“ရေစီးရေလာအတွက် လုပ်မယ်ဆိုပြီး အကြံပေးစရိတ်တွေက များနေတယ်။ အကြံပေးခ၊ အတိုင်ပင်ခံခတွေ ပြတာများနေတယ်”

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီအတွင်းရေးမှူး၊ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျနှင့်တွေ့ဆုံခြင်း

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ၂၀၁၉ – ၂၀၂၀ ဒေသန္တရစီမံကိန်းဥပဒေကြမ်းပါ လုပ်ငန်းများဖြစ်သည့် ရေပေးဝေရေးနှင့် မိလ္လာစနစ်တို့အတွက် သုံးစွဲမည့် ကျပ် ၈၀၃ ဒသမ ၄၃၃ ဘီလီယံ တောင်းခံထားသည်။ အဆိုပါဥပဒေကြမ်းတွင် စီမံကိန်းပေါင်း ၁၄၉ ခုပါဝင်ပြီး အချို့မှာ ထပ်နေသည့် စီမံကိန်းများလည်းဖြစ်သည်။  အချို့သောစီမံကိန်းများမှာလည်း ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးအဆင့် မည်သည့်အဆင့်က လုပ်ကိုင်သည်ဆိုသည်ကို ကွဲပြားခြင်းမရှိဘဲ ရှုပ်ထွေးနေဆဲဖြစ်သည်။ ထို့အပြင် အဆိုပါ ဒေသန္တရစီမံကိန်း ဥပဒေကြမ်းနှင့်ပတ်သက်၍ တိုင်းလွှတ်တော်ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီက အကြံပြုချက်များ ပေးပို့ခဲ့ရာ အဆိုပါကော်မတီ၏ အတွင်းရေးမှူးဖြစ်သူ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျနှင့် The Voice Journal က တွေ့ဆုံမေးမြန်းထားခြင်းဖြစ်သည်။

The Voice Journal – ၂၀၁၉ – ၂၀၂၀ ဒေသန္တရ စီမံကိန်းဥပဒေကြမ်းကို ဆရာတို့ကော်မတီက ဆွေးနွေးချက် အစီရင်ခံစာတင်ထားတယ်လို့ သိရပါတယ်။ ဘာတွေများ အကြံပြုထားပါသလဲ။

UKZY-  ဟုတ်တယ်။ ဝန်ကြီးက ပြန်မရှင်းပြသေးဘူးလေ။ မနေ့ကတော့ ကျန်တဲ့သူ (ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်အချို့) တွေလည်း ဆွေးနွေးပြီးပြီ။ ဝန်ကြီးက ပြန်ရှင်းပြရမယ်။ ဒေသန္တရစီမံကိန်း ၁၄၉ ခုမှာ နှစ်ခုပေါ့။ ထန်းတပင်နဲ့ လှည်းကူးတို့ကို  ခွင့်ပြုတယ်ပေါ့။ ကျန်တဲ့ဟာတွေကိုတော့ အသေးစိတ် ပြန်တင်ပြဖို့လိုတယ်။ ဒါက အန်ကယ်တို့က ကန့်ကွက်တာ မဟုတ်ဘူး။ စီမံကိန်းကို အသေးစိတ် လာမတင်ပြတဲ့အတွက်၊ အသေးစိတ်မသိရတဲ့အတွက် အန်ကယ်တို့က အတည်မပြုဘူးလို့ပဲ ပြောတာ။ အဓိက အနှစ်သာရက ဒါပါပဲ။

The Voice Journal – စီမံကိန်း နှစ်ခုပဲ အတည်ပြုပေးတယ်ဆိုတော့ ဘယ်စီမံကိန်းတွေကို ကန့်ကွက်ခဲ့ပါသလဲ။

UKZY – အန်ကယ်တို့ အကြံပြုတာရဲ့ အဓိက အနှစ်သာရကတော့ ဖြစ်နိုင်ခြေရှိတာပေါ့။ ကော်မတီက တင်ပြတဲ့ အစီရင်ခံစာထဲမှာလည်း စီမံကိန်း ၁၄ ခု ပါပါတယ်။ ၁၄ ခုထဲမှာ နှစ်ခုပဲ။ ထန်းတပင်နဲ့ လှည်းကူးပေါ့။ ဖြစ်နိုင်ခြေရှိတာကိုတော့ အကောင်အထည် ဖော်မယ့်သဘောပေါ့။ သူတို့ရဲ့ (တိုင်းအစိုးရ) လေ့လာသုံးသပ်ချက်အရ Developer  လည်း ပေါ်နေတဲ့သဘော ရှိတယ်။ ကျန်တဲ့ ၁၂ ခုကတော့ အသေးစိတ် ပြန်တင်ပြစေချင်တယ်လို့ ပြောတာ။

The Voice Journal – ပြီးခဲ့တဲ့နှစ်နဲ့ ဒီနှစ် ဒေသန္တရစီမံကိန်းဥပဒေကြမ်းကိုနှစ်ခုက ဘာတွေ ကွာခြားပါသလဲ။

UKZY – သိပ်မကွာဘူး။ ပြီးခဲ့တဲ့ နှစ် (၂၀၁၈ – ၂၀၁၉  ဘဏ္ဍာနှစ်) က တင်ခဲ့တဲ့ဟာတွေလည်း ဒီနှစ် ပြန်တင်လာတယ်။ ဥပမာ စည်ပင်ပြင်ပ ၁၁ မြို့နယ်မှာ စက်မှုဇုန်လုပ်မယ်ဆိုတာမျိုး။ လှည်းကူးနဲ့ ထန်းတပင်မှာ  လုပ်နေပြီး ကျန်တဲ့ဟာတွေ ပြန်ပါလာတယ်။ တွံတေး၊  တိုက်ကြီး၊ မှော်ဘီ၊ သန်လျင်တို့ ပြန်ပါလာတာပဲ။ အဲဒါတွေ ထပ်နေတာပေါ့ ။ ဥပမာ – အန်ကယ်တို့ Dry  Port  (ကုန်းတွင်းဆိပ်ကမ်း) ငွေပင်လယ်စက်မှုဇုန် ကဟာ အဲဒါထပ်ပါလာတယ်။ အရင်တုန်းက တင်ပြပြီး သားကြီးကို ဒေသန္တရစီမံကိန်းမှာ ခဏခဏ တင်ပြနေတာပေါ့။ နောက်ဆက်တွဲဇယားနဲ့ တင်ပြသာတင်ပြနေပေမယ့် အန်ကယ်တို့က အသေးစိတ်မသိရဘူး။  စီမံကိန်းရဲ့ရလဒ် ဘယ်လိုမျိုးထွက်နေလဲဆိုတာ အသေးစိတ် မသိရဘူး။ အန်ကယ်တို့ သိတာနဲ့ သူတို့ (တိုင်းအစိုးရ) တင်ပြတာ တခြားစီဖြစ်နေတာလည်း ရှိတယ်။ 

The Voice Journal – ထပ်တဲ့ စီမံကိန်း ဘယ်နှခုလောက် ရှိလဲရှင့်။

UKZY – ထပ်တဲ့ စီမံကိန်းအရေအတွက်ကတော့  စာအုပ်ပြန်ကြည့်မှ သိရမယ်။ စည်ပင်ပြင်ပ ၁၁ မြို့နယ် မှာ စက်မှုဇုန်တွေ တည်ထောင်မယ့် စီမံကိန်း၊ ငွေပင်လယ်စက်မှုဇုန်က Dry Port  စီမံကိန်း၊ တွံတေးမြို့နယ်မှာ လုပ်မယ့် စီမံကိန်းတွေက Multi-Purpose  (ရည်ရွယ်ချက်မျိုးစုံ) တွေ ထပ်နေတယ်။ EcoGreen  City ဆိုတာ ပြည်ထောင်စုက လုပ်မယ်ဆိုတာလေ အဲဒါလည်း ပြန်ပါလာတာပဲ။ အမှန်တော့ အန်ကယ့် အမြင်ကတော့ အောက်ကနေ စီမံကိန်းတွေတင်တဲ့ ဟာကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ကနေပြီးတော့ ဖြစ်နိုင်ခြေရှိတာကို သေချာသုံးသပ်ပြီးတော့မှ လွှတ်တော်ကို တင်သင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့  ဘတ်ဂျက်လည်း သုံးရမှာလေ။ အခု အဲဒီလို မဟုတ်ဘူး။ တင်ပြတဲ့ဟာကို ၁၄၉ ခုလုံး ကြီးတင်တယ်။ စီမံကိန်း ၁၄၉ ခုမှာ  စီမံကိန်းကြီးတွေတင် မဟုတ်ဘူး။ အသေးစိတ်ကြည့်တော့ လမ်းတွေပြင်ဖို့လည်းပါတယ်။ တံတားပြင်ဖို့တွေ ပါနေတယ်။ အဲဒီစီမံကိန်းတွေကျတော့ ဒေသန္တရစီမံကိန်းထဲမှာ မထည့်သင့်ဘူးလို့ထင်တယ်။  ဒေသခံ လွှတ်တော်ကိုယ်စားလှယ်နဲ့ ညှိပြီးတော့မှ  ဘတ်ဂျက်ထဲမှာ ထည့်လည်းရတာပဲ။ စီမံကိန်းမှ မဟုတ်တာ။ ဒါက Project တစ်ခုမှ မဟုတ်တာ။ လမ်းပြင်ဖို့၊  တံတားဆောက်ဖို့ ဆိုတာတွေကျတော့ အဲဒါတွေကြောင့် စီမံကိန်းက များနေတာပေါ့နော်။ အရေအတွက်က များနေတယ်။ အရည်အချင်းကြတော့  နည်းနေတယ်။

The Voice Journal – ၂၀၁၉  – ၂၀၂၀ ဒေသန္တရ စီမံကိန်းဥပဒေကြမ်းကို စိစစ်လေ့လာဖို့ အချိန် လုံလုံလောက်လောက် ရခဲ့လား။

UKZY – စိစစ်ဖို့ အချိန်လုံလောက်တယ်လို့ ပြောလို့ ရတယ်။ ဆွေးနွေးတဲ့လူတွေအတွက် လုံလောက်တယ်။  ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းကဆိုရင် အချိန် တစ်ရက် နှစ်ရက်လောက်ပဲ ရတယ်။ အခု ငါးရက်လောက်တော့ ရလိုက်တယ်။ တင်တဲ့အချိန်နဲ့ ဆွေးနွေးတဲ့အချိန် နဲ့ ကြားထဲမှာ စနေ၊ တနင်္ဂနွေလည်း ခြားတော့ ငါးရက်လောက် အချိန်ရခဲ့တာပေါ့။ ဒါပေမဲ့ သေချာစိစစ်ဖို့  ရက်က လုံလောက်လားဆိုတော့ အပြည့်အဝ မလုံလောက်ဘူး။ သို့သော်လည်း အရင်ဘဏ္ဍာရေးနှစ်တွေ ထက်စာရင်တော့ အချိန်ပိုရတယ်။

The Voice Journal – ဒေသန္တရစီမံကိန်းဥပဒေ ကြမ်းမှာပါတဲ့ စီမံကိန်းတွေက မြေပြင်လိုအပ်ချက်တွေနဲ့ ကိုက်ညီရဲ့လား။ 

UKZY – သောက်သုံးရေရရှိရေးတို့၊ မိလ္လာစနစ်တို့ ကတော့ တကယ်လိုအပ်တဲ့ဟာတွေပါ ။ အန်ကယ်တို့  အစီရင်ခံစာထဲမှာလည်း ပါပါတယ်။ ဒါတွေကို ချေးငွေနဲ့ လုပ်မယ်ပေါ့။ လိုတော့လိုတယ်။ ဒါပေမဲ့ ငွေတွေက များနေတယ်။ များပြီးတော့ ထိရောက်ပါ့မလား။  အန်ကယ်တို့က စိုးရိမ်တာလေ။ ငွေသုံးမယ့်ဟာတွေကို စည်ပင်က အသေးစိတ်ထုတ်ပြသင့်တယ်။ ရေစီးရေလာအတွက် လုပ်မယ်ဆိုပြီး အကြံပေးစရိတ်တွေက များနေတယ်။ အကြံပေးခ၊ အတိုင်ပင်ခံခတွေ ပြတာများနေ တယ်။ ရေစီးရေလာပဲကြည့်လေ။ JICA ချေးငွေ ဒေါ်လာ ၁၂၄ သန်းရပြီလေ။ ဒေါ်လာ တစ်သန်းက  အလကားရတာ စုစုပေါင်း ၁၂၅ သန်းပေါ့။ တစ်သန်းက ပြန်ဆပ်စရာ မလိုဘူး။ ၁၂၄ သန်းပဲ ပြန်ဆပ်ရမှာ။  သို့သော်လည်းပဲ ရေစီးရေလာအတွက် ဒီနေ့သုံးနေတဲ့ ဟာတွေကို ဘယ်လိုသုံးနေလဲဆိုတာ ပြန်မေးတဲ့အခါ ပြန်ဖြေတာ အသေးစိတ်မကျဘူး။

The Voice Journal – ဒေသန္တရစီမံကိန်းဥပဒေ ကြမ်းမှ တင်ပြထားတဲ့ စီမံကိန်း ၁၄၉ ခုထဲမှာ ဘယ်နှခုကို လွှတ်တော်က အတည်ပြုပြီး ဘယ်နှခုကို ကန့်ကွက်ခဲ့ပါသလဲ။

UKZY – အန်ကယ်တို့က ကန့်ကွက်တာတော့ မဟုတ်ဘူး။ ကန့်ကွက်တာ တစ်ခုမှ မရှိဘူး။ အတည်ပြုတာပေါ့။ လွှတ်တော်က အတည်ပြုပြီးရင်တော့ အေးအေးဆေးဆေး လုပ်လို့ရတာပေါ့။ အတည်မပြုဘဲ  လုပ်မယ်ဆိုရင်တော့ …။ ပြည်ထောင်စုအဆင့်က  လုပ်နေတာရှိတယ်။ လှည်းကူးက Eco Green  City စီမံကိန်းက ပြည်ထောင်စုလွှတ်တော်က ကိုယ်စားလှယ်တွေ ဆွေးနွေးကြပေါ့။ သူတို့အတည်ပြုရင်တော့ လုပ်ပေါ့။ ဥပမာ – ရန်ကုန်မြို့သစ်စီမံကိန်းပေါ့။  တိုင်းအစိုးရနဲ့ လွှတ်တော်မှာ ခဏခဏပြောနေတာ  တိုင်းအစိုးရကတော့ ပြီးခဲ့တဲ့ လွှတ်တော်မှာ အတည်ပြုပြီးပြီပြောတာ။ အန်ကယ်တို့ကလည်း မဟုတ်ဘူး။  ပထမအကြိမ်လွှတ်တော်က  Model မတူတော့ဘူး။  ကုမ္ပဏီသုံးခုကို ဖျက်လိုက်တယ်။ တရုတ်ကုမ္ပဏီ CCCC နဲ့ လေ့လာရေးတွေ လုပ်နေတယ်။ ဘတ်ဂျက်ရင်းနှီးမြှုပ်နှံမှုလည်း ကျပ် ၆၄ ဘီလီယံပေါ့။ ၆၄ ထဲ က ၅၄ ဘီလီယံက Metropolitan ကို ပေးလိုက်တယ်။ ကျပ် ၁၀ဘီလီယံ မြို့သစ်လုပ်မယ့် NYDC  ကုမ္ပဏီမှာ သုံးမယ်။ ၁၀ ဘီလီယံထဲက ကျပ် ၁၁ သန်းက ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ် စာရင်းစစ်ချုပ်အစီရင်ခံစာအရ သုံးလို့ ကုန်နေပြီ။ ရန်ကုန်မြို့သစ် စီမံကိန်းက လွှတ်တော်မှာလည်း အတည်မပြုသေးဘူး။ လွှတ်တော်ကို အစီရင်ခံသင့်တယ်။ တင်ပြသင့်တယ်ဆိုပြီး ပြန်ပြောနေတာ။ ၆၄ ဘီလီယံ လွှတ်တော်က ခွင့်ပြုလိုက်တာ မှန်တယ်။ ၆၄ ဘီလီယံ ခွင့်ပြုစဉ်က ရန်ကုန်မြို့တော်မှာ ရှိတဲ့ ကျူးကျော်တွေအတွက် တဲပေါ်ကနေ တိုက်ပေါ်တင်ဖို့ တိုက်ခန်းတွေ ဆောက်မယ်ဆိုပြီး တင်ပြလို့  ၆၄ ဘီလီယံ ရင်းနှီးငွေ ခွင့်ပြုလိုက်တာ။ NYDC မြို့သစ်ကြီးလုပ်ဖို့တို့  Metropolitan က ဆူးလေဘုရားလမ်းက ဟိုတယ်ခရီး အဆောက်အအုံဟောင်းကြီး ပြုပြင်ဖို့တွေ မဟုတ်ဘူး။ ဒီလိုရည်ရွယ်ချက်မဟုတ်ဘူး။  ခေါင်းစဉ်တွေ ပြောင်းသွားတယ်။ ခွင့်ပြုပေးခဲ့တာနဲ့  ပြောင်းသွားတယ်။  ဒီနေ့ အဲဒါတွေမှာ သုံးနေတယ်။ သုံးနေတဲ့အခါမှာလည်း လိုငွေတွေ ပြနေတယ်။ အန်ကယ်တို့က အဲဒါကိုထောက်ပြတာ။ 

The Voice Journal – လှည်းကူးက Eco Green City စီမံကိန်းက ပြည်ထောင်စုအဆင့်က လုပ်နေတဲ့ စီမံကိန်းလို့ ပြောတယ်။ အခုဘာလို့ ရန်ကုန်တိုင်းရဲ့ ဒေသန္တရစီမံကိန်း ဥပဒေကြမ်းထဲမှာ ပါနေရတာလဲ။ တိုင်းဘတ်ဂျက်နဲ့ လုပ်မှာလား။  ဘယ်ဘတ်ဂျက်နဲ့ ဆောင်ရွက်မယ့် စီမံကိန်းလဲ။

UKZY – ပြည်ထောင်စုက လုပ်မယ်ဆိုရင် ပြည် ထောင်စုဘတ်ဂျက်နဲ့ပဲ လုပ်ပေါ့။ ဒါပေမဲ့ မြေကိစ္စတွေ ရှိတယ်။ Eco Green City စီမံကိန်းက ပွင့်လင်းမြင်သာတဲ့ တင်ဒါမဟုတ်ဘူး။ ဒါက Limited တင်ဒါ နဲ့ လုပ်လိုက်တဲ့ သဘောပေါ့။ ဖွင့်ပွဲကို ပြည်ထောင်စုဝန်ကြီးတွေ ဘာတွေနဲ့ လုပ်လိုက်တယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်လည်း တက်တယ်။ ထွက်လာတဲ့အခါကျတော့ ပြည်ထောင်စုလိုလို၊ တိုင်းဒေသကြီးလိုလိုပေါ့။  သို့သော် အခုစီမံကိန်းက လုပ်တော့လုပ်နေတယ်။ ဒီစီမံကိန်းက အိုး/အိမ်က မြေသိမ်းထားတဲ့ဟာတွေ၊  ကျူးကျော်တွေ ဖယ်တာတွေ ဘာတွေလည်း လုပ်နေတယ်။

သို့သော် ပြည်ထောင်စုမှာလည်း လုပ်နေတယ်။  ပြည်ထောင်စုကော်မတီက ဒေါ်ခင်သန်းလှိုင်တို့နဲ့ ညှိပြီး ဒေါ်ခင်သန်းလှိုင်တို့က တင်ပြတယ်။ ဖွင့်ပွဲမှာ  ပြည်ထောင်စုဝန်ကြီး တက်ရောက်တယ်ဆိုတော့  အန်ကယ်တို့က သိပ်မပြောတော့ဘူး။ ဒီနေ့ ဒီစီမံကိန်း က တိုင်းအဆင့် ဒေသန္တရစီမံကိန်းထဲ ထည့်ထားတော့ သို့လော သို့လောပေါ့။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပဲ ပြန်ညှိရမှာပေါ့။ ဒါကြီးက  ပြည်ထောင်စုက လုပ်မှာလား။ တိုင်းအဆင့်က လုပ်မှာလား။ အဲဒီမှာလည်း အန်ကယ်တို့က ပြန်ပြီး ညှိပြီး ပြောနေရတဲ့ သဘောရှိတယ်။

The Voice Journal – ဘာဖြစ်လို့ စီမံကိန်း အသေးစိတ်အချက်အလက်တွေ တင်ခိုင်းရတာလဲ။

UKZY – သုံးမယ့် ဘတ်ဂျက်ကလည်း များတယ်။  ဥပမာ – ဆိပ်ကမ်းလုပ်မယ့်နေရာမှ မြေပိုင်ရှင်တွေ ရှိတယ်။ ဝန်ကြီးချုပ်ကြီး သတ်မှတ်တာက (မြေလျော်ကြေး) ၂၀ : ၈၀ ရာခိုင်နှုန်းပေးမယ်ဆိုတာ။  တစ်ဧကကို သိန်း ၁၀၀ လျော်ကြေးပေးမယ်ဆိုတာ။  ဘယ်လိုပဲ သတ်မှတ်သတ်မှတ်ပေါ့။ အန်ကယ်တို့က  မူလမြေပိုင်ရှင် သဘောတူရင်လုပ်ပါ။ အခု သူလုပ်မယ့်  စီမံကိန်းထဲမှာ မူလမြေပိုင်ရှင်တွေ သဘောမတူတဲ့ နေရာတွေ ဒေသတွေ မြေပိုင်ရှင်တွေ ပေါ်နေတယ်။  အန်ကယ်တို့ စီမံကိန်းကော်မတီကို လာပြီးတော့  တိုင်တယ်။ တိုင်ကြားစာတွေ ရှိတယ်။ အဲဒါကြောင့်မို့လို့  အန်ကယ်တို့ကပြောနေတာ။ တကယ့်အဆင်ပြေလား။  ဥပမာ – ဝန်ကြီးချုပ်ကတော့ အဆင်ပြေတယ်။ အောက်ခြေပေါ့ ခရိုင်တို့၊ မြို့နယ်တို့က လူတွေ အတင်းသဘောတူကြောင်း လက်မှတ်ထိုးခိုင်းတာတွေရှိတယ်။ တချို့ခြိမ်းခြောက်တာတွေရှိတယ်လို့ ကြားရတယ်။ ခင်ဗျားတို့ လက်မှတ်ထိုး နို့မို့ ဆုံးသွားမယ် ဒါမျိုးတွေပေါ့။

The Voice Journal – – စီမံကိန်းတွေနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်မတင်ပြဘဲ လွှတ်တော်မှာ ဘတ်ဂျက်တောင်းခံခဲ့တဲ့ သာဓကတွေရှိခဲ့လား။

UKZY – ရဲဘော်သုံးကျိပ်ပန်းခြံပေါ့။ သူတို့ (လွှတ်တော်ကို) တင်ပြတာက နားလှည့်ပါးရိုက်တင်ပြတာ။ အဲဒီတုန်းက ကမာရွတ် EO ရုံးပြင်ဆင်ရန်ဆိုပြီး တင်ပြတာ။ လက်ရှိကမာရွတ် EO (မြို့နယ်စည်ပင်ရုံး)  ပဲ ပြင်မယ်ထင်လို့ ခွင့်ပြုလိုက်တာ။ သို့သော်လည်း  ရဲဘော်သုံးကျိပ်ပန်းခြံမှာ သွားလုပ်တယ်။ တင်ပြတဲ့ စာလုံးကို အန်ကယ် အလွတ်ရတယ်။ ကမာရွတ် EO ရုံး အဆင့်မြှင့်တင်တည်ဆောက်ရန် ကျပ်သုံးဘီလီယံ  ကုန်မယ်ဆိုပြီး။ ရဲဘော်သုံးကျိပ်ပန်းခြံမှာ ကားတွေ ရပ်ဖို့ပါတဲ့ အဆောက်အအုံလုပ်လိုက်တယ်။ နောက်ထပ် ကိုးဘီလီယံကုန်မယ်ဆိုပြီး အခုထပ်တောင်းတယ်။  ဒါတွေ မှားနေတယ်။ လုပ်တဲ့နေရာလည်းလွဲသွားတယ်။  ရဲဘော်သုံးကျိပ်ပန်းခြံမှာ လုပ်လို့ တိုင်စာတွေလည်း အများကြီး။ ဒါကြီးက ဆောက်နေပြီ။

အခု စုပေါင်းရာဇဝတ်ရုံး၊ ရဲရုံး မဆောက်ဖို့ ကန့်ကွက်လိုက်ပေမယ့် ဒါတွေဆောက်ဖို့ ၂၀၁၈-၂၀၁၉ ဘတ်ဂျက်မှာ ခွင့်ပြုထားပြီးသား။ ဘယ်လိုဘတ်ဂျက်တင်ပြီး တောင်းလဲဆိုတော့ ရဲရုံးဆောက်မယ်။  ဘယ်နားဆောက်မယ်ဆိုတဲ့ နေရာ မဖော်ပြဘူး။ ကျပ် ၂ ဘီလီယံတောင်းတယ်။ ၂၀၁၉ – ၂၀၂၀ ဘတ်ဂျက်မှာ  ထပ်တောင်းတယ်။ ပြည်သူ့ငွေစာရင်းကော်မတီက  ဘယ်နေရာမှာ ဆောက်မှာလဲ၊ ဒီဇိုင်းပြပါဆိုပြီး  မေးတော့မှ လွှတ်တော်ထဲမှာ ဆောက်မှာ သိရတယ်။  အဲဒီတော့မှ ကန့်ကွက်ရတယ်။ နောက်တစ်ခါ ရာဇဝတ်ရုံး ကိစ္စ။ အင်းစိန်ထောင်ထဲမှာ သူတို့တင်ပြတာက မြေစမ်းသပ်ခနဲ့ အဆောက်အအုံဒီဇိုင်း ကျပ်သန်း  ၁၃၆၆ ဒသမ ၄ ကုန်မယ်။ စာရင်းစစ်ချုပ်အစီရင်ခံစာ ထဲမှာပါတယ်။ အင်းစိန်အကျဉ်းထောင်ထဲမှာ အကျဉ်းသားဦးရေ ငါးထောင်ပဲ ဆံ့တယ်။ အခုသောင်းဂဏန်း ကျော်နေပြီ။ နှစ်ဆနီးပါးလောက် ဖြစ်နေတယ်။  အကျဉ်းထောင် အဆောက်အအုံကြီး တိုးချဲ့ရမယ်။ အကျဉ်းထောင်တိုးချဲ့ဖို့ မြေစမ်းသပ်ခတောင်းတယ် ထင်လို့ ခွင့်ပြုလိုက်တာ။

မြေစာရင်းကို မေးတော့မှ အင်းစိန်အကျဉ်း ထောင်ကနေ လှိုဏ်ခေါင်းဖော်ပြီး ဟိုဘက်အခြမ်းမှာ  စုပေါင်းတရားရုံး ဆောက်မှာ။ ပိုက်ဆံကလည်း နောက်ထက် ၁၀ ဘီလီယံကျော်လောက် ကုန်ဦးမယ်။ အဲဒီငွေတွေက အန်ကယ်တို့က ခွင့်ပြုပြီးသား ငွေတွေ တကယ်ပဲ မြေစမ်းသပ်ခဲ့လား။ အင်းစိန်အကျဉ်းထောင်အတွက် မြေစမ်းသပ်ခ၊ အဆောက်အအုံဒီဇိုင်းခ ကျပ်သန်း ၁၃၆၆ ကျော်နဲ့ (ရဲရုံးအတွက်) ကျပ်သိန်း နှစ်ထောင်နစ်နာနေတယ်။ အဲဒါတွေ ပြန်ရှင်းပေးပါ ပြောနေရတယ်။

The Voice Journal – တခြားဖြည့်စွက်ပြောချင်တာလေးများ ရှိပါသလား။

UKZY – အန်ကယ်တို့ တင်မြှောက်က်တဲ့ အစိုးရက တကယ့်ကို ဥပဒေကို လိုက်နာစေချင်တယ်။ ဒါမှ အစိုးရလည်း နာမည်ကောင်းမယ်။ လွှတ်တော်လည်း  နာမည်ကောင်းမယ်။ ငါးနှစ်သက်တမ်းမှာ ရလဒ်တွေ ကိုကြည့်ရမယ်။ ၂၀၂၀ လည်း နီးလာပြီ။ ထင်သာမြင်သာ ဖြစ်လာအောင် ရေရှည်ထက် ရေတိုစီမံကိန်းတွေ လုပ်သင့်တယ်။ ထင်သာမြင်သာအောင် ပြောင်းလဲမယ်ဆိုရင် YBS ဘတ်စ်ကားစီးဖို့ ငွေပေးချေတဲ့ ကတ်တောင်မှ ထွက်မလာသေးဘူး။ ဝန်ကြီးချုပ်က ပြောနေတာပေါ့ ဘတ်စ်ကားစီးရုံတင်မကဘူး။ ဈေးဝယ်ဖို့လည်း ပါတယ်။ နိုင်ငံခြားသားတွေ ရောက်လာတာနဲ့  ရန်ကုန်လေဆိပ်မှာ ဒီကတ်က အသုံးတည့်ရမယ်။ မှန်တယ် လက်ခံတာပေါ့ ။ ဒါပေမဲ့ သူလုပ်နိုင်သလားဆိုတော့ မလုပ်နိုင်ဘူး။ နောက်ဆုံးပိတ် ဘယ်လိုပြန်ဖြစ်လဲဆိုတော့ ဘတ်စ်ကားခ တစ်ခုထဲပေးဖို့ ဖြစ်သွားပြန်ရော။  ဘတ်စ်ကားခ တစ်ခုထဲ ပေးဖို့တောင် ကြာနေတယ်။ ဒါလေးတွေ အန်ကယ်တို့ အားမရဘူး။  အန်ကယ်တို့ အစီရင်ခံစာမှာလည်း ထည့်ထားတယ်  ကတ်စနစ် အမြန်ဆုံးလုပ်ပါဆိုပြီး။

The Voice Journal – အခုလိုအချိန်ပေး ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *