ရာသီဥတုအပြောင်းအလဲနဲ့ အာမခံလုပ်ငန်းများ

စီးပွားရေးလုပ်ငန်းတွေဟာ သူတို့တွေကြုံရမယ့် အန္တရာယ်တွေကိုကာကွယ်ဖို့၊ အာမခံတွေထားကြတယ်။ မနှစ်တုန်းက ပိုင်ဆိုင်မှုနဲ့ထိခိုက်မှုတွေအတွက် အာမခံဒေါ်လာ ၂.၄ ထရီလီယံ ၀ယ်ယူခဲ့ကြတယ်လို့ အာမခံလုပ်ငန်းကြီးတစ်ခုက ဆိုပါတယ်။ အာမခံလုပ်ငန်းတွေကလည်း အာမခံလုပ်ငန်းကြီးတွေကို ပြန်ပြီးအာမခံထားတတ်ကြတယ်။ တကယ်လို့ မျှော်လင့်တွက်ဆမထားတဲ့ ကြီးကြီးမားမားကိစ္စတစ်ခုခုဟာ ပုံမှန်ဖြစ်လာနေပြီဆိုရင် ဘယ်လိုလုပ်ကြမလဲ။ အာမခံလျော်ကြေးတွေ အများကြီးပေးရမယ်။ သူတို့ပိုင်ဆိုင်ထားတာတွေရဲ့ တန်ဖိုးကိုလျော့ချရမယ်။ အကောင်းဆုံးလုပ်နိုင်တဲ့နည်းကတော့ စိန်ခေါ်မှုအသစ်တွေ အန္တရာယ်အသစ်တွေကို ဘယ်လိုစီမံခန့်ခွဲကြမလဲဆိုတာ၊ အကူအညီပေးတဲ့နည်း၊ အဲသလိုနဲ့ အာမခံလုပ်ငန်းတွေအတွက် ငွေရှာတဲ့နည်းပါတဲ့၊ အဆိုးဆုံးနည်းကတော့ အာမခံတဲ့နည်းလမ်းတွေ မအောင်မမြင်ဖြစ်လာ၊ ကမ္ဘာ့စီးပွားရေးအဆောက်အအုံမှာ အာမခံလို့မရတာတွေ များသည်ထက် များလာတာမျိုးပါ။

ဟုတ်ပါတယ်။ အာမခံလုပ်ငန်းတွေဟာ မယုံနိုင်လောက်အောင်၊ မကြုံဘူးတဲ့ ဘေးရန်အန္တရာယ်တွေကို တွေ့ကြုံနေရပါတယ်။ စက်တင်ဘာလဆန်းတုန်းက ကြုံတွေ့ခဲ့ရတဲ့ မုန်တိုင်းဟာ အတ္တလန္တိတ်မှာ ထိခိုက်ခဲ့ပြီး၊ ဘဟားမားနဲ့ ကာရိုလိုင်းနားကို ဒုက္ခပေးခဲ့ပါတယ်။ ဇူလိုင်လတုန်းက မုန်တိုင်းကလည်း အမေရိကန်နိုင်ငံ အာကင်ဆောပြည်နယ်ကို မိုးအသည်းအသန်ရွာပေးခဲ့ပါတယ်။ အိန္ဒိယသမုဒ္ဒရာဘက်မှာ ဒီနှစ်မုန်တိုင်း ၃ ခုဝင်ခဲ့ပါပြီ။ မနှစ်က ကယ်လီဖိုးနီးယားမှာ အကြီးအကျယ်တောမီးလောင်ခဲ့ပါတယ်။ ထိခိုက်ဆုံးရှုံးမှုများတဲ့၊ သဘာဝဘေးရန်အန္တရာယ်တွေဟာ ခပ်စိတ်စိတ်ဖြစ်လာနေတာကို တွေ့ရပါတယ်။

၁၉၈၀-နဲ့၂၀၁၅ ကြားမှာ အမေရိကန်နိုင်ငံဟာ ပျမ်းမျှသဘာဝဘေးဒဏ် ငါးခုနဲ့ ကြုံတွေ့ခဲ့ရပြီး၊ လက်ရှိပေါက်ဈေးအရ ဒေါ်လာသန်း (၁) ထောင်လောက် ဆုံးရှုံးခဲ့ပါတယ်။ အမေရိကန်သမိုင်းမှာ အဆိုးဝါးဆုံး ကြုံတွေ့ခဲ့ရတဲ့ မုန်တိုင်းဟာ နှစ်ပေါင်းနှစ်ထောင်မှာ တစ်ခါလောက်ပဲဖြစ်တာမျိုးပါ။ ၂၀၁၇ မှာ ဟာဗေးမုန်တိုင်းဝင်တော့ နှစ်ပေါင်း ၃၀၀ မှာ တစ်ခါ ဖြစ်တယ်လို့ ခန့်မှန်းပြန်ရော။ စိပ်လာနိုင်တယ်ဆိုတဲ့ သဘောပေါ့။

၂၁၀၀ ပြည့်နှစ်လောက်ရောက်ရင်တော့ နှစ်ပေါင်းတစ်ရာမှာ တစ်ခါလောက်ဖြစ်နိုင်သတဲ့။ ဒီရေမြင့်တက်တာဟာ ဟိုတုန်းက နှစ်တစ်ထောင်မှာတစ်ခါပဲဖြစ်ခဲ့ပေမယ့် နောင်ဆိုရင် အနှစ် ၃၀ မှာတစ်ခါလောက် ဖြစ်လာနိုင်သတဲ့။

သဘာဝဘေးဒဏ်တွေက တကယ်တမ်းမှာ ခန့်မှန်းဖို့ခက်တယ်။ ရာသီဥတုအပြောင်းအလဲဖြစ်နေတာတွေက ထည့်တွက်ပြီး ခန့်မှန်းကြပေမယ့် အများအားဖြင့် သမိုင်းမှာ ဆယ်စုနှစ်နဲ့ချီပြီးဖြစ်ခဲ့ကြတဲ့ စာရင်းအင်းတွေကို အခြေခံပြီးတွက်ကြတော့ ကိန်းဂဏန်းတွေကိုက ဟောင်းနွမ်းပြီး ခေတ်မမီတော့ပါဘူး။ ကမ္ဘာကြီးပူနွေးလာတာကြောင့် အကြောင်းကနေအကျိုးဖြစ်၊ အကျိုးကနေအကြောင်းပြန်ဖြစ်၊ အချင်းချင်း အပြန်အလှန်အကြောင်းအကျိုးဖြစ်ပြီး ပေါ်ပေါက်လာနေတဲ့၊ အကျိုးတရားတွေကိုလည်း အာမခံလုပ်ငန်းတွေက အတော်သတိထားကိုင်တွယ်နေကြရပါတယ်။ ဥပမာ- မိုးခေါင်ရေရှားပြီဆိုရင်၊ တောမီးလောင်ရုံနဲ့မပြီးဘူး။ မိုးမရွာရင် သီးနှံတွေခြောက်သွေ့၊ မီးလောင်လွယ်ပြီး၊ အပင်တွေကြီးထွားဖို့ ခက်စေပါတယ်။ တစ်ခါတစ်လေကျ တိုက်ရိုက်အကျိုးသက်ရောက်တာမျိုးမဟုတ်ဘဲ၊ သွယ်ဝိုက်အကျိုးသက်ရောက်တာမျိုးကိုလည်း တွေ့ရပါတယ်။ တစ်နာရီကို ကီလိုမီတာ ၁၀၀ နှုန်းကျော်အောင် လေတိုက်၊ သာမန်ထက် ၁၀% ပိုပြီး လေတိုက်နှုန်းမြင့်တယ်ဆိုရင် အပျက်အစီးဟာ ၅၀-၆၀% ပိုများနိုင်ပါတယ်။

ရေကြီးတတ်တဲ့ ကမ်းနားတွေ၊ ကမ်းရိုးတန်းတွေမှာ ဆောက်ထားတဲ့ အဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးမှုများလာတာ တွေ့ရတယ်။ ၁၉၇၀ ပြည့်လွန်နှစ်တွေ နောက်ပိုင်းမှာ အာမခံထားတဲ့ ပစ္စည်းဥစ္စာတွေရဲ့နှစ်စဉ်ဆုံးရှုံးမှု အဆနှစ်ဆယ်လောက် တက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်းက ဒေါ်လာ ၆၅ ဘီလီယံဖိုး ဆုံးရှုံးခဲ့ပါတယ်။ ဒီကိန်းဂဏန်းတွေမှာ စီးပွားရေးလုပ်ငန်းတွေ မလည်ပတ်ရလို့၊ ထိခိုက်ဆုံးရှုံးတာတွေ ထည့်တွက်မထားဘူး။ မနှစ်တုန်းကဆိုရင် ကြီးကြီးကျယ်ကျယ် ထိခိုက်ဆုံးရှုံးမှုမရှိတာတောင်မှ ကမ္ဘာတဝှမ်းမှာ ဒေါ်လာ ၈၅ ဘီလီယံ ဆုံးရှုံးခဲ့ပါတယ်။

အာမခံလုပ်ငန်းတွေ ထိခိုက်နိုင်တဲ့ တခြားနည်းတွေရှိပါသေးတယ်။ အာမခံလုပ်ငန်းတွေဟာ တခြားနေရာတွေမှာ ပြန်ပြီးရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားကြတယ်။ အသက်အာမခံ၊ ကျန်းမာရေးအာမခံ၊ ပိုင်ဆိုင်မှုနဲ့ ထိခိုက်မှုအာမခံလုပ်ငန်းတွေပေါင်းလိုက်ရင် သူတို့ဟာ အဖွဲ့အစည်းတွေအနေနဲ့ ဒုတိယအကြီးဆုံးရင်းနှီးမြှုပ်နှံသူတွေ ဖြစ်ပါတယ်။ အဲဒီရင်းနှီးမြှုပ်နှံမှုတွေကနေ၊ အာမခံထားတဲ့သူတွေ ဆုံးရှုံးမှုတစုံတရာဖြစ်ပေါ်လာရင်၊ ပြန်ထုတ်ပေးနိုင်တာပါ။ မနှစ်ကဆိုရင် ဒေါ်လာ ၂၅ ထရီလီယံမြှုပ်နှံထားပါသတဲ့။ အများအားဖြင့် နိုင်ငံတကာကုမ္ပဏီကြီးတွေ အခြေခံအဆောက်အအုံတွေနဲ့ ပိုင်ဆိုင်မှုတွေမှာ ရင်းနှီးမြှုပ်နှံထားကြတယ်။ ရာသီဥတုအပြောင်းအလဲတွေဖြစ်လာတော့ အဲဒီရင်းနှီးမြှုပ်နှံမှုတွေအတွက်လည်း အန္တရာယ်တွေ ပိုများလာတယ်။

ပြီးတော့ စီးပွားရေးအဆောက်အအုံတွေရဲ့ ပုံသဏ္ဍာန်အပြောင်းအလဲကြောင့်လည်း ထိခိုက်ဆုံးရှုံးမှုတွေဖြစ်နိုင်တယ်။ ဥပမာ- ရုပ်ကြွင်းလောင်စာအသုံးပြုမှုနည်းလာတာက ဆက်နွယ်နေတဲ့ လုပ်ငန်းတွေရဲ့ ရင်းနှီးမြှုပ်နှံမှုမှာ အကျိုးအမြတ်လျော့သွားနိုင်တယ်။

အခုပြောတဲ့စိန်ခေါ်မှုတွေကြောင့် အနာဂတ်မှာ ဆက်လက်ရှင်သန်အောင်၊ အာမခံလုပ်ငန်းတွေ ဘယ်လိုလုပ်ကြမလဲဆိုတာ၊ စဉ်းစားလာကြရတယ်။ ပထမဆုံးတစ်ခုကတော့ ငွေရေးကြေးရေးအရ၊ ဒူပေဒါပေခံနိုင်ဖို့ပါ။ အာမခံလုပ်ထားတဲ့ လုပ်ငန်းတွေကို တစ်နှစ်တစ်ခါပြန်သုံးသပ်တယ်။ လိုအပ်ရင် ဥပဒေအရ သတ်မှတ်ထားတဲ့ ဘောင်ထဲကနေ ပေးသွင်းရမယ့် ပရီမီယမ်ကြေးကို ချက်ချင်းမြှင့်နိုင်တယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက ထိန်းမနိုင်သိမ်းမရလောက်အောင်၊ ဧရာမသဘာဝဘေးအန္တရာယ်တွေကျရောက်တာနဲ့ ကြုံခဲ့ဘူးလေတော့၊ အခုဆိုရင် အရင်းအနှီးလည်း ထပ်ထည့်ထားကြတယ်။ ဒါကြောင့် ရစရာတွေက၊ ပေးစရာတွေထက် လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်အတွင်း နှစ်ဆတက်လာတယ်လို့၊ သုတေသနတစ်ခုက ဆိုတယ်။ ၁၉၉၂ ခုနှစ်က ဟယ်ရီကိန်းမုန်တိုင်းဒဏ်ကြောင့်၊ အာမခံလုပ်ငန်း ၁၁ ခု ထိခိုက်ခဲ့ပေမယ့် ၂၀၁၇-၁၈ စံချိန်တင်မုန်တိုင်းရာသီရောက်တော့၊ ဘယ်လုပ်ငန်းမျှ မထိခိုက်ခဲ့ကြပါဘူး။

အစိုးရတွေကလည်း အာမခံလုပ်ငန်းတွေမှာ အဆိုးဝါးဆုံးအခြေအနေနဲ့ ကြုံကြိုက်ရင်၊ ဆုံးရှုံးမှုတွေကို သေချာပေါက်ပေးစရာရှိဖို့၊ အရင်းအနှီး လုံလုံလောက်လောက်ရှိအောင် ဂရုစိုက်လာတာကို တွေ့ရပါတယ်။ ခက်တာက ဘယ်သူ့မှာမှ နှစ်ပေါင်းနှစ်ထောင်စာ စာရင်းအင်းတွေ ကိန်းဂဏန်းတွေရှိမနေပါဘူး။

ပြီးတော့ တစ်နှစ်ပြီးတစ်နှစ် ဆိုးသည်ထက်ဆိုးလာတာကို တွေ့နေရတယ်။ အနာဂတ်မှာ လက်ရှိအခြေအနေထက် သေချာပေါက်ပိုဆိုးလာမယ်။ ရာသီဥတုပြင်းပြင်းထန်ထန်ဆိုးဝါးပြီဆိုရင် ဈေးကွက်တွေကိုလည်း ထိခိုက်မယ်။ အာမခံလုပ်ငန်းတွေ ငွေအလိုအပ်ဆုံးအချိန်မှာ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ထိခိုက်ဆုံးရှုံးတာနဲ့ ကြုံတွေ့ရနိုင်တယ်။ တချို့ပိုင်ဆိုင်မှုတွေကို အရေးပေါ်ချရောင်းရလို့ ဈေးကျတာမျိုးနဲ့လည်း ကြုံတွေ့ရနိုင်တယ်။

အများဆုံးဖြစ်နိုင်တာက အာမခံလုပ်ငန်းတွေ ပျက်မသွားနိုင်ပေမယ့်၊ ထိခိုက်ဆုံးရှုံးမှုတွေအတွက် ပေးစရာတွေများလာပြီး၊ ပြဿနာဖြစ်နိုင်တာပါ။ ဆုံးရှုံးမှုတွေကိုကာမိဖို့၊ ပရီမီယမ်ကြေးများများ တောင်းရမယ်။ သုတေသနတစ်ခုအရကတော့ မနှစ်ကထက် ပရီမီယမ်ကြေး ၆% တက်ပါသတဲ့။ ဒါဟာ သမိုင်းတလျှောက်မှာ အများဆုံးတက်တာပါ။ ပိုင်ဆိုင်မှုတွေ ပိုင်ဆိုင်ခွင့်တွေရဲ့ ဈေးနှုန်းက မနှစ်က အမေရိကန်မှာ ၁၀% တက်ပြီး၊ ပစိဖိတ်ဒေသမှာ ၁၈% တက်တယ်။ တဆင့်အာမခံတဲ့သူတွေတောင်းဆိုတာကလည်း မြင့်လာတယ်။ နောက်နှစ်ဆိုရင် တဆင့်အာမခံတဲ့နှုန်း ၅% မြင့်မယ်လို့ ခန့်မှန်းထားတယ်။ မကြာမီကတော့ မီးလောင်ခဲ့တဲ့ ကယ်လီဖိုးနီးယားမှာဆိုရင် တဆင့်အာမခံတဲ့ကြေးဟာ ၃၀-၇၀% အထိ တက်ခဲ့ပါတယ်။

တချို့နေရာတွေမှာ အေးအေးဆေးဆေးရှိတတ်တာကြောင့် အာမခံပရီမီယံကြေး တက်မသွားတာမျိုး ကြုံရနိုင်ပါတယ်။ ဒါပေမယ့် ယေဘုယျအားဖြင့်တော့ အာမခံပရီမီယမ်ကြေးပေးရတာ၊ ပြန်ပေးရတာတွေ တက်လာနိုင်ပါတယ်။ ဒီလိုတက်နေမယ်ဆိုရင် အာမခံထားသင့်မထားသင့်၊ ၀ယ်သင့်မ၀ယ်သင့် အာမခံလုပ်မယ့်သူတွေက စဉ်းစားစရာဖြစ်လာတယ်။ အာမခံဝယ်မယ့်သူမရှိရင်၊ အာမခံလုပ်ငန်းတွေ ဘယ်လိုလုပ်ရပ်တည်မလဲ။ လုပ်လို့ရတာကတော့ အာမခံပရီမီယံကြေးတွေလည်း လျှော့ချမယ်၊ တဖက်ကလည်း ဘယ်လောက်အထိပဲ ပြန်ပေးမယ်၊ ဘယ်လိုကိစ္စတွေဆို မပေးဘူးဆိုတာမျိုးတွေ ထည့်မယ်။ အစိုးရကလည်း အများဆုံးအာမခံပေးနိုင်တဲ့ အတိုင်းအတာကို ကန့်သတ်နိုင်တယ်။ အာမခံမရနိုင်တာတွေများလာရင် လူတွေ၊ လုပ်ငန်းတွေ၊ နိုင်ငံတွေ အတော်များများဟာ ရာသီဥတုဆိုးဝါးမှုဒဏ်ကို ပိုပြီးခံကြရတော့မယ်။

ကမ္ဘာကြီးရဲ့ သဘာဝဘေးရန်တွေကြောင့် ဆုံးရှုံးမှုနဲ့၊ အာမခံထားတဲ့ ဆုံးရှုံးမှု နိုင်းယှဉ်ရင် ကွာဟချက်ကြီးမားနေသေးတယ်။ သက္ကရာဇ် ၂၀၀၀ နဲ့ ၂၀၁၈ ကြားမှာ ကွာဟချက်ကဒေါ်လာ ၁.၂ ထရီလီယံလောက်ရှိတယ်။

မနှစ်က ရာသီဥတုဒဏ်ကြောင့် ဆုံးရှုံးမှုရဲ့တစ်ဝက်လောက်ဟာ အာမခံမထားဘူး။ အမေရိကန်မှာတောင်မှာ လူတစ်ဝက်လောက်ဟာ ရေကြီးနိုင်တဲ့နေရာမှာ နေနေတာတောင်မှ အိမ်ပိုင်ရှင် ဆယ်ယောက်မှ ကိုးယောက်ဟာ ရေကြီးရေလျှံအာမခံလုပ်မထားကြဘူး။

အာမခံလုပ်ငန်းတွေကတော့ သူတို့အာမခံပြီးကာကွယ်စောင့်ရှောက်နိုင်တဲ့လုပ်ငန်းတွေ တိုးလာဖို့ အတတ်နိုင်ဆုံး ကြိုးစားနေကြပါတယ်။ စရိတ်သက်သာအောင်၊ လုပ်ငန်းတွေကို အင်တာနက်သုံးပြီး အလိုအလျောက်စက်တွေနဲ့ လည်ပတ်လာကြတယ်။ သဘာဝဘေးဖြစ်တဲ့ နေရာတွေကို Drone တွေနဲ့ ထောက်လှမ်း၊ အချက်အလက်တွေရယူပြီး၊ မသမာတဲ့ တောင်းခံမှုတွေမရှိရအောင်၊ နည်းပညာအသစ်တွေနဲ့ လုပ်ဆောင်နေကြပါတယ်။ ပေးချေတာတွေမြန်ဆန်သွက်လက်အောင်၊ ကြိုတင်သတ်မှတ်ထားတဲ့ အခြေအနေတခုကိန်းဂဏန်းတစ်ခုရောက်လာရင် ငွေထုတ်ပေးဖို့ ကြိုးစားလာကြတယ်။ ဒီနည်းဟာ ဖြစ်ပြီးမှပေးတာထက် ပိုထိရောက်တယ်။ ဥပမာ- မိုးခေါင်တာနဲ့ ထုတ်ပေးတာမျိုးပေါ့။

အာမခံမပေးနိုင်၊ အကာအကွယ်မပေးနိုင်တာတွေ များလာတဲ့အခါ၊ အစိုးရတွေရော၊ လုပ်ငန်းတွေရော လက်တွဲဆောင်ရွက်ဖို့ လိုတာတယ်။ ဗြိတိန်မှာက အိမ်ခြောက်အိမ်မှတစ်အိမ်နှုန်းလောက်ရေကြီးမယ့် အန္တရာယ်ရှိလေတော့ အစိုးရနဲ့ အာမခံလုပ်ငန်းတွေပေါင်းပြီး တဆင့် အာမခံလုပ်ငန်းထောင်လို့၊ ရေကြီးတဲ့ အရပ်က အိမ်ခြေသုံးသိန်းခွဲကို တန်ဖိုးနည်းအာမခံလုပ်ပေးတယ်။

တချို့အာမခံလုပ်ငန်းတွေကကျတော့ ရေကာတာလို ကြိုတင်ကာကွယ်မှုတွေလုပ်ရင် အာမခံကြေးကို လျှော့ပေးကြတယ်။ ကြိုတင်ကာကွယ်ရေး ပိုလုပ်ချင်သူတွေကို ငွေချေးဖို့လည်း စဉ်းစားသင့်တယ်။

အာမခံလုပ်ငန်းတွေက ရေတိုပဲအာမခံကြတော့ စာချုပ်ချုပ်ရတာ ပိုခက်စေတယ်။ ဒီတစ်နှစ်မှာ လုပ်ငန်းတစ်ခုအတွက် အာမခံသူတွေရပေမယ့် နောက်နှစ်မှာ ပြိုင်ဘက်က အာမခံကြေးလျှော့ပြီးလုပ်ပေးရင် သူတို့ဘက်ပါသွားနိုင်တယ်။ ဖောက်သည်တွေဆုံးရှုံးနိုင်တယ်။ အများပြည်သူနဲ့ဆိုင်တဲ့ အခြေခံအဆောက်အအုံတွေအတွက်နှစ်ရှည်အာမခံက အဆင်ပြေတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အန္တရာယ်ကိုကောင်းကောင်းသဘောမပေါက်ကြတော့ အာမခံထားရမှန်းမသိဘူး။ သုတေသနတွေ ပိုလုပ်ဖို့လိုသလို၊ လူသိများအောင်လုပ်ဖို့လည်း လိုတယ်။ ရာသီဥတုအပြောင်းအလဲကြောင့် ဆုံးရှုံးနိုင်တာတွေ၊ ဆုံးရှုံးမှုကို ကာကွယ်နိုင်တာတွေလည်း လူအများသိဖို့လိုတယ်။ လူတွေက သူတို့တော့ အဆိုးဆုံးဖြစ်ရပ်တွေက လွတ်မယ်လို့ထင်တတ်ကြတယ်။ အနှစ် ၂၀၀၀ မှာ တစ်ခါဖြစ်တာမျိုးဆို၊ နောက် ၁၉၉၉ နှစ်ဖြစ်မှာ မဟုတ်ဘူးလို့ ထင်ကြတယ်။

 

ခင်မောင်ညို(ဘောဂဗေဒ)

ညွှန်း The Economist

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *