ဆရာမောင်စူးစမ်းသတိပေးခဲ့သော ခြေခြေမြစ်မြစ်အရေးသုံးပါး သို့မဟုတ် မဟာဗျူဟာမြောက်စိန်ခေါ်မှုများ

ဆောင်းပါးအညွှန်း

“အိုင်ဒီအိုလိုဂျီနှင့် သမိုင်းသည် လာမည့် ၂၀၁၀ ရွေးကောက်ပွဲ အကြိုကာလအတွက်ဖြစ်စေ၊ ရွေးကောက်ပွဲလွန် လွှတ်တော်များ ပေါ်ပေါက်သည့်ကာလအတွက်ဖြစ်စေ၊ အညွှန်းလမ်းညွှန်အဖြစ် ဆီလျော်အပ်စပ်ခြင်းမရှိကြောင်း စာရေးသူက တင်ပြထားသည်။ အိုင်ဒီအိုလိုဂျီနှင့် သမိုင်းမည်သော တိုင်နှစ်တိုင်ကိုဖြုတ်၍ စဉ်းစားလျှင် ဘာကျန်မည်နည်းဟု မေးစရာရှိသည်။ ‘ခြေခြေမြစ်မြစ်ရှိသောအရေး’ (Substantive Issues) တို့ ကျန်မည်ဟု ဖြေရမည်။ မဟာဗျူဟာမြောက် စိန်ခေါ်မှုတို့ဟူ၍လည်း ပြောနိုင်သည်။

မောင်စူးစမ်း၊ ၂၂-၈-၂၀၀၉
The Voice Weekly ၊ အတွဲ ၅၊ အမှတ် ၄၃ ပါ ‘အသွင်ကူးပြောင်းရေးအတွက် ကုန်းပတ်ရှင်းရခြင်း’ ဆောင်းပါးမှ ကောက်နုတ်ချက်

မုံရွာမှ မိတ်ဆွေ ကိုနိုင်စိုး၏ ကျေးဇူးကြောင့် ဆရာမောင်စူးစမ်း၏ အထက်ပါဆောင်းပါးကို သူ၏ Facebook တွင် ဖတ်ရသည်။ စာရေးသူအတွက်တော့ လက်ရှိအခြေအနေနှင့် ဆက်စပ်ပြီး တွေးစရာတွေ လျှံကျသွားသည်။ အဆိုပါဆောင်းပါးမှာ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ လွန်ခဲ့သော ဆယ်နှစ်ကျော်ကျော်က ရေးခဲ့ခြင်းဖြစ်သည်။ ‘ပညာရှိတို့ တွေး ပြေးကြည့်တာထက် မှန်’ ဆိုသော စကားကို အခါခါ နှလုံးသွင်းရင်း အကြိမ်ကြိမ် ပြန်ဖတ်နေရတော့သည်။

ဆရာ့စာကိုဖတ်ရင်း ဆရာ့ကို သတိရနေမိသည်။ နိုင်ငံရေးအရ အထီးကျန်ဖြစ်နေရသော ယခုလိုအချိန်မျိုးတွင် ဆရာ့ကို ရှိစေချင်သည်။ ကိုနေဝင်းမောင်ကိုလည်း ရှိစေချင်သည်။ သူတို့နှင့် စကားတွေ ပြောချင်သည်။ ခုတော့လည်း သူတို့ကိုယ်စား စာဖတ်ပရိသတ်ကိုသာ တိုင်တည်ပြောဆိုရပေတော့မည်။

အရေးသုံးပါး

စစ်အေးတိုက်ပွဲ လွန်ခဲ့သည်မှာ နှစ်ပေါင်း သုံးဆယ်နီးပါပြီ။ စစ်အေးလွန်ခေတ် ရွေးကောက်ပွဲများတွင် ယခင်ကလို ဝါဒချင်း ပြိုင်စရာမလိုတော့။ အိုင်ဒီအိုလိုဂျီတိုက်ပွဲ မဟုတ်နိုင်တော့ပါ။ ‘ပေါ်လစီချင်း’ ပြိုင်ကြဖို့သာ ရှိတော့သည်။ ၁၉၉၀ မှစ၍ နောက်ပိုင်းရွေးကောက်ပွဲများကို ကြည့်လိုက်လျှင်ပင် ဘယ်ပါတီကမှ ဆိုရှယ်လစ်နိုင်ငံ၊ ကွန်မြူနစ်နိုင်ငံ ထူထောင်မည်မပြောတော့။ အားလုံးက ပါတီစုံဒီမိုကရေစီ ဖြစ်နေချေပြီ။

ပြီးတော့ သမိုင်း။ သမိုင်းနှင့် ပတ်သက်လျှင် လူတွေ (အထူးသဖြင့်) နိုင်ငံရေးသမားတွေက ချဉ်းကပ်မှု နှစ်မျိုးဖြင့် အသုံးပြုကြဟန် တူပါသည်။ ပထမအမျိုးအစားမှာ သမိုင်းသင်ခန်းစာများ ထုတ်ယူ၍ နောင်မမှားအောင် ဆင်ခြင်ရန်။ ဒုတိယမှာ သမိုင်း၏ ဒဏ်ရာအနာတရများကို ဖော်ထုတ်၍ ရန် – ငါ မျဉ်း ပြတ်စေရန် …။ လွတ်လပ်ရေးရပြီး နောက်ပိုင်း မြန်မာ့နိုင်ငံရေးမှာ ‘လွမ်းစရာထက် နာစရာက များလေရာ’ ဒုတိယချဉ်းကပ်ပုံသာဖြစ်ဖို့ များသည်။ အချင်းချင်း ဆွေးနွေးညှိနှိုင်း အဖြေရှာကြရမည်။ မြန်မာ့ဒီမိုကရေစီအပြောင်းအလဲအတွက် စရွေးကိုက်မည်မထင်။

အိုင်ဒီအိုလိုဂျီနှင့် သမိုင်းကို ဖြုတ်လိုက်လျှင် ဘာကျန်မည်နည်း။ ‘ခြေခြေမြစ်မြစ်ရှိသော အရေး’ တွေသာ ကျန်မည်ဟု ဆရာက အဖြေပေးပါသည်။ ဤအရေးများမှာ ‘မဟာဗျူဟာမြောက် စိန်ခေါ်ချက်များ’ လည်း ဖြစ်လိမ့်မည်ဟု သတိပေးထားသည်။ စာရေးသူ နားလည်သလောက် ဤအရေးများမှာ ….

၁။ အင်စတီကျူးရှင်းများကြား ဆက်ဆံရေး ပြေပြစ်တည်ငြိမ်ရေး၊
၂။ ‘ကြိုးကိုင် ဒီမိုကရေစီ’ နှင့် ‘လစ်လရယ်ဒီမိုကရေစီ’
၃။ သင်ပုန်းချေရေးလိုအပ်ချက် (ဤသည်ကို ဆရာက ‘ကုန်းပတ် ရှင်းခြင်း’ ဟု အမည်ပေးထားသည်။)
လက်ရှိအခြေအနေတွင် ဆိုခဲ့ပါ ‘မဟာဗျူဟာမြောက် စိန်ခေါ်ချက် သုံးရပ်’ ဘယ်အခြေအနေ ဆိုက်နေပြီနည်း …။

ပထမအရေး
(အင်စတီကျူးရှင်းများကြား ဆက်ဆံရေး)

“၂၀၁၀ ရွေးကောက်ပွဲပြီးလျှင် ‘အင်စတီကျူးရှင်း’ သုံးရပ် ပေါ်ပေါက်လာမည်။ (၁) တပ်မတော်၊ (၂) လွှတ်တော်နှင့် (၃) နိုင်ငံရေးပါတီတို့ ဖြစ်ကြမည်။ ဤအင်စတီကျူးရှင်းသုံးပါးကြား ဆက်ဆံရေး ပြေပြစ်တည်ငြိမ်ရေး၊ ချိန်ခွင်လျှာမျှရေးသည် မဟာဗျူဟာမြောက် စိန်ခေါ်မှုတစ်ရပ်ပင် ဖြစ်မည်။”
ကောက်နုတ်ချက် (အထက်ပါ-ဆောင်းပါး)

ဆရာကြိုတင်ခန့်မှန်းခဲ့သည့်အတိုင်း ၂၀၁၀ ရွေးကောက်ပွဲအပြီး ကိုးနှစ်အကြာတွင် အင်စတီကျူးရှင်းသုံးရပ် ပေါ်လာသည်မှာ မှန်သော်လည်း ပိုမိုကျယ်ပြန့်သွားသည်။ တပ်မတော်ကား ယခင်အတိုင်းပင်။ လွှတ်တော်ဆိုရာတွင် လွှတ်တော်ရော အစိုးရပါ NLD ဖြစ်သွားသည်။ နိုင်ငံရေးပါတီများဆိုရာတွင် မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီများသာမက လက်နက်ကိုင်တိုက်ပွဲဆင်နွှဲနေသော EAO များပါ ပါသည်။ အဆိုပါ အင်စတီကျူးရှင်းများကြား ဆက်ဆံရေးပြေပြစ်တည်ငြိမ်ရေးကို သိလိုလျှင် ၂၁ ရာစု ပင်လုံကိုကြည့်လျှင် သိနိုင်သည်။

တတိယ ၂၁ ရာစု ပင်လုံပြီးခါစက ၂၀၁၉ အတွင်း နှစ်ကြိမ်၊ ၂၀၂၀ တွင် တစ်ကြိမ် ကျင်းပမည်ဟုဆိုထားသည်။ ယခု ၂၀၁၉ အတွင်း မဖြစ်နိုင်တော့။၊ ၂၀၂၀ ရောက်မှ ကျင်းပတော့မည်ဟု ဆိုထားသည်။ ဒီအတွင်း ပြင်ဦးလွင်လိုနေရာမျိုးမှာပင် သေနတ်သံကြားရသည်။ လွှတ်တော်တွင်ကား ရန်ဖြစ်ကောင်းဆဲ …။

ဒုတိယအရေး
(ကြိုးကိုင်ဒီမိုကရေစီနှင့် လစ်ဘရယ်ဒီမိုကရေစီ)

“ထူထောင်မည့် ဒီမိုကရေစီသည် ကြိုးကိုင်ဒီမိုကရေစီဖြစ် သည်။ လစ်ဘရယ်ဒီမိုကရေစီမဟုတ်။ ကြိုးကိုင်ဒီမိုကရေစီ၌ လစ်ဘရယ်ဒီမိုကရေစီအတွက် ‘အကျယ်အဝန်းနေရာ’ (Space) ဘယ်လောက် ရှိမလဲ။ တိုင်းထွာကြည့်ရန် လိုသည်။”
ကောက်နုတ်ချက် (အထက်ပါဆောင်းပါး)

ဆရာ့ဆောင်းပါးကိုဖတ်ရင်း ဒီမိုကရေစီဘောင် (လစ်ဘရယ် ဒီမိုကရေစီ၏ Space) ကို တဖြည်းဖြည်း ချဲ့ယူသွားရမည်ဟု နားလည်ရပါသည်။ “ကြိုးကိုင်ဒီမိုကရေစီနှင့် လစ်ဘရယ်ဒီမိုကရေစီမှာ ရန်ဘက် တွေမဟုတ်ကြ” ဟုလည်း သတိပေးထားရာ ဆိုခဲ့ပါ ‘ချဲ့ယူမှု’ ကို ညှိနှိုင်းဆွေးနွေး အဖြေရှာရမည်ဟုလည်း သဘောရပါသည်။ လက်ရှိ အခြေအနေကား အားလုံးသိကြသည့်အတိုင်းပင်။ ဆွေးနွေးညှိနှိုင်းခြင်း (ဒီမိုကရေစီဘောင်) ထက် ရယ်ဒီကယ်လှိုင်း (စစ်ဘောင်) က ပိုအားကောင်းနေသည်။

တတိယအရေး
(သင်ပုန်းချေရေးလိုအပ်ချက်/ကုန်းပတ်ရှင်းခြင်း)

ကြိုးကိုင်ဒီမိုကရေစီကို ထူထောင်သူတို့သည် သဘောထားကြီးမှုကိုပြ၍ မိမိမစ်ရှင်ကို အဆုံးသတ်ပြရန် လိုသည်။ နောက်ပေါ်မည့် နိုင်ငံရေးစနစ်က ပြီးခဲ့သောစနစ်ဟောင်းကို ရန်ငြိုးမထားရန် လိုသည်။ ဆိုလိုရင်းမှာ အာဏာလွှဲပြောင်းမှုကို ငြိမ်းချမ်းစွာ ဖြစ်ပေါ်စေရန် ဖြစ်သည်။ ‘အားလုံးနိုင်သူ’ (Win-Win game) မျိုး ကစားဖို့ဖြစ်သည်။
ကောက်နုတ်ချက် (အထက်ပါဆောင်းပါး)

ယခုလောလောဆယ် မြန်မာ့နိုင်ငံရေး ဦးတည်နေသည်ကား ‘အားလုံးရှုံးဖို့’ (Lost-Lost game) ဖြစ်နေပြီထင်သည်။ 

 

ကျော်ဝင်း
30 Sept: 2019
(မျက်စိခွဲပြီး ပထမဆုံးရေးသည့် ဆောင်းပါး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *