးလည်း ကြုံချင်ကြုံရမည်။  မကျေနပ်လျှင် ကျောင်းသားရေးရာကို တင်ပြပါ။ အချို့က လုံးလုံး အားမနာတတ်ပါ။ တစ်ဖက်သားကို ဂရုမစိုက်ပါ။ နိုင်ငံခြား တွင် နိုင်ငံပေါင်းစုံ၊ လူမျိုးပေါင်းစုံနှင့် ကြုံတွေ့ရမည်ဖြစ်သည်။ ဒါတွေ သိထားဖို့လိုသည်။ ရောမရောက်လျှင် ရောမလို ကျင့်သင့်ကျင့်ရမည်။ အမေရိကမှာ ကျောင်းတက်တော့ စာရေးသူက ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဖြေရှင်းရေး ဘာသာရပ်အဓိကယူပါသည်။ တစ်အိမ်တည်းအတူနေသည့် အမေရိကန်ကျောင်းသားက သောင်းကျန်းသည်။ ညညဆို သူ့အခန်းမှာ အာရှသူလေးတွေနှင့် ပွဲကြမ်းပြီ။ တစ်ခါတလေ တိုက်ပွဲက အတော်ပြင်းထန်၏။  အသံမျိုးစုံ ကြားနေရသည်။ ကိုယ်က ဒီဘက်အခန်းက စာကြည့်ရင်း အင်း…  ပဋိပက္ခတော့ ဖြစ်နေပြီ။ အင်း…ငြိမ်းချမ်းသွားပြီ။ ဟော … တိုက်ကြပြန်ပြီ။ ကဲ… ငြိမ်းချမ်းပြန်ပြီ … အဲဒီလို မှတ်သားဖြစ်ခဲ့ သည်။ အပြန်အလှန် ငြင်းခုံပြောဆို ကိုယ့်ရပ်တည်ချက်ကို ခုခံကာကွယ်နိုင်သလား။  ဒါက အင်္ဂလိပ်စာတစ်ခုတည်းနှင့် မရပေ။  စာဖတ်အား၊ စာမှတ်အား၊ ကျိုးကြောင်း ယုတ္တိဆင်ခြင်တုံတရား၊ ကြိုတင်ပြင်ဆင်နိုင်မှုနှင့် ဆိုင်သည်။

နိုင်ငံခြားမှာကျောင်းတက်လျှင် တစ်ချိန်လုံး အခန်းထဲမှာ ထိုင်နေလို့မရ။  တစ်ချိန်မဟုတ် တစ်ချိန် ကိုယ့်အလှည့် ရောက်လာမည်သာဖြစ်သည်။ အုပ်စုလိုက် အလုပ်လုပ်ရသလို တစ်ဦးချင်းတင်ပြ ဆွေးနွေးရတာတွေရှိသည်။ သူပြောတာ ကိုယ်ကထောက်ပြရသလို ကိုယ်ပြောတာလည်း သူတို့က ထောက်ပြဝေဖန်ကြမည် ဖြစ်သည်။ အားနာနေလို့မရပေ။ အတင်းငြင်းခုံလုယက် ပြောဆိုရမည်ဟု မဆိုလို။  သို့သော် သူများထောက်ပြတိုင်း ကိုယ့်ရပ်တည်ချက်ကို အလွယ်တကူ အလျှော့ ပေး၊ ပြောင်းလဲရန် မသင့်ပေ။ ခုခံကာကွယ်တတ်ရမည်။

စာရေး၊ စာဖတ် ဝါသနာပါသလား။  အချို့က ပညာသင်ဆုသာ လိုချင်သည်။ စာဖတ် အင်မတန်ပျင်းကြသည်။ စာအုပ်တစ်အုပ်တောင် အစအဆုံး မဖတ်ဖူးသည့် သူတွေရှိပါသည်။ အင်တာနက်ကောင်းစွာ  အသုံးပြုတတ်ပြီလား။ သုတေသနပြု ရှာဖွေတတ်ပြီလား။ နိုင်ငံခြားမှာ ကျောင်းတက်တယ်ဆိုတာ ဆရာက အစအဆုံး အကုန်မပြောပြပါ။ ဆက်စပ်တွေးခေါ် ဖတ်ရှုတတ်အောင် သင်ပေးတာဖြစ်သည်။ လိုအပ်သော အချက်အလက်များကို အင်တာနက်အသုံးပြုပြီး ကျွမ်းကျင်စွာ ရှာဖွေတတ်ရန်လိုသည်။ အချို့က အင်တာနက်ကို ဖုန်းဖြင့်သာ အသုံးပြုကြသည်။ လက်တော့ပ် ကွန်ပျူတာနှင့်သုံးကျင့်ကမရှိပေ။ နိုင်ငံခြားတွင် ကျောင်းတက်လျှင် ကွန်ပျူတာသည် အသက်ဖြစ်သည်။ အီးမေးလ်သည် အသက်ဖြစ်သည်။ အချက်အလက်များ ရှာဖွေခြင်း (Research) သည် အသက်ဖြစ်သည်။

ပေးချင်သည့်မက်ဆေ့ခ်ျမှာ နိုင်ငံခြားပညာသင်ဆုလျှောက်ထားလျှင် ကျောင်းသားများအနေနှင့် မိမိကိုယ်တိုင်က ကြိုးစားအားထုတ်မှု ကြီးမားရန်လိုပါသည်။ ကိုယ့်အတွက် ဘာများလုပ်ပေးနိုင်မည်နည်းဟူသော မျှော်လင့်ချက်ဖြင့် အဆက်အသွယ်ဆိုသည်ကို အားမကိုးရန်ဖြစ်သည်။ အဆက်အသွယ် မျှော်လင့်သူများ၊ အဆက်အသွယ်အပေါ် မှီခိုသူများသည်  တစ်ချိန်မဟုတ်တစ်ချိန် အလိမ်ခံရတတ်ပါသည်။ စာရေးသူ လက်ရှိ နိုင်ငံခြားသံရုံးတွင် အလုပ်လုပ်ပါသည်။ အချို့က အလုပ်ကိစ္စနှင့် ပတ်သက်လျှင် စာရေးသူ ဘာများလုပ်ပေးနိုင်မည်နည်း စိတ်ဝင်စားကြသည်။ စာရေးသူ အမေရိကန်ရိုထရီ ပညာသင်ဆုရခဲ့ဖူးသဖြင့် အချို့က ပညာရေးနှင့်ပတ်သက်လျှင် စာရေးသူ ဘာများလုပ်ပေးနိုင်မလဲ သိလိုကြသည်။ စာရေးသူ ဘာမှ လုပ်မပေးနိုင်ပါ။ ပညာသင်ဆုခေါ်လျှင် အသိပေးမည်၊ အလုပ်နေရာပေါ်လျှင် အကြောင်းကြားမည်။ အမှတ်တကယ်  ထူးချွန်သည်ဆိုပါက ထောက်ခံပေးနိုင်ပါသည်။ ထိုမျှသာ တတ်နိုင်ပါသည်။ ကိုယ့်အားကိုယ်ကိုးတတ်ရမည်။ အရာရာ မိဘနှင့်ဆရာသမားများနှင့် တိုင်ပင်နေ၍ မရပေ။  ကိုယ့်ကံကြမ္မာ ကိုယ်သာဖန်တီးရမည်ဖြစ်သည်။ ကိုယ်သည်သာ ကိုယ့်သမိုင်း ဖန်တီးရှင်ဖြစ်သည်။ 

(ဆက်လက် ဖော်ပြပါမည်)

ခင်မင်စွာဖြင့်

အောင်အောင် (IR)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *