မြန်မာ့သဘောထား ၂၀၁၉

မြန်မာနိုင်ငံသားတို့၏ အမြင်များ၊ ခံစားချက်များကို ပြည်နယ်နှင့် တိုင်းဒေသကြီးများအနှံ့တွင် အမေရိကန်အခြေစိုက် International  Republican Institute IRI က ကောက်ယူပြီး public opinion survey အဖြစ် စစ်တမ်းထုတ်ဝေသည်။ အသက် ၁၈ နှစ်အထက်  လူ ၄၀၀၀ ကျော်ထံမှ ကောက်ယူခဲ့သည့် ထိုစစ်တမ်းမှ စိတ်ဝင်စားဖွယ်ရာအချက်အချို့ကို ကောက်နုတ်ရေးသားလိုက်ပါသည်။ ထို စစ်တမ်းထုတ်ဝေသည့် ပွဲတွင် သက်ဆိုင်ရာနယ်ပယ်ကျွမ်းကျင်သူများ ပါဝင်သည့် စကားဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး ထိုစကားဝိုင်းတွင် moderator ထိန်းညှိဆွေးနွေးသူအဖြစ် ကျွန်တော် ဆောင်ရွက်ခဲ့သည့်အတွက် ထိုစစ်တမ်းကို ဖတ်ရှု သုံးသပ်ချိန်ရခဲ့သည်။

ဘယ်ဘက်ကို သွားနေလဲ

‘သင့်အမြင်တွင် နိုင်ငံသည်  မှန်သည့် ဘက်သို့ သွားနေသလား၊ မှားသည့် ဘက်သို့ သွားနေသလား’ သည် ပထမဆုံးမေးခွန်း။ မှန်သည့် ဘက်သို့ သွားနေသည်ဟု မြင်သူများက ၇၇ ရာခိုင်နှုန်း။ မှားသည့်ဘက်သို့  သွားနေသည်ဟု မြင်သူများက ၁၉ ရာခိုင်နှုန်း။ IRI ၏ ၂၀၁၄ မှစတင်ခဲ့သည့် စစ်တမ်း သုံးကြိမ်ကို ယှဉ်ပြသည့်အခါ ပိုစိတ်ဝင်စားစရာ ကောင်းလာသည်။ မှန်သည့် ဘက်သို့ နိုင်ငံသွားနေသည်ဟု မြင်သူများသည် ၂၀၁၄  IRI စစ်တမ်းတွင် ၈၈ ရာခိုင်နှုန်း၊ ၂၀၁၇ တွင် ၇၅ ရာခိုင်နှုန်း၊ ၂၀၁၉ တွင် ၇၇ ရာခိုင်နှုန်း။ မှားသည့် ဘက်သို့ နိုင်ငံသွားနေသည်ဟု မြင်သူများသည် ၂၀၁၄ စစ်တမ်းတွင် ၇ရာခိုင်နှုန်းရှိရာမှ ၂၀၁၇ တွင် ၁၇ ရာခိုင်နှုန်း၊ ၂၀၁၉ တွင် ၁၉ ရာခိုင်နှုန်းသို့ ရောက်ရှိသွားသည်။ မှန်သည့်ဘက်သို့ သွားနေသည်ဟု ထင်သူလျော့လာပြီး မှားသည့်ဘက်သို့ သွားနေသည်ဟု မြင်သူများလာသည်။ မှန်သည့်ဘက်သို့ သွားနေသည်ဟု မြင်သူက အများစုဖြစ်နေဆဲ။  သို့သော် ပုံဆွဲကြည့်လိုက်လျှင် မှန်သည့် ဘက်သို့သွားနေသည်ဟု မြင်သူနှင့် မှားသည့်ဘက်သို့သွားသူဟု မြင်သူတို့အကြား ကွာဟချက်နည်းလာသည်။ ၂၀၁၅ တွင် ရွေးကောက်ပွဲကျင်းပသည့်အတွက် ၂၀၁၄သည် ရွေးကောက်ပွဲမတိုင်မီ အခြမ်း၊ ၂၀၁၇၊ ၂၀၁၉ အခြမ်းသည် ရွေးကောက်ပွဲ အလွန်အခြမ်းဟုလည်း စဉ်းစားနိုင်သည်။

စီးပွားရေးသည် ပထမ

‘မှန်သည့်ဘက်သို့ သွားနေသည်ဟု အဘယ်ကြောင့်ထင်သလဲ’ ဟူသော မေးခွန်းတွင် ‘လမ်းများ၊ တံတားများ ဆောက်လုပ်ခြင်းကြောင့်’ ကြောင့်ဟု ဖြေသူက ၅၀ရာခိုင်နှုန်းဖြင့် အများဆုံး။ ‘စီးပွားရေးအခြေအနေများ တိုးတက်လာသောကြောင့်’ ဟူသောအဖြေက ၁၅ ရာခိုင်နှုန်းဖြင့်  ဒုတိယလိုက်သည်။ ‘အလုပ်များ ပိုပေါလာသောကြောင့်’ ဟူသောအဖြေက ၇ ရာခိုင်နှုန်း။ စီးပွားရေးကြောင့်ဟု ဖြေသောအဖြေများ များနေသည်။  လမ်း၊ တံတားများသည် အခြေခံအဆောက်အဦဖြစ်ရာ စီးပွားရေးဟု  ပြောနိုင်သည်။ စီးပွားရေး တိုးတက်လာသောကြောင့်ဟူသော အဖြေမှာမူ တိုက်ရိုက်။ အလုပ်အကိုင်ပိုပေါလာသည်ဆိုခြင်းကလည်း စီးပွားရေးပင်။ မှန်သည့်ဘက်သို့ သွားနေသည်ဟု မြင်ကြခြင်းမှာ စီးပွားရေးကြောင့်ဟု ပြောနေသလိုဖြစ်သည်။

‘မှားသည့်ဘက်သို့ သွားနေသည်ဟု အဘယ်ကြောင့်ထင်သလဲ’ မေးခွန်းကို ကြည့်ပြန်လျှင် ပိုစိတ်ဝင်စားစရာ ကောင်းသွားသည်။ မှားသည့် ဘက်သို့ သွားနေသည်ဟု ထင်သူများအနက်မှ ‘စီးပွားရေးအခြေအနေ ညံ့ဖျင်းသောကြောင့်’ ဟု ပြောသူမှာ ၂၇ ရာခိုင်နှုန်းဖြင့် အများဆုံး။

‘ကုန်ဈေးနှုန်းများ တက်လာသောကြောင့်’ ဟူသောအဖြေက ၂၅ ရာခိုင်နှုန်ဖြင့် ကပ်လိုက်နေသည်။ ‘အလုပ်များ လျော့သွားသောကြောင့်’ ဟု ဖြေသူမှာ ၁၅ ရာခိုင်နှုန်းရှိသည်။

မှန်သည့်ဘက်သို့ သွားနေသူဟု ထင်သူများက စီးပွားရေးကြောင့်ဟု မြင်ကြပြီး မှားသည့်ဘက်သို့ သွားနေသည်ဟု မြင်သူများကလည်း စီးပွားရေးကြောင့်ဟု ထင်သည်။ မြန်မာတွေ ဝေခွဲမရဖြစ်နေပြီလား။ ဘယ်သူ မှန်သလဲ။

စီးပွားရေးအတွက် မေးခွန်းသပ်သပ်ထည့်ထားသည်။ ‘နိုင်ငံတွင်း လက်ရှိစီးပွားရေးအခြေအနေကို ဘယ်လိုမြင်သလဲ’။ ကောင်းသည်ဟု မြင်သောသူများသည် ၆၁ရာခိုင်နှုန်း၊ ညံ့သည်ဟု မြင်သူများက ၃၄ ရာခိုင်နှုန်း။ ၂၀၁၄၊ ၂၀၁၇၊ ၂၀၁၉  စစ်တမ်းသုံးကြိမ် ယှဉ်ကြည့်လိုက်သောအခါ စိတ်ဝင်စားစရာမြင်ကွင်းတစ်ခု ထပ်ထွက်လာပြန်သည်။ စီးပွားရေးကောင်းသည်ဟု မြင်သူများသည် ၂၀၁၄ တွင် ၈၅ ရာခိုင်နှုန်းရှိရာမှ ၂၀၁၇ တွင် ၆၄ ရာခိုင်နှုန်း၊ ၂၀၁၉ ယခုနှစ်တွင် ၆၁ ရာခိုင်နှုန်းသို့ ရောက်သွားသည်။  စီးပွားရေးညံ့သည်ဟု မြင်သူများသည် ၂၀၁၄ တွင် ၁၂ ရာခိုင်နှုန်းရှိရာမှ  ၂၀၁၇ တွင် ၃၀ ရာခိုင်နှုန်း၊ ၂၀၁၉ တွင် ၃၄ ရာခိုင်နှုန်း ဖြစ်လာသည်။  ဆောင်းပါးအစက ပြောခဲ့သလိုပင် စီးပွားရေးမေးခွန်းတွင်လည်း ၂၀၁၄ အဖြေသည် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီကာလကို ကိုယ်စားပြုပြီး ကျန်အဖြေနှစ်ခုသည် ရွေးကောက်ပွဲအလွန်ကာလကို ကိုယ်စားပြုသည်။

စီးပွားရေးသည် မြန်မာတို့၏ စိတ်ထဲတွင် သေချာပေါက်ရောက်နေပုံ ရသည်။

‘နိုင်ငံ ယနေ့ ရင်ဆိုင်နေရသည့် အကြီးဆုံးသော ပြဿနာ’ ဟူသော မေးခွန်းကို ကြည့်ပါ။ ထိုမေးခွန်းတွင်လည်း စီးပွားရေးက ဗိုလ်စွဲသည်။ စီးပွားရေး (ကုန်ဈေးနှုန်း ကြီးမားခြင်း၊ နေထိုင်မှုစရိတ်မြင့်မားခြင်း) က ၂၆ ရာခိုင်နှုန်းဖြင့် နံပါတ်တစ်။ စီးပွားရေး ( အလုပ်လက်မဲ့များခြင်း)  က ၁၆ ရာခိုင်နှုန်းဖြင့် ဒုတိယ။ စီးပွားရေး( အခြား၊ အထွေထွေ) က  ၁၁ ရာခိုင်နှုန်း။ အမျိုးမျိုးသော စီးပွားရေးခေါင်းစဉ်များက အဖြေများတွင်  ကြီးစိုးထားသည်။

အဂတိ

အဂတိလိုက်စားမှု တိုက်ဖျက်ရေးခေတ်စားလာချိန်တွင် အဂတိအပေါ် မြန်မာတို့၏သဘောထားမှာ ထူးခြားသည်။ ‘အဂတိလိုက်စား ခြင်းကြောင့် သင့်ကို ဘယ်လောက်ထိခိုက်သလဲ’ ဟူသောမေးခွန်းကို လူလေးယောက်လျှင် သုံးယောက် (၇၃ ရာခိုင်နှုန်း) က ‘အနည်းအကျဉ်းသာ ထိခိုက်သည်’ ဟု ဖြေသည်။ ‘လွန်ခဲ့သောတစ်နှစ်အတွင်းတွင် လက်ဆောင် သို့မဟုတ် လာဘ်ထိုးခဲ့ရသလား၊ ဘယ်နှကြိမ်လောက်လဲ’  မေးခွန်းတွင် ‘လုံးဝမပေးရ’ ဟု ဖြေသူမှာ ၉၅ ရာခိုင်နှုန်းရှိသည်။ ထို အဖြေနှစ်ခုသည် တစ်ခုနှင့်တစ်ခု ကိုက်ညီနေရာ မြန်မာနိုင်ငံတွင်း အဂတိလိုက်စားမှုအလွန်နည်း သို့မဟုတ် ပြည်သူအပေါ် မထိခိုက်သည့် အခြေအနေမျိုး။ မြန်မာသည် အဂတိကင်းစင်သည့် နိုင်ငံ ဖြစ်နေပြီလား။

သို့သော် နိုင်ငံရင်ဆိုင်နေရသည့် ကြီးမားသော ပြဿနာများကို  မေးမြန်းထားရာတွင်မူ အဂတိလိုက်စားခြင်းကို ၆၂ ရာခိုင်နှုန်းဟု လက်ညှိုးထိုးထားကြသည်။

ဖြေဆိုသူများသည် ရှေ့နောက်မညီ ဖြစ်နေကြသည့်သဘော။ အဂတိလိုက်စားခြင်းကဲ့သို့ စိတ်မသက်သာဖွယ် မေးခွန်းမျိုးကို ဖြေရသည့်အခါတွင် ဖြေဆိုသူများသည် အားနာပါးနာ ဖြေဆိုတတ်သည်ဟု  သုတေသနပညာရှင်များက ပြောလိုက်သည်ကို ကြားရသည်။

နိုင်ငံရေး အုပ်ချုပ်ရေး

၂၀၂၀ ရွေးကောက်ပွဲနီးလာပြီ။ ထို့ကြောင့် မြန်မာတို့၏ နိုင်ငံရေးပေါ် သဘောထားဘက်သို့ လှည့်ကြရအောင်။ ‘ဒီမိုကရေစီသည် မြန်မာနိုင်ငံအတွက် အကောင်းဆုံးသော အစိုးရစနစ်’ ဟု ဖြေဆိုသူ လေးယောက်လျှင် သုံးယောက် (၇၆ ရာခိုင်နှုန်း) က လက်ခံကြသည်။ ဒီမိုကရေစီကဲ့သို့  နိုင်ငံအတွက် ကောင်းသည့် အခြားစနစ်များရှိသည်ဟု ၁၆ ရာခိုင်နှုန်းက  မြင်သည်။

‘နိုင်ငံရေးပါတီတစ်ခုခုကို ထောက်ခံသူလား’ ဟူသောမေးခွန်းတွင် မြန်မာတို့သည် အတိအကျနှစ်ခြမ်းကွဲသည်။ ၄၇ ရာခိုင်နှုန်း ( နှစ်ယောက်လျှင် တစ်ယောက်) က No ဟု ဖြေသည်။ ၅၁ ရာခိုင်နှုန်း (ကျန်တစ်ယောက်) က Yes ။

အုပ်ချုပ်ရေးမေးခွန်းများ၊ ပြည်ထောင်စုနှင့် ပြည်နယ်တိုင်းများအကြား အာဏာခွဲဝေကျင့်သုံးရေး ဖက်ဒရယ်မေးခွန်းများကို လေ့လာကြည့်ရအောင်။ ‘တိုင်းနှင့် ပြည်နယ်များသည် ဆိုင်ရာဝန်ကြီးချုပ်ကို  ကိုယ်တိုင်ရွေးကောက်တင်မြှောက်ချင်သလား၊ ပြည်ထောင်စုအစိုးရက ခန့်အပ်စေချင်သလား’ ဟူသော မေးခွန်းတွင် ပြည်ထောင်စုအစိုးရက ခန့်အပ်စေချင်သူမှာ ၅၃ ရာခိုင်နှုန်းရှိပြီး တိုင်းနှင့် ပြည်နယ်များက ရွေးကောက်စေချင်သူမှာ ၃၉ ရာခိုင်နှုန်းရှိသည်။

ထိုမေးခွန်းကိုပင် တိုင်းနှင့် ပြည်နယ်အလိုက် ပြန်ခွဲကြည့်ကြပါက တနင်္သာရီတိုင်းမှ လွဲလျှင် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအားလုံးက သူတို့၏ ဝန်ကြီးချုပ်ကို ပြည်ထောင်စုက ခန့်စေချင်သည်။ မွန်ပြည်နယ်၊  ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ် ပြည်နယ် သုံးပြည်နယ်က ဝန်ကြီးချုပ်ကို ပြည်ထောင်စုက ခန့်စေချင်သည်။ ကျန်ပြည်နယ်လေးခုတွင်မူ သူတို့၏  ဝန်ကြီးချုပ်ကို သူတို့ကသာ ရွေးကောက်စေချင်သည့်ဘက်က များသည်။  ပြည်နယ်၊ တိုင်းဝန်ကြီးချုပ် ခန့်အပ်၊ ရွေးကောက်ခြင်းဆိုင်ရာ အဖြေရာခိုင်နှုန်းများကို ‘ဟုတ်ပါ့မလား’ ဟူသော အသံများလည်း ပရိသတ်ထံမှ ကြားရသည်။ ဝန်ကြီးချုပ်ကို ကိုယ့်ဘာသာ တိုက်ရိုက်ရွေးကောက်မည်ဟု ပြည်နယ်အားလုံး တစ်သံတည်း မထွက်သည့်အပေါ် ဘဝင်မကျဖြစ်နေကြပုံ ရသည်။ 

အသုံးချ

၂၀၁၉ မြန်မာ့သဘောထားကို သိရပြီ။ လူ ၄၀၀၀ ဆိုသည့် အရေအတွက်မှာ သုတေသနစစ်တမ်းတစ်ခုအတွက် မနည်းပါ။ မြန်မာနိုင်ငံကို ကိုယ်စားပြုနိုင်သည်။ public opinion survey ဆိုသည့်အတိုင်း ဖြေဆိုသူတို့၏ အမြင်၊ ခံစားချက်သာဖြစ်ပြီး မြေပြင်တွင် တိုင်းထွာရရှိသော အချက်အလက်များနှင့် ကွာဟနိုင်သည်။ မည်သို့ဖြစ်စေ ယခုစစ်တမ်းမှ တွေ့ရှိချက်ဖြစ်သည့် ပြည်သူ့သဘောထားများသည် ရွေးကောက်ပွဲဝင်မည့် ပါတီများအနေနှင့် လည်းကောင်း၊ နိုင်ငံ၏ ကောင်းကျိုးကိုဆောင်ရမည့်  အစိုးရအနေနှင့်လည်းကောင်း၊ အရပ်ဘက် လူ့အဖွဲ့အစည်းများအနေနှင့် လည်းကောင်း အသုံးကျမည်ဖြစ်သည်။      

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *