အနာဂတ်ပညာရေးဆိုသော အတိတ်ပညာရေး

အနာဂတ်ပညာရေး ဆိုသောကြောင့် ဘာများလဲဟု ထင်လိုက်သေးသော်လည်း အတိတ်ပညာရေးသာ ဖြစ်သည်။ ခဏနေပါဦး အရှိန်တွေ လွန်၊ အဆင့်တွေ ကျော်ကုန်ပါ့မည်။ ယခုခေတ်ပညာရေးကိုပဲ အရင်ပြောပါဦးမည်။

ယခုခေတ်ပညာရေးသည် assembly line  ပညာရေးဟု ခေါ်သော စက်ရုံထုတ်ပညာရေးဟု ခေါ်ကြသည်တဲ့။ အဝတွင် ပန်းသီးတွေ  ဝင်သွားပြီး ဟိုဘက်တွင် ပန်းသီးဖျော်ရည်ဘူးတွေ ထွက်လာသော  ပညာရေးဟု တင်စားရမည်။ စစဝင်သွားစဉ်က ဘယ်သူ ဘာဖြစ်နေနေ ဘာပဲ ကိုင်းညွှတ်ကိုင်းညွှတ် ဟိုဘက်ရောက်လျှင် အားလုံးအတူတူ  ဖြစ်သွားရမည်။ စံသတ်မှတ်ထားသော စာမေးပွဲများနှင့် စစ်ကြ ဆေးကြ၊  ထိုအရာတို့ကို ကျော်နိုင်လျှင် ထိုလက်မှတ်ရမည်။ ကုန်ပစ္စည်းထုတ်သော စက်ရုံများနှင့် အတူတူဖြစ်နေသည်။ Mass education ၊ အပြုံလိုက်ကြီး  ဝင်သွား အပြုံလိုက်ကြီး ပြန်ထွက်လာ အားလုံးအတူတူ ဖြစ်ရမည်။ စာသင်ခန်းသည် သက်တူရွယ်တူတို့နှင့် ဖွဲ့စည်းထားသည်။ စာသင်ခန်းသည် စာတွင်မက၊ လူမှုရေးကိုပါ သင်ပေးသည်၊ လူအများနှင့် ပေါင်းသင်း ဆက်ဆံတတ်အောင် သင်ပေးသည်ဟုဆိုသည်။ ဟုတ်ပါသည်၊ သို့သော်  ယခုခေတ်စာသင်ခန်းတို့သည် သက်တူရွယ်တူတို့နှင့် နေထိုင်ရန် သင်ပေးသလို ဖြစ်နေသည်။ စာသင်ခန်းတွင် အသက်အရွယ် ကွဲပြားခြားနားမှုမှမရှိ၊ တစ်ပြေးတည်း တစ်ဖြတ်တည်း။ တကယ့် အပြင်ကမ္ဘာတွင်  သက်စုံရွယ်စုံ အတူတွဲနေရသည်။ ယခုလိုရေးသည့်အတွက် Mass education က သယ်ယူလာသော အကျိုးများကို ပစ်ပယ်ခြင်းမဟုတ်။  Mass education ဖြစ်အောင် မနည်းလုပ်ယူခဲ့ရသည် မဟုတ်လား။  လက်ရှိဖြစ်လာသော အခြေအနေကိုသာ ပြောခြင်းဖြစ်သည်။

အနာဂတ်ပညာရေးတွင် ထိုသို့မဟုတ်တော့၊ ပြောင်းလဲရမည်။ တစ်ယောက်ချင်း တိမ်းညွှတ်မှုကို အလေးပေးရမည်။ ပန်းချီဘက် တိမ်းညွှတ်လျှင် ပန်းချီဘက်ကို၊ အင်ဂျင်နီယာဘက်ကို တိမ်းညွှတ်လျှင်  အင်ဂျင်နီယာဘက်။ အကဲဖြတ်အမှတ်ပေးရာတွင်လည်း တစ်ဦးချင်း သက်သက်သွားမည်။ အရာရာသည် ကလေးတို့ တစ်ဦးချင်းပေါ်တွင်  သွားမည်။ ယခုလည်း ထိုအရပ်မျက်နှာဘက်သို့ ဦးတည်နေသည် မဟုတ် လား။ ဟုတ်ပါသည်၊ သို့သော် နည်းပါသေးသည်။

ကလေးများ၊ လူငယ်များသာမက လူကြီးများလည်း ထိုအတိုင်းပင်။  တစ်ခါဘွဲ့ယူထား တစ်သက်လုံး လုပ်စားမရတော့။ လေးငါးနှစ်တစ်ခါ လောက် ပြန်သင်ယူနေရမည်။ သင်ပြီးသားနည်းနာများသည် မမှန်ကန်တော့မှန်း သုတေသနအသစ်များအရ သိလာလျှင် ပြန်ဖျောက်ပစ်ရဦးမည်။ သင်ယူ ပြန်ဖျောက် ပြန်သင် learn unlearn relearn ။  ထပ်မံ မသင်ယူလျှင် အလုပ်လုပ်၍မရတော့။ အသက်များ ရှည်လာခြင်းသည်  ကောင်းသော်လည်း တစ်ဒုက္ခ။ သေရမည့်အချိန်တွင် မသေသည့်အတွက်  အသစ်များ ထပ်သင်ရမည်၊ သင်ဖို့ စိတ်ထားပြင်ထားရမည်။ ‘ငါအိုပြီ တော်ပြီ’ ပြောလို့မရတော့၊ ဘာမှ မလုပ်ဘဲနေသွားလျှင် ပျင်းရိငြီးငွေ့စရာ။ အငြိမ်းစားယူပြီး နှစ် ၂၀ ၊ နှစ် ၃၀ ဒီတိုင်းထိုင်နေရမည့် အရေး  စဉ်းစားသာကြည့်ပါ။

လူကြီးများတွင် online လုပ်ရန် ခက်သွားပြီ။  သူတို့ကို စာသင်ခန်းထဲ မောင်းသွင်းသော စနစ် မပေါ်သေး။ မသင်မနေရ ပညာရေးစသည်တို့သည် လူကြီးများအတွက် မဟုတ်။ စာသင်ခန်းတွင်း လူကြီးများ ပြန်ဝင်ရလျှင်လည်း သက်ရွယ်စုံ။ မြေးအရွယ်နှင့် အဘိုးအရွယ် စာသင်ခန်းတစ်ခန်းထဲ အတူဖြစ်နိုင်သည်။ လူကြီးများသည် စာသင်ခန်းတွင်းသို့ သူတို့ လိုအပ်ချက်နှင့် သူတို့ ပြန်လာကြသည်။ ငယ်ငယ်က  ဂစ်တာ မတီးခဲ့ရသည့်အတွက် တီးချင်သူတွေ ပါမည်၊ အသက်အရွယ်ရမှ  ဘ၀ကို တစ်ဆစ်ချိုးပြောင်းပစ်ချင်သူတွေ ပါမည်။ သူတို့သည် အရွယ်ရောက်မှ ကိုယ့်ဘာသာဆုံးဖြတ်နိုင်မှ ပညာသင်ချင်သူတို့ဖြစ်သည့်အတွက်  ‘ကိုယ်ဘာကောင်’ မှန်း ပိုသိသည်။ လိုချင်သည်အတွက် စွန့်လွှတ်ရမည့် အရာများကို နားလည်သူများဖြစ်သည်။

ရှေးခေတ်၊ တော်တော်ဝေးသော ရှေးခေတ်က တက္ကသိုလ်များ၊  အစုလိုက်အပြုံလိုက် စာသင်သော ကျောင်းတွေ မရှိ၊ သို့မဟုတ် ရှားသည်။ တတ်နိုင်သူများက ကိုယ့်သားသမီး ကိုယ့်ဘာသာ ဆရာ ခေါ်သင်သည်။ အချို့က ကိုယ့်ဘာသာသင်ပေးကြသည်။ မတတ်နိုင်သူများက  ဆရာလိုက်ရှာရင်း ဆရာ့အိမ်တွင် နေ၊ အလုပ်တူတူလုပ်ရင်း သင်ကြသည်။  ဆရာများကလည်း ဆရာအတတ်သင် သင်တန်းတက်ထားသူများ မဟုတ်သည့်အတွက် အသင်အပြကောင်းသူလည်းရှိ၊ မကောင်းသူလည်း ရှိ။  ကျောင်းသားက ဆရာလုပ်သည်ကိုင်သည် လိုက်ကြည့်၊ လိုက်လုပ်ကြည့်ကာ သင်ရသည်များ အများကြီး။ တစ်ဦးချင်းအလိုက် ပညာရေးက သွားတယ်၊ အစုလိုက်အပြုံလိုက် မသွားဘူး။ ကျောင်းသားကျောင်းသူ တစ်ဦးချင်းပေါ် တည်တယ်။ မိဘတွေပေါ် တည်တယ်။

အနာဂတ်ပညာရေးဆိုသည်လည်း အတိတ်ပညာရေးဖြစ်သည်။ ကိုယ့်အားကိုယ်ကိုးကြရမည်။ ကိုယ့်အားကိုယ်ကိုးသင်ရသည်ချင်း အတူတူ ရှေးခေတ်နှင့် ကွဲသွားသည်က ဆရာများ များလာသည်၊ ဗဟုသုတ မရှားတော့။ online ပေါ်တက်လိုက်လျှင် အသိပညာများ၊ အတတ်ပညာများ ထိုင်ရာမထ လွယ်လွယ်ကူကူရနိုင်မည်။ ကျောင်းစာသင်ခန်းကဲ့သို့ စနစ်တကျသင်ယူနိုင်သလို ကိုယ့် လိုအပ်ချက်အလိုက် အဆင်ပြေသလို လေ့လာနိုင်သည်များလည်းရှိသည်။ အချိန်နှင့် သင်ချင်စိတ်လေးသာ  ကိုယ့်ဘက်က စိုက်ရမည်။ နောက်တစ်ခု လိုအပ်ချက်က၊ Focus ။ အာရုံစိုက်ရမည်။ အာရုံပြားသည့် ခေတ် မဟုတ်လား။

 အနာဂတ်ပညာရေးအကြောင်း ပြောလျှင် အနာဂတ်အလုပ်အကိုင် အကြောင်းလည်း ပြောရမည်။ ပညာတတ်ပါပြီ၊ မည်သည့်နေရာတွင်  သွားသုံးမလဲ။ အလုပ်တွင်ပဲပေါ့။ ပညာ၏ မှတ်ကျောက်သည် အလုပ် မဟုတ်လား။ ‘ငါပညာတွေတတ်နေတာပဲ၊ အလုပ်မှမလုပ်တာ၊ အဲဒါ ငါ့ပညာရဲ့ မှတ်ကျောက်လာ’ လို့မေးလျှင် ဟုတ်သည်ပဲ ဖြေရမည်။  မလုပ်လျှင်လည်း မှတ်ကျောက်၊ လုပ်လျှင်လည်း မှတ်ကျောက်။

နောက်တစ်ခု။ အနာဂတ်အလုပ်တွင် ပြိုင်ဘက်က ပြောင်းသွားသည်။ လူအချင်းချင်းပြိုင်ရမည်တင် မဟုတ်တော့။ AI artificial  intelligence များနှင့် ပြိုင်ရတော့မည်။ AI များနှင့် ပြိုင်သည့်အခါ  စာရင်းကိုင်ကဲ့သို့ ကော်လာဖြူအလုပ်များကို AI များ ယူသွားလိမ့်မည်ဟု ပညာရှင်များက ပြောသည်။ ထို့ကြောင့် AI များ မပြိုင်နိုင်အောင် သွေးနှင့် သားနှင့် လူများ ဘာတွေသင်ကြမလဲ၊ ဘာတွေဖိလုပ်ကြမလဲ။ လွယ်လွယ် ပြောနိုင်သည်၊ တီထွင်ဖန်တီးသော အလုပ်များလုပ်ကြ။ စာရေးသည်တို့၊  ပန်းချီဆွဲသည်တို့၊ ဂစ်တာတီးသည်တို့။ သို့သော် တီထွင်ဖန်တီးသော  အလုပ်တို့တွင်လည်း သူ့ဟာနှင့်သူ အခက်အခဲရှိသည်တဲ့။ ယင်းသည် AI ကြောင့်မူ မဟုတ်။

ခေတ်သည် ဆက်သွယ်ရေးခေတ်ဖြစ်သည့်အတွက် နယ်စည်း မခြားတော့။ Idea များ၊ ကုန်ပစ္စည်းများသည် တစ်နေရာမှ တစ်နေရာသို့ ကူးလူးသွားလာနိုင်သည်။ ကုန်ပစ္စည်းများ ရောင်းချရာတွင် အရည်အသွေး ပိုကောင်းသူ၊ ဈေးချိုသူက ဈေးကွက်ဝေစု ဧရာမရသည့်  နိုင်သူအကုန်  ယူကြေးဖြစ်သွားပြီ။ ရိုးရိုးကုန်ပစ္စည်းများထက် အနုပညာပစ္စည်းများက  ပိုရက်စက်သည်။ အထူးသဖြင့် digitize လုပ်နိုင်သည့် အနုပညာပစ္စည်း များဖြစ်သည့် စာပေ၊ ဂီတ စသည်တို့။ Game of Thrones နှင့် ယှဉ်နိုင်မည့် ဇာတ်လမ်းတွဲ ဘယ်မှာ ရှိမည်နည်း။  ရှိသမျှ ဝင်ငွေ သူပင် သိမ်းကြုံးယူသွားသည်။ ထို့အတူ စာဖတ်လျှင်လည်း J.K. Rowling စာအုပ်သာ  ဖတ်တော့မည်။ J.K. Rowling သည် Harry Potter စာအုပ်တွဲရေးသူ၊  ထိုစာအုပ်များ ရောင်းရငွေမှရော ရုပ်ရှင်မှရော သူရသည့် ဝင်ငွေဖြင့် ဒေါ်လာသန်းထောင်ချီ ချမ်းသာသွားပြီ။ ထို့အတူ ရှေးသီချင်းတီးသည်ချင်း တူလျှင် ကိုယ့်မြို့က စန္ဒရားဆရာလေး၏ ‘သူ့လက်သံ’ ကို အိမ်တွင်  နားထောင်တော့မည် မဟုတ်၊ ကမ္ဘာ့နံပါတ်တစ် စန္ဒရားဆရာ၏ လက်သံကိုသာ နားထောင်တော့မည်။ one-click away ခလုတ်တစ်ချက်နှိပ်ရုံ မဟုတ်လား။ ထိပ်ဆုံးက လက်ရာကိုသာ ခံစားတော့မည်။ ထို့ကြောင့် AI အန္တရာယ်ကင်းအောင် ဂီတတို့ အနုပညာတို့ လိုက်စားလျှင်လည်း  ထင်သလောက် မလွယ်။ ယခင်ကလို ကိုယ့်နယ်လေးတွင် ကိုယ်မင်းမူချင်၍ ရချင်မှ ရတော့မည်။

အနာဂတ်အလုပ်အကိုင်သည် မလွယ်ဟု ပြောခြင်းမဟုတ်ပါ။ ယနေ့ခေတ် အလုပ်အကိုင်အချို့ အနာဂတ်တွင် ပျောက်သွားမည်ဖြစ် သော်လည်း အလုပ်အကိုင်သစ်များလည်း ပေါ်လာမည်။ အနာဂတ်အလုပ် အကိုင်၏ ကောင်းကွက်မှာ အနာဂတ်ပညာရေးဖြစ်သည်။ စဉ်ဆက်မပြတ် သင်ယူရမည်၊ ကိုယ့်လိုအပ်ချက် ကိုယ်ဖြည့်ရမည်၊ ကိုယ့်အကြိုက်ပညာ ကို ကိုယ့်နှုန်းနှင့် ကိုယ်သင်ရမည်။ အနာဂတ်အလုပ်အကိုင်များ ပုံစံပြောင်း လာသော်လည်း အနာဂတ်ပညာရေးနှင့်သာဆိုလျှင် ကြောက်စရာမလို။

ရေးရင်းရေးရင်း များသွားပြီ။ ရပ်ဦးမှ။ အနာဂတ်ပညာရေးဆိုသည် အတိတ်ပညာရေးဖြစ်သည်။ ကိုယ့်အားကိုယ်ကိုးဖို့ ပြောခြင်းလည်း ဖြစ်သည်။

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *