တံတားပေါ်မှ စွန့်ခွာသွားသော ဘ၀များ

လိုရာခရီးအတွက် အသုံးပြုသောတံတားကို ဘ၀နောက်ဆုံးအချိန် နှုတ်ဆက်ထွက်ခွာသည့်ခရီးအတွက် ရွေးချယ်အဆုံးသတ်သူများ ရှိသည်။

ဂျုံးဂျုံးဂျက်ဂျက် အသံပေး ခုတ်မောင်းလာသော ရထားတစ်စင်းက စစ်ကိုင်းတံတားပေါ်မှ ဖြတ်သန်းသွားသည်။ နောက်ထပ် မိနစ်အနည်းငယ်အကြာတွင် မော်တော်ယာဉ်တစ်စီး ဖြတ်သန်းသည်။ ခဏအကြာ ဆိုင်ကယ်တစ်စီးက ဖြတ်သန်းသွားပြန်သည်။

သို့သော် ထိုတံတား၏ အနီးတွင်ရှိသည့် ဧရာဝတီတံတား (ရတနာပုံ)ပေါ်တွင်မူ တစ်မိနစ်လျှင် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်အစီးရေ ရာဂဏန်းနီးပါးအထိ ဖြတ်သန်းသွားလာနေသည်။

ထိုးတံတားများပေါ်တွင် ဝမ်းနည်းဖွယ်အဖြစ်အပျက်များ မကြာသေးမီက ဖြစ်ပွားခဲ့သည်။

စစ်ကိုင်းမြို့ ဂတ်တန်းဗလီတွင် နေထိုင်သည့် အစ္စလာမ်ဘာသာဝင် ဦးနိုင်အောင်ရင်သည် ဆေးလိပ်ကို ကြိုက်နှစ်သက်သူဖြစ်ပြီး အဆုတ်နှင့် နှလုံးမကောင်းသဖြင့် ဆေးရုံသို့ တက်ရောက်ကုသထားရသူ ဖြစ်သည်။

ဆေးရုံမှ ဆင်းပြီးချိန်တွင် ဇနီးဖြစ်သူမသိအောင် ဆေးလိပ်များကို ခိုးခိုးသောက်နေသဖြင့် ကျန်းမာရေး အခြေအနေက ယခင်ကထက် ပို၍ပင်ဆိုးနေသလို ဖြစ်လာသည်။ ငွေကျပ်ခုနစ်သိန်းခန့် ကုန်ကျခံပြီး ဆေးရုံတက်ထပ်မံကုသရန် အတွက်လည်း လက်လုပ်လက်စားဘ၀များအတွက် အဆင်မပြေ။

စိတ်ညစ်စရာများအတွက် တံတားပေါ်မှတစ်ဆင့် လွတ်မြောက်ရာလမ်းကို ဦးနိုင်အောင်ရင် ရွေးချယ်သွားခဲ့လေသလား။

အခြား စိတ်ညစ်စရာအကြောင်းများမရှိသဖြင့် ထိုအကြောင်းများကြောင့် ဦးနိုင်အောင်ရင် ဘ၀ကို အရှုံးပေးသွားခြင်းဖြစ်နိုင်သည်ဟု မိသားစုဝင်များက ပြောဆိုကြသည်။

ဦးနိုင်အောင်ရင်ကို ဧရာဝတီမြစ်ထဲ လိုက်လံရှာဖွေရနေချိန် စက်တင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီ ဝန်းကျင်ခန့်တွင် ဧရာဝတီတံတား (ရတနာပုံ) ပေါ်မှ ကိုးတန်းကျောင်းသူ သီလရှင်တစ်ပါး ခုန်ချခဲ့ပြန်သည်။

စစ်ကိုင်းတံတားနားတွင် ကယ်ဆယ်ရေးအဖွဲ့များက ဦးနိုင်အောင်ရင်ကို လိုက်လံရှာဖွေနေချိန် သီလရှင်က ခုန်ချခြင်းဖြစ်၍ အချိန်မီ သွားရောက်နိုင်သောကြောင့်သာ အသက်ရှင်လျက် ကယ်တင်နိုင်ပြီး အချိန်မီ ဆေးရုံသို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။

“ခုန်ချပြီး ဆယ်မိနစ်အတွင်းမှာ ကျွန်တော်တို့ သွားရောက်ကယ်တင်နိုင်ခဲ့တယ်။ ဒါကြောင့် အသက်ရှင်တာပါ” ဟု အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း) SERT ဥက္ကဋ္ဌ ဦးမြင့်သိန်းထွန်း က ပြောပြသည်။

ယခင်နှစ်များက ဧရာဝတီမြစ်အတွင်းသို့ တစ်နှစ်လျှင် လူတစ်ဦး ခုန်ချခြင်းမရှိခဲ့သော်လည်း ၂၀၁၉ ခုနှစ်အတွင်း စစ်ကိုင်းတံတားပေါ်မှ လေးခု၊ ဧရာဝတီတံတား (ရတနာပုံ) မှ နှစ်ခု စုစုပေါင်းခုန်ချကာ သတ်သေမှုပေါင်း ခြောက်ခုရှိပြီး လူခုနစ်ဦးအနက် ခြောက်ဦး သေဆုံးခဲ့ကြောင်း SERT အဖွဲ့၏ မှတ်တမ်းများအရ သိရသည်။

ယင်းအနက် နောက်ဆုံးခုန်ချခဲ့သည့် သီလရှင်ဆရာလေးတစ်ပါးကိုသာ အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဦးအောင်ရင်အကြောင်းကိုမူ ၎င်း၏ သားဖြစ်သူက ယခုလိုပြောပြသည်။

“အဖေက ရေကြောက်တတ်တယ်”

နေအိမ်ရှိ ရေကန်တွင် ရေအပြည့်ရှိနေလျှင်ပင် ရေချိုးရန် ကြောက်တတ်သူဟု ဖခင်ဖြစ်သူ၏ သေဆုံးခန္ဓာကိုယ်ကို ဧရာဝတီမြစ်အတွင်း ကယ်ဆယ်ရေးအဖွဲ့ဝင်များက ရှာဖွေပေးနေချိန် မြစ်ကမ်းနံဘေးတွင် လာရောက်စောင့်ဆိုင်းနေရင်း ၎င်းက ဆိုသည်။

“ပြီးတော့ အမြင့်လည်း ကြောက်တယ်။ အိမ်မှာ မီးချောင်းတွေ ဘာတွေတောင် တက်မလဲဖူးဘူး” ဟု ၎င်းက ဆို့နင့်စွာ ဆိုလေသည်။

စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်ခန့်က ဘက်ထရီအိုးသွားရွေးဦးမည်ဟုပြောကာ ငွေကျပ်နှစ်သောင်းယူ၍ နေအိမ်မှ ထွက်ခွာသွားသည့် ဦးနိုင်အောင်ရင်သည် ဘက်ထရီအိုးရွေးသည့်နေရာသို့မရောက်ဘဲ စစ်ကိုင်း တံတားပေါ်မှ ဧရာဝတီမြစ်ထဲသို့ ခုန်ဆင်းကာ ဘ၀ကို အရှုံးပေးသွားခဲ့သည်။

စီးနင်းသွားသည့် ဆိုင်ကယ်၊ ဖုန်းနှင့် ဖိနပ်တို့ကို တံတားပေါ်တွင်တွေ့ရပြီး စစ်ကိုင်းတံတားထိပ်ရှိ ရဲကင်းစခန်းကလည်း အတည်ပြုသဖြင့် ဦးနိုင်အောင်ရင်သည် ဧရာဝတီမြစ်ထဲ ခုန်ဆင်းသွားသည်ဟု လက်ခံထားရသော်လည်း လေးရက်အကြာ အောက်တိုဘာလ ၂ ရက်နေ့အထိ ပြန်လည်ရှာဖွေမတွေ့ရသေးပေ။

လမ်းပန်းဆက်သွယ်ရေး လွယ်ကူစေရန် ရည်ရွယ်ချက်ဖြင့် အင်္ဂလိပ်အစိုးရလက်ထက် (၁၉၃၄) က တည်ဆောက်ခဲ့သည့် စစ်ကိုင်းတံတား (အင်းဝတံတား) သည် ဒုတိယကမ္ဘာစစ်အတွင်း မိုင်းခွဲဖျက်ဆီးခံရပြီး ဝန်ကြီးချုပ်ဦးနုလက်ထက် (၁၉၅၄) တွင် ပြန်လည်တည်ဆောက်ခဲ့ရခြင်းမှအပ အခြားသော ပြုပြင်မှုများကို မပြုလုပ်ခဲ့ရပေ။

ရထားလမ်းနှင့် မော်တော်ကားလမ်းတို့ ပူးတွဲပါရှိသည့် တံတားဖြစ်ပြီး ယနေ့အထိ အသုံးတော်ခံနေဆဲဖြစ်သည်။

ဧရာဝတီတံတား (ရတနာပုံ)ကိုမူ ၂၀၀၈ ခုနှစ် တပ်မတော်အစိုးရလက်ထက်တွင် တည်ဆောက်ပြီးစီးသည့်နောက် မန္တလေး-အမရပူရ-စစ်ကိုင်းမြို့တို့ ဆက်သွယ်ရေးတွင် ယင်းတံတားသစ်က အရေးပါလာပြီး တံတားဟောင်းဖြစ်သည့် စစ်ကိုင်းတံတား (အင်းဝ) ကမူ ရထားလမ်းရှိသည့်အတွက် ရထားသွားရန်အတွက်ဟုပင် သတ်မှတ်ရမလို ဖြစ်သည်။

“ဆိုင်ကယ်တွေကိုလည်း တံတားဖြတ်သန်းခ ကောက်နေတဲ့အတွက် သိပ်မသုံးကြတာလည်းပါတယ်။ တံတားအသစ်ကဖြတ်ရင် ဆိုင်ကယ်တွေက မပေးရဘူးလေ။ ဒါကြောင့် အသွားအလာ သိပ်နည်းသွားတာ” ဟု စစ်ကိုင်းမြို့သား ကိုရန်ပိုင်စိုးက ပြောသည်။

သို့သော်လည်း သူတို့ (တံတားများ) ကို လူအချို့က တလွဲအသုံးချကာ ဘ၀အဆုံးစီရင်ရာနေရာအဖြစ် အသွင်ပြောင်းနေကြပြီလော။

ဦးစိုးမင်းသိန်းအတွက်မူ နာကျင်မှုတို့ အဆုံးသတ်ရာနေရာအဖြစ် တံတားကိုသာ စဉ်းစားရွေးချယ်ခဲ့ဟန်တူသည်။

ဇန်နဝါရီလ ၂၇ ရက်နေ့က မန္တလေးမြို့ ကန်ပတ်လမ်း ဝါဆိုကျောင်းအနီးတွင်နေထိုင်သည့် အသက် ၄၀ နှစ်အရွယ် ဦးစိုးမင်းသိန်းမှာ သမီးဖြစ်သူ ခံစားနေရသည့် မျက်လုံးကင်ဆာကို မကြည့်ရက်သဖြင့် အသက်လေးနှစ်အရွယ်သမီးကို စစ်ကိုင်းတံတားပေါ်သို့ ခေါ်ဆောင်ကာ သားအဖနှစ်ဦး တံတားပေါ်မှ ခုန်ချခဲ့သည်။

“ကလေးက မျက်လုံးကင်ဆာဝေဒနာရှင်။ မနက်ဖြန် ဆေးရုံမှာ ခွဲရမှာလို့ သိရတယ်” ဟု SERT အတွင်းရေးမှူး ကိုစိုးမင်းဦးက ပြောသည်။

သမီးဖြစ်သူ၏ မျက်လုံးကင်ဆာကို ဆရာဝန်ကြီးများနှင့် ကုသလျှင် မျက်လုံးကို ခွဲထုတ်ပစ်ရမည် (မျက်စိကန်းသွားမည်) ဖြစ်၍ မြန်မာဆေးများဖြင့်သာ ကုသပေးခဲ့နေရာမှ ရောဂါအခြေအနေက ပို၍ဆိုးဝါးလာသည့်အတွက် နောက်ဆုံးတွင် ဆရာဝန်ကြီးများ၏ ကုသပေးမှုကို ဦးစိုးမင်းသိန်း လက်ခံခဲ့ရသည်။ သို့သော် ကုသသည့်အဆင့်သို့ ရောက်မသွားခဲ့ပေ။

“ကလေး ခံစားနေရတာကို အဖေက မခံစားနိုင်တော့လို့နဲ့ တူပါတယ်။ ရောဂါကဆိုးနေတော့ ကုသပြီးရင်လည်း မျက်စိက မြင်ရတော့မှာမဟုတ်ဘူးတဲ့” ဟု ကိုစိုးမင်းဦးက ပြန်ပြောင်းပြောပြသည်။

ကလေးကို ပွေ့ဖက်ထားသည့်ပုံစံဖြင့် ဦးစိုးမင်းသိန်း၏ ရုပ်အလောင်းကို သုံးရက်အကြာတွင် တွေ့ရသော်လည်း သမီးလေးကိုမူ ယနေ့အထိ ရှာမတွေ့ခဲ့ပေ။

ဧပြီလ ၂၀ ရက်နေ့က ခုန်ချခဲ့သည့် အသက် ၂၁ နှစ်အရွယ် အမျိုးသမီးသည် အမရပူရမြို့နယ် ရွှေလေးကျေးရွာတွင် နေထိုင်သူဖြစ်သည်။ စစ်ကိုင်းတံတားပေါ်တွင် ဆိုင်ကယ်၊ ဖိနပ်နှင့် တယ်လီဖုန်းတို့ကို တွေ့ရှိရပြီး ဖုန်းကိုစစ်ဆေးခဲ့ရာတွင် မိခင်ဖြစ်သူထံ စာတို (Message) ပေးပို့ကာ နှုတ်ဆက်ထားသည်ကို တွေ့ရသည်။

“အမေ သမီးကို ခွင့်လွှတ်ပါ။ ဆိုင်ကယ်ကို စစ်ကိုင်းတံတားအဟောင်းပေါ် ထားခဲ့တယ်။ အမြန်လာယူပါ။ သမီး ဒီလောကကြီးမှာ မနေချင်တော့ဘူး။ ခွင့်လွှတ်ပါ” ဟု စာရေးသား၍ မြစ်အတွင်း ခုန်ချသွားခဲ့လေသည်။

ဩဂုတ်လ ၂ ရက်နေ့က ဧရာဝတီတံတားပေါ်မှ ခုန်ချခဲ့သည့် အသက် ၂၀ ကျော် လူငယ်တစ်ဦးကမူ နှလုံးသားရေးရာကြောင့်ဖြစ်ပြီး လူမှုကွန်ရက်ပေါ်တွင် ၎င်းထားခဲ့သည့်စာကြောင့် လူအများကြား ပျံ့နှံ့သွားခဲ့သေးသည်။

“ကျွန်တော်က သေရမှာ သိပ်ကြောက်ခဲ့တာ။ မင်းမရှိဘဲ ရှင်သန်ရမှာကိုတော့ ပိုကြောက်တယ်” ဟု ရေးသားခဲ့ပြီးနောက် ၁၅ မိနစ်ခန့်အကြာ ညနေ ၅ နာရီခန့်တွင် မြစ်ထဲခုန်ချခဲ့ခြင်း ဖြစ်သည်။

ဩဂုတ်လ ၂၉ ရက်နေ့က ခုန်ချသွားသည့် တက္ကသိုလ်ကျောင်းသူတစ်ဦးမှာမူ မည်သည့်အကြောင်းကြောင့်ဆိုသည်ကို မသိရပေ။

ညနေ ၅ နာရီဝန်းကျင်တွင် ခုန်ချသွားခြင်းဖြစ်ကာ ဆိုင်ကယ်၊ ဖိနပ်တို့သာ ကျန်ရစ်ခဲ့ပြီး မိုးကုတ်မြို့ ကျပ်ပြင်ရပ်မှဟုသာ စုံစမ်းသိရှိရသည်။ သေဆုံးသူ၏ ရုပ်အလောင်းကိုလည်း ယနေ့အထိ ရှာဖွေမတွေ့ရှိသေးပေ။

ယင်းဖြစ်ရပ်အပြီး တစ်လအကြာ စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် စစ်ကိုင်းမြို့နေ ဦးနိုင်အောင်ရင်က စစ်ကိုင်းတံတားပေါ်မှ ခုန်ချသတ်သေခဲ့ပြီး နောက်တစ်နေ့ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကိုးတန်းကျောင်းသူ သီလရှင်လေးက ဧရာဝတီတံတား (ရတနာပုံ)ပေါ်မှ ခုန်ချခဲ့ခြင်း ဖြစ်သည်။

“ဆရာလေးက ဒုလ္လဘဝတ်နေတဲ့သူပါ။ နောက်ပြီးတော့ စိတ်ကျန်းမာရေးကလည်း အားနည်းပါတယ်” ဟု ဆရာလေး သီတင်းသုံးခဲ့သည့် စစ်ကိုင်းမြို့ ခမည်းတော်ချောင်ရှိ ကျောင်းတိုက်မှ သီလရှင်ဆရာကြီးက ရှင်းပြသည်။

ကျွန်းလှမြို့ဇာတိဖြစ်ပြီး ရင်းနှီးသည့် သီလရှင်တစ်ပါး၏ အကူအညီဖြင့် စစ်ကိုင်းမြို့သို့ ရောက်ရှိကာ IBEC ဘုန်းတော်ကြီးသင် ပရဟိတကျောင်းတွင် န၀မတန်းတက်ရောက်နေသူ ဖြစ်သည်။

ခုန်ချရခြင်းသည် အထီးကျန်သည်ဟု ဆရာလေးက ပြောဆိုသော်လည်း အခြားသောအကြောင်းအရာများကိုမူ အသေးစိတ် ပြောဆိုနိုင်သူ မရှိပေ။ အကြမ်းဖျင်းအားဖြင့် ဆရာလေးသည် တစ်ဦးတည်း ပြုံးရယ်နေလေ့ရှိပြီး စိတ်ကျန်းမာရေးချို့တဲ့သူ၏ လက္ခဏာများ အနည်းငယ်ပြသော်လည်း ယခုကဲ့သို့ လုပ်ဆောင်သွားမည်ဟု မထင်မိကြောင်း ခမည်းတော်ချောင်ရှိ ကျောင်းတိုက်မှ သီလရှင်ဆရာကြီးက ပြောသည်။

မည်သို့ပင်ဆိုစေ စစ်ကိုင်းတံတားမှ ဧရာဝတီမြစ်ထဲ ခုန်ချ၍ သတ်သေမှုများသည် ယခင်ကတည်းက ရှိခဲ့သော်လည်း ယခုနှစ်ပိုင်းတွင် ပို၍များလာသဖြင့် စိတ်မကောင်းရကြောင်းပြောသူက ဦးမြင့်သိန်းထွန်း ဖြစ်သည်။

၎င်းသည် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း) SERT ဥက္ကဋ္ဌဖြစ်ပြီး အဖွဲ့ စတင်ခဲ့သည့် ၂၀၁၆ ခုနှစ်မှ ယနေ့တိုင်အောင် ကြုံတွေ့ခဲ့ရမှုကို အခြေခံကာ ပြောကြားခြင်းလည်း ဖြစ်သည်။

၂၀၁၆ ခုနှစ်က မင်းကွန်းမှအပြင် ရှင်ဖြူရှင်လှကွေ့အနီး ကားတစ်စီး မြစ်အတွင်း ထိုးဆင်းသွားရာ ကူညီကယ်ဆယ်နိုင်ခြင်းမရှိခဲ့သည့် ဖြစ်ရပ်ကို အကြောင်းပြု၍ ယင်းအသင်းက ပေါ်ပေါက်လာခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ငယ်စဉ်တုန်းကတော့ မေ့လောက်ပြီဆိုမှ ခုန်ချသတ်သေတယ်ဆိုတာမျိုးက ကြားဖူးတာ။ အခုကျတော့ ဆက်တိုက်လိုဖြစ်နေတဲ့အပေါ် စိတ်မကောင်းသလို ဖြစ်လည်း မဖြစ်စေချင်ဘူး” ဟု ဦးသိန်းမြင့်ထွန်းက ဆိုသည်။

ယခုနှစ်အတွင်း တံတားပေါ်မှ ခုန်ချသတ်သေသည့် ဖြစ်စဉ်ခြောက်ခုသည် ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးကိစ္စတို့ကြောင့်ဖြစ်ပြီး လူငယ်လူရွယ်များ ပိုများသည်ကို တွေ့လာရသည်။ သို့သော် ယင်းအချက်များက တစ်ခုနှင့်တစ်ခု ဆက်စပ်နေပြန်သည်။

ကျန်းမာရေးမကောင်းသည်ကို ဆေးကုသရန် မတတ်နိုင်ခြင်း၊ အလုပ်အကိုင်အဆင်မပြေသဖြင့် ငွေကြေးကျပ်တည်းမှုများကို မခံစားနိုင်ခြင်း စသည့် အကြောင်းများကြောင့် လူ့လောကကို အရှုံးပေးသွားခြင်းများ ရှိနေကြောင်း ယခုဖြစ်ရပ်များက သက်သေပြနေသည်။

ယင်းကဲ့သို့ ဘ၀ကို အရှုံးပေးသွားသည့် လုပ်ရပ်များသည် ဖြေရှင်းနည်းအမှားများဖြစ်ကြောင်း ဦးမြင့်သိန်းထွန်း က ပြောသည်။

“လူလတ်ပိုင်းတွေက ပိုများနေတာ တွေ့ရတဲ့အတွက် စာသင်ကျောင်းလိုမျိုးတွေမှာ စိတ်အားမြှင့် ဆွေးနွေးပွဲတွေ လုပ်သင့်တယ်လို့ မြင်ပါတယ်။ ဒါမှလည်း ဒီလို ဘ၀ကို အရှုံးပေးသွားကြတာမျိုးတွေ လျော့နည်းမှာ” ဟု ၎င်းက အကြံပေးသည်။

ခုန်ချသတ်သေမှုများကို ကာကွယ်နိုင်ရန် တံတားပေါ်တွင် လျှို့ဝှက်ကင်မရာ (CCTV) တပ်ဆင်မည်ဟု ဆိုသော်လည်း မည်သည့်အချိန်တွင် တပ်ဆင်မည်ကို မသိရသေးပေ။ တံတားထိပ်နှစ်ဖက်ရှိ ရဲကင်းစခန်းများကလည်း ခုန်ချမည့်သူ များကို အချိန်မီ မတားဆီးနိုင်။ ခုန်ချပြီးချိန်မှသာ သိကြရသည်။

“ခုန်ချအပြီး နာရီဝက်အတွင်း ရှာဖွေကယ်တင်နိုင်ရန်တော့ အသက်ရှင်နိုင်ဦးမှာပါ။ ဒီထက်ကြာသွားရင်တော့ အသက်ရှင်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ကလည်း အမြဲတမ်းစောင့်ဆိုင်းနေကြရတာ မဟုတ်ဘူးလေ။ ခုန်ချတယ်လို့ သတင်း ကြားမှသာ ဟုတ်မဟုတ် အတည်ပြုပြီးတော့ ကယ်ဆယ်ရေးတွေ လုပ်ဆောင်ရတာ” ဟု ကိုစိုးမင်းဦးက ရှင်းပြသည်။

လျှို့ဝှက်ကင်မရာ တပ်ဆင်ထားသော်လည်း ခုန်ချမည့်သူကို ကာကွယ်နိုင်မည်မဟုတ်ဘဲ ခုန်ချ မချကိုသာ အတည်ပြုနိုင်မည်ဟု ၎င်းကဆိုသည်။

ဦးနိုင်အောင်ရင် ဆေးဝါးကုသရန်အတွက် ကုန်ကျမည့် သိန်းဂဏန်းကြီးကြီးကို ချက်ချင်းမတတ်နိုင်သော်လည်း တစ်နည်းနည်းဖြင့် ဖြေရှင်းနိုင်မည်ဟု သားဖြစ်သူက ယုံကြည်နေသည်။ သို့သော် ဖခင်ဖြစ်သူမှာ လူ့လောကတွင် မရှိတော့။

“အရင်တုန်းက ဒီတံတားပေါ်က ခုန်ချပြီး သတ်သေသွားတဲ့ဖြစ်ရပ်တွေ သူကြားတဲ့အခါတိုင်း အလကား ဦးနှောက်မရှိတဲ့လုပ်ရပ်တွေလို့ ပြောနေကျ” ဟု သားဖြစ်သူက ပြောပြသည်။

လေးရက်မြောက်နေ့အထိ ဦးနိုင်အောင်ရင်၏အလောင်းရှာမရသေးသော်လည်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း) က ရှာဖွေနေဆဲဖြစ်သလို မိသားစုဝင်များကလည်း စောင့်ဆိုင်းနေဆဲ။

“အလောင်းကို မတွေ့ရသေးသရွေ့ ခုန်ဆင်းသွားတယ်လို့ ကျွန်တော် လက်မခံချင်သေးဘူး။ ဒါပေမဲ့ တခြားအကြောင်းတွေလည်း စဉ်းစားလို့ မရဘူး” ဟု ဖခင်ကို စောင့်မျှော်နေသည့် သားဖြစ်သူက သူ့ခံစားချက်ကို ပြောပြနေသည်။

ဖခင်ဖြစ်သူ ခုန်ချသည်ဟုဆိုသော အချိန်ခန့်က မည်သည့်အသံမျှ မကြားခဲ့ရကြောင်း တံတားအနီးတွင် နေထိုင်သူများနှင့် ရေချိုးအဝတ်လျှော်နေသူများက ပြောဆိုကြကြောင်း ၎င်းကဆိုသည်။

တံတားပေါ်မှ ဧရာဝတီမြစ်ထဲသို့ ခုန်ချကာ သတ်သေသွားသည်ဟုဆိုသော ဦးနိုင်အောင်ရင်သည် ဧရာဝတီမြစ်အတွင်း၌ သုံးကြိမ်ခန့်သာ ရေဆင်းချိုးဖူးသူလည်း ဖြစ်သည်။

မြစ်ကြောင်းတစ်လျှောက် ကယ်ဆယ်ရေးအဖွဲ့ဝင်များက စက်လှေများဖြင့် ဦးနိုင်အောင်ရင်ကို ရှာဖွေနေဆဲဖြစ်သော်လည်း စစ်ကိုင်းတံတားကမူ တစ်ချက်တစ်ချက် ဖြတ်သန်းသွားနေသည့် မော်တော်ယာဉ်နှင့် ရထားသံများမှလွဲ၍ ဧရာဝတီမြစ်ပေါ်တွင် ကန့်လန့်ဖြတ် ငြိမ်သက်လျက်သာ ရှိနေသည်။

သူ့ကိုအသုံးပြု၍ ဘ၀ကို အဆုံးသတ်စွန့်ခွာသွားသောသူများအကြောင်းကိုမူ သူကတော့ သိမည်မဟုတ်ပေ။ 

မြတ်(ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *