မျှော်တလင့်လင့် သီတင်းကျွတ်

ငြိမ်ငြိမ်သက်သက်ရှိခဲ့သည့် အရာများက စတင်လှုပ်ခတ်လာလေပြီ။

မိုးလေကင်းလွတ်သွားသော သင်္ကေတအဖြစ် ကြည်လင်လှပသော မိုးကောင်းကင်နှင့် ကြယ်ရောင်များက အုံ့မှိုင်းသောမိုးတွင်းကို ထားရစ်ခဲ့လေပြီ။

ကောင်းကင်ထက် ရောင်စုံမီးပွင့်များကလည်း ဟိုတစ်စ ဒီတစ်စဖြင့် လှပစွာ ပျံတက်လာကြပြီ။ ဆင်ခြေဖုံးရပ်ကွက်လေးများထဲ မီးရှုးမီးပန်းဖောက်သည့် အသံများက စတင်အသက်ဝင်လာသည်။

ထိုအသံများက သီတင်းကျွတ်တော့မည်ဆိုသော အသိနှင့် မျှော်လင့်ချက်ရောင်ခြည်အသစ်များ တစ်ဖန်ရှင်သန်ထမြောက်လာခြင်းလည်း ဖြစ်သည်။

လူကြီးသူမများကို ကန်တော့ချိုး ပန်ဆင်ကြသော ချစ်စရာ့မြန်မာ့ဓလေ့ ဖြင့် စတင်လိုက်သည့် သီတင်းကျွတ်သည် ကောက်ပဲသီးနှံရိတ်သိမ်းပြီး၍ မှန်းချက်နှင့် နှမ်းထွက်ကိုင်ရန် မျှော်လင့်ချက်၊ တူနှစ် ကိုယ်ဘ၀တစ်ခု ထူထောင်ရန် မျှော်လင့်ချက်၊ အရောင်းအဝယ်အေးစက်ခဲ့သည့် မိုးကာလပြီးချိန် ပွင့်လန်းလာသော ရာသီဥတုနှင့်အတူ လုပ်ငန်းများအဆင်ပြေ ချောမွေ့ရန် မျှော်လင့်ချက်တို့ကလည်း တစ်ဖန်နိုးထလာခဲ့လေပြီ။

ကန်တော့ခြင်းများနှင့် လက်လီဈေးကွက် မျှော်လင့်ချက်

သီတင်းကျွတ်လျှင် ဦးစွာ မိဘ ဘိုးဘွား ဆရာသမားတို့ကို ဂါရ၀ထား ကန်တော့ကြသည့်ဓလေ့မှာ ယနေ့တိုင် မပြောင်းမလဲပဲ ရှိနေသေးသည်။

ဂါရ၀ပြုကန်တော့ကြရာတွင် အချို့က ငွေကြေးနှင့် ကန်တော့ကြသလို အချို့က အဝတ်အစား၊ အစားအသောက် စသဖြင့် အလေးအမြတ်ထား ကန်တော့ကြလေ့ရှိသည်။

ယခင်က အစိုးရလူကြီးပိုင်းများကို သီတင်းကျွတ်တွင် ဂါရ၀ပြုခြင်းအဖြစ် မုန့်ပုံးထဲ ငွေကြေးထည့်၍ ကန်တော့သည့် အခြေအနေအချို့လည်း ရှိခဲ့ဖူးသည်။

လူကြီးသူမများကို ကန်တော့ရာတွင် ပစ္စည်းအမျိုးအစားစုံလင်စွာပါဝင်သည့် ကန်တော့ခြင်းများကမူ လွန်စွာ အဆင်ပြေလှသည်။

သို့သော် လတ်တလောတွင် ပစ္စည်းအမျိုးအစားစုံလင်သော ကန်တော့ခြင်းများမှာ အရောင်းအေးလျက်ရှိပြီး သီတင်းကျွတ်ပိတ်ရက် မတိုင်ခင်ကာလတွင် အရောင်းသွက်ရန် မျှော်လင့်ထားသည်။

“ပစ္စည်းအစုံပါတဲ့ ကန်တော့ခြင်းတွေထက် ငှက်သိုက်ရည်လိုမျိုးခြင်းကိုပဲ အဝယ်များလာတယ်။ အရင်ကဆို ဖုန်းဆက်ပြီး မှာတာရှိတယ်။ ဒီနှစ်တော့ နည်းတယ်။ တခြားပစ္စည်းတွေဆိုရင်လည်း အွန်လိုင်းကနေပဲ ဝယ်ကြတာများတော့ အရောင်းတက်မယ်လို့ မခန့်မှန်းထားဘူး။ ရှိတဲ့ရောင်းအားကိုပဲ မကျအောင် ထိန်းထားလို့ ရမယ်{“ဟု စိန်ဂေဟာ ဈေးဝယ်စင်တာမှ Floor Manager ဒေါ်ယမင်းသူအောင်က ပြောကြားသည်။

ယခင်နှစ်က သီတင်းကျွတ်ကန်တော့ခြင်းများမှာ အရေအတွက် တစ်ရာနီးပါးရောင်းနေရသည့် အချိန် ဖြစ်သော်လည်း ယခုနှစ်တွင် ၄၀နီးပါးသာရှိသေးကြောင်း နှင့် ယခုလ သီတင်းကျွတ်ပိတ်ရက်မတိုင်ခင်တွင် အရောင်းသွက်ရန် ခန့်မှန်းထားကြောင်း ၎င်းက ဆိုသည်။

ကန်တော့ခြင်းများမှာ ငွေကျပ် နှစ်သောင်းခွဲမှစ၍ တစ်သိန်းအထိရှိသည်။

သို့သော် သီတင်းကျွတ်ချိန် မျှော်လင့်ချက်ကတော့ ရှိကြသည်။ ဆိုင်သေးသေးလေးမှသည် ဆိုင်ကြီးကြီးအထိ အရောင်းအဝယ်ကောင်းရန် မျှော်လင့်ချက်ပင်။

“အရင်နှစ်ထက်တော့ ၄ ရာခိုင်နှုန်းများတယ်။ သာမန်အချိန်ထက် ပွဲတော်တွေရဲ့ပစ္စည်းတွေကြောင့် ရောင်းအားတက်တာလည်းပါတယ်။ သီးသန့် ပရိုမိုးရှင်းတွေလည်းချတော့ ဒီရက်တွေ က သာမန် အချိန်ထက်တော့ ရောင်းအားတက်တယ်”ဟု ဒေါ်ယမင်းသူအောင်က ပြောကြားသည်။

နိုင်ငံတကာတွင်လည်း ရာသီအလိုက် ပွဲတော်များကို မှီတည်၍ ရောင်းပန်းဝယ် ပန်းပွင့်လန်းကြရသည်။

ခရစ္စမတ်ပွဲတော်၊ တရုတ်နှစ်သစ်ကူးပွဲတော် စသဖြင့် နိုင်ငံတကာပွဲတော်များနီးပါးကလည်း ပွဲတော်နှင့် ဆက်စပ်သည့် လုပ်ငန်းများ အခြေအနေကောင်းမွန်လေ့ရှိကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် (UMFCCI )၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေး က ပြောကြားသည်။

“ပွဲတော်တွေမှာတော့ ရောင်းအား ဝယ်အားတက်တာပေါ့။ ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် ပွဲတော်တွေဆိုရင် ငွေသုံးလာကြတယ်။ ဒါပေမဲ့ ကိုယ့်အိုးနဲ့ကိုယ့်ဆန်တန်သလောက်ပဲ သုံးကြရမှာပေါ့”ဟု ဒေါက်တာမောင်မောင်လေး ဆိုသည်။

“အိမ်မှာတော့ ပစ္စည်းတွေ ဝယ်ဖြည့်နေပြီ။ သီတင်းကျွတ်ဆိုတော့ ဘုရားပွဲတွေ၊ အလှူပွဲတွေလည်း စတော့မယ်။ အရောင်း အဝယ်တွေလည်း ပြန်ကောင်းမယ်လို့ ထင်တယ်”ဟု ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် ကုန်စုံဆိုင် ဖွင့်လှစ်ထားသူ ဒေါ်လှိုင်မြင့်က ပြောကြားသည်။

ပုဂံဒေသတွင် သီတင်းကျွတ်ကာလအတွင်း အာနန္ဒာဘုရားပွဲနှင့် ရွှေစည်းခုံ ဘုရားပွဲမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိရာ တောင်သူများမှာ စပါးပေါ်ချိန် ငွေပေါ်ချိန်ဖြစ်၍ အိမ်တွင်လိုအပ်သည့် ပစ္စည်းပစ္စယများကို ထိုဘုရားပွဲတွင် ဝယ်ယူကြသည့် ဓလေ့လည်း ရှိသည်။

ကျေးရွာများမှ တောသူတောင်သားများက မြို့ပေါ်တက်၍ ဘုရားပွဲ အလှူပွဲများသို့ အလည်အပတ်ထွက်ကြသလို မြို့နေလူထုကလည်း နှစ်သက်ရာနယ်မြို့များ၊ ပြည်ပခရီးများသို့ ခရီးထွက်ကြပြန်သည်။

ဓာတ်ပုံ – မိုးကျော်လွင်

ပြည်တွင်း ပြည်ပ ခရီးသွားမျှော်လင့်ချက်

သီတင်းကျွတ်သည် သင်္ကြန်ပွဲတော်လိုပင် မြန်မာတို့၏ စိတ်ထဲ အလိုလိုကြည်နူးပျော်ရွှင်စေသည့် ကာလတစ်ခုလည်း ဖြစ်သည်။

ယခုလသီတင်းကျွတ်သည် ပိတ်ရက် ငါးရက်အဖြစ် အစိုးရက တရားဝင်သတ်မှတ်ထားသည်။ ကျောင်းများက သီတင်းကျွတ်ဆယ်ရက်ပိတ်၍ ရုံးလုပ်ငန်းများက ငါးရက်ပိတ်သည်။

ထို့ကြောင့် ယခုကတည်းကပင် ပြည်တွင်းပြည်ပခရီးစဉ်များကို ကြိုတင်စီစဉ်နေကြပြီလည်း ဖြစ်သည်။

“ဒီနှစ်က သီတင်းကျွတ်က ငါးရက်လည်း ပိတ်မယ်ဆိုတော့ အခုကိုပဲ ကား ငှားမရ၊ ဟိုတယ်မရ၊ တည်းခိုခန်း မရှိတော့ဘူး”ဟု သုခမိန် ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူ ဦးမျိုးကြီးက ပြောကြားသည်။

အဝေးပြေးကားလိုင်းများသည်လည်း ထိုအတိုင်းပင်။ ကြိုတင်လက်မှတ်မှာ ယူမှုများရှိနေပြီဖြစ်ပြီး သီတင်းကျွတ်အတွက် ကားအစီးရေများ တိုးချဲ့ခြင်းနှင့် အချိန်တိုးချဲ့ပြေးဆွဲခြင်းတို့ လုပ်ဆောင်ရန် ပြင်ဆင်နေပြီဖြစ်သည်။

“ကားအစီးရေ သုံးစီးလောက် ထပ်တိုးထားတယ်။ လက်မှတ်တွေလည်း တော်တော်များများ ပြည့်နေပြီဆိုတော့ အချိန်တွေလည်း တိုးပြီးဆွဲပေးနေတယ်။ ၈ ရက်နေ့အတွက်ကို ဖုန်းနဲ့ ကြိုမှာထားလို့ရပေမယ့် ၉ ရက်ကနေ ၁၁ ရက်ဆိုရင်တော့ လူကိုယ်တိုင် လက်မှတ်လာဖြတ်မှပဲ ရမှာပါ” ဟု မန္တလာမင်းခရီးသည်ပို့ဆောင်ရေးလုပ်ငန်းမှ ကြီးကြပ်သူ မစုမြတ်က ပြောကြားသည်။

ပြည်တွင်းခရီးစဉ်မှာ နှစ်စဉ် ဩဂုတ်လတွင် ကျင်းပသော တောင်ပြုန်းပွဲတော်မှ စ၍ နောက်တစ်နှစ် ဧပြီအထိ ဖြစ်သည်။ ယခုနှစ် တောင်ပြုန်းပွဲတော်မှာ တုပ်ကွေးရောဂါများအကြားကပင် ခရီးသွားများပြားခဲ့သောကြောင့် လာမည့် ပွင့်လင်းရာသီ ခရီးသွားအခြေအနေကောင်းမွန်မည်ဟုလည်း ဦးမျိုးကြီးက မျှော်လင့်သည်။

“ဒီအခြေအနေတွေကို ကြည့်ခြင်းအားဖြင့် ဒီနှစ်ခရီးသွားလုပ်ငန်းအခြေအနေ ကောင်းမွန်မယ်လို့ မျှော်လင့်တယ်”ဟု ၎င်းက ဆိုသည်။

ဗီဇာကင်းလွတ်ခွင့်ရလာသည့် နိုင်ငံများလည်း ရှိလာရာ ပြည်တွင်းသာမက ပြည်ပသို့ထွက်၍ လည်ပတ်ရန် ပြင်ဆင်  နေသူများလည်း ရှိလာသည်။

ပြည်ပသို့ သွားရောက်မှုတွင် နီပေါရှိ ဗုဒ္ဓဂယာသို့လည်း မြန်မာဘုရားဖူးများ သွားရောက်လည်ပတ်လေ့ ရှိကြသည်။

လာမည့် ပွင့်လင်းရာသီအတွက် ဗုဒ္ဓဂယာခရီးသွားမည့်သူဦးရေ လေးသောင်းနီးပါးရှိမည်ဟုလည်း ခန့်မှန်းထားကြောင်း ခင်နန္ဒာဗုဒ္ဓဂယာဘုရားဖူးပို့ဆောင်ရေးလုပ်ငန်းမှ တာဝန်ရှိသူ ဒေါ်ခင်နန္ဒာက ၎င်း၏ မျှော်လင့်ချက်ကို ပြောကြားသည်။

“ပြီးခဲ့တဲ့လကတော့ စစ်ဘေး၊ ရေဘေးနဲ့ ရွှေဂယက်ကြောင့် ပထမလေယာဉ်လက်မှတ်တွေ လေကြောင်းလိုင်းကို ပြန်အပ်ရတယ်။ ဒါပေမဲ့ အခုကျတော့ ပြန်အပ်တဲ့ အရေအတွက်ထက်တောင် ပိုပြီး ရောင်းထားရတယ်။ အခြေအနေကောင်းနိုင်ပါတယ်”ဟု ဒေါ်ခင်နန္ဒာက ပြောကြားသည်။

ထိုသို့ ပြည်တွင်းပြည်ပခရီးစဉ်များအတွက် လေကြောင်းလိုင်းများစွာကလည်း ဝန်ဆောင်မှုများကို အဆင်သင့် ပြင်ဆင်ထားကြပြီဖြစ်သည်။

လက်ရှိတွင်ပင် သီတင်းကျွတ်ပိတ်ရက်အတွက် လေယာဉ်လက်မှတ်ကြိုတင်မှာယူမှုများ ရှိနေပြီဖြစ်ကြောင်း KBZ Group ၏ CEO office မှ ဒေါ်အေး မရသာက ပြောကြားသည်။

“အခုရှိနေတဲ့ Flight  တွေဆိုလည်း တော်တော်ကို ပြည့်လုနီးနီးရှိတယ်။ ဘိုကင်တွေလည်း ကြိုလုပ်ကြတယ်။ နဂိုထက်တော့ ပိုသွားကြတယ်။ ပြည်ပခရီးသွားတွေလည်း ဝင်လာဖို့ မျှော်မှန်းတယ်”ဟု ဒေါ်အေးမရသာက ပြောကြားသည်။

လေယာဉ်လက်မှတ်မှာ ပြည်ပသို့ သွားရောက်ပါက အမေရိကန်ဒေါ်လာ ၁၀၀ ခန့်ရှိပြီး ပြည်တွင်းခရီးစဉ်အတွက် ဒေါ်လာ ၅၀ ခန့်ရှိသည်။

ပြည်တွင်းမှ ထိုင်းနိုင်ငံ ဘန်ကောက်သို့ အများဆုံးသွားရောက်ကြပြီး ကုမ္ပဏီအလိုက် သွားရောက်လိုပါကလည်း ဝန်ဆောင်မှုပေးလျက်ရှိရာ ကြိုတင် Booking တင်ထားပါက သက်သာသော ဈေးနှုန်းများဖြင့် ခရီးစဉ်များသွားရောက် နိုင်မည်ဖြစ်ကြောင်း ဒေါ်အေးမရသာက ဆိုသည်။

ပြည်ပ ခရီးသွားများကိုမျှော်လင့်ကြသော်လည်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ထွက်ပေါ်လာသည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်ကြောင့် အချို့ကလည်း အနောက်ခရီးသွားများ မြန်မာနိုင်ငံလာရောက်ရန် တန့်သွားမည် ကို စိုးရိမ်ကြသည်။

ရန်ကုန်၊ နေပြည်တော်၊ မန္တလေး မြို့ကြီးများ တိုက်ခိုက်ခံရနိုင်သဖြင့် လုံခြုံရေး သတိပြုသွားလာနေထိုင်ကြရန် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက စက်တင်ဘာလ ၂၅ ရက်နေ့က သတိပေးချက် ထုတ်ပြန်ထားသည်။

သို့သော် ပြည်တွင်းသို့ လာရောက်လည်ပတ်မည့် ခရီးသွားများအတွက် ခရီးစဉ်များမှာ ရောင်းချပြီးဖြစ်သလို လက်တွေ့တွင်လည်း ထူးခြားဖြစ်စဉ် မရှိသောကြောင့် ခရီးသွားများလာရောက်ရန် မျှော်လင့်ကြောင်း ပုဂံဧည့်လမ်းညွှန်အသင်းမှ အမှုဆောင် ပုဂံဧည့်လမ်းညွန် ကိုမြင့်နိုင်က ပြောကြားသည်။

“အမေရိကန်နိုင်ငံမှာရှိတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တာ မဟုတ်တဲ့အတွက် သူ့ နိုင်ငံသားတွေကြားမှာ အများကြီးမသက်ရောက်နိုင်ဘူးလို့ ထင်ပါတယ်”ဟု ကိုမြင့်နိုင်က ဆိုသည်။

လက်ရှိတွင်တော့ မြန်မာနိုင်ငံအတွက် ဇီးရိုးဘတ်ဂျက်ဖြင့် လာရောက်သည့် တရုတ်ခရီးသွားများက အများဆုံး နေရာယူထားသည်။ ဆိုက်ရောက်ဗီဇာနှင့် ဗီဇာကင်းလွတ်ခွင့် ပေးထားသောကြောင့် လာမည့်ကာလတွင်လည်း ထိုခရီးသွားများက များပြားနေမည်ဖြစ်သည်။

ထို့ကြောင့် ယခုနှစ် သီတင်းကျွတ် ပိတ်ရက်မှာ ပြည်တွင်းပြည်ပခရီးသွားကဏ္ဍ ၏ တိုးတက်မှုအခြေအနေမှာ စောင့်ကြည့် ရမည့်စာရင်းတွင် ပါဝင်သည်။

တူနှစ်ကိုယ်ဘ၀ထူထောင်ရန် မျှော်လင့်ချက်

အခြားတစ်ဖက်တွင်လည်း သီတင်းကျွတ်ပိတ်ရက်ကို တန်ဖိုးရှိရှိကုန်ဆုံးရန် ခရီးသွားကြမည်ဖြစ်သလို သီတင်းကျွတ်၏ အထင်ကရ အခမ်းအနားတစ်ခုကိုလည်း မဖြစ်မနေ ကျင်းပကြဦးမည်ဖြစ်သည်။

ဝါကျွတ်ချိန်တွင် အိမ်ပြောင်းအိမ်ရွှေ့ခြင်းပြုလုပ်သလို မင်္ဂလာဧည့်ခံပွဲအခမ်းအနားများကိုလည်း ကျင်းပလေ့ရှိကြသည်။ လူတန်းစားအလွှာအသီးသီးက မိမိတို့ တတ်နိုင်သလောက် ငွေပမာဏနှင့် မင်္ဂလာပွဲများကို ကျင်းပကြသည်။

အချို့က မိမိအိမ်တွင်ပင် ကျင်းပသလို အနီးအနားရှိ ဘုန်းတော်ကြီး ကျောင်းတွင် ကျင်းပသည်။ အချို့ကလည်း ဟိုတယ်၊ ခန်းမများတွင် ခမ်းခမ်းနားနား ကျင်းပကြသည်။

လက်ရှိတွင်ပင် ကရဝိတ်ခန်းမကို မင်္ဂလာပွဲအတွက် ကြိုတင်ငှားရမ်းထား သည်မှာ ၁၀ ပွဲခန့် ရှိနေပြီဖြစ်သည်။

“ဒီလ ၁၃ ရက်နောက်ပိုင်းက စပြီးတော့ ပွဲတွေ ဆက်တိုက်ပဲ။ လာမယ့် ၁၁ လပိုင်းနဲ့ ၁၂ လပိုင်းအထိ ရှိတယ်။ စုံစမ်းတဲ့ စုံတွဲတွေလည်း ရှိတယ်။ ရက် အလွတ်တွေကို ညှိပြီးတော့ ဝန်ဆောင်မှု ပေးနေပါတယ်”ဟု ကရဝိတ်ခန်းမမှ တာဝန်ရှိသူ မထားသစ္စာက ဆိုသည်။

ခန်းမငှားရမ်းခမှာ ငါးသိန်းဖြစ်ပြီး အစားအသောက်နှုန်းထားမှာ လူတစ်ဦးလျှင် တစ်သောင်းခွဲမှ တစ်သောင်းရှစ်ထောင်အထိ ရှိသည်။ နှင်းဆီကုန်းဘိုးဘွားရိပ်သာရှိ ခန်းမများမှာလည်း ငွေကျပ် ငါးသိန်းမှ ၁၅ သိန်းအထိ အမျိုးအစားအလိုက် သတ်မှတ်ထားသည်။

မိတ်ကပ်ပြင်ဆင်မှုအတွက်လည်း ဈေးနှုန်းများမှာ ငွေကျပ် တစ်သိန်းခွဲမှ ခြောက်သိန်းအထိရှိပြီး မင်္ဂလာဝတ်စုံ ဈေးနှုန်း ငှားရမ်းခမှာလည်း ကျပ် နှစ်သိန်းမှ ဆယ်သိန်းအထိ ရှိနေသည်။

သို့သော် မိတ်ကပ်ပြင်ဆင်မှုဈေးကွက်မှာလည်း လုပ်ကိုင်သူများပြားလာသလို ဈေးကွက်ပြန့်သည့် သဘောတွင် ရှိနေသည်။

“ဈေးကွက်ကတော့ ပြန့်တော့ ပြန့်သွားပေမယ့် စုံတွဲတွေ ရှိသရွေ့တော့ ပွဲတွေရှိနေမယ်။ ပုံမှန်တော့ ရှိနေမှာပါပဲ။ လာမယ့်ရာသီက အခြေအနေကောင်းမယ်လို့လည်း မျှော်လင့်ပါတယ်” ဟု မိတ်ကပ် ဉာဏ်ဉာဏ် (လှည်းတန်း) က ဆိုသည်။

ယနေ့ခေတ်တွင် မင်္ဂလာဝန်ဆောင်မှုလုပ်ငန်းများမှာ လုပ်ကိုင်သူများပြားလာပြီး ဈေးကွက်ကျယ်ပြန့်လာ၍ ပိုမိုကြိုးစားလာရပြီး အကောင်းဆုံးဝန်ဆောင်မှုပေးကာ ဆောင်ရွက်ပေးကြရသည်။

သုံးနှစ်အတွင်း Customer  များသော်လည်း လုပ်ငန်းကျဆင်းကာ ကုန်ကြမ်း၊ အလုပ်သမားစရိတ်များ တက်လာပြီး လက်ရှိတွင် Customer ဘက်တွင် ဈေးနှုန်းကို မြှင့်၍မရသည့် အခြေအနေများရှိနေကြောင်း သီတဂူ (သစ်ခွခြံ) မင်္ဂလာဝတ်စုံ၊ ရတနာ၊ ဓာတ်ပုံ၊ ဗီဒီယိုနှင့် မင်္ဂလာဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူ ဒေါ်ခင်နန္ဒာထွန်းက ပြောကြားသည်။

“ကိုယ့်ဆိုင်ရဲ့ ဝန်ဆောင်မှုကို ပိုကောင်းအောင် အမြဲအားထုတ်ရသလို ဈေးကိုအဆင်ပြေဆုံး ချိန်ဆရလို့ လုပ်ငန်းလည်ပတ်မှုကို အရမ်းထိန်းရတယ်။ အခြေအနေကောင်းမလား၊ ဆိုးမလား၊ ရှုံးမလား၊ မြတ်မလား မသိနိုင်ပေမယ့် ပြင်းပြင်းထန်ထန်တော့ ကြိုးစားနေတယ်”ဟု ဒေါ်ခင်နန္ဒာထွန်းက ပြောကြားသည်။

မင်္ဂလာဝန်ဆောင်မှုလုပ်ငန်းများ အခြေအနေကောင်းမွန်ရန် ကြိုးစားနေရသလိုပင် အခြားသော စားသောက်ကုန်များမှာလည်း ထိုအတိုင်းပင် ကြိုးစားရုန်းကန်နေရဆဲဖြစ်သည်။ သို့သော် သီတင်းကျွတ်ပြီးချိန် မျှော်လင့်ချက်အိပ်မက်များကိုတော့ ထပ်တူမက်ကြသည်ပင်။

စီးပွားရေးမျှော်လင့်ချက်

အိန္ဒိယအစိုးရသည် ပဲစင်းငုံ မက်ထရစ်တန်ချိန် နှစ်သိန်း၊ မတ်ပဲနှင့် ပဲတီစိမ်းကို မက်ထရစ်တန်ချိန်သုံးသိန်းသာ ဝယ်ယူရန် ၂၀၁၇ ခုနှစ် ဩဂုတ်လတွင်မူဝါဒချမှတ်ခဲ့ပြီးနောက် အိန္ဒိယဘက်က အဝယ်နည်း၍ ဂယက်ရိုက်ခဲ့သော ပဲဈေးကွက်မှာ လတ်တလောတွင် ဈေးပြန်လည်ကောင်းမွန်နေပြီး သီတင်းကျွတ်ပြီးပါက ပိုမိုကောင်းမွန်လာမည်ဟု မျှော်လင့်ထားသည်။

“ပဲဈေးကွက်က သီတင်းကျွတ်ပြီးရင်တော့ ပိုကောင်းလာမယ်လို့ ထင်တယ်။ ပဲလုပ်ငန်းတွေ ပြန်ပြီး အသက်ဝင် လာမယ်လို့ မျှော်လင့်တယ်”ဟု ကိုကျော်ထက်က ပြောကြားသည်။

ကိုကျော်ထက်မှာ ကိုယ်တိုင် ပဲလုပ်ငန်းလုပ်ကိုင်နေသူဖြစ်ပြီး မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ အလုပ်အမှုဆောင်တစ်ဦးလည်း ဖြစ်သည်။

ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများသည်လည်း ထိုအတိုင်းပင်။ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် တရုတ်နိုင်ငံ၏ ဆန်စပါး၊ ပြောင်း၊ သကြားဝယ်ယူမှု နည်းပါးသွားခဲ့ပြီး ဖရဲသီးကုန်စည်တစ်ခုကိုသာ ပို့ဆောင်ပေးနေရသည့်အတွက် လုပ်ငန်းအရှုံးပြ ခဲ့သည်။

သို့သော် ယခုနှစ်တွင် ထိုင်းနိုင်ငံ၏ ပြောင်းလိုအပ်ချက်ကြောင့် မေလမှ ဇူလိုင်လအထိ ပို့ဆောင်ပေးခဲ့ရပြီး အလုပ်အကိုင် ပြန်လည်အဆင်ပြေခဲ့ကြောင်း မြန်မာနိုင်ငံအဝေးပြေးကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူး ဦးအောင်မိုးက ပြောကြားသည်။

“အခု တရုတ်ကလည်း ဆန်အစား စပါးကို အစားထိုးတင်ပို့ဖို့ ကမ်းလှမ်းတယ်။ အစိုးရကလည်း ခွင့်ပြုတော့ ဆန်စပါးအသင်းတွေကလည်း တင်ပို့ခွင့်ကို အားပေးတော့ပဲ။ ဆန်စပါး၊ သခွား၊ ဖရဲက တရုတ်နယ်စပ်က ဝယ်မယ်ဆိုတော့ သယ်ယူပို့ဆောင်ရေးက အောက်တိုဘာလကုန်ကစပြီး ကောင်းလိမ့်မယ်လို့ မျှော်မှန်းထားတယ်”ဟု ဦးအောင်မိုးက ဆိုသည်။

ထို့ပြင် ထိုင်းနိုင်ငံနှင့် နှစ်နိုင်ငံသဘောတူညီချက်အရ နယ်စပ်ဖြတ်ကျော်၍ ကွန်တိန်နာကားအစီးရေ ၁၀၀ ကို နှစ်နိုင်ငံဖလှယ်၍ ဖြတ်သန်းခွင့်ပြုလိုက်ပြီး အောက်တိုဘာလကုန်မှ စတင်ဖြတ်သန်းခွင့်ပြုမည်ဖြစ်ရာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေလာနိုင်မည်ဟုလည်း ဦးအောင်မိုးက မျှော်လင့်ထားသည်။

သို့သော် ၎င်းတို့အတွက် အခက်အခဲမှာ လမ်းတံတားကြေးကောက်ခံမှုမြင့်မားနေခြင်း ဖြစ်သည်။

“သယ်ယူပို့ဆောင်တဲ့ စရိတ်စကမြင့်မားနေတာတွေကို ဘယ်လိုနည်းနဲ့ ဖြေလျှော့ပေးနိုင်မလဲဆိုတာကို လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးပြီးတော့ စီမံဆောင်ရွက်ပေးဖို့ပေါ့။ ဒါတွေမြင့်နေရင် ကုန်သွယ်မှု မဖြစ်မှာ စိုးတယ်”ဟု ဦးအောင်မိုးက အကြုံပြုသည်။

မိုးလေကင်းလွတ်သည့် ပွင့်လင်းရာသီသို့ ရောက်ရှိလာချိန်တွင် အသိုက်အမြုံထဲ နားခိုနေသော ငှက်ကလေးများ လွတ်လပ်စွာ ပျံသန်းကြသလို ကဏ္ဍအသီးသီးမှ ရောင်းပန်းဝယ်ပန်းပွင့်လန်းလိုသည့် မျှော်လင့်ချက်ဆန္ဒများကလည်း ရှင်သန်လာကြသည်။

ထိုမျှော်လင့်ချက်များ ပြည့်ဝရေးအတွက် မကြာခင် ရောက်ရှိလာတော့မည့် သီတင်းကျွတ်ကစ၍ ဆောင်ကြဉ်းပေးနိုင်မည်လော။

ခရီးသွားလုပ်ငန်းအသိုင်းအဝိုင်းကမူ သီတင်းကျွတ်ပြီးပါက ခရီးသွားရာသီစတော့မည်ဖြစ်ရာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်သွားပြီဖြစ်သော ပုဂံဒေသကို ခရီးသွားလာရောက်မှု အများဆုံးဖြစ်လာရန် မျှော်လင့်ကြသည်။

ပုဂံခရီးသွားဧည့်လမ်းညွှန်ဖြစ်သူ ကိုမြင့်နိုင်ကတော့ လာမည့် ခရီးသွားရာသီအတွက် အရှေ့ထက် အနောက်ဘက်က ခရီးသွားများ ပို၍ လာရောက်ရန် မျှော်လင့်နေသည်။

“ကမ္ဘာ့အမွေအနှစ်ဆိုက်တွေထဲက တရုတ်နိုင်ငံ ပေကျင်းက Forbidden City နန်းတော်ဆိုရင် ၁၅ သန်းလောက် လာတယ်ဆိုတော့ ပုဂံကလည်း ကမ္ဘာ့အမွေအနှစ်ဖြစ်သွားတဲ့အတွက်လည်း ခရီးသွားအလာများဖို့ မျှော်လင့်တယ်။ ဒေသခံတွေအတွက် အကျိုးဖြစ်တဲ့အတွက် အနောက်နိုင်ငံ ခရီးသွားတွေ ပိုလာဖို့ မျှော်လင့်တယ်”

မေသက်ဇင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *