ကမ္ဘာကပြောသော မြန်မာ့အကြောင်း

(ယခုအင်တာဗျူးမှာ ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (Yangon Heritage Trust) တည်ထောင်သူ ဦးသန့်မြင့်ဦးကို စင်ကာပူသတင်းမီဒီယာတစ်ခုဖြစ်သော  Rice  က မေးမြန်းချက်များ ဖော်ပြထားခြင်း ဖြစ်သည်။ မြန်မာနှင့် စင်ကာပူနိုင်ငံတို့မှာ ဗြိတိန်ကိုလိုနီနိုင်ငံဖြစ်ခဲ့ခြင်းတွင် တူညီသည်။ လွတ်လပ်ရေးရပြီးတွင်မူ အလွန်ခြားနားသည့် လမ်းကြောင်းကို လျှောက်လှမ်းခဲ့ကြသော်လည်း ယဉ်ကျေးမှုအမွေအနှစ်များ၊ သမိုင်းပညာ ရပ်ဆိုင်ရာများ၊ အနာဂတ်အတွက်သမိုင်းမှာ မည်သည့်အတွက်ကြောင့် အရေးပါသနည်းဆိုသည့် ကိစ္စများနှင့် ပတ်သက်၍မူ နှစ်နိုင်ငံစလုံး အပြန်အလှန် လေ့လာသင်ယူသင့်သည့်အကြောင်း တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ပါသည်။)

အလွန်အရေးကြီးသည့် မြန်မာ့သမိုင်းသစ်သင်ကြားရေး

မေး    –       စင်ကာပူနိုင်ငံသားတွေဟာလည်း သူတို့ရဲ့အတိတ်နဲ့ ပတ်သက်ပြီး ဘယ်လို ဆွေးနွေးသုံးသပ်သင့်သလဲဆိုတဲ့ ကိစ္စကို စပြီးတော့ မေးခွန်းထုတ်နေကြပါပြီ။ ကျွန်မတို့ မေးခွန်း မထုတ်ဘဲ လက်ခံပြီးသင်ကြားကြီးပြင်းလာခဲ့တဲ့ အယူအဆတွေဖြစ်တဲ့ လူတော်ချီးမြှောက်ရေးဝါဒ (Meritocracy)၊ လူမျိုးပေါင်းစုံ သဟဇာတဖြစ်ရေး (racial harmony)၊ ကိုလိုနီဝါဒဆိုတဲ့  အယူအဆတွေကို စူးစမ်းလေ့လာလိုတဲ့ သူတွေ ပိုပိုပြီး များလာပါပြီ။ ဒါပေမဲ့  ရှင်က ဘာဖြစ်လို့ ဒီဗိသုကာလက်ရာတွေက အဲဒီလို ဆွေးနွေးပြောဆိုမှုတွေ ဖြစ်လာဖို့ ဂိတ်တံခါးတစ်ခုလို့ ရှုမြင်ရတာပါလဲ။

ဖြေ    –       ကျွန်တော့်အထင်တော့ ဗိသုကာလက်ရာတွေက ဒီလိုဆွေးနွေးမှုတွေ ဖြစ်လာဖို့ မဖြစ်မနေစမှတ်လို့တော့ မယူဆပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့မှာ ဒီလိုဗိသုကာအနုပညာတွေ အလွန်ကြွယ်ဝတဲ့ အရာတွေ မြို့ထဲမှာ တည်ရှိနေပါတယ်။ တချို့အဆောက်အအုံတွေက ကိုလိုနီခေတ်အဆောက်အအုံတွေ ဖြစ်ပြီးတော့ တချို့ အဆောက်အအုံတွေက လူတွေ ဝတ်ပြုကိုးကွယ်မှုနဲ့ ဆိုင်တဲ့နေရာတွေပါ။ ပြောရရင် ပြတိုက်ကြီးတစ်ခုလိုပါပဲ။ ဒေသခံ လူ့အသိုင်းအဝိုင်းက နည်းအမျိုးမျိုးနဲ့ စုဆောင်းထိန်းသိမ်းဖို့လို့တဲ့ ပြတိုက်ကြီး တစ်ခုပါ။ ကိုလိုနီဝါဒမှာ အတိတ်မည်းကြီးတွေလည်း ရှိပါတယ်။ ဒီအဆောက်အအုံ တွေနဲ့ ဒီအဆောက်အအုံတွေကို ထိန်းသိမ်းတဲ့ လုပ်ရပ်တွေအပေါ် ဂုဏ်ရောင်ထွန်းပြောင်ခဲ့တဲ့ ကိုလိုနီအတိတ်ကာလကို အောင်ပွဲခံတဲ့ လုပ်ရပ်အဖြစ် မမြင်ဖို့ အရေး ကြီးသလို၊ ကိုလိုနီအတိတ်ကာလနဲ့ လုံးဝ အဆက်ဖြတ်လိုတဲ့စိတ်နဲ့ ဖြိုချဖျက်ဆီးမပစ်ဖို့လည်း အရေးကြီးတယ်လို့ ကျွန်တော် ထင်ပါတယ်။ တကယ်တော့ ဒီဗိသုကာလက်ရာတွေ အာလုံးရဲ့အစစ်အမှန် အဓိပ္ပာယ်က ဘာလဲဆိုတာကို ဆွေးနွေးသုံးသပ်ဖို့ ဒီဗိသုကာလက်ရာတွေဟာ စမှတ်ဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။

မြန်မာကိစ္စမှာတော့ စစ်အစိုးရလက်ထက်နဲ့ သူ့ထက်စောရှေ့ပိုင်းကာလတွေမှာ အတိတ်သမိုင်းနဲ့ ပတ်သက်ရင် ကလေးတွေဟာ အလွန်ကျဉ်းမြောင်းတဲ့ အမျိုးသားရေးသမိုင်းဇာတ်လမ်းတွေကိုပဲ သင်ကြားခံခဲ့ရပါတယ်။ ခေတ်သစ်သမိုင်းကို ဝေဖန်သုံးသပ်တဲ့နည်းလမ်းနဲ့ သင်ကြားတာမျိုးက အများကြီးမရှိပါဘူး။

မေး    –       အမျိုးသားရေးသမိုင်းဇာတ်လမ်းလို့ ရှင်ပြောတာ့ မသိမသာအပြောင်းအလဲလုပ်ထားတဲ့ အမျိုးသားရေးသမိုင်းဇာတ်လမ်းဆိုတာကို ဖန်တီးတာမျိုးရော ဖြစ်နိုင်ပါသလား။ လက်တွေ့မှာ အပြိုင်ဖြစ်နေတဲ့ မူနှစ်နှစ်ခုရှိတယ်လို့ ထင်ပါတယ်။ တစ်ခုက အခုလို အပြောက်အမွန်းမျိုးစုံကြွယ်ဝတဲ့ တစ်ခုချင်းစီရဲ့  အမှန်တရား၊ နောက်မူတစ်ခုက အားလုံးကို တစ်ပေါင်းတစ်စည်းထဲ လုပ်ထားတဲ့  အမျိုးသားရေး သမိုင်းဇာတ်လမ်း။ ဒီဇာတ်လမ်းရဲ့ နောက်ကွယ်က အိုင်ဒီယာအယူအဆက လူတွေကို လှုပ်ရှားမှုတစ်ခုခု ဖြစ်အောင် အထောက်အကူပေးတဲ့ သဘောပေါ့။

ဖြေ    –       ဟုတ်ပါတယ်။ ကျွန်တော့် အထင်တော့ အဲဒီလို တင်းမာမှုမျိုးက အမြဲဖြစ်နေမှာပါ။ တစ်ဖက်မှာက တတ်နိုင်သမျှ မျက်နှာစာရှုထောင့်စုံကို အခြေခံတဲ့ ဝေဖန်သုံးသပ်မှုမျိုးကို အားပေးဖို့ လိုလားတာမျိုး။ ဒီသမိုင်းကိစ္စတွေအပေါ်မှာ ပုံစံမျိုးစုံနဲ့ ချဉ်းကပ်သုံးသပ်တာ၊ မတူညီတဲ့ လူ့အဖွဲ့အစည်းတွေ၊ မတူညီတဲ့ လူအမျိုးမျိုးမှာ အမြင်အမျိုးမျိုး ရှိတယ်ဆိုတာကို အားပေးလိုတာမျိုး၊ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ကျောင်းနေအရွယ် ကလေးငယ်တွေကို တီထွင်ဖန်တီးမှုရှိရှိ၊ ဝေဖန်သုံးသပ်မှုရှိရှိ စဉ်းစားတတ်အောင် အားပေးတာမျိုး ရှိနေပါမယ်။ နောက်တစ်ဖက်မှာကလည်း ဒီကလေးငယ်တွေကို မှန်ကန်တဲ့ အရာတစ်ခုခုကို သင်ပေးရဦးမှာဆိုတော့ ဒီလိုသင်ပေးဖို့က အဆုံးမရှိတဲ့ စာအုပ်အတွဲလိုက်တွေနဲ့ သင်လို့ မဖြစ်နိုင်ပါဘူး။ ကျွန်တော့်အမြင်ကတော့ အပြောင်းအလဲဖြစ်သွားနိုင်တဲ့ သမိုင်းဇာတ်လမ်းရှိတယ်ဆိုတာ လက်ခံဖို့၊ ပြီးတော့ လူတွေကို အဲဒီဆွေးနွေးသုံးသပ်မှု အစိတ်အပိုင်းထဲမှာ ပါဝင်အောင် အားပေးထောက်ပံ့ပေးဖို့ပါ။

မေး    –       ဒါဆို ကောင်းမွန်တဲ့ သမိုင်းပညာရေးဆိုတာ ဘယ်လိုမျိုးလဲ။

ဖြေ    –        ကျွန်တော့်အမြင်တော့ တစ်ခုနှစ်ခုလောက် ရှိပါတယ်။ ကလေးတွေကို သမိုင်းသင်ကြားပေးတဲ့ အကြောင်းရင်းက တစ်စိတ်တစ်ပိုင်းအားဖြင့် သမိုင်းဆိုတာ စာပေလိုပါပဲ ကိုယ်ချင်းစာစိတ်ဖြစ်အောင် ဖန်တီးပေးတာပါပဲ။ တခြားလူတွေရဲ့ အခြေအနေ၊ အချိန်အခါမျိုးကို ဝင်ကြည့်ပေးနိုင်တဲ့ လူတွေမျိုး ခင်ဗျားအနေနဲ့ ဖြစ်စေချင်ပါလိမ့်မယ်။ ဒီလိုဖြစ်ဖို့က အလွန်အရေးကြီးပါတယ်။ ကျွန်တော့်အမြင်တော့ သမိုင်းသင်ကြားမှုဆိုတာ ကိုယ့်နေရာ ဒေသအကြောင်းကိုပဲ သင်ကြားတာ မဟုတ်ပါဘူး။ သမိုင်းသင်ကြားမှုဆိုတာ ကမ္ဘာ့သမိုင်းကို သင်ကြားတာ၊ ကမ္ဘာလုံးဆိုင်ရာဆက်နွှယ်မှုတွေကို သင်ကြားတာမျိုးပါ။ တခြားလူတွေ၊ တခြားသော ဘ၀ပုံစံတွေကို လူတွစိတ်ဝင်စားအောင် လုပ်ပေးတာမျိုးပါ။ ဒီအချက်တွေက ကျွန်တာ့်ရဲ့ အခြေခံနှုန်း စံတန်ဖိုးတွေပါ။ အဲဒီအချက်တွေနဲ့ဆိုရင် ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ နေရာဒေသ သမိုင်းအကြောင်း ဘယ်လိုစဉ်းစားသုံးသပ်မလဲဆိုတဲ့ အမျိုးသားအဆင့် ဆွေးနွေးပွဲတွေ ဖြစ်လာဖို့ ပိုပြီး လွယ်ကူသွားပါလိမ့်မယ်။

ဥပမာပေးရရင် မြန်မာ့သမိုင်းကို လက်ရှိသင်ကြားနေတဲ့ နည်းလမ်းက ၁၉၄၀ ပြည့်နှစ်ကာလ အမျိုးသားရေးလှုပ်ရှားမှုအကြောင်း၊ မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှု အကြောင်းကို သင်ကြားတဲ့အခါမှာ မြန်မာနိုင်ငံမှာပါ ဖြစ်ပွားခဲ့တဲ့ ဒုတိယကမ္ဘာ့စစ်အကြောင်းကို လုံးဝနီးပါးဖယ်ထုတ်ထားပြီးတော့ သင်ကြားတာပါ။ အဲဒီအချိန်ကာလနဲ့ လွတ်လပ်ရေးအပေါ် အခြေခံကျကျသက်ရောက်နေတဲ့ ကြီးမားတဲ့ ကမ္ဘာ့အင်အားစုတွေရှိတယ်ဆိုတာကို ထည့်သွင်းစဉ်းစားထားခြင်း မရှိပါဘူး။

မေး    –       မကြာသေးတဲ့ ကာလနဲ့  ပတ်သက်တဲ့ မြန်မာသမိုင်းအချက်အလက်တွေထဲမှာ ရှင့်အနေနဲ့ လူတွေကို သိစေချင်တဲ့ အချက်တွေက ဘာများဖြစ်မလဲ။

ဖြေ    –       အင်းကျယ်ကျယ် ပြန့်ပြန့်ပြောရရင်တော့ နှစ်ခု၊ သုံးခုလောက် ရှိပါတယ်။ တစ်ခုက အလွန်အမှောင်လွှမ်းခဲ့တဲ့ ကိုလိုနီအတိတ်ကာလ အကြောင်းပါ။ ကျွန်တော်တို့ဟာ အဲဒီအကြောင်းတွေကို ပယ်ဖျောက်ပစ်ချင်တာမျိုး ဒါမှမဟုတ် ဇာတ်အိမ်ကြီးအောင် ဖန်တီးတာမျိုး  (romanticize) ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဆိုလိုတာက ကစ်ပလင်တို့၊ ဂျော့အော်ဝဲလ်တို့အကြောင်းတွေဆိုတာက အတိုင်းအတာတစ်ခုအထိ အဆင်ပြေပါတယ်။ ဒါပေမဲ့ အရေးကြီးတဲ့ အချက်က ခေတ်သစ်မြန်မာနိုင်ငံကို စစ်ဘက်ဆိုင်ရာလုပ်ငန်းကိုင်ငန်းတွေ ဖန်တီးခဲ့တာ၊ လူမျိုးရေးအဆင့်အတန်းတွေ ခွဲခြားခဲ့တာ၊ အလွန်ခေါင်းပုံဖြတ်မှုရှိတဲ့ အရင်းရှင်စီးပွားရေးစနစ်ကို ဖန်တီးခဲ့တာ ဗြိတိသျှ ဖြစ်ပါတယ်။ အဲဒီဂယက်တွေကို အခုထိ ခံစားနေရတုန်းပါ။

ဒုတိယအချက်က လူတွေ အလွန်အာရုံစိုက်နေကြတဲ့ နယ်ပယ်တွေက အာဏာရှင်၊ စစ်အာဏာရှင်နဲ့ ဒီမိုကရက်တွေ အတိုက်အခံတွေကြားက နိုင်ငံရေးလှုပ်ရှားမှု၊ မကြာသေးခင်ကာလမှာဆိုရင် လူမျိုးရေးပဋိပက္ခနဲ့ အကြမ်းဖက်မှု၊ ဘင်္ဂါလီ (မူရင်းရိုဟင်ဂျာ) အကျပ်အတည်းတွေကိုလည်း တစ်စိတ်တစ်ပိုင်းအနေနဲ့ အာရုံစိုက်နေကြတာပါ။ အာရုံမစိုက်မိကြတဲ့ နယ်ပယ်တွေက ကျွန်တော့်အထင်တော့ မြန်မာ့သမိုင်းကို နားလည်ဖို့ အဓိကကျတယ်လို့တောင် ယူဆမိတဲ့ အချက်ဖြစ်တဲ့ ၁၉၈၈ ခုနှစ် မြန်မာ့ဆိုရှယ်လစ်ဝါဒအပြီး မြန်မာနိုင်ငံဟာ အရင်းရှင်စနစ်အဖြစ် ပြောင်းလဲလာတဲ့ဖြစ်စဉ်ပါ။

မြန်မာ့ဆိုရှယ်လစ်ဝါဒဟာ အောင်မြင်မှုမရှိခဲ့တဲ့ စမ်းသပ်ချက်တစ်ခုပါ။ ဘယ်သူမှ အဲဒီလို ကမ္ဘာ့အလယ် အထီးကျန်တဲ့ အမိန့်ပေးစီးပွားရေးစနစ်ကို ပြန်မသွားလိုကြပါဘူး။ ဒါပေမဲ့ အဲဒီကာလတွေတုန်းက လူတွေက အတော်အတန်သာတူညီမျှရှိတဲ့ လူ့အဖွဲ့အစည်းရှိခဲ့ပါတယ်။ လူတိုင်းအတူတူ ဆင်းရဲခဲ့ကြတယ်။ သိပ်ပြီး ခြားနားတာမျိုး မရှိခဲ့ပါဘူး။ ၁၉၈၉ ခုနှစ်နောက်ပိုင်းမှာ တရုတ်နယ်စပ်၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ တရားမဝင်စီးပွားရေးတွေနဲ့ အများကြီးဆက်စပ်နေတဲ့ အလွန်ဆိုးဝါးတဲ့ နိုင်ရာစားဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲခဲ့ပါတယ်။ အဲဒီဖြစ်စဉ်တစ်ခုလုံးက မြန်မာနိုင်ငံကို အရေးကြီးတဲ့ အင်အားစုတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ ကိစ္စကို သိပ်ပြီးဆွေးနွေးတာ မရှိပါဘူး။ ငွေကြေးနဲ့ ဈေးကွက်ဟာ နိုင်ငံရေး၊ လူမျိုးရေးပဋိပက္ခတွေထက် ဒီနေ့မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အရာအားလုံးအပေါ် ပိုပြီးကြီးမားတဲ့ သက်ရောက်မှုပေးတဲ့ အချက်တွေလို့ ကျွန်တော် ပြောချင်ပါတယ်။

မေး    –       အပြီးသတ်အနေနဲ့ နောက်ဆုံးမေးခွန်းတစ်ခု မေးချင်ပါတယ်။  ကျွန်မတို့ အမျိုးသားရေးဇာတ်လမ်းဆိုတာကို အတော်လေး ပြောဖြစ်ခဲ့ကြတယ်နော်။ အခု ပြောခဲ့ဆိုခဲ့ကြတာတွေဟာ ကျွန်မတို့ ရှေ့မျိုးဆက်က လက်ဆင့်ကမ်းပေးခဲ့တဲ့ အရာတွေတွေဆိုတာထက်  ကျွန်မတို့ တက်တက်ကြွကြွ ရေးသားဖော်ထုတ်နေတဲ့အရာတွေ ဖြစ်တယ်ဆိုတာ လူငယ်တွေကို သိရှိနားလည်ဖို့ ဘယ်လိုများ တိုက်တွန်းချင်ပါသလဲ။

ဖြေ    –       ဟုတ်ကဲ့။ သမိုင်းကို လေ့လာလေလေ၊ အခု သင်ဟာ သမိုင်းကြောင်းအရ အပြောင်းအလဲဖြစ်တော့မယ့် အခြေအနေကိုရောက်နေပြီဆိုတာ ပိုပြီး သဘောပေါက်လေလေဖြစ်မယ်လို့ ထင်ပါတယ်။ လူတွေအနေနဲ့ အသက် ၉၅ အရွယ် လိုမဟုတ်ဘူးဆိုရင် နောက်လာမယ့် ၁၀ နှစ်၊ နှစ် ၂၀ ဟာ အရာအားလုံးအတွက် အလွန်အရေးကြီးတဲ့ အရာ ဖြစ်လာပါလိမ့်မယ်။ ရှိနေတဲ့ ရာသီဥတု၊ ရှိနေတဲ့ နည်းပညာ၊ ရရှိကြုံတွေ့နေရတဲ့ ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲအရာအားလုံးပါပဲ။ တကယ်လို့ အတိတ်က ဖြစ်ခဲ့တာတွေကို သိမြင်နားလည်မှုမရှိဘူးဆိုရင် အနာဂတ်အတွက် ဘာကိုရွေးချယ်ရမလဲဆိုတဲ့ သိနားလည်မှုမျိုး မရနိုင်ပါဘူး။ နောက်ပြီး ဒီအရာတွေဟာ ကိုယ့်နိုင်ငံရဲ့အတိတ်သာ မဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးရဲ့ အတိတ်လည်း ဖြစ်ပါတယ်။ ဆိုလိုတာက ခင်ဗျားအနေနဲ့ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းမျိုး ဖတ်ဖို့ ကြိုးစားကောင်း ကြိုးစားမိပါလိမ့်မယ်။ သို့သော်ငြားလည်း အနာဂတ်မှာ ဘယ်လိုရွေးချယ်ဆုံးဖြတ်ချက်မျိုးချရမလဲဆိုတာကို ခင်ဗျား ဘယ်လိုများ တွေးတောစဉ်းစားမလဲဆိုတဲ့ မေးခွန်းမေးချင်ပါတယ်။

စာညွှန်း။       ။ What Singapore and Yangon Share: A Dark Colonial Past, And Existential Angst about the Future

ဧကျော်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *