သမ္မတရုံးသတင်းလုံခြုံရေးနှင့် ထောက်လှမ်းရေး မဟာမိတ်နိုင်ငံများ၏ လုံခြုံရေးသတိပေးချက်

မကြာသေးခင်ရက်ပိုင်းတွင်နိုင်ငံတော်သမ္မတရုံး နိုင်ငံရေးနှင့် လုံခြုံရေးဌာနကြီးမှ သတင်းလုံခြုံရေးအဆင့် သတ်မှတ်ချက် လျှို့ဝှက်အဆင့်ရှိသောစာတစ်စောင်လူမှုကွန်ရက်များပေါ်တွင် ပေါက်ကြားခဲ့သည်။ ထိုစာအရ AA၊ KIA၊ KNU နှင့် CNF အဖွဲ့ဝင် ၂၀ ဦးခန့်သည် ထိုင်းနိုင်ငံနယ်စပ် တစ်နေရာတွင် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း၊ ထိုအစည်းအဝေးတွင် နေပြည်တော်ကော်စီနယ်မြေတွင် ဖောက်ခွဲမှုတစ်ခု ပြုလုပ်ရန် စီစဉ်ခဲ့ကြောင်း၊ စက်တင်ဘာလ ၂၆၊ အောက်တိုဘာလ ၁၆ သို့မဟုတ် ၂၆ ရက်နေ့တို့တွင် ဖောက်ခွဲမှုများပြုလုပ်နိုင်ကြောင်း၊ မြောက်ပိုင်းတိုက်ပွဲများကို အာရုံလွှဲရန်နှင့် ဖိအားလျော့နည်းစေရန် ရည်ရွယ်ကြောင်းနှင့် လုံခြုံရေးသတိရှိကြရန် လမ်းညွှန်ချက်အရ အကြောင်းကြားရခြင်းဖြစ်သည်ဟု ပါရှိပါသည်။

ယင်းစာပေါက်ကြားမှုဖြစ်အပြီး နောက်ထပ်လေးရက်ခန့်အကြာ စက်တင်ဘာ ၂၄ ရက်နေ့တွင်လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ မျက်နှာပေါ်သို့ လေဆာမီးဖြင့်ချိန်ထိုးမှု ဖြစ်ပွားခဲ့သည်။ နောက်ရက်တွင်တော့ အမေရိကန်သံရုံးမှ လုံခြုံရေးသတိပေးချက် တစ်ခုထုတ်ပြန်ခဲ့ပြီး ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တွင်ရှိနေသော အမေရိကန်နိုင်ငံသားများနှင့် အမေရိကန်အစိုးရဝန်ထမ်းများအား လုံခြုံရေးသတိရှိကြရန် သတိပေးခဲ့ပါသည်။ ရက်အနည်းငယ်အကြာတွင် ဩစတြေးလျသံရုံးမှလည်း အလားတူလုံခြုံရေးသတိပေးချက်တစ်ခုကို မြန်မာနိုင်ငံသို့ ရောက်ရှိနေထိုင်နေကြသော ဩစတြေးလျနိုင်ငံသားများထံ Email ပေးပို့သတိပေးခဲ့သည်။ ထို့နောက် ဗြိတိသျှသံရုံးနှင့် ကနေဒါသံရုံးတို့တွင်လည်းအလားတူ လုံခြုံရေးသတိပေးမှုများ ဆက်တိုက်ဆိုသလို ထုတ်ပြန်ခဲ့သည်ဟု သိရသည်။ ယင်းသို့ ပြည်သူလူထုအနေနှင့် အစိုးရက တရားဝင်ပြောကြားခြင်းမရှိဘဲ အခြားနည်းဖြင့်သာ လုံခြုံရေးသတိပေးမှုကို သိရှိရခြင်းကြောင့် ပိုမိုကာ စိုးရိမ်ထိတ်လန့်ဖြစ်ကြရသည်။ နိုင်ငံလေးနိုင်ငံ၏ လုံခြုံရေးသတိပေးချက်နှင့် မီဒီယာများ၏ ရေးသားချက်များကြောင့် နိုင်ငံတကာကလည်းသိရှိကာ ပြည်တွင်းနှင့် နိုင်ငံတကာခရီးသွား လုပ်ငန်းများအပေါ်ပါ အကျိုးသက်ရောက်မှု ကြီးစွာရှိခဲ့သည်။

သတင်းလုံခြုံရေး (Information Security)

ပေါက်ကြားခဲ့သောစာတွင် ပြည်ထဲရေးဝန်ကြီး ဌာနမှရည်ညွန်းစာ နံပါတ်ကိုလည်း ဖော်ပြထားသည်ဖြစ်ရာ ယင်းစာမှာ ပြည်ထဲရေးဝန်ကြီးဌာနမှတစ်ဆင့် နိုင်ငံတော်သမ္မတရုံးရှိ နိုင်ငံရေးနှင့် လုံခြုံရေးဌာနကြီးသို့ ရောက်ရှိပြီး ထိုဌာနမှတစ်ဆင့် ပေါက်ကြားခဲ့ခြင်းဖြစ်သည်ဟု ယူဆရသည်။ နိုင်ငံတော်မှလျှို့ဝှက်အဆင့်ဟု သတ်မှတ်ထားသော စာရွက်စာတမ်းများမှာ လုံခြုံရေးအဆင့်သတ်မှတ်ချက် ပြန်လည်လျှော့ချပြင်ဆင်ခြင်း (Declassify) မပြုလုပ်ရသေးမချင်း ပြင်ပသို့ ပေါက်ကြားခွင့်မရှိသည်ဖြစ်ရာ ယခုကဲ့သို့ စာထုတ်ပြီး လေးရက်အတွင်း လျှင်မြန်စွာ ဓာတ်ပုံဖြင့် မူရင်းစာရွက်အတိုင်း ပေါက်ကြားခဲ့ရခြင်းမှာ နိုင်ငံတော်အဖွဲ့အစည်းယန္တရားများအတွင်း (ယခုအဖြစ်အပျက်တွင် နိုင်ငံတော်သမ္မတ ရုံးတွင်း) သတင်းလုံခြုံမှုစည်း ယိုယွင်းကျိုးပေါက်နေကြောင်းကိုပြခြင်းဖြစ်သည်။

သတင်းအချက်လက် (Intelligence)

မိမိနိုင်ငံတော်နှင့် ပြည်သူလူထု၏အကျိုးစီးပွားနှင့် သက်ဆိုင်သော သတင်းအချက်အလက်တိုင်းသည် နိုင်ငံတော်အကြီးအကဲတိုင်းအတွက် အရေးပါသည်ဖြစ်ရာ နိုင်ငံတော်များအနေနှင့် မိမိနှင့် ရန်လိုမုန်းတီးနေသော နိုင်ငံများ၏ သတင်းအချက်အလက်များသာမက မိမိနှင့်အဆင်ပြေသော နိုင်ငံအချင်းချင်း၏ သတင်းအချက်အလက်များကိုလည်း တိုက်ရိုက်ရော၊ လျှို့ဝှက်ပါ သတင်းရယူကြရသည်။ ထိုကဲ့သို့ နိုင်ငံတော်အတွက် အသက်တမျှအရေးကြီးသော စီးပွားရေး၊ စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာ သတင်းများ ရယူကြခြင်း (Intelligence Collection) အလုပ် မည်မျှအရေးကြီးကြောင်းနှင့် ထိုလုပ်ငန်းစဉ်ကျဆုံးရပါက ပြန်လည်ပေးဆပ်ရသည့် လုံခြုံရေးစရိတ်စက ကြီးမားကြောင်းကို လူတိုင်းသိရှိကြမည်ဖြစ်သည်။ သို့သော် လုံခြုံရေးဆိုင်ရာအရေးကိစ္စများတွင် တစ်ဖက်လူအကြောင်း ထောက်လှမ်းရေးသတင်းများ ရယူခြင်းအလုပ် (Intelligence Collection) အရေးပါသကဲ့သို့ မိမိသတင်းများ ပြင်ပအဖွဲ့အစည်း (ရန်သူ ဖြစ်စေ၊ မိတ်ဆွေဖြစ်စေ) များထံသို့ ရောက်ရှိပေါက်ကြားခြင်းမရှိစေရန် နိုင်ငံတော်များက လုပ်ရသော Counter Intelligence မှာလည်း လွန်စွာအရေးပါပါသည်။

Counter Intelligence

Counter Intelligence ကို မြန်မာနိုင်ငံတွင် တန်ပြန်ထောက်လှမ်းရေးဟု ဘာသာပြန်ဖော်ပြလေ့ရှိကြသည်။ တန်ပြန်ထောက်လှမ်းရေးဟူသောစကားမှာ Counter Intelligence ၏အမှန်တကယ်အနှစ်သာရကို ဖော်ပြနိုင်ခြင်းမရှိပေ။ တပ်မတော်ထောက်လှမ်းရေးကာလတွင်လည်း Counter Intelligence ဖြစ်သည့် ထောက်လှမ်းရေး (၃) မှာ နာမည်ကြီးသည်။ လုပ်ပိုင်ခွင့်ပိုရပြီး ဗိုလ်ချုပ်ခင်ညွန့်၏ မျက်နှာသာပေးခြင်းကို ခံရသည်ဟုဆိုပါသည်။ ထိုခေတ်က တန်ပြန်ထောက်လှမ်းရေးမှာ မိမိအဖွဲ့အစည်းတွင်း ထောက်လှမ်းရေးအရာရှိများ အချင်းချင်း၏ မဟုတ်တာလုပ်မှုမှန်သမျှနှင့် မကောင်းသတင်းကို လူကြီးသို့ တင်ပြရသည့်အဖွဲ့ဖြစ်သောကြောင့် နာမည်ကြီးရခြင်းဖြစ်ကြောင်း ထိုစဉ်က ထောက်လှမ်းရေးတပ်မှူး၊ ဗိုလ်မှူးကြီးသက်ထွဋ် (ငြိမ်း) ၏ အင်တာဗျူးတွင် ဖတ်လိုက်ရပါသည်။ ဤသည်ကပင် တန်ပြန်ထောက်လှမ်းရေးမှာ စကားလုံးအနှစ်သာရတွင်သာမကဘဲ တကယ့်မြေပြင်လက်တွေ့လုပ်ငန်းတွင်ပါ အဓိပ္ပာယ်ကောက်ယူ အကောင်အထည်ဖော်မှု လွဲမှားနေကြောင်းကို ဖော်ပြခြင်းဖြစ်သည်။ (အဓိပ္ပာယ်ကောက်ယူမှု နှင့် အကောင်အထည်ဖော်မှု လွဲမှားနေခြင်းမဟုတ်ပါက ထောက်လှမ်းရေးအရာရှိအများစုမှာ တစ်ဖက်အဖွဲ့အစည်းများထံသို့ သတင်းပေးကာ စီးပွားဖက် မိတ်ဆွေရင်းချာများပမာ နေထိုင်နေကြသောကြောင့် လူကြီးသို့ တိုင်ကြားရခြင်းဖြစ်ပါလိမ့်မည်)

Counter Intelligence ဆိုသည်မှာ တစ်ခွန်းထဲနှင့်ပြောရလျှင် မိမိသတင်း သူတစ်ပါးထံမရောက်နိုင်အောင် နည်းလမ်းမျိုးစုံသုံးကာ ပိတ်ဆို့တားဆီးကြရခြင်းလုပ်ငန်းဖြစ်သည်။ တစ်နည်းအားဖြင့် သတင်းအချက်အလက်ပေါက်ကြားမှုများမဖြစ်ရန်နှင့် မိမိအစိုးရအဖွဲ့ ယန္တရားများအတွင်းသို့ အဖျက်အမှောက်လုပ်မည့်သူများ ထိုးဖောက်ဝင်ရောက်ခြင်းမှ ကာကွယ်ရသည့် အလုပ်ဖြစ်ရာ အခြားနိုင်ငံများတွင်လည်း အရေးပါအရာရောက်သော ဌာနတစ်ခုဖြစ်သည်။ ယခုကဲ့သို့ နိုင်ငံတော်မှ လျှို့ဝှက်အဆင့် သတ်မှတ်ထားသော စာရွက်စာတမ်းများ ပေါက်ကြားမှုမှာ နိုင်ငံတော်အဖွဲ့အစည်းများ၏ သတင်းလုံခြုံမှု တစ်နည်းအားဖြင့် Counter Intelligence ပိုင်းတွင် အားနည်းချက်များရှိနေခြင်းကြောင့်ဖြစ်သည်။

သတင်းလုံခြုံရေးဆိုသည်မှာ ပြောရတာလွယ်သလောက် အမှန်တကယ် အကောင်အထည်ဖော်ရခက်သော လုပ်ငန်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် မည်သည့်သတင်းကို မည်သူက သိခွင့်ရှိသည်ကို ဆုံးဖြတ်ရခက်လေ့ရှိသောကြောင့်ဖြစ်သည်။ လုံခြုံရေးအရ အရေးကြီးသည့်သတင်းတစ်ခုကို လူအနည်းငယ် (ဥပမာ – သမ္မတတစ်ဦးတည်း) ကိုသာ သိရှိ ခွင့်ပေးပြီး အခြား သိသင့်သိထိုက်သော ဌာနဆိုင်ရာများကို ချန်ထားခဲ့ပါက ထိုသတင်းအချက်အလက်ကို ကြိုတင်မရရှိထားသောကြောင့် လုံခြုံရေးဆိုင်ရာ ပြဿနာကြီးကြီးမားမား ဖြစ်ပေါ်လာနိုင်သည်။ ဌာနတိုင်းကို အသိပေးမည်ဆိုပါက သတင်းပေါက်ကြားနိုင်ခြေ ပိုများမည်ဖြစ်သည်။ ယခုအဖြစ်အပျက်တွင် ရရှိထားသော ထောက်လှမ်းရေးသတင်းအချက်အလက်က နေပြည်တော်ကော်စီဟု ဖော်ပြပါရှိသည်ဖြစ်ရာ နိုင်ငံတော်အနေနှင့် ယင်းသတင်းကို နေပြည်တော်ရှိ ဌာနဆိုင်ရာအားလုံးကို ဖြန့်ဝေရမည်ဖြစ်ရာ သတင်းအချက်အလက်လုံခြုံရေးမှာ ပိုမိုထိန်းသိမ်းရ ခက်သွားနိုင်သည်။ သို့သော် ယခုသတင်းပေါက်ကြားမှုမှာ ဌာနဆိုင်ရာ အားလုံးထံ ဖြန့်ဝေပြီးမှ ပေါက်ကြားခြင်းမျိုးမဟုတ်ဘဲ၊ ပြည်ထဲရေးဝန်ကြီးဌာနထံမှ ပထမဦးဆုံး သတင်းရရှိခဲ့သောနေရာမှ ပေါက်ကြားခဲ့ခြင်းဖြစ်သည်။ ပေါက်ကြားရာတွင်လည်း သတင်းသက်သက် ပေါက်ကြားခြင်းမျိုးမဟုတ်ဘဲ မူရင်းစာရွက်ဓာတ်ပုံပါ ပေါက်ကြားခဲ့ခြင်းမှာ ဌာနတွင်းဆိုင်ရာ အားနည်းချက်များကြောင့်ဖြစ်သည်။

သတင်းလုံခြုံရေးအစီအမံများ
Classification (သတင်းလုံခြုံရေး အဆင့်သတ်မှတ်မှု)

သတင်းပေါက်ကြားမှုများမှာ အစိုးရဌာနတွင်းသို့ ပြည်ပဩဇာခံ လူပုဂ္ဂိုလ်များ ထိုးဖောက်ဝင်ရောက်မှုလောက် ကြီးမားသောပြဿနာ မဟုတ်သော်လည်းနိုင်ငံတော်အစိုးရ၏လုံခြုံရေးစီမံခန့်ခွဲမှုအပေါ် များစွာအနှောင့်အယှက်ဖြစ်စေသော ကိစ္စဖြစ်သည်။ သတင်းအချက်အလက်လုံခြုံရေးတွင် နိုင်ငံတိုင်း၏အားနည်းချက်မှာ မိမိဝန်ထမ်းများပင်ဖြစ်သည်။ သတင်းအချက်အလက်ကို သိသင့်သူများကိုပေးမသိဘဲထားပါက လုံခြုံရေးပြဿနာ ကြီးကြီးမားမား ပေါ်လာနိုင်သကဲ့သို့ လူအများကို ပေးသိပါကလည်း သတင်းပေါက်ကြားမှု ဖြစ်နိုင်ခြေပိုများမည်ဖြစ်သည်။ ထို့ကြောင့် သတင်းပေါက်ကြားမှုများမဖြစ်စေရန် အစိုးရအနေနှင့် ကိုင်တွယ်နေရသော သတင်းအချက်အလက်များကို လုံခြုံရေးပညာဖြင့် စီမံကြရသည်။ ယင်းသို့ စီမံရာတွင် ဝင်စာ၊ ထွက်စာများကို လုံခြုံရေးအဆင့် သတ်မှတ်ခြင်းများပြုလုပ်ပြီး ဌာနတွင်းဝန်ထမ်းများ၏ ရာထူးပေါ်မူတည်ကာ မည်သည့်အဆင့်သတ်မှတ်ထားသော ဝင်စာထွက်စာများကိုသာ လက်လှမ်းမီ သိရှိခွင့်ရမည်ဟု ကန့်သတ်ကြရသည်။ ယင်းဖြစ်စဉ်ကို Classification and Compartment လုပ်ခြင်းဟု ခေါ်သည်။ အစိုးရဝန်ထမ်းဖြစ်တိုင်း သတင်းအချက်အလက်အားလုံး သိရှိခွင့်ကို ပေးမည်မဟုတ်ဘဲ လိုအပ်သလို ကန့်သတ်ထားရခြင်းဖြစ်သည်။ အလွန်အရေးကြီးပြီး လျှို့ဝှက်ရသောကိစ္စများတွင် Paper Work ကို တတ်နိုင်သမျှ လျှော့ချပြီး လူနည်းနည်းနှင့် အစည်းအဝေးခေါ်ကာ ဆုံးဖြတ်လုပ်ကိုင်ကြခြင်းမျိုးလည်း ရှိသည်။ ဤသို့ ပြုလုပ်ခြင်းအားဖြင့် စာရွက်စာတမ်းတစ်ခုလုံး ပေါက်ကြားခြင်းကို ကာကွယ်နိုင်မည်ဖြစ်သည်။

Security Vetting (လုံခြုံရေးစစ်ဆေးချက်)

လုံခြုံရေးကိစ္စများအတွက် အဓိက တာဝန်ရှိသောဝန်ထမ်းများ ခန့်အပ်ရာတွင် လုံခြုံရေးထောက်ခံချက် ရယူစေခြင်းဖြင့် ဝန်ထမ်းဖြစ်ပြီးနောက် လျှို့ဝှက်သတင်းများဖြန့်ဝေမှုအန္တရာယ်မှ လျှော့ချဖို့လုပ်ကြသည်။ ဩစတြေးလျနိုင်ငံတွင် လုံခြုံရေးစစ်ဆေးချက် (Vetting Process) ကို နောက်ကြောင်းစစ်ဆေးမှု ဖြစ်စဉ်ရှည်ကြီးဖြင့် ဆုံးဖြတ်ပြီး ဩစတြေးလျအစိုးရ လုံခြုံရေးစစ်ဆေးမှုအေဂျင်စီက စီမံခန့်ခွဲကာ နိုင်ငံဝန်ထမ်းအလုပ်လာလျှောက်သူတိုင်းအတွက် မယူမနေရဖြစ်သည်။ ယင်းစစ်ဆေးမှုတွင် အဆင့်လေးမျိုးရှိပြီး ပထမအဆင့်စစ်ဆေးမှုဖြစ်သည့် Baseline Vetting အောင်မြင်ပါက လုံခြုံရေးအဆင့် သတ်မှတ်ချက်ပါရှိသော အခြေခံစာရွက်စာတမ်းများနှင့်ကန့်သတ်ထုတ်ဝေမှုများကို လက်လှမ်းမီ သိရှိခွင့်ရှိသည်။ ဒုတိယအဆင့်စစ်ဆေးမှု အောင်မြင်သူများက လျှို့ဝှက်အဆင့် (Secret) ထိ သတင်းများသိရှိခွင့်ရှိပြီး တတိယအဆင့်အောင်မြင်ပါက ထိပ်တန်းလျှို့ဝှက်ချက် (Top Secret) အဆင့်ထိ သိရှိခွင့်ရှိသည်။ နောက်ဆုံးအဆင့်အောင်မြင်ပါက အစိုးရ၏မည်သည့်လုံခြုံရေးနှင့် ပတ်သက်သည့် စာရွက်စာတမ်းကိုမဆို သိရှိခွင့်ရှိသည်။ မိမိလျှောက်ထားသော ရာထူးအလိုက် လုံခြုံရေးနောက်ခံစစ်ဆေးမှုကို ခံယူကြရသည်။ သို့သော် ထောက်လှမ်ရေးအေဂျင်စီများမှ ဝန်ထမ်းများအပေါ် ဩစတြေးလျအစိုးရလုံခြုံရေးစစ်ဆေးမှုအေဂျင်စီက စစ်ဆေးမှုပြုလုပ်ခြင်းမရှိဘဲ သက်ဆိုင်ရာထောက်လှမ်းရေးအဖွဲ့များက ဌာနတွင်းစစ်ဆေးမှုများ ပြုလုပ်ရသည်။ ထိုကဲ့သို့ လုံခြုံရေးစစ်ဆေးမှု ဖြစ်စဉ်တစ်ခုမှာ လနှင့်ချီ၍ ကြာတတ်ပြီး မိမိ၏ငယ်ဘ၀ ဖြတ်သန်းမှု၊ ပါဝင်ခဲ့ဖူးသော ဆန္ဒပြပွဲများ၊ သုံးခဲ့ဖူးသော မူးယစ်ဆေးဝါးများမှအစ ထားခဲ့ဖူးသော ရည်စားများအကြောင်းထိ မေးမြန်စုံစမ်းလေ့ရှိသည်။ ထိုမေးမြန်းမှုများမှတစ်ဆင့် ထိုဝန်ထမ်းလောင်း၏ ရိုးသားမှုနှင့် စိတ်တိမ်းညွတ်မှုများကို သိရှိရပြီး အစိုးရအနေနှင့် မည်မျှယုံကြည်စိတ်ချရနိုင်မည်ကို သိရှိနိုင်သည်။ မြန်မာနိုင်ငံတွင် အလုပ်လျှောက်ပါက ရပ်ကွက်တွင်နေထိုင်ကြောင်းနှင့် နီးစပ်ရာရဲစခန်းမှ ဘယ်တုန်းကမှ ကိုယ့်ကိုမသိခဲ့သော ရဲအရာရှိက ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံလိုက်သည်နှင့် လွယ်ကူစွာအလုပ်လျှောက်နိုင်နေသည်ဖြစ်ရာ အစိုးရအနေနှင့် အရေးကြီးသော အစိုးရဝန်ထမ်းများအတွက် ရည်ရွယ်သော သီးခြား Vetting Process တစ်ခု ရှိသင့်ပါသည်။ နိုင်ငံကြီးများကဲ့သို့ ကြီးကျယ်သောစစ်ဆေးမှုမျိုး လုပ်နိုင်ရန်မလိုအပ်ဘဲ Psycho Test လောက်နှင့် စိတ်တိမ်းညွန့်မှုကို အနည်းဆုံးတိုင်းတာနိုင်မည် ဖြစ်သည်။ (တပ်မတော်တွင် တပ်မတော်ဆေးတက္ကသိုလ်၊ စစ်တက္ကသိုလ် တက်ရောက်လိုသူများကို စရဖနှင့် SB က အိမ်ထိသွားကြည့်ပြီး နိုင်ငံရေးဆိုင်ရာ တိမ်းညွတ်ချက်များ လေ့လာစုံစမ်းလေ့ရှိသည်။ ယင်းမှာလည်း ပြီးပြည့်စုံသည့် လုံခြုံရေးစစ်ချက်တော့မဟုတ်ပါ)

Security Marking (လုံခြုံရေးအမှတ်အသားပြုခြင်း)

လုံခြုံရေးအရ အရေးကြီးလွန်းသော အချက်အလက်များကို သီးခြားအမှတ်အသားများဖြင့် သိမ်းဆည်းဖြန့်ဝေလေ့ရှိသည်။ ယင်းသို့ သိမ်းဆည်းဖြန့်ဝေရာတွင် Soft Copy နှင့် Hard Copy နှစ်မျိုးလုံးတွင် အမှတ်အသား ပြုရသည်။ ဥပမာ – မိမိထံရောက်လာသော Email တစ်ခုတွင် သို့မဟုတ် စာရွက်စာတမ်းတစ်ခု၌ ORCON ဟူသော အမှတ်အသားပါဝင်က Originator Controlled ဟု အဓိပ္ပာယ်ရပြီး ယင်း Email သို့မဟုတ် စာရွက်ကို စတင်ထုတ်ဝေသူကသာ ထိန်းချုပ်ခွင့်ရှိသည်ဟု ဆိုလိုသည်။ ပြည်ထဲရေးဝန်ကြီးဌာနမှ ဝင်လာသောစာတွင် ORCON ဟု အမှတ်အသားပြုထားပါက မိမိအနေနှင့် ယင်းသတင်းအချက်အလက်ကို လက်ခံသိရှိခွင့်သာရှိပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပြသခြင်း၊ ဖြန့်ဝေခြင်းတို့ ပြုလုပ်ခွင့်မရှိပေ။ ယင်းသို့ ပြုလုပ်လိုပါက Originator ဖြစ်သော ပြည်ထဲရေးဝန်ကြီးဌာနထံမှ ခွင့်ပြုချက်ရမှ ဖြန့်ဝေခြင်း၊ ဖိုင်ကူးခြင်းများကို လုပ်ပိုင်ခွင့်ရှိသည်။ ဒါကို ချိုးဖောက်ပါက နိုင်ငံတော်ရှိ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ အရေးယူခံရမည်ဖြစ်သည်။

ပေါက်ကြားခဲ့သော ယင်းစာအရဆိုလျှင် ပြည်ထဲရေးဝန်ကြီးဌာနအနေနှင့် ၎င်းတို့ရရှိထားသော ထောက်လှမ်းရေးသတင်းအချက်အလက်များကို အစိုးရအဖွဲ့အား အချိန်မီတင်ပြပေးနေကြောင်းကို မြင်တွေ့ရပါသည်။ ယင်းမှာ ကောင်းမွန်သောလက္ခဏာ ဖြစ်သည်။ သို့သော် သမ္မတရုံး၏ နိုင်ငံရေးနှင့် လုံခြုံရေးဌာနမှ လျှို့ဝှက်အဆင့်ရှိသော စာပေါက်ကြားမှုနှင့် ရှေ့တွင်ဖြစ်ပျက်ခဲ့ဖူးသော ပေါက်ကြားမှုများက အစိုးရအဖွဲ့အစည်းယန္တရားများအတွင်း သတင်းအချက်အလက် လုံခြုံရေးဆိုင်ရာ အထက်ပါအစီအမံများအားနည်းမှုကို ဖော်ပြသည်ဖြစ်ရာ နိုင်ငံတော်အနေနှင့် မလိုလားအပ်သော ပြဿနာများမဖြစ်ပေါ်စေရန် သတင်းအချက်အလက် လုံခြုံရေးဆိုင်ရာ အစီအမံများ တိုးမြှင့်သင့်ပါသည်။ ယင်းစာပေါက်ကြားမှုနှင့်အတူ အမေရိကန်၊ ဩစတြေးလျ၊ ကနေဒါနှင့် ဗြိတိသျှသံရုံးတို့ကလည်း လုံခြုံရေးသတိပေးမှုများ ထုတ်ပြန်ခဲ့ပါသည်။ ထုတ်ပြန်မှုပြုလုပ်ခဲ့သော နိုင်ငံအားလုံးမှာ ထောက်လှမ်းရေးမဟာမိတ်နိုင်ငံများ ဖြစ်နေသည်မှာ စာရေးသူအတွက် စိတ်ဝင်စားဖွယ်ရာကိစ္စဖြစ်နေသည်။ လုံခြုံရေးသတိပေးချက်များကို အစိုးရ၏သတင်းပေးမှုအရ ထုတ်ပြန်ကြေညာခဲ့ခြင်းဆိုသည်ထက် ၎င်းတို့ ကိုယ်ပိုင်ရရှိထားသော ထောက်လှမ်းရေး သတင်းအချက်အလက်များလည်း ရှိနေနိုင်သည်ဖြစ်ရာ ထိုတိုက်ခိုက်မှု အစီအစဉ်မှာ အမှန်တကယ် ရှိကောင်းရှိနိုင်သည့် ကိစ္စတစ်ခုဖြစ်သည်။ Threat ရှိနေသည်မှာ သေချာသည်ဖြစ်ရာ အစိုးရတို့၏တာဝန်မှာ ထိုအန္တရာယ်များ အမှန်တကယ်ဖြစ်ပေါ်လာနိုင်ခြင်း မရှိစေရန် လုံခြုံရေးအစီအမံများ လိုအပ်သလိုအကောင်အထည်ဖော်သွားနိုင်ရန် လိုအပ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။ 

 

ကျော်စောဟန် (မြန်မာပြည်ဖွားဂေါ်ရခါး)

(စာရေးသူသည် ဩစတြေးလျ အမျိုးသားတက္ကသိုလ်တွင် National Security Policy မဟာဘွဲ့တက်ရောက်သင်ယူနေသူဖြစ်ပြီး လုံခြုံရေးနယ်ပယ်တွင် ငါးနှစ်ကြာလုပ်ကိုင်ခဲ့သည့် သုတေသီ ဖြစ်သည်။)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *