စန်းထ အုန်းစိမ်းဈေးကွက်

“ရွှပ် … ရွှပ် … ရွှပ်” ဓားထက်ထက်ဖြင့် လတ်လတ်ဆတ်ဆတ်အုန်းသီး၏  ထိပ်ပိုင်းကို လှီးဖြတ်လိုက်သည်။

ထို့နောက် ဓားဦးချွန်ဖြင့် အုန်းသီးကို ထိုးဖောက်ပြီး အုန်းရည်ကို အသင့်ပြင်ထားသော ပလပ်စတစ်အိတ်ထဲသို့  လောင်းထည့်လိုက်သည်။ အရည်မရှိတော့သည့် အုန်းသီးကို စဉ်းတီတုံးပေါ်တင်၍  တစ်ခြမ်းခွဲလိုက်ပြီးနောက် နူးညံ့သည့် အုန်းသီးသားများကို ဇွန်းဖြင့် ခပ်ယူကာ  ပလတ်စတစ်အိတ်အတွင်း ထည့်သည်။

ထို့နောက် အုန်းသီးဝယ်သူထံမှ ငွေတစ်ထောင်ကျပ်ယူပြီး အုန်းရည်နှင့် အုန်းသီးဆံအိတ်ကို ကမ်းလိုက်သည်။ ထိုမြင်ကွင်းက ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ဗိုလ်ဆွန်ပက်လမ်း (အပေါ် ဘလောက်) တွင် လက်တွန်းလှည်းဖြင့် သဘာဝအုန်းစိမ်း ရောင်းချနေသော မြင်ကွင်းဖြစ်သည်။

“ကျန်းမာရေးသမားတွေပေါ့။  လူကြီးတို့၊ ကလေးသူငယ် နေမကောင်းတဲ့ သူတွေအတွက် အဓိကဝယ်ကြတာ” ဟု  ဗိုလ်ဆွန်ပက်လမ်းတွင် အုန်းစိမ်းရောင်းချသူ ကိုအောင်ကျော်ဖြိုးက အုန်းသီးခွဲရင်း  ပြောသည်။

ပုံမှန်အားဖြင့် ပင်လယ်ကမ်းခြေ အပန်းပြေခရီးထွက်သူများကိုသာ အဓိကအားထားရောင်းချရလေ့ရှိသည့် သဘာဝအုန်းစိမ်းသည် ရန်ကုန်မြို့တွင် တစ်မုဟုတ်ချင်း လူကြိုက်များလာသည်။ အုန်းစိမ်းရောင်းချသူများလည်း မြို့အနှံ့ ပေါများလာသည်။ လက်တွန်းလှည်း၊ ဆိုက်ကား၊ မော်တော်ကားများဖြင့် ရပ်ကွက်တကာလှည့်လည်၍ အုန်းစိမ်းရောင်းချသူများရှိပြီး လမ်းဘေးဈေးဆိုင်တွင် ရောင်းသူများလည်း ရှိသည်။

အဘယ့်ကြောင့် အုန်းစိမ်းဈေကွက် ရန်ကုန်တွင် ကျယ်ပြန့်လာသနည်း။

ယခုနှစ်ပိုင်း အဖြစ်များလာသည့် ဆင်တုပ်ကွေးရောဂါကြောင့် အုန်းသီးဈေးကွက်ရောင်းအားကောင်းလာခြင်း ဖြစ်သည်။ ဆင်တုပ်ကွေးရောဂါသည် ချီကန်ဂန်ညာဗိုင်းရပ်စ်ရောဂါပိုး သယ်ဆောင်ထားသော ခြင်ကိုက်ရာမှ ကူးစက်သည့် ရောဂါတစ်ခုဖြစ်ပြီး အာဖရိကနှင့် အာရှတိုက်တွင် အဖြစ်များကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင်လည်း ယခုနှစ်တွင်ဆင်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများပြီး အချို့ကျေးရွာများတွင် ရွာလုံးကျွတ် ရောဂါဖြစ်ပွားသည်အထိ ပျံ့နှံ့မှုရှိခဲ့သည်။ ထိုရောဂါဖြစ်ပွားလျှင် နှစ်ရက်မှ ဆယ်ရက်အထိ ကိုယ်ပူခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း အစရှိသည့် ဝေဒနာများ ခံစားရသည်။

ရောဂါခံစားရမှုမှာ မြန်မြန်နာလန်ထူရန် အုန်းစိမ်းရည်သည် အထူးသင့်လျော်ကြောင်း ကျန်းမာရေးဆရာဝန်များက အကြံပြုသည်။ အုန်းစိမ်းရည်သည် ခန္ဓာကိုယ်ထဲရှိ အဆိပ်အတောက်များကို ဖယ်ရှားသန့်စင်ပြီး ရေဓာတ်ဖြည့်ပေးနိုင်သည့်အာနိသင်ရှိကြောင်း ၎င်းတို့က ဆိုသည်။

ဆရာဝန်များက ဆင်တုပ်ကွေးရောဂါဖြစ်သူများကို အုန်းရည်သောက်ရန်ညွှန်းသဖြင့် အုန်းစိမ်းရောင်းဝယ်မှု အားကောင်းလာခြင်းဖြစ်ကြောင်း ကိုအောင် ကျော်ဖြိုးက ဆိုသည်။ အုန်းသီးသား ဇွန်း ခြစ်၊ ဂျယ်လီ၊ အသားအထူ၊ အသားမာ  စသည်ဖြင့် အုန်းသီးအနု၊ အရင့်အပေါ် မူတည်ကာ စားသုံးသူစိတ်ကြိုက်ရောင်းချ ပေးခြင်းဖြစ်သည်။ ဆင်တုပ်ကွေးရောဂါ ဖြစ်ပွားသူများအတွက် အုန်းရည်သာပါသည့် အုန်းသီးအနုကို ရောင်းချပေးသည်။

ရောင်းကောင်းသည့်ရက်များတွင် အုန်းသီးအလုံးရေ ၈၀ အထိရောင်းရပြီး  ရောင်းမကောင်းသည့်ရက်များတွင် အလုံးရေ ၃၀ ခန့် ရောင်းရကြောင်း ကိုအောင်ကျော်ဖြိုးက ဆိုသည်။ ရုံးဖွင့်ရက်များတွင် ရောင်းအားကောင်းပြီး တစ်ခါဝယ်လျှင် အုန်းစိမ်းဆယ်လုံးခန့် မှာယူသောက်သုံးသူများရှိကြောင်း ၎င်းက  ရှင်းပြသည်။

“အရင်တုန်းက မိုးရွာတဲ့နေ့တွေဆို မရောင်းရဘူး။ အခုကတော့ မိုးရွာလည်း ရောင်းရတယ်။ ကျန်းမာရေးကြောင့် လူတွေက သောက်ကြတာ။ ဖျော်ရည်သောက်မယ့်အစား အုန်းရည်ကို အစားထိုး သောက်ကြတာ” ဟု ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၃၈ လမ်းတွင် တစ်နှစ်ကြာ အုန်းစိမ်းရောင်းချလာသူ  ဦးကျော်ဝင်းက ပြောပြသည်။

ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါ၊ အစာအိမ်ရောဂါ ဖြစ်ပွားသူများသည် အုန်းစိမ်းရည်ကို ဆေးနှင့်တွဲဖက်မှီဝဲရန် ဝယ်ယူကြကြောင်း ၎င်းက ဆက်ပြောသည်။

အုန်းစိမ်းတစ်လုံးလျှင် ၁၀၀၀ ကျပ်ဖြစ်ပြီး အချို့ဆိုင်များမှာမူ အုန်းသီးအရွယ်အစားနှင့် အရည်အသွေးအလိုက် ၁၂၀၀၊ ၁၅၀၀ ကျပ်အထိ ရောင်းချနေကြသည်။ ယခင်က အုန်းသီးတစ်လုံးလျှင် ကျပ်  ၈၀၀ သာရှိပြီး ကျပ် ၂၀၀ နှင့်အထက် ဈေးတက်လာခြင်းဖြစ်သည်။

အုန်းစိမ်းဝယ်လိုအား များပြားလာသဖြင့် ရောင်းချသူများလည်း အလျှိုလျှိုပေါ်လာပြီး လူစည်ကားရာနေရာများ၌  ပုံစံအမျိုးမျိုးဖြင့် အုန်းစိမ်းရောင်းချသူများစွာရှိလာသည်။ ဆိုင်တစ်ဆိုင်သည် တစ်ရက်လျှင် အုန်းစိမ်းအလုံးရေ ၈၀ ခန့် အထိ ရောင်းချရလေ့သည်။

“ဈေးသည်များလာတော့ ရောင်းအားက တအားကြီးလည်း မဟုတ်ဘူး။ ကျွန်တော်တို့ တစ်ဦးထဲဆိုရင်တော့ ရောင်းရတာ ပိုကောင်းမှာပေါ့။ အခုဟာက ဆိုက်ကား၊ လှည်းနဲ့ ကားနဲ့ ပတ်ရောင်းတဲ့ သူတွေ များလာတော့ ရောင်းအားအကောင်းကြီး မဟုတ်ဘူး” ဟု ဦးကျော်ဝင်းက ဆိုသည်။

 

ရွှေတိဂုံဘုရား ပတ်ပတ်လည်တွင် အုန်းစိမ်းရောင်းချသူများစွာရှိပြီး ဘုရားအရှေ့ဘက်မုခ်တစ်ခုတည်းတွင် အုန်းစိမ်းအရောင်းဆိုင် ၁၀ ခုခန့် ရှိသည်။ ထိုဆိုင်များသည် ဆွေမျိုးသားချင်းများ တော်စပ်ပြီး ဝယ်လိုအားများသည့် အုန်းစိမ်းကို ဇောက်ချလုပ်ကိုင်လာခြင်းလည်း ဖြစ်သည်။

ကျန်းမာရေးâထောင့်အရ အုန်းရည်သည် အသင့်သောက်အအေးနှင့် ဖျော်ရည်များကို ပုခုံးချင်းယှဉ်လာသည်။ ယခင်က နွေရာသီတွင် သောက်သုံးသည့် အုန်စိမ်းရည်ချိုချိုသည် ရာသီမရွေး လူကြိုက်များ ရွေးချယ်လာသည့် သောက်သုံးကုန်တစ်ခု ဖြစ်လာသည်။ အထူးသဖြင့် ရန်ကုန်မြို့နေလူတန်းစားများ၏ အုန်းစိမ်းရေသောက်နှုန်း ယခုနှစ်အတွင်း တိုးတက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ရန်ကုန်ဈေးကွက်သို့ ဧရာဝတီတိုင်းထွက် အုန်းစိမ်းများ အဓိကဝင်ရောက်ပြီး ရန်ကုန်နှင့် သံလျင်မြို့နယ်ထွက် အုန်းသီးများလည်း ဝင်ရောက်လျက်ရှိသည်။ အုန်းသီးတစ်လုံး၏ မူရင်းဈေးသည် ကျပ်ငါးရာအောက်သာရှိပြီး သယ်ယူပို့ဆောင်ရေးနှင့် အလုပ်သမားစရိတ်များကြောင့် ရန်ကုန်သို့ ရောက်ရှိချိန်တွင် ၅၅၀ ကျပ်မှ ၆၀၀ကျပ်  အထိ ဈေးတက်သွားသည်။

လက်လီရောင်းချရာတွင် စည်ပင်သို့ ပေးဆောင်ရသည့် အမှိုက်ခွန်စရိတ်စကများကြောင့် တစ်လုံးလျှင် ၁၀၀၀ ကျပ်ဖြင့် ရောင်းချခြင်းဖြစ်ကြောင်း ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်တွင် အုန်းစိမ်းရည်ရောင်းချသူ ဒေါ်ချမ်းမြေ့သွေးက ပြောသည်။

ရန်ကုန်ဈေးကွက်သို့ တစ်ရက်လျှင် ဧရာဝတီတိုင်းထွက် အုန်းစိမ်းတင်ကား ဆယ်စီးခန့် နေ့စဉ်ဝင်ရောက်နေပြီး ကုန်တင်ယာဉ်တစ်စီးလျှင် အုန်းသီးအလုံးရေ တစ်ထောင်မှ နှစ်ထောင်အထိပါသဖြင့် အုန်းသီးအလုံးရေ တစ်သိန်းအထက် ဝင်ရောက်နေခြင်းဖြစ်သည်။ အုန်းစိမ်း ရောင်းချသူများသည် ရန်ကုန်ထွက် အုန်းသီးထက် ဧရာဝတီတိုင်းဘက်မှ ဝင်ရောက်သည့် အုန်းသီးများကို ပိုကြိုက်နှစ်သက်ကြောင်းလည် ဒေါ်ချမ်းမြေ့သွေး က ဆိုသည်။

“ရန်ကုန်အုန်းသီးက သိပ်မကိုက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရည်နည်းတယ်။ အသီးနုရွေးရင် အမာဖြစ်တယ်။  အမာရွေးရင် အနုဖြစ်တယ်။ နယ်သီးတွေကတော့ မှန်းရတာလည်းလွယ်တယ်။  အဲဒါကြောင့် နယ်သီးတွေကိုပဲ ကိုင်ကြတယ်”ဟု ၎င်းက ဆိုသည်။

ကျန်းမာရေးအသိကြောင့် အုန်းစိမ်းဈေးကွက်သည် ဆက်လက်တိုးတက်လာမည့် အလားအလာရှိကြောင်းလည်း အုန်းစိမ်းရောင်းသူများက ခန့်မှန်းသည်။  တံဆိပ်မျိုးစုံရောင်းချနေသည့် ပြည်တွင်းအချိုရည်ဈေးကွက်နေရာတွင် အုန်းစိမ်းရည်နေရာယူနိုင်ပါက ကြီးမားသည့်အခွင့်အလမ်း ရှိလာမည်ဖြစ်သည်။

စင်စစ်အားဖြင့် အုန်းသီးနှင့် ပတ်သက်သည့်ဈေးကွက်မှာ ကျယ်ပြန့်သည်။ ယခု အရောင်းဝယ်သွက်နေသည့်  အုန်းစိမ်းအပြင် ဘာသာရေးပွဲနှင့် အလှူအတန်းပွဲတွင် အသုံးပြုကြသည့် အုန်းသီးဈေးကွက်လည်းရှိသည်။  အုန်းသီးမှ တန်ဖိုးမြှင့်ထုတ်လုပ်သော အစားအသောက်နှင့် ထုတ်ကုန်များကို ပြည်တွင်းဈေးကွက်သာမက ပြည်ပသို့တင်ပို့ရောင်းချနေကြောင်း မြန်မာနိုင်ငံအုန်းသီး စိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့ရောင်းချသူများအသင်းထံမှ သိရသည်။

အုန်းစိမ်းရောင်းလိုအား တက်လာသော်လည်း ဘာသာရေးနှင့် အလှူအတန်းများတွင် အသုံးပြုလေ့ရှိသည့် အုန်းသီးများမှာ ရောင်းအားကျဆင်းလာကြောင်း မြန်မာနိုင်ငံအုန်းသီး စိုက်ပျိုးထုတ်လုပ်တင်ပို့သူများအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်စန်းစန်းဟန်က ဆိုသည်။

မြန်မာနိုင်ငံတွင် အုန်းသီးစိုက်ဧကပေါင်း တစ်သိန်းသုံးသောင်းကျော်ရှိပြီး  ဆွတ်ခူးနိုင်သည့် စိုက်ဧကပေါင်း တစ်သိန်းကျော်ရှိကြောင်း အဆိုပါအသင်းထံမှ သိရသည်။ ဧရာဝတီတိုင်းသည် အုန်းသီးထွက်ရှိမှု အများဆုံးဒေသ ဖြစ်သည်။

နာဂစ်မုန်တိုင်းမတိုင်မီက မြန်မာနိုင်ငံတွင် အုန်းသီးထွက်ရှိမှုသည်အလုံးရေ သိန်း ၆၀၀၀ ကျော်ရှိသော်လည်း ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းအပြီး မြန်မာနိုင်ငံ၏ အုန်သီးထွက်ရှိမှုသည် သိန်း ၄၀၀၀ ခန့် သာရှိတော့ကြောင်း အဆိုပါအသင်းထံမှ သိရသည်။ ပြည်တွင်း၌ အုန်သီးနှင့် ပတ်သက်သည့် စားသောက်ကုန်ချောထုတ်လုပ်ရန်  လိုအပ်ချက်မြင့်မားလာခြင်းကြောင့် အုန်သီးထုတ်လုပ်မှု တိုးမြှင့်ရန်လိုကြောင်း ဒေါ်စန်းစန်းဟန်က သုံးသပ်သည်။

လက်ရှိတွင် အုန်းသီးမှ ထုတ်လုပ်သည့် ဝိုင်သည် တန်ဖိုးအမြင့်ဆုံးထုတ်ကုန်တစ်ခုဖြစ်ပြီး ပြည်တွင်း၊ ပြည်ပတွင် အလားအလာကောင်းသည်။ ထိုင်းနိုင်ငံသို့  အုန်းသီးအလုံးလိုက် တင်ပို့မှုရှိနေသော်လည်း အရေအတွက်ကိုမူ အတိအကျမသိရကြောင်း ၎င်းက ဆိုသည်။

အုန်းသီးသည် စီးပွားဖြစ်ထုတ်လုပ်နိုင်မည့် အလားအလာကောင်းများစွာ ရှိနေပြီး ထုတ်လုပ်မှုအပိုင်းတိုးတက်ရန်  အုန်းပင်တိုးချဲ့စိုက်ပျိုးရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ လက်ရှိတွင် အုန်းသီး မျိုးကောင်းမျိုးသန့်စိုက်ပျိုးရန်နှင့် တန်ဖိုး မြှင့် အုန်းသီးထုတ်ကုန်နည်းပညာများကိုလည်း အသင်းက ဦးဆောင်အကူအညီပေးနေကြောင်း ၎င်းက ဆိုသည်။

“ဈေးကွက်အလားအလာက အများကြီးကောင်းတယ်” ဟု ၎င်းက ဆိုသည်။

အလားအလာကောင်းရှိသည့် အုန်းသီးဈေးကွက်တွင် ပြည်တွင်း၌ လောလောလတ်လတ် ပေါ်ပြူလာဖြစ်သည့် အုန်းစိမ်းမှာလည်း ဈေးကွက်တွင် မျက်နှာပန်းလှနေဦးမည်ဖြစ်ကြောင်း အုန်းစိမ်းရောင်းချသူများက အခိုင်အမာ ယုံကြည်လျက်ရှိသည်။

အုန်းစိမ်းသည်  မည်သည့်ဓာတုပစ္စည်းမှမပါဝင်သည့် သဘာဝထုတ်ကုန်စစ်စစ် ဖြစ်သည်။ ကျန်းမာရေးအသိနှင့်  သတိရှိသည့် လူ့အဖွဲ့အစည်းတွင် သဘာဝအုန်းစိမ်းသည် ဖျော်ရည်ဈေးကွက်တွင် ဝေစုတိုးချဲ့ရယူလာမည်ဟု အုန်းစိမ်းရောင်းချသူများက ခန့်မှန်းကြသည်။ အုန်းသီးတွင်ပါဝင်သည့် ကျန်းမာရေးဆိုင်ရာအာဟာရဓာတ်သည် ဈေးကွက်ကို တိုးချဲ့နိုင်မည့် တစ်ခုတည်းသော စွမ်းအားလည်း ဖြစ်သည်။

ထိုစွမ်းအားကြောင့် အနာဂတ်တွင်  အုန်းစိမ်းရောင်းအား ပိုကောင်းလာနိုင်ကြောင်း ကိုအောင်ကျော်ဖြိုးက ယခုကဲ့သို့ ဆိုသည်။

“နေကလည်း ပူတယ်ဗျာ။ အုန်းရည်က ချိုတာသောက်တဲ့ လူရှိတယ်။ ကျန်းမာရေးအတွက် သောက်တဲ့ လူရှိတယ်။ ပိုပြီးတော့ ရောင်းကောင်းမယ်ထင်တယ်”

နိုင်လင်းအောင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *