မှတ်ပုံတင်နံပါတ်တူ အရှုပ်တော်ပုံ

မှတ်ပုံတင်နံပါတ်တူသည့်အရေးက လွှတ်တော်အထိ ရောက်လာခဲ့သည်။

နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်)မှာ နိုင်ငံသားတစ်ဦးအဖြစ် တရားဝင်အသိအမှတ်ပြုသည့် တစ်ခုတည်းသော အရာ ဖြစ်သည်။

သို့သော် တစ်ခုတည်းသော ထိုကိုယ်ပိုင်နံပါတ်ကို အခြားသူတစ်ဦးက ပိုင်ဆိုင်ထားခြင်းဖြစ်ရပ်များက ခပ်စိပ်စိပ်ဖြစ်လာလေသည်။

နိုင်ငံသားအဖြစ် တရားဝင်အသိအမှတ်ပြုသည့် နံပါတ်တစ်ခုကို လူနှစ်ဦး၊ သုံးဦး အတူသုံးစွဲနေရသကဲ့သို့ ဖြစ်လာသည်။ ယင်း၏ နောက်ဆက်တွဲအဖြစ် အမှန်တကယ် နိုင်ငံသားအဖြစ် ခံယူထားသူမှာ အခက်အခဲနစ်နာမှုများ ဖြစ်လာသည်။ ထိုအခက်အခဲများကြောင့် မှတ်ပုံတင် နံပါတ်တူနေခြင်းကိစ္စကို လွှတ်တော်အတွင်း ဆွေးနွေးမေးမြန်းရသည်အထိ ဖြစ်လာခဲ့လေပြီ။

“ပြည်သူတွေမှာ အခက်အခဲရှိတယ်။ တဖြည်းဖြည်းနဲ့ ပြောလာကြတယ်။ ဒီတိုင်းထားလို့ မရတော့ဘူး။ များလာပြီ။ ခရိုင်လောက်၊ တိုင်းလောက်မရဘူး။ ဝန်ကြီးအဆင့်ကမှ မူဝါဒတစ်ခုချပြီး ပြေလည်နိုင်မယ့်ကိစ္စ ဖြစ်တဲ့အတွက် ကျွန်တော်က လွှတ်တော်မှာ မေးရတာဖြစ်ပါတယ်”ဟု ဦးအောင်နိုင် (ခ) ဦးနိုင်ငံကျော်က ဆိုသည်။

ဦးအောင်နိုင်(ခ)ဦးနိုင်ငံကျော်မှာ မိုးကုတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး မိုးကုတ်မြို့တွင် မှတ်ပုံတင်နံပါတ်တူသည့်ကိစ္စများ များစွာဖြစ်ပေါ်နေသောကြောင့် စက်တင်ဘာလ ၁၉ ရက်က လွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့ခြင်းဖြစ်သည်။

လူတူ မရှား၊ မှတ်ပုံတင်တူသူ မရှား

ယခင်က လူတူ မရှား၊ နာမည်တူ မရှားဟူသော စကားရပ်ဖြင့် တူညီသည့် ဖြစ်ရပ်များကို တင်စားပြောခဲ့ကြသည်။ ယခုမူ ထပ်ဖြည့်စွက်ရတော့မည်။ မှတ်ပုံတင်တူသူ မရှား ဖြစ်လာသည်။

မှတ်ပုံတင်နံပါတ် တူနေခြင်းကြောင့်  လက်တွေ့လူမှုဘ၀တွင် ကြုံတွေ့ရသည့် အခက်အခဲများက မည်သို့နည်း။

စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ အိမ်၊ ခြံ၊ မြေ၊ ကား ရောင်းဝယ်ခြင်းကိစ္စ ရပ်များမှာ မပါမဖြစ် ထို မှတ်ပုံတင်က အခြားသူတစ်ဦးနှင့် နံပါတ်တူနေခြင်းမှာ အချိန်ကြန့်ကြာမှု၊ ငွေကြေးဆုံးရှုံးမှုနှင့် စိတ်အနှောင့်အယှက်ဖြစ်မှုများ ဖြစ်လာသည်။

ဒေါ်အင်ကြင်း(အမည်လွှဲ) မှာ နိုင်ငံ ကူးလက်မှတ်ငါးကြိမ်မြောက်သက်တမ်းတိုးရာမှ သူနှင့် မှတ်ပုံတင်နံပါတ် တူနေသူ သုံးဦးအထိ ရှိနေသည်ကို အံ့အားသင့်စွာ သိရှိခဲ့ရသည်။

သက်တမ်းတိုးရန်အတွက် စိတ်ရှည်လက်ရှည်တန်းစီစောင့်ဆိုင်းထားသမျှ နောက်ဆုံးလုပ်ငန်းစဉ် အပြီးသတ်ခါနီးတွင် နံပါတ်တူနေခြင်းကြောင့် ဆက်လက်စောင့်ဆိုင်း၍ ဖြေရှင်းရပြန်သည်။

“အစ်မနဲ့ မှတ်ပုံတင်တူတဲ့သူ သုံးယောက်ရှိလို့တဲ့ဆိုတော့ အစ်မက Shock ပေါ့။ ဒါ (နိုင်ငံကူးလက်မှတ်သက်တမ်း) တိုးလာတာပဲ ငါးကြိမ်မြောက်ရှိပြီလို့။ အတိအကျကြီး တူနေတာ။ နာမည်တွေက တရုတ်နာမည်တွေ။ ဟုတ်စိန်တို့၊ ဘာတို့”ဟု ဒေါ်အင်ကြင်းက ၎င်းဖြစ်ရပ်ကို ရှင်းပြသည်။

ထိုသို့နံပါတ်တူနေခြင်းကြောင့် ပြန်လည်စစ်ဆေးမည်ဆိုကာ စစ်ဆေးခကိုလည်း ငွေကျပ် ၅၀၀၀ တောင်းခံပြန်သည်။ ထို့ပြင် မှတ်ပုံတင်နံပါတ်တူသူများမှာ သက်တမ်းတိုးပြီးပါက နိုင်ငံကူးလက်မှတ်ကို တစ်ပတ်အတွင်း မရဘဲ တစ်ပတ်အတွင်းလိုချင်ပါက ငွေကျပ်ငါးသောင်းပေးရမည်ဖြစ်ကြောင်းလည်း ပြောကြားမှုများ ရှိလာခဲ့သည်။

“ဟိုမှာ အလုပ်သွားလုပ်မယ့်သူတွေဆို အေးဂျင့်က ဒီရက်ထွက်ရမယ်ဆို ငါးသောင်းပေးရင် ပေးရမှာပဲ။ အဲဒီနံပါတ်တူတဲ့ ဟုတ်စိန်တို့ဘာတို့က နယ်စပ်မှာ ဘိန်းကုန်ကူးလို့၊ WY ဆေးပြားသွင်းလို့ ဒီမှတ်ပုံတင်နံပါတ်နဲ့ တူနေလို့ လာဖမ်းရင်လည်း ကိုယ်က ထောင်ထဲဝင်ရမှာလား”ဟု ဒေါ်အင်ကြင်းက မေးခွန်းထုတ်သည်။

ယခုတစ်ခေါက် နိုင်ငံကူးလက်မှတ်သတ်တမ်းမတိုးခင်ကလည်း ဒေါ်အင်ကြင်းမှာ စင်ကာပူနိုင်ငံရှိ သံရုံးတွင် သက်တမ်းတစ်ခါတိုးခဲ့ဖူးသေးသည်။ မည်သည့် ပြဿနာမျှ မရှိခဲ့။ ယခု ထိုသို့ဖြစ်ရခြင်းအပေါ် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသည်။

“သေတဲ့သူတွေရဲ့ နံပါတ်တွေ သုံးတာကို မပြောဘူး။ အခုက အသက်ရှင်လျက်ရှိနေသူတွေရဲ့ နံပါတ်ကိုတော့ မလုပ်ကြနဲ့လေ။ နည်းနည်းလေးတော့ အလုပ်လုပ်ကြပေါ့”ဟု ဒေါ်အင်ကြင်းက ပြောကြားသည်။

ထို့အတူ ဒေါ်အင်ကြင်းကဲ့သို့ပင် ကိုထက်ခိုင်စိုးသည်လည်း နိုင်ငံကူးသက်တမ်းတိုးချိန်တွင် မိမိနှင့် နံပါတ်တူ သူတစ်ဦးရှိနေသည်ကို သိရှိခဲ့ရပြီး ဇာတိမြို့ ဖြစ်သော ပေါင်းတည်မြို့အထိ ချက်ချင်း ပြန်၍ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနသို့ သွားရောက်ကာ ထောက်ခံစာရယူခဲ့ရသည်။

“မှတ်ပုံတင်တစ်ယောက်နဲ့ တစ်ယောက်တူတယ်ဆိုတာ လုံးဝအဓိပ္ပာယ် မရှိဘူး။ ဒီအရပ်၊ ဒီဒေသ၊ ဒီလိပ်စာနဲ့ ကျွန်တော်နေတာ။ ဒါကအတုလုပ်တာ သေချာတယ်။ လ၀က လုပ်စားခဲ့တဲ့ဟာ။ နိုင်ငံသားတစ်ယောက်အနေနဲ့ အဲဒီလို လက်ခံနိုင်စရာအကြောင်းမရှိတာ”ဟု ကိုထက်ခိုင်စိုးက ပြောကြားသည်။

မှတ်ပုံတင်ကတ် မူရင်းပိုင်ရှင်တို့မှာ နံပါတ်တူပြသနာအပူမီးအတွက် ခေါင်းကိုက်နေရဆဲပင်။

“ကိုယ်က ဒီနိုင်ငံသားဖြစ်ရက်နဲ့၊ မှတ်ပုံတင်နံပါတ်ရှိရက်သားနဲ့ သူတို့လုပ်စားခဲ့တဲ့ကိစ္စတွေကြောင့် အဲဒီလို ဖြစ်ရတာ။ ဒါက လုံးဝမဖြစ်သင့်တဲ့ ကိစ္စ”ဟု ကိုထက်ခိုင်စိုးက ဆိုသည်။

ကိုထက်ခိုင်စိုးမှာ နိုင်ငံသားတစ်ယောက်၏ အခွင့်အရေးကိုနားလည်၍ ပြန်လည်မေးခွန်းထုတ် ဖြေရှင်းနိုင်ခဲ့သော်လည်း နိုင်ငံသားအခွင့်အရေး မသိရှိသူတစ်ဦးအတွက် မှတ်ပုံတင်နံပါတ်တူနေ၍ အချိန်ကုန် ငွေကုန်ဖြင့် စိတ်ပင်ပန်းကြရမည်ဟု ကိုထက်ခိုင်စိုးက ပြောကြားသည်။

ထို့အတူ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင်လည်း ဘဏ်တွင်ငွေသွင်း ငွေထုတ်ကိစ္စများပြုလုပ်ရာမှ နံပါတ်တူနေခြင်းကြောင့် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနသို့ အကြောင်းကြားခဲ့၍ ဖြေရှင်းပေးခဲ့ရဖူးကြောင်း ထိုဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

“ရှေ့က ကုတ်နံပါတ်ကို မှားပြီးတော့ အိမ်ထောင်စုထဲ ရေးထည့်ထားတာ။ အိမ် ထောင်စုဇယားမှာ ရေးတဲ့နံပါတ်နဲ့ နိုင်ငံသားနံပါတ်နဲ့ လွဲနေတာပေါ့”ဟု ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အမျိုးသား မှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနမှ ဦးစီးဌာနမှူး ဦးမျိုးမြင့်က ပြောကြားသည်။

ထိုမှတ်ပုံတင်နံပါတ်တူသည့် အခြေအနေကို လွှတ်တော်သို့ တင်ပြခဲ့သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ မိုးကုတ်မဲဆန္ဒနယ်တွင်ပင် ၎င်း စုံစမ်းထားချက်အရ အထောက်အထား တိတိကျကျရရှိထားသူ လူဦးရေမှာ ၁၀၀ နီးပါး ရှိနေပြီး ပြောဆိုမှုများအရ ၅၀၀ နီးပါးအထိ ရှိသည်ကိုလည်း ကြားသိရကြောင်း ဦးအောင်နိုင်က The Voice Journal သို့ပြောကြားသည်။

“မိုးကုတ်မြို့နယ်အနေနဲ့ တင်ပေမယ့် မြို့နယ်တစ်ခုထဲကို ပြောတာ မဟုတ်ဘူးနော်။ မြန်မာပြည်တစ်ပြည်လုံးမှာ အများကြီးရှိနိုင်တယ်။ မြန်မာနိုင်ငံသား အချင်းချင်းထပ်နေတာက ဖြေရှင်းလို့ ရတယ်။ အကယ်၍များ အချို့တွေမှာ မရိုးမသားနဲ့ နံပါတ်တူထုတ်ထားပေးတာများ ရှိခဲ့ရင် ဥပဒေအတိုင်းအရေးယူတယ် ဆိုပေမယ့် ကျွန်တော်တို့ မသိဘူး။ လုပ်သွားတဲ့သူပဲ သိမှာ”ဟု ဦးအောင်နိုင်က ဆိုသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်နိုင်သူဦးရေ ၃၅ သန်းခန့် ရှိသည်ဟု သိရသည်။

ပြသနာ၏ အရင်းခံ

မိုးကုတ်မြို့တစ်မြို့သာမက တစ်နိုင်ငံ လုံးအနှံ့မှတ်ပုံတင်နံပါတ်တူနေခြင်းက အဘယ်ကြောင့်နည်း။

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေကို ၁၉၄၉ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး ၁၉၅၁ ခုနှစ်တွင် နည်းဥပဒေကို ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သည်။

၁၉၅၂ခုနှစ်တွင် မြန်မာနိုင်ငံသား၊ နိုင်ငံပိုင်သား၊ နိုင်ငံခြားသားခွဲခြားမှုမရှိဘဲ နိုင်ငံခြားသားမှတ်ပုံတင်ရရှိ ကိုင်ဆောင်ထားသူများမှအပ နေထိုင်သူအားလုံးကို အမျိုးသားမှတ်ပုံတင်သက်သေခံကတ် ပြားထုတ်ပေးခဲ့သည်။ (အရပ်ခေါ်) အစိမ်း ရောင်သုံးခေါက်ချိုးကတ်များ ဖြစ်သည်။

ထို့နောက် ၁၉၈၂ ခုနှစ်တွင် မြန်မာနိုင်ငံသားဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ၁၉၈၉ ခုနှစ်မှစ၍ ယခုကိုင်ဆောင်ကြသည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (အရပ်ခေါ်) ပန်းရောင်ကတ်ကို တစ်နိုင်ငံလုံးတွင် စီမံချက်ဖြင့် ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။

တိုင်းရင်းသားတိုင်း လည်းကောင်း၊ တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားသူတိုင်းသည် လည်းကောင်း မွေးရာပါနိုင်ငံသား ဖြစ်သည်။ ၁၉၈၂ ခုနှစ် ဥပဒေ အာဏာတည်သည့် နေ့တွင် နိုင်ငံသားဖြစ်ပြီး သူသည်လည်း နိုင်ငံသားဖြစ်သည်။ နိုင်ငံသားမိဘနှစ်ပါး၊ နိုင်ငံသားနှင့် ဧည့်နိုင်ငံသား၊ နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများမှာလည်း နိုင်ငံသားဖြစ်သည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၏ လွှတ်တော်တွင်ဖြေကြားချက်အရ ၁၉၈၉ ခုနှစ်တွင် စီမံချက်တွင် ဝန်ထမ်းအင်အား နည်း၍ ပြင်ပမှ နေ့စားဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများနှင့် ရပ်ကွက် ကျေးရွာအုပ်စု စာရေးဝန်ထမ်းများကို ခေါ်ယူဆောင်ရွက်ခဲ့ရပြီး နိုင်ငံသားစိစစ် ရေးကတ်ပြား လက်မှတ်များကို စိစစ်ရန် အားနည်းချက် လိုအပ်ချက်များရှိခဲ့သည်ဟု ဆိုသည်။

“နိုင်ငံသားနံပါတ်တစ်ခုထဲကို နှစ်ဦး ဒါမှမဟုတ် နှစ်ဦးထက်ပိုပြီးတော့ နံပါတ်ထပ်ပိုများ ရှိနေခဲ့တာဖြစ်ပြီး ယနေ့တိုင်အောင် ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါတယ်”ဟု ဝန်ကြီးက ဖြေကြားခဲ့သည်။

ထိုအချိန်တွင် ဦးစီးမှူးက ထုတ်ပေးလိုက်သည့် မှတ်ပုံတင်နံပါတ် ၁ မှ ၁၀၀ ထက် ကျော်လွန်ပြီး လုပ်ပေးခဲ့သည့် အခြေအနေများလည်း ရှိသည်။

“တိုက်နယ်မှူးတစ်ယောက်က တစ်နေ့ လူသုံးထောင်ပြီးရမယ်။ ရပ်ကွက်တွေထဲ၊ ရွာတွေထဲ ကွင်းဆင်းကြရင်း မှားတာတွေလည်း ရှိတာပေါ့။ တိုက်နယ်မှူး တစ်ယောက်ကို ၁ ကနေ ၁၀၀ ပေးလိုက်တယ်။ သူက ၁၀၀ ကျော်အထိ သုံးလာတယ်။ ရုံးကိုလည်း ပြန် သတင်းမပို့ဘူး။ အဲဒါမျိုးတွေဆိုတော့ နံပါတ်က ထပ်သွားတာပေါ့”ဟု ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနမှ ဦးစီးဌာနမှူး ဦးမျိုးမြင့်က ပြောကြားသည်။

ထို့ပြင် နိုင်ငံသားဖြစ်ခွင့်ဥပဒေအရ နိုင်ငံသားပေးခွင့်မရှိသူ မျိုးဆက်သုံးဆက် မပြည့်ဘဲသွေးနှောများကို အဂတိလိုက် စားမှုကျူးလွန်၍ နံပါတ်တူထုတ်ပေးသည့် ဖြစ်ရပ်များလည်းရှိသည်။

ပုဂံ ညောင်ဦးမြို့တွင် နိုင်ငံသားဖြစ်မှုဥပဒေအရ နိုင်ငံသားပေးခွင့်မရှိသူတစ်ဦးကို ငွေကြေးရယူ၍ နံပါတ်တူထုတ်ပေးခဲ့သည့် ဖြစ်ရပ်ရှိခဲ့သည်။ ထိုဖြစ်ရပ်တွင် ကျူးလွန်သူဝန်ထမ်းမှာ ရာထူးမှ ထုတ်ပယ်ခံရသည်။

လတ်တလောတွင်ပင် ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ် အမျိုးသား မှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာနမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ၊ ဒုတိယလူဝင်မှုကြီးကြပ်ရေမှူး နှစ်ဦး၊ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ငါးဦးတို့မှာ နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ခြင်း၊ အိမ်ထောင်စုဇယား ပြုလုပ်ခြင်းနှင့် မွေး/တိုးစာရင်းပြုလုပ်ခြင်းတို့အပေါ် ငွေကြေးရယူဆောင်ရွက်ပေးနေခြင်းကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားသည်။

ထို့ပြင် မှတ်ပုံတင်အတုပြုလုပ်ခြင်းကြောင့် နံပါတ်ထပ်ခြင်းများလည်းရှိပြီး စက်တင်ဘာ ၂၀ရက်ကပင် နိုင်ငံသားစိစစ်ရေးကတ်အတုပြုလုပ်၍ ကျောက်မျက်ပြပွဲသို့ ဝင်ရောက်ရန် ကြိုးပမ်းသည့် တရုတ်နိုင်ငံသားသုံးဦးကို နေပြည်တော် ဇမ္ဗူ သီရိမြို့နယ်အမှတ် (၁) ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားရသည်။

မှတ်ပုံတင်ပုံစံဖြည့်သွင်းရာတွင် ခံဝန်ကတိလက်မှတ်ထိုးရသည့် အချက်များ ရှိသည်။ ထိုအချက်မှာ နိုင်ငံသားတစ်ဦးက မဟုတ်မမှန်ဖော်ပြခြင်း သို့မဟုတ် ဖုံးကွယ်ခြင်းဖြင့် နိုင်ငံသားအဖြစ်ကို ရရှိပါက နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခြင်းခံရမည့်အပြင် ထောင်ဒဏ် ဆယ်နှစ်နှင့် ငွေဒဏ်ကျပ်ငါးသောင်း ကျခံစေရမည်ကို နားလည်သည်ဆိုသည့် ဝန်ခံချက်ဖြစ်သည်။

ထို့အတူ မသမာသောနည်းလမ်းဖြင့် နိုင်ငံသားလက်မှတ် သို့မဟုတ် ဧည့် နိုင်ငံသားလက်မှတ် သို့မဟုတ် နိုင်ငံသားပြုခွင့်လက်မှတ်ကို ရရှိရန် အားပေးကူညီပါက ထောင်ဒဏ်ခုနှစ်နှစ်နှင့် ငွေဒဏ် ကျပ်တစ်သောင်းကျခံရမည်ဟု ပါရှိသည်။

မှတ်ပုံတင်နံပါတ်တူနေခြင်း၏ နောက်ဆက်တွဲအကျိုးဆက်က ထိုမျှမကသေးပါ။ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း နံပါတ်တူနေခြင်းကြောင့် ပြဿနာများရှိလာနိုင်သည်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်က ပြောကြားသည်။

“မဲပေးပြီးလို့ ကိုယ်စားလှယ်လောင်း အနိုင်အရှုံးတွေ ကြေညာချိန် NLD က ကိုယ်စားလှယ်နိုင်သွားပြီ။ နိုင်သွားတဲ့အခါ တစ်ဖက်ပါတီက လိုက်ကြည့်လို့ မှတ်ပုံတင်နံပါတ်တစ်ခုသည် မဲရုံနှစ်ခုမှာ ပေးခဲ့တယ်။ အဲဒီ လူမရှိတော့လို့ သက်သေထွက်မရရင် ကိုယ်စားလှယ်က သောင်းချီပြတ်ပေမယ့် မတရားစည်းရုံးပြီး နှစ်ခါပေးတယ်ဆိုတာမျိုး ဖြစ်လာနိုင်တယ်။ ပြဿနာရှာမယ့် ပါတီဆို ဒါကို လိုက်ရှာမှာ”ဟု ဦးအောင်နိုင်က ၎င်း၏ စိုးရိမ်မှုကို ပြောကြားသည်။

ဦးအောင်နိုင်က လွှတ်တော်အတွင်း မေးခွန်းမေးမြန်းချိန်ကလည်း ယခုလို ထည့်သွင်းပြောကြားခဲ့သည်။

“ထပ်နေတဲ့သူတွေက မည်သူ မည်ဝါဖြစ်တယ်ဆိုတာကို ရုံးကနေ ကြေညာပေးမှသာ သိရှိနိုင်မှာဖြစ်ပါတယ်။ ဒီလိုကိစ္စကို ဒီတိုင်းထားလို့ မရဘဲ ရှင်းမှ ရမှာပါ။ နောက်နှစ် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲပေးရမှာ ဖြစ်တဲ့အတွက် ဒီလို နံပါတ်တူဖြစ်နေတဲ့ကိစ္စတွေကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

၁၉၉၀ ပြည့် ရွေးကောက်ပွဲနှင့် ၂၀၀၈ ခုနှစ် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ အကြိုကာလတွင် မဲပေးခွင့်ရှိသူများကို အချိန်တိုအတွင်း နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခဲ့၍ မမှန်ကန်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိခဲ့သည်ဟုလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က စက်တင်ဘာ၁၇ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် ပြောကြားထားသည်။

မဲစာရင်းစစ်ပါ

သို့သော် ရွေးကောက်ပွဲကော်မရှင် ကလည်း ထိုအခြေအနေအတွက် မဲပေးခွင့်ရှိသူစာရင်းများ ထုတ်ပြန်ပါက မပျက်မကွက်လာရောက်ကြည့်ရှုရန် တိုက်တွန်းထားသည်။

“ပြည်သူတွေကို ၁၄ ရက် တစ်ခါစီ နှစ်ကြိမ်ထုတ်ပြန်မှာဖြစ်ပါတယ်။ အဲဒီအချိန်မှာ ပြောရင် မဲပေးခွင့်ရမယ်။ ဒါက ပထမနည်းပေါ့။ နောက်တစ်ခုက နံပါတ်တူနေပေမယ့် တကယ် ဒီလူမှန်ပါတယ်ဆိုတာကို မဲရုံက ထောက်ခံပေးသူရှိရင် ရပါတယ်။ မှတ်ပုံတင်နံပါတ်တူနေပေမယ့် မောင်ဖြူဟုတ်ပါတယ်။ မောင်မဲဟုတ်ပါတယ် ဖြေကြားနိုင်ရင် မဲ မဆုံးရှုံးဘူးပေါ့”ဟု ရွေးကောက်ပွဲကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောကြားသည်။

ထို့ပြင် လတ်တလောတွင်လည်း တိုင်းနှင့်ပြည်နယ်အလိုက် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနများကို သမ္မတအမိန့်ဖြင့် ဖွဲ့စည်းထားခဲ့ပြီးဖြစ်ရာ လာမည့် ၂၀၂၀ ရွေးကောက်ပွဲနှင့် ဆက်စပ်သလောဆိုသည့် မေးခွန်းများကလည်း ရှိနေပြန်သည်။

ထိုအခြေအနေများက မှတ်ပုံတင် နံပါတ်တူခြင်းများ ဖြစ်လာစေပြီး မြန်မာ နိုင်ငံတွင် စာဖိုင်တွဲများဖြင့်သာ အသုံး ပြုနေရဆဲဖြစ်ကာ ဒီဂျစ်တယ်နည်းပညာ ဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်ရန် အား နည်းနေဆဲဖြစ်သည့်အချက်ကလည်း တစ်ချက်အပါအဝင် ဖြစ်သည်။

ကွန်ပျူတာတွင် အချက်အလက်များကို သိမ်းဆည်းထားပါက အလွယ်တကူရှာဖွေစုံစမ်းနိုင်မည်ဖြစ်သလို လုပ်ငန်းဆောင်ရွက်ရာတွင်လည်း မြန်ဆန်မှုရှိမည်။

ယခုမှာမူ အချိန်ကြန့်ကြာမှုနှင့် ဝန်ထမ်းအင်အားမမျှတမှုတို့ကြောင့် ပြည်သူ့အခွန်ဖြင့် လစာရထားသော ပြည်သူ့ဝန်ထမ်းများက ပြည်သူအပေါ် စိတ်ရှည်သည်းခံခြင်းဖြင့် ဝန်ဆောင်မှုပေးရခြင်းကိုလည်း သဘောမပိုက်နိုင်တော့ပေ။

မျှော်သာမျှော် ပေါ်မလာ ကြာနေဆဲ

ထိုအခြေအနေများကို ကျော်လွန် ရန်အတွက် ယခင်အစိုးရလက်ထက်ကပင် ကြိုးပမ်းနေသော e-Government  သို့သွားနိုင်ရန် စီစဉ်နေသော်လည်း ယနေ့ ထိတိုင် ဖြစ်မလာသေးပေ။

သို့သော် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၏ ဖြေကြားချက်အရ အစိုးရအနေဖြင့် e-Government  အကောင်အထည်ဖော်ရေးဗဟိုကော်မတီလမ်းညွှန်မှုဖြင့် URD လုပ်ငန်း၊ Unit ID လုပ်ငန်း များနှင့် EID လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါက နည်းပညာအရ နံပါတ်များ၊ လူများ ထပ်နိုင်သည့် အနေအထားမရှိကြောင်းလည်း ဝန်ကြီးက ဖြေကြားခဲ့သည်။

သို့သော် ထိုလုပ်ငန်းများမှာ မည်မျှခရီးပေါက်နေပြီး မည်သည့်အချိန်တွင် ဖြစ်လာမည်နည်းဆိုသည့် မေးခွန်းများဖြင့်သာ ရှိနေဆဲဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း မြန်မာနိုင်ငံသားဖြစ်ခြင်းဆိုသည့် မိမိတို့၏ တစ်ခုတည်းသော အမှတ်အသားနံပါတ်လေးများ မည်သည့်အချိန်တွင် အခြား သူတစ်ဦးတွင် ရှိနေမည်လဲဆိုသည်ကိုဖြင့် စိုးတထိတ်ထိတ်ဖြင့် စောင့်နေရုံသာဖြစ် သည်။

ဦးအောင်နိုင်က လွှတ်တော်တွင်း မေးခွန်းမေးမြန်းရာတွင် ယခုလို ထည့်သွင်းပြောကြားခဲ့သည်။

“ကျွန်တော်ကိုယ် တိုင်တောင် ကျွန်တော့်နံပါတ်တူထပ်နေတဲ့သူ ရှိ မရှိ မသိနိုင်ပါဘူး။ ပြဿနာတစ်ရပ်ရပ်ဖြစ် လာမှသာ သိရမှာပါ”ဟု ၎င်းက ဆိုသည်။

မေသက်ဇင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *