ကျောက်ကပ်ကျန်းမာရေး

ကျောက်ကပ်ဟာ ခန္ဓာကိုယ်တွင်း အညစ်အကြေးနဲ့ အဆိပ်စစ်ထုတ်၊ စွန့်ထုတ်တဲ့အင်္ဂါတစ်စုံဖြစ်ပြီး ဝမ်းဗိုက်ပိုင်း အနောက်ဘက်မှာ ပဲစေ့ပုံသဏ္ဌာန်ရှိတယ်။ ကျောက်ကပ်ရဲ့တာဝန်က ခန္ဓာကိုယ်တွင်းရှိ အရည်နဲ့ ဓာတ်ဆားမျှခြေကို ထိန်းသိမ်းထားပြီး ခန္ဓာကိုယ်တွင်းမှ အဆိပ်အတောက်များ စွန့်ထုတ်ပေးတဲ့လုပ်ငန်း၊ စစ်ထုတ်ပေးတဲ့လုပ်ငန်းကို လုပ်ပေးပါတယ်။ ကျောက်ကပ်ဟာ သွေးကြောများ၊ ပြွန်ငယ်များနဲ့ ဆံချည်မျှင်သွေးကြောတို့နဲ့ ဖွဲ့စည်းထားတယ်။ ကျောက်ကပ်က စစ်ထုတ်လိုက်တဲ့အရည်နဲ့ ဓာတ်ဆားက ကတော့ချွန်ပုံသဏ္ဌာန် ပြွန်ငယ်တွေကတစ်ဆင့် ဆီးပြွန်အတွင်းဝင်ရောက်ကာ ဆီးအိမ်အတွင်း ရောက်ရှိသွားတယ်။

ကျောက်ကပ်က ဟော်မုန်းတွေကိုပါ ထိန်းညှိပေးနိုင်တယ်။ မျိုးပွားစွမ်းအင်ကို ထိန်းသိမ်းနိုင်တယ်။ အမျိုးသမီးရဲ့ မျိုးပွားစွမ်းအင်သန်စွမ်းရေးအတွက် အစားထိုးမရနိုင်လောက်အောင် အရေးကြီးတယ်။ အမျိုးသမီးတွေ အသက် ၅၀ ဝန်းကျင်မှာ သွေးဆုံးသွားတတ်တယ်။ ကျောက်ကပ်အားနည်းတဲ့ အမျိုးသမီးတွေ စောစီးစွာ သွေးဆုံးတတ်တယ်။ အရေပြား မွဲခြောက်ကာ တင်းတိပ်များ ပေါ်ပေါက်တတ်တယ်။ ကျောက်ကပ်ကျန်မားရေးအတွက် အရေးကြီးတဲ့ ၁၀ ချက်ကတော့ …

(၁) ခြေထောက်ကို နွေးထွေးအောင် ထားရှိခြင်း။ ကျောက်ကပ်အာရုံကြောဟာ ခြေဖဝါးမှ အစပြုတယ်။ ခြေဖဝါးဟာ အအေးဓာတ်ရဲ့ တိုက်ခိုက်မှုကို ခံစားရလွယ်တဲ့အတွက် အထူးဂရုစိုက်ပြီး နွေးထွေးအောင် ထားရှိရမယ်။ အိပ်တဲ့အခါမှာ ခြေဖဝါးကို လေအေးပေးစက် တည့်တည့်ထားကာ မအိပ်သင့်ပါ။ ဖိနပ်မပါဘဲ စိုစွတ်တဲ့နေရာ ကြာကြာမနေသင့်ပါ။

(၂) ကျောက်ကပ်နဲ့ အစာ။ ကျောက်ကပ်အတွက် အားရှိစေတဲ့ အစားအစာများစွာ ရှိတယ်။ အနက်ရောင်အစားအစာတို့ဟာ ကျောက်ကပ်ကို အားဖြည့်သန်စွမ်းပေးနိုင်တယ်။ ဥပမာ-အနက်ရောင်ရှိ နှမ်းနက်၊ ကြွက်နားရွက်မှို၊ ငချိတ်ကောက်ညှင်း၊ ပဲမည်းတို့ ဖြစ်တယ်။ ကျောက်ကပ်အားနည်းခြင်းဟာ အပူအားနည်းခြင်း၊ အအေးအားနည်းခြင်း နှစ်မျိုးရှိတယ်။ အပူအားနည်းသူဟာ အမဲသား၊ ဆိတ်သား၊ ဆတ်ချိုနု၊ သစ်ကြံပိုးခေါက် စတဲ့ အပူစာစားသင့်တယ်။ အအေးဓာတ်ချို့တဲ့သူဟာ ပင်လယ်စာ၊ ပင်လယ်မျှော့၊ ကြွက်နားရွက်မှိုစတဲ့ အစာစားသင့်ပါတယ်။

(၃) တံတွေးသတိထားပါ။ တံတွေးနှစ်မျိုးရှိတယ်။ ကြည်ပြီး ကျဲတဲ့သွားရည်ကို တံတွေးလို့ ခေါ်တယ်။ ကျောက်ကပ်က ထိန်းချုပ်တယ်။ ပါးစပ်တွင်း တံတွေးရှိရင် ဖြတ်ခနဲ ထွေးထုတ်တဲ့အခါတိုင်း တစ်နေမဝင်မီ ပင်ပန်းနွမ်းနယ်ပြီး ခါးပိုင်းကိုက်ခဲညောင်းညာတာ ခံစားလာရတယ်။ တံတွေးမျိုချခြင်းက ကျောက်ကပ်ကျန်းမာအောင် ကာကွယ်စောင့်ရှောက်နိုင်တယ်။

(၄) ဆီးကျန်စွန့်ပစ်ခြင်း။ ဆီးအိမ်မှာ သိုလှောင်ထားတဲ့ ဆီးတွေဟာ အဆင့်တစ်ခုရောက်ရင် ဆီးစွန့်ဖို့လိုကြောင်း အချက်ပြအာရုံကြောကတစ်ဆင့် ပြနေတယ်။ အချိန်မီမစွန့်ထုတ်ရင် စုပုံနေတဲ့ဆီးတွေဟာ ရေဆိုးရေညစ်လို ကျောက်ကပ်ကို ထိခိုက်စေနိုင်တယ်။ နေ့စဉ် ဆီးနှစ်လီတာ၊ သုံးလီတာ ဆီးထုတ်ဖို့ရှိတယ်။

(၅) ဝမ်းမှန်ခြင်း။ ဝမ်းမှန်ရင် ရက်လွန်အညစ်အကြေးများစုပုံကာ နောက်ကျိတဲ့လေများ အထက်ဆန်ကာ လူကို စိတ်ရှုပ်စိတ်တိုစေတယ်။ ရင်ထဲမှာလည်း လေများ ပြည့်ကျပ်မွန်းသိပ်ကာ ကျောက်ကပ်ထိခိုက်နိုင်တဲ့အတွက် ခါးညောင်း၊ ခါးနာ၊ မောပန်းနွမ်းနယ်၊ ပျို့ချင်၊ အန်ချင် ဖြစ်စေနိုင်တယ်။ နေ့စဉ် အနည်းဆုံး တစ်ကြိမ်၊ နှစ်ကြိမ် ဝမ်းမှန်ဖို့ လိုအပ်ပါတယ်။ နေ့စဉ် ရေများများသောက်ပြီး လမ်းမှန်မှန်လျှောက်ဖို့ လိုပါမယ်။

(၆) ရေဆာတိုင်း ရေသောက်ခြင်း။ လူရဲ့ ခန္ဓာကိုယ် သုံးပုံနှစ်ပုံဟာ ရေဓာတ်နဲ့ ဖွဲ့စည်းထားလို့ ရေဆာတိုင်း ရေသောက်ပေးသင့်တယ်။ အရက်၊ ဘီယာ၊ အချိုရည် မသောက်သင့်ဘူး။ အရက်နဲ့ ဘီယာဟာ ခန္ဓာကိုယ်တွင်းရှိရေကို တစ်ခဏအတွင်း ညစ်နွမ်းစေလို့ ရေများများသောက်ပေးဖို့ လိုတယ်။ ရေဓာတ်ချို့တဲ့ရင် အညစ်အကြေး၊ အဆိပ်အတောက်များ စုပုံအနည်ထိုင်စေနိုင်တဲ့ ကျောက်ကပ်ကို ဝန်ပိစေနိုင်တယ်။ အချိန်မှန်ရေသောက်ပေးခြင်းဟာ အရေးပါတဲ့ ကျောက်ကပ်ကာကွယ်စောင့်ရှောက်နည်းပဲ ဖြစ်တယ်။

(၇) နေ့စဉ်ကျန်းမာရေး လေ့ကျင့်ခန်း နာရီဝက်လုပ်ခြင်း။ နေ့စဉ် နာရီဝက်ကြာ ကျန်းမာရေးလေ့ကျင့်ခန်းတွေဖြစ်တဲ့ အပြေး၊ လမ်းလျှောက်၊ ရွရွပြေး၊ စက်ဘီးစီး၊ ရေးကူးတစ်ခုခု ပြုလုပ်ပေးသင့်တယ်။ ပိုလျှံတဲ့ကယ်လိုရီတွေ လောင်ကျွမ်းကာ ဆီးအဖြစ်၊ ချွေးအဖြစ် စွန့်ထုတ်ပစ်လိုက်လို့ အဝလွန်ခြင်းမှ ရှောင်ကြဉ်နိုင်ပါတယ်။ ကျောက်ကပ်လုပ်ငန်းကို ပုံမှန်ဖြစ်အောင် အားပေးစေလို့ လူမှုဘ၀ရပ်တည်မှု အထိုင်များတဲ့အပေါ် နေ့စဉ်လေ့ကျင့်ခန်းလုပ်သင့်တယ်။

(၈) ကာယအလုပ်လုပ်ခြင်း။ ကာယအားအလုပ်များရင် လူကိုထိခိုက်စေနိုင်တယ်။ ကာမကျူးရင် ကိုယ်ပွားအင်အားကို ထိခိုက်စေတယ်။ ဦးနှောက်အင်အားအလွန်သုံးရင် သွေးကို ထိခိုက်စေနိုင်တယ်။ အနေတော် ခွန်အားမျှတဲ့ အလုပ် လုပ်ဆောင်သင့်ပါတယ်။ အလုပ် လုပ်လိုက်တော့ ချွေးလေးစို့ကာ နေထိုင်လို့ ကောင်းတတ်ပါတယ်။

(၉) အိပ်ရေး၀၀အိပ်ခြင်း။ အိပ်ရေးဝခြင်းဟာ သွေး၊ လေ၊ ဇီဝဖြစ်ပျက်ခြင်း၊ ကျောက်ကပ်ကျန်းမာရေးတို့ ထိထိမိမိ သက်ရောက်မှုရှိစေတယ်။ လက်တွေ့ကုသမှုမှတ်တမ်းတို့အရ ကျောက်ကပ်ပျက်စီးတဲ့ရောဂါရှင်တို့ဟာ ညဥ့်နက်ခံလွန်ခြင်း၊ အပင်ပန်းခံလွန်ခြင်း၊ အိပ်ရေးပျက်ခြင်း၊ အဝလွန်ခြင်းတို့ မကြာခဏ ကြုံဆုံခဲ့ဖူးတယ်။

(၁၀) နှိပ်နယ်ပေးခြင်း။ ညတိုင်း အိပ်ရာမဝင်မီ ခြေဖဝါးရှိ အာရုံကြောဆုံနေရာကို နှိပ်နယ်ပေးခြင်း၊ ဝမ်းချုပ်ရင် လက်အစုံနဲ့ လက်ဖမိုးနဲ့ ကျောက်ကပ်နှစ်ခုကို ဖိကာနှိပ်နယ်ပေးခြင်းက ကျောက်ကပ်ကို ကြံ့ခိုင်စေပြီး ဝမ်းနှင့် လေမှန်စေတယ်။ လမ်းလျှောက်တဲ့အခါ လက်ဖမိုးနှင့် ကျောက်ကပ်နေရာကို နှိပ်နယ်ပေးရင် ခါးနာသက်သာစေနိုင်တယ်။

(၁၁) ဆေးစွဲသောက်ခြင်း။ အချို့ဆေးတွေက ကျောက်ကပ်ကို ထိခိုက်စေတယ်။ ဆေးမသောက်သုံးမီ ဆေးညွှန်းကို သေချာဂရုတစိုက် လေ့လာသင့်တယ်။ ဆေးတချို့ကို တာရှည်သုံးမယ်ဆိုရင် သက်ဆိုင်ရာကျွမ်းကျင်သူနဲ့ မေးမြန်းစုံစမ်း တိုင်ပင်ပြီးမှသာ ဆေးသောက်သင့်ပါတယ်။ တိုင်းရင်းဆေးအချို့မှာ ခဲဓာတ်နဲ့ ပြဒါးဓာတ်ပါဝင်နေတတ်ရာ အဆိုပါဓာတုပစ္စည်းနှစ်ခုဟာ ကျောက်ကပ်ကို ပျက်စီးစေတယ်။

(၁၂) ကျောက်ကပ်ပျက်စီးစေတဲ့ အစာ။ တညင်းသီးတစ်လုံး စားသောက်ခြင်းက ကျောက်ကပ်ဆဲလ်တစ်ခု ပျက်စီးစေတယ်။ကျောက်ကပ်ပျက်စီးစေတဲ့ အစာတွေထဲမှာ တညင်းသီး၊ ဆူးပုတ်ရွက်၊ ပြဒါးပါအစားအစာနဲ့ လူသုံးကုန်တို့ ဖြစ်တယ်။

(၁၃) ကျောက်တည်ခြင်း။ မြန်မာနိုင်ငံဟာ အပူပိုင်းဒေသမှာ ပါဝင်နေလို့ ချွေးထွက်များသူများ၊ အလုပ်ကြမ်းလုပ်ကြသူများ၊ ပင်လယ်စာ၊ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်နဲ့ ဆားဓာတ်များတဲ့အစာတွေ နှစ်ရှည်စားသုံးမှုများရင်၊ သောက်ရေမှာ ထုံးပါဝင်မှုများရင်၊ ကွမ်းစားများရင်၊ အသက်ကြီးတဲ့အခါ သွေးတိုး ၅၀ ရာခိုင်နှုန်းနဲ့ ကျောက်ကပ်ရောဂါ၊ ကျောက်တည်ခြင်း ၂၀ ရာခိုင်နှုန်း တွေ့ရှိရနိုင်တယ်။ ရေသောက်နည်းရင် ရေကို လုံလုံလောက်လောက်မသောက်လို့ ခန္ဓာကိုယ်တွင်း ဓာတ်ပစ္စည်းများ မပျော်ဝင်နိုင်တဲ့ ကယ်လ်ဆီယမ်အောက်ဆိုက်နဲ့ ယူရစ်အက်ဆစ်တို့ အမှုန့်ဖြစ်ကာ စုဝေးပြီးကျောက်တည်စေတယ်။ ဆီးလမ်းကြောင်းရောင်ခြင်း၊ ဆီးပိုးဝင်ခြင်းတို့လည်း ကျောက်တည်နိုင်တယ်။ 

ဒေါက်တာလွင်သန့်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *