လူငယ်များအတွက် လက်တစ်ကမ်းမှပြေးလမ်း

‘Tinininininini’  ‘Tinininininini’ဟူသည့် အသံ၊ စာနှင့် စဖွင့်သည့် ဗီဒီယိုဖိုင်များကို ကြည့်ရှုသူမှာ ဗီဒီယိုဖိုင်တစ်ခုလျှင် အနည်းဆုံး 3.2 K မှ 107K အထိ ရှိနေသည်။ အဆိုပါရုပ်သံဖိုင်များကို Follower လေးသိန်းကျော်ရှိသည့် Comedy in the city ဟု အမည်ပေးထားသည့် Facebook ပေ့ခ်ျ မှ  တင်ဆက်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အပေါက်ဆုံး ဆိုရှယ်မီဒီယာမှာ Facebook ဖြစ်သည်။ အနှီ Facebook ကို သတင်းအချက်အလက်ရှာဖွေရာ၊ ရင်းနှီးသူအချင်းချင်း ဆက်သွယ်ပြောဆိုရင်း သာမန် Facebook အသုံးပြုနေသူအများစုထဲမှ ကိုယ်ကျွမ်းကျင်ရာကို လူမှုကွန်ရက်ပလက်ဖောင်း  (Social Platform) ပေါ်မှတစ်ဆင့် မျှဝေရင်း မိမိ၏နာမည် ဂုဏ်သိက္ခာ၊ ကျော်ကြားမှု၊ အသိပညာဖြန့်ဝေ တည်ဆောက်နေသူများလည်း ရှိလာပြီ ဖြစ်သည်။

လူမှုကွန်ရက်တွင် ကိုယ်ကျွမ်းကျင် ရာမျှဝေရင်းနှင့် လူအများ၏ စိတ်အာရုံကို  ဖမ်းစားနိုင်သူများ တိုးပွားလာသည်မှာ သုံး၊ လေးနှစ် ဝန်းကျင်ခန့်ရှိလာပြီ။ ထိုသို့ လူအများ၏ အချိန်ပေးကြည့်ရှုစိတ်အာရုံကို ဖမ်းစားလာနိုင်ကာ နောက်ဆုံး သုံးစွဲသူအများစုကို ကိုယ်စားပြုသော Public Figure အထိရောက်လာသူများလည်း  မနည်းလှတော့ချေ။

“Trend မိတာလေ။ လက်ရှိဖြစ်နေတဲ့ Social Trend ကို သူတို့က ကောင်းကောင်းအသုံးချနိုင်တာ”ဟု မသဲစုစံက ဆိုရှယ်မီဒီယာအမှီပြု အောင်မြင်နေသူများနှင့် ပတ်သက်ပြီး သူ့အမြင်ကို ပြောဆိုလိုက်သည်။

ဆိုရှယ်မီဒီယာကို အသုံးချ၍ နေရာ တစ်ခုရယူနိုင်ခဲ့သူများတွင် ဝါသနာအရ လုပ်ဆောင်နေသူများရှိသကဲ့သို့ စနစ်တကျအထိုင်ချ လုပ်ဆောင်နေသူများ လည်း ရှိသည်။

ထိုလူများထဲတွင် ရုပ်ရှင် Trailer များ၊ ဗီဒီယိုဖိုင်အတိုများကို ပါးစပ်လှုပ်ရှားမှုအလိုက် ကိုက်ညီစေသည့် စာသားများထည့်သွင်းရေးသား၍ ဟာသအမြင်ဖြင့်  တင်ပြသည့် Comedy in the city ဟူသည့် အမည်ဖြင့် Facebook ပေ့ခ်ျ၏ ပဲ့ကိုင်ရှင် မှာ ဆိုရှယ်မီဒီယာပေါ်တွင် ပလက်ဖောင်းတစ်ခုရယူရန် ကနဦးကတည်းက အစီအစဉ်ချ၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

“အနုပညာနဲ့ပတ်သက်တဲ့ အလုပ်မျိုး လုပ်ချင်တာပါ။ အဲဒါကြောင့်လည်း  ကိုယ့်မှာရှိတဲ့ Hidden talent တွေကို အကောင်းဆုံးအသုံးချမယ်ဆိုပြီး Plan ချခဲ့ပါတယ်။ ရည်ရွယ်ချက်ထားပြီး လုပ်ခဲ့တာပါဗျာ။ Be Positive ဆိုတဲ့ အိုင်ဒီယာကို promote လုပ်ချင်ပါတယ်။ comedy in the city က community တစ်ခုကို Positive impact ပေးချင်ပါတယ်” ဟု Comedy in the city ၏ ပဲ့ကိုင်ရှင်က ဆိုသည်။

ထိုသို့ Social Platform ကို  အသုံးချ၍ ကိုယ်နှစ်သက်ရာဝါသနာပါရာမှသည် လူအများနှင့်ဆိုင်သည့် အကြောင်းအရာများကို ပြန်လည်မျှဝေနေသည့် လူငယ် များထဲတွင် Yangon Thu Michelle  – ရန်ကုန်သူမီရှဲအမည်နှင့် Life Blogger  အဖြစ် လုပ်ဆောင်နေသည့် ရန်ကုန်သူမီရှဲလည်း အပါအဝင်ဖြစ်သည်။

“အစကတည်းက Blog လုပ်ဖို့ စိတ်ကူးမရှိဘူး။ လုပ်ချင်တဲ့အကြောင်းအရာကိုပဲ သူများကိုပြောပြီး လုပ်စေချင်တာ။ ဘယ်သူမှ မလုပ်ပေးနိုင်တော့ ကိုယ့် ဘာသာလုပ်ရင်းနဲ့ ဖြစ်သွားတာ”ဟု ရန်ကုန်သူမီရှဲက ဆိုသည်။

ရန်ကုန်၏ သမိုင်းကြောင်းနှင့်  ပုံပြင်ရှိသည့် နေရာအဆောက်အအုံများ၊  အားကစားလုပ်၍ရသည့် နေရာများကို  လူပိုသိစေချင်သည့်ဆန္ဒ၊ သိသင့်သည့် ကျန်းမာရေး၊ လူမှုရေး၊ အမျိုးသမီးနှင့်ဆိုင်သည့် အကြောင်းအရာများကို ပြောပြချင်သည့်အတွက် Blog လုပ်ဖြစ်ခဲ့သည်ဟု  ရန်ကုန်သူမီရှဲက ပြောပြသည်။

“Social Media က လူတိုင်း နီးပါးအသုံးပြုနေကြတော့ ကိုယ့်ရဲ့ talent နဲ့ ability ကိုဖော်ပြခွင့်ရတဲ့ အခွင့်အရေးနဲ့ မြင်သာစေတဲ့ Platform ဖြစ်လာတယ်။  မီရှဲလည်း လူငယ်တွေကို သတိပြုမိစေချင်တဲ့ အကြောင်းအရာတွေကို  စဉ်းစားရင်းနဲ့ပဲ Social Media မှာပဲ တင်ဖြစ်သွားတာပါ” ဟု မီရှဲက ဆိုရှယ်မီဒီယာသည် လူငယ်များအတွက် အခွင့်အရေးဖြစ်လာပုံကို  ဆိုသည်။

လူမှုကွန်ရက်မီဒီယာကို Social  Platform အဖြစ် လူအများ အားပေးထောက်ခံစေရန်၊ အောင်မြင်မှုရရှိစေရန်  အသုံးချနိုင်သလို တစ်ကိုယ်ရည်အောင်မြင်မှုအတွက် အသုံးချနိုင်သည်ဟု မြင်သူက  မသဲစုစံဖြစ်သည်။

“ကိုယ်တိုင်အသုံးချနိုင်ရင် ကောင်းတယ်။ အနည်းဆုံးတော့ Link In လောက်သုံးပြီးတော့ အလုပ်ရှာမယ်ဆိုရင်တောင် ကိုယ့်ရဲ့ Profile လေးကို သေချာ Prepare လုပ်ထားရင်ကို တခြားအလုပ်တွေက Auto လာခေါ်တာမျိုး ရှိတယ်။  တခြားမဟုတ်တောင် ကိုယ့်ကိုယ်ကိုယ်  Branding  လုပ်ထားသင့်တယ်”ဟု မသဲစုစံက Social Trend ကို လူငယ်များ အသုံးချသင့်ပုံကို ပြောဆိုသည်။

စီးပွားရေးလုပ်သည်မျိုးအထိ မသွားလျှင်တောင် မိမိ၏ နေရာတစ်ခု၊ နာမည်တစ်ခုကို တည်ဆောက်ထားသင့်ကြောင်း၊  လူမှုကွန်ရက်တွင် Branding လုပ်ခြင်းမှာ ဈေးအသက်သက်သာဆုံး အခွင့်အရေးဖြစ်ပြီး ဖြစ်နေသည့် Trend ပေါ်တွင် အချိန်ကိုက် အသုံးချနိုင်ရန်လိုကြောင်း၊  မလုပ်ဖြစ်သေးလျှင်တောင် လုပ်ရန် ကြိုးစားသင့်ကြောင်း မသဲစုစံက အကြံပြုသည်။

မသဲစုစံသည် ကုမ္ပဏီတစ်ခုတွင်  Marketing Supervisor အဖြစ် လုပ်ကိုင်နေသူဖြစ်သည်။

လူမှုကွန်ရက်လိုင်းကို အလိုက်သင့်စီးရင်း မိမိအတွက် အကျိုးရှိရှိအသုံးချခြင်းဖြင့် ပြင်ပဘ၀အတွက်ပါ ကောင်းကျိုးများ ရှိလာသည်။

Social Trend ကို စနစ်တကျ အသုံးချ၍ လူသိများလာလျှင် (သို့မဟုတ်)  Social Influencer တစ်ယောက်ဖြစ်လာလျှင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် ပိုမိုအောင်မြင်နိုင်မည်ဟုလည်း  မသဲစုစံက တစ်ထစ်ချယုံကြည်ထားသည်။

“မဂျူးသဉ္ဇာဆို ကြည့်ပါလား သူ့ကိုယ်သူ လူသိအောင် အရင်လုပ်တယ်။  နောက်စီးပွားရေးလုပ်တော့ အုံးဒိုင်းဆို သူက လူသိပြီးသားဆိုတော့ ပိုအောင်မြင် သွားတယ်။ ဒီတိုင်း သူ့ဘာသာ သူရောင်းနေရင် ဒီလောက် အရောင်းသွက်မှာ မဟုတ်ဘူး”ဟု မသဲစုစုံက သူ့အမြင်ကို ပြောဆိုသည်။

လူမှုကွန်ရက်ကို ရည်ရွယ်ချက်ရှိရှိနှင့် စနစ်တကျအသုံးချတတ်ပါက ပင်ကိုယ်အရည်အချင်းရှိလျှင် ရှိသလောက် ပိုမိုအောင်မြင်နိုင်သည့် သက်သေအများအပြား ရှိသည်။ သာဓကအနေနှင့်  ထုတ်ပြရမည်ဆိုလျှင် ကြက်တောင် အားကစားမယ် မသက်ထားသူဇာ၏ အောင်မြင်မှုတစ်ဆင့် တိုးသည်မှာ ဆိုရှယ်မီဒီယာ၏ စွမ်းအားလည်း ပါဝင်သည်။

ဆိုရှယ်မီဒီယာပေါ်တွင် အောင်မြင်လာခြင်း၏ မူကွဲတစ်ခုဟုဆိုရမည်မှာ မသက်ထားသူဇာမှာ သူ၏ ကြက်တောင်အားကစားနှင့်ပတ်သက်သည့် အောင်နိုင်မှုများကို သူကိုယ်တိုင် ဆိုရှယ်မီဒီယာပေါ်တွင် တင်ကာ လူသိများအောင် စတင်လုပ်ဆောင်ခဲ့ခြင်း မဟုတ်ခဲ့ပေ။ အွန်လိုင်းအသုံးပြုသူအချင်းချင်း သူ၏ အောင်မြင်မှုကို တွေ့၍ မျှဝေရာမှတစ်ဆင့် လူသိများထင်ရှားလာကာ နောက်ပိုင်းတွင် THET HTAR Thuzar ဆိုသည့် Facebook ပေ့ခ်ျထောင်ကာ သူ၏ လှုပ်ရှားမှုများကို လူအများကို မျှဝေခဲ့ခြင်း ဖြစ်သည်။

ပြင်ပဘ၀တွင် ပုံမှန်ကြက်တောင်အားကစားမယ်အဖြစ်သာ နေထိုင်ပြီး  ဆိုရှယ်မီဒီယာအပေါ်  မတက်လှမ်းဖြစ်ခဲ့လျှင် သူ၏ အောင်မြင်မှုမှာ အကန့်အသတ်နှင့်သာ ရှိနေနိုင်သည်။ ဆိုရှယ်မီဒီယာအပေါ်  တက်လှမ်းနိုင်မှုနှင့်အတူ ၎င်းကို တစ်နိုင်ငံလုံးသိရှိကာ အမျိုးသားထုကြီး အပါအဝင် လူအများ၏ ဝန်းရံမှုကို ရရှိခဲ့သည်။

မသက်ထားသူဇာသည် လက်ရှိတွင် ကြက်တောင်ရိုက်ကူးခြင်းအပြင် တေးသံရှင်ရဲလေး၏ MTV တွင် ပါဝင်ရိုက်ကူးမှုရှိသလို စီးပွားရေးကြော်ငြာတော်တော်များများ၏ ကြော်ငြာသူအဖြစ်ပါ ဆောင်ရွက်နေရပြီဖြစ်သည်။ လတ်တလောတွင်  မြန်မာ Unicode စံစနစ်ကူးပြောင်းရေးအတွက် သံတမန်အဖြစ် ခန့်အပ်ခံထားရသည်။

မသဲစုစံကမူ “သက်ထားသူဇာဆို  ဒီထက်ပိုပြီး ဆိုရှယ်မီဒီယာကို အသုံးချသင့်သေးတယ်။ သူက ဒီထက်ပိုပြီး အောင်မြင်နိုင်တယ်။ ခု အောင်မြင်တယ်ဆိုတာလည်း  Trend ဖြစ်နေလို့သာ တခြားအသုံးချတတ်တဲ့လူတွေက ဘာမဟုတ်ဘဲနဲ့ သူ့ထက် အောင်မြင်နေတာတွေ ရှိတယ်”ဟု သူ့အမြင်ကို ပြောဆိုသည်။

အကောင်းနှင့် အဆိုး ဒွန်တွဲနေသည့် လောကတွင် လူမှုကွန်ရက်၌ အောင်မြင်မှုရရန် ကိုယ့်ကြိုးစားမှုနှင့်  ကျွမ်းကျင်မှုပေါ် မူတည်၍ လုပ်ဆောင်ရသော်လည်းလူအမျိုးမျိုး စိတ်အထွေထွေ ဖြစ်သည့်အတွက် အားပေးသူများရှိသလို ဝေဖန်တိုက်ခိုက်ခံရမှုများလည်း ရှိသည်။

“ဆဲတဲ့လူတွေကို ဘမ်းတယ်။  နိုင်ငံရေး၊ လူမှုရေးနဲ့ လာတိုက်ခိုက်ရင် Report ထုတယ်။ အသားလွတ် မကောင်းဘူးပြောရင် လျစ်လျူရှုတယ်။ အထောက် အထားမရှိ ဝေဖန်၊ မကောင်းပြောရင်တော့  ချက်ကျလက်ကျ ပြန်ပြောဖြစ်တယ်” ဟု ရန်ကုန်သူမီရှဲက ဆိုသည်။

အပြုသဘောနှင့် ပြောကြားလာသည်မျိုးကိုလည်း သေချာနားထောင်ပြုပြင်ဖြစ်သည်ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

Comedy in the city  ပဲ့ကိုင်ရှင်ကမူ comment များ၊ ပို့စ်များအောက်တွင် အကောင့်တုများနှင့် ရိုင်းရိုင်းစိုင်းစိုင်း လာပြောနေမှုများကို ပြန်မပြောဖြစ်ကြောင်း၊ သို့ရာတွင် ဆိုရှယ်မီဒီယာကို  Professional ဆန်ဆန်၊ တာဝန်ယူမှုရှိရှိ အသုံးချသင့်ကြောင်း ၎င်း၏ ထင်မြင်ချက်ကို ပြောဆိုသည်။

“ဆိုရှယ်မီဒီယာမှာ Public ကို Toxic (အဆိပ်အတောက်) ဖြစ်စေမယ့် hf Content တွေ၊ Negative ဖြစ်တဲ့ အိုင်ဒီယာတွေ၊ Comment တွေ၊ အရမ်းများပါတယ်။ ပေ့ခ်ျပဲဖြစ်ဖြစ်၊ Personal  အကောင့်ပဲဖြစ်ဖြစ်ပေါ့။ ဆိုရှယ်မီဒီယာပေါ် နစ်မြောပြီး ပေါ်ပြူလာဖြစ်ချင်တာတွေ  များတာကို တွေ့ရပါတယ်”

ကမ္ဘာတွင် ဆိုရှယ်မီဒီယာသည် သတင်းအချက်အလက်မျှဝေရုံ၊ သူငယ်ချင်း မိတ်ဆွေ၊ မိဘဆွေမျိုးများကြား ဆက်သွယ်ရုံတင်မကဘဲ ဆိုရှယ်မီဒီယာတွင် အောင်မြင်နေသူများမှာ လက်တွေ့ဘ၀တွင်ပါ ငွေကြေးပိုင်းဆိုင်ရာအရပါ အောင်မြင်မှုများ ရရှိလာသည်အထိ ဖြစ်လာသည်။

မြန်မာနိုင်ငံ၏ အင်တာနက်အသုံးပြုသူ ၉၀ ရာခိုင်နှုန်းကျော်သည် Facebook ကို အသုံးပြုနေကြခြင်းဖြစ်ပြီး Facebook အသုံးပြုသူအများစုသည် အသက် ၂၅ နှစ်မှ ၃၄ နှစ်အရွယ် လူငယ်များဖြစ်ကြသည်ဟု Audience  Insights (Facebook) တွင် ဖော်ပြချက်အရ သိရသည်။

မြန်မာတွင် Facebook မှာ အင်တာနက်ဟု ပြောရလောက်သည်အထိ  လူသိများပြီး လူဦးရေသန်း၂၀ ကျော် အသုံးပြုနေကြသည်။ ထို့ကြောင့်  Facebook လူမှုကွန်ရက်တွင် အောင်မြင်လာသူမှာ ပြင်ပဘ၀တွင်ပါ အောင်မြင်သူ ဖြစ်လာနိုင်သည်။

“အဲဒါက win-win ပဲ။ ဝါသနာပါတာလုပ်ရင်း ပိုက်ဆံရတာက အကောင်းဆုံးပဲ။ Commercial ကို အရမ်းမများဘဲ ဒါမှမဟုတ် creativity နဲ့ မျှထိန်းရင်တော့ Audience  အတွက်လည်း ပိုကောင်းတယ်။ Audience ကကျ ကြော်ငြာကြည့် ဖို့ ရောက်နေတာတော့ မဟုတ်ဘူးဆိုတော့” ဟု လူမှုကွန်ရက်တွင် အောင်မြင်လာသူများနှင့် ပတ်သက်၍ အသက်၂၇ နှစ်အရွယ် မမြတ်နိုးခင်က ဆိုသည်။

သို့ရာတွင် ထိုသူများအတွက် သတိပြုစရာအချက်များလည်း ရှိနေသေးသည်။  ကိုယ့်ဖန်တီးမှုထက် ကြော်ငြာအသားပေးသာ ဖြစ်နေပါက အားပေးသူများ၏ ယုံကြည်မှုကျလာသည်မျိုးလည်း ဖြစ်နိုင်သည်ဟု  မမြတ်နိုးခင်က ဆက်လက်ပြောပြသည်။

မမြတ်နိုးခင်သည် အလွတ်တမ်းလူမှုဆက်ဆံရေးအရာရှိအဖြစ် လုပ်ဆောင်နေသူ ဖြစ်သည်။

“အများကြီး စဉ်းစားရပါတယ်။ မီရှဲကိုယ်တိုင်သုံးကြည့်တယ်။ sponsor ပေးတဲ့ပစ္စည်း၊ service ကိုလည်း  ကိုယ်ကိုယ်တိုင် သူတို့ မထင်ထားတဲ့အချိန်ကို ထပ်သွားတယ်။ တခြား ပစ္စည်းအမျိုးအစားကိုလည်း ထပ်ဝယ်သုံးကြည့်တယ်။  တတ်နိုင်ရင် အရင်ဝယ်သုံးပြီး သုံးရတာ လုံးဝစိတ်ကျေနပ်မှုရှိမှ ရွေးဖြစ်တယ်”ဟု ရန်ကုန်သူမီရှဲက စီးပွားရေးအရ  ကြော်ငြာများကမ်းလှမ်းလာမှုများနှင့် ပတ်သက်၍ ၎င်း၏ ရွေးချယ်မှုကို ပြောပြသည်။

မိမိတင်လိုက်သည့် စာများ၊ ဗီဒီယိုများကို ကြည့်ရှုသူများအတွက် အမြင်မတူသည်မျိုး ရှိနိုင်ကြောင်း၊ ထို့အတွက် အရမ်းကောင်းသည်ဟူသည်မျိုးထက် မည်သည့် အချက်ကို ကြိုက်သည်၊ မည်သည့်အချက်ကို စဉ်းစားသင့်သည်၊ မိမိဘာကြောင့် ရွေးချယ်သည်ဆိုသည်မျိုးသာ ပြောဖြစ်ကြောင်း၊ Sponsor ပစ္စည်းသုံးကြည့်သည့်အခါ မကြိုက်၍ ငြင်းဖြစ်သည်များလည်းရှိကြောင်း ရန်ကုန်သူမီရှဲက ဆိုသည်။

ထိုသို့ Commercial ကြော်ငြာများ၏ဆက်သွယ်မှုများနှင့် ပတ်သက်၍မူ Comedy in the city က ယခုလိုဆိုသည်။

“ပိုက်ဆံရတိုင်း အလုပ် လက်မခံပါဘူးဗျ။ ကိုယ့် Content ထိမယ့်ဟာဆိုရင် ငြင်းလိုက်တယ်။ Content ကလည်း  Limite လုပ်ပြီး ထုတ်တာမို့လို့။ Commercial အရမ်းမသွားဘူး။ အဓိက က Citc (Comedy in the city) က fan တွေက ဦးစားပေးပါ”

လူမှုကွန်ရက်သုံးစွဲသူများကို လွှမ်းမိုးနိုင်သော Social Influencer များ၏  ကြော်ငြာများ ရိုက်ကူးမှုများလာပါက  Audience များမှာ Brand များ၏  လွှမ်းမိုးမှုခံရနိုင်ကြောင်း၊ ဆိုးကျိုးအနေနှင့် လူမှုကွန်ရက်မှ ကျော်ကြားသူများမှာ ကိုယ်ပိုင် Content  နှင့် ကြော်ငြာအကြား  ဗျာများရနိုင်ကြောင်း မမြတ်နိုးခင်က  သူ့အမြင်ကို ပြောဆိုသည်။

“Bank တွေရဲ့ဂျင်းထည့်တာ၊ ဥပမာ – မိတ်ကပ်ဘလော့ဂါက ဒါပစ္စည်း ကို ကောင်းတယ်ပေါ့။ နေ့တိုင်း သုံးနေတယ်ပေါ့။ တကယ်က ဒီပို့စ်က ကြော်ငြာပို့စ်ပေါ့။ သူကိုယ်တိုင်လည်း မသုံးဘူး။  ဒါမျိုးတွေကိုတော့ တော်တော်လေး သတိထားဖို့ လိုတယ်”

Social Influencer  များအနေနှင့် အထူးသတိထားရမည်မှာ နာမည်ပျက်မရှိစေရန်ဖြစ်ပြီး နာမည်ပျက်တစ်ခုဖြစ်သည်နှင့် Brand များနှင့် စာချုပ်များပျက်သွားနိုင်ကြောင်း မမြတ်နိုးခင်က  ဆိုသည်။

ယခင်က လူသိများအောင်မြင်မှုရရှိရန်မှာ ဂျာနယ်၊ သတင်းစာနှင့် TV  ကဲ့သို့ လမ်းကြောင်းများကိုသာ အားကိုးတကြီး လုပ်ဆောင်ရမှုများ ရှိသော်လည်း ယနေ့ခေတ်တွင်မူ လူမှုကွန်ရက်ပေါ်တွင် မိမိ၏ ကျွမ်းကျင်ရာကို တိုက်ရိုက်မျှဝေရင်း လူအများ၏ လက်ခုပ်သံကို အချိန်တစ်ခဏအတွင်း ဝေဝေဆာဆာကြားရနိုင်သည်။

တစ်နည်းဆိုရသော် အောင်မြင်မှုအတွက် တိုက်ရိုက်ဆက်သွယ်နိုင်မည့်  လူမှုကွန်ရက်သည် လူငယ်တို့၏လက်တစ်ကမ်းတွင်ရှိသည့် ပြေးလမ်းကြောင်းကောင်းတစ်ခု ဖြစ်လာသည်။ သို့ရာတွင် အထူးသတိထားရမည့် အချက်မှာ လူမှုကွန်ရက်ပြေးလမ်း၏ ပြိုင်ဆိုင်မှုမှာ ပိုမိုများပြားခြင်းပင်။

လူမှုကွန်ရက်ပြေးလမ်းသည် လူတိုင်းအတွက်ဖြစ်သည့်အတွက် မိမိက အခြားလူထက်ထူးချွန်နိုင်မှရမည်ဖြစ်ပြီး ရေရှည်အောင်မြင်အောင်လုပ်ဆောင်နိုင်ရန်မှာ ပိုအရေးကြီးသည်ဟု မသဲစုစံက ပြောဆိုသည်။

“ခေတ်က ပြောင်းလဲလာလို့ လုပ်ရတာ ပိုလွယ်သွားတာပဲရှိတယ်။ ဒါပေမဲ့ အောင်မြင်မယ်၊ မအောင်မြင်ဘူးဆိုတာက အဲဒီလူနဲ့ပဲ ဆိုင်တယ်။ အဲဒီလူရဲ့ Skills  နဲ့ပဲ ဆိုင်တယ်။ မဟုတ်ရင် ပေါ်ပင်ပဲ”။

မြန်မာနိုင်ငံတွင် အားကောင်းသည့်  Facebook ပေါ်တွင်သာ လတ်တလောတွင် လူငယ်အများစု လမ်းသစ်ဖောက်သည့်အနေနှင့် သုံးစွဲနေရသော်လည်း ရေရှည်တွင်မူ ထိုထက်ပိုမိုသည့် Social Platform  ပေါ်သို့ တက်လှမ်းရန် လိုအပ်မည်မှာ အသေအချာပင် ဖြစ်သည်။

“တကယ်လို့  Bank အကောင့်ဖွင့် လို့ရရင် YouTube ဘက်မှာ ဒီထက် ပိုကောင်းတဲ့ Vlog တွေကို မြန်မာနိုင်ငံ  အဓိကထားပြီး လုပ်မယ် စိတ်ကူးတယ်။  တစ်ဖက်ကလည်း ကိုယ်ပိုင်စီးပွားရေး သေးသေးလေး စထားပြီး လုပ်ချင်တဲ့ကိစ္စ အတွက် အထောက်အပံ့ရအောင် လုပ်ထားမယ်လို့ ရည်ရွယ်ထားပါတယ်”ဟု ရန်ကုန်သူ မီရှဲက Social Platform  နောက်တစ်ဆင့်သို့ တက်လှမ်းရန် ရည်ရွယ်ထားပုံကို  ပြောပြသည်။

မည်သို့ပင်ဆိုစေ လူမှုကွန်ရက်နှင့် အတူဖြစ်ပေါ်လာသည့် Social Trend ပေါ်တွင် လူငယ်များ လိုက်ပါစီးနင်းနေဦးမည် ဖြစ်သည်။

လူမှုကွန်ရက်ကို အသုံးပြုပြီး အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အနေနှင့် လုပ်မည်ဆိုလျှင် ဝါသနာနှင့် ဆက်စပ်ပြီး ပုံရိပ်တစ်ခု မည်သို့ တည်ဆောက်ရမည်ကို သိရှိထားရန်လိုကြောင်း၊ အသက်မွေးလမ်းကြောင်းအထိ လုပ်ဆောင်ရန် တွေးထားပါက ကြိုတင်ပြင်ဆင်ထားရန် လိုကြောင်း၊ ထိုသို့ မဟုတ်ပါက ကိုယ့်ဝါသနာကို အသုံးချပြီး လုပ်စားသွားသူများ ရှိလာနိုင်ကြောင်း ရန်ကုန်မီရှဲက ပြောဆိုသည်။

Comedy in the city ပဲ့ကိုင်ရှင် ကမူ Social Trend ပေါ်တက်လာမည့်  လူငယ်များနှင့် ပတ်သက်၍ ယခုကဲ့သို့ ဆိုသည်။

“ဆိုရှယ်မီဒီယာက Powerful  Tool တစ်ခုပါဗျ။ ကောင်းအောင် သုံးလို့ ရသလို ဆိုးအောင်လည်း လုပ်လို့ ရပါတယ်။  လူငယ်တွေရဲ့ အိုင်ဒီယာတွေ၊ Creativity  တွေက ဒီခေတ်ကြီးမှာ ဆိုရှယ်မီဒီယာပေါ်  အရမ်း Depend ဖြစ်နေတယ်။ အခုခေတ် လူငယ်တွေက အရမ်း Talented ဖြစ်ပြီး  အိုင်ဒီယာတွေ အရမ်းကောင်းပါတယ်။  ကောင်းကောင်းအသုံးချပါလို့ ပြောချင်ပါတယ်ဗျ”။

ဆွေငြိမ်းအေး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *