နည်းပညာအစိုးရ အလိုရှိသည်

ယနေ့လောကသည် နည်းပညာလောကဖြစ်လာပြီး စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးအရာရာတို့သည် နည်းပညာနှင့် ပတ်သက်ရောယှက်လာသည့်အတွက် အစိုးရများအတွက်လည်း နည်းပညာကို စီမံခန့်ခွဲနိုင်ရေးသည် နံပါတ်တစ် ဖြစ်လာပြီ။ အချက် သုံးချက် ပြောလိုသည်။

(၁) နည်းပညာသည် အပြောင်းအလဲ အလွန်မြန်သည့်အတွက် သမားရိုးကျနည်းဖြင့် စီမံခန့်ခွဲရန် အလွန်ခက်သည်။ ဥပဒေများဆိုလျှင် နဂိုကတည်းက  အသစ်ထွက်ရန် အချိန်ကြာသည်ဖြစ်ရာ နည်းပညာနှင့်ဆိုလျှင် နောက်မှ အမြဲလိုက်နေရသည်။ နည်းပညာသစ်ထွက်တိုင်း၊ နည်းပညာသစ်ကြောင့် လူ့လောက ပြောင်းသွားတိုင်း ထိုနည်းပညာကို၊ ပြောင်းသွားသော မြန်မာနိုင်ငံကို စီမံခန့် ခွဲရန် ဥပဒေသစ်စောင့်နေရလျှင် ကမောက်ကမဖြစ်ကျန်ရစ်မည်။ နည်းပညာသစ်များ၊ နည်းပညာသစ်များ၏ ရိုက်ခတ်မှုများကို မြန်မာ့ကောင်းကျိုးဖြစ်အောင်  စီမံခန့်ခွဲရန် မူဘောင်တစ်ခုချမှတ်ထားပြီး နည်းပညာနှင့် မူဝါဒအဆက်အစပ်ကို သဘောပေါက်သူများကို ခန့်အပ်တာဝန်ပေးထားလိုက်လျှင် ပိုထိရောက်မည်။

(၂) နည်းပညာကိစ္စရပ်များကိုဖြေရှင်းရာတွင် နည်းပညာကြောင့်လား  လူကြောင့်လား ခွဲခြားသိရန်လိုသည်။ နည်းပညာသည် လူတို့သုံးရန် လူတို့က  တီထွင်ထားသည်။ မီးကဲ့သို့ပင် နည်းပညာသည် သုံးတတ်လျှင်ဆေး၊ မသုံး တတ်လျှင်ဘေးဖြစ်သည်။ နည်းပညာသည် သုံးစွဲသူပေါ်မူတည်၍ အကျိုးပေးနိုင်သလို အဆိုးလည်းပေးနိုင်သည်။ ဥပမာ – e-Government  စနစ် သွက်သွက်လက်လက်ပေါ်ပေါက်ရန် ကြန့်ကြာနေခြင်းမျိုးသည် ‘နည်းပညာ’ ကြောင့်ထက် ‘လူ’ ကြောင့်ဖြစ်သည်။ e-Government  နည်းပညာကို အလွယ်တကူ ဝယ်ယူရနိုင်သည်။ ကြန့်ကြာနေခြင်းမှာ အစိုးရဌာနများအချင်းချင်းပင် သတင်းအချက်အလက်ကို ဝေမျှမသုံးလိုခြင်း၊ ဆုံးဖြတ်ချက်ချရန် အချိန်ကြာခြင်း စသည့် အကြောင်းအမျိုးမျိုးကြောင့် မြန်မာ့ e-Government  သည်  မကြာသင့်ဘဲ ကြာနေရခြင်းဖြစ်သည်။

(၃) ကမ္ဘာကို ပုံဖော်မည့် နည်းပညာများကို မြန်မာတို့ အမီလိုက်ရမည်။ အနာဂတ်ကမ္ဘာကို ပုံဖော်မည့် နည်းပညာများသည် Info-tech  သတင်းနည်းပညာနှင့် Biotech  ဇီဝနည်းပညာဖြစ်သည်။ ကမ္ဘာ့ထိပ်တန်းနိုင်ငံများသည်  ထိုနည်းပညာနယ်ပယ်နှစ်ရပ်တွင် ဦးဆောင်နိုင်ရန် အပြိုင်အဆိုင် ကြိုးပမ်းနေကြသည်။ ထိုနယ်ပယ်နှစ်ရပ်တွင် ရှေ့ရောက်သူများသည် အနာဂတ်ကမ္ဘာကို ပိုင်စိုးသူများဖြစ်မည်။  Info-tech နှင့် Biotech  တို့တွင် မြန်မာတို့ ရှေ့မရောက်လျှင်ပင်  နောက်မကျန်ခဲ့ရလေအောင် အစိုးရသည် မူဝါဒချမှတ်ဖော်ဆောင်ရန် လိုမည်။

မြန်မာနိုင်ငံ ကြီးပွားတိုးတက်အောင် နည်းပညာကို နားလည်သော၊  မကြောက်သော၊ အရဲမကိုးလွန်းသော ‘နည်းပညာအစိုးရ’ ကို အလိုရှိသည်။

 

အယ်ဒီတာ

၃.၁၀.၂၀၁၉

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *