အသွင်သစ် တမ္ပဒီပ

“ဘိုးတော်ဘုရားလက်ထက်ကနေ အခုအချိန်အထိ စီမံခန့်ခွဲမှုအလွဲအမှားတွေနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် ပုဂံဟာ ထိခိုက်မှုကြီးမားခဲ့ရပါတယ်” ဟု ပုဂံမြို့မိမြို့ဖ ဦးရဲမြတ်အောင်က ဆိုလိုက်သည်။

သမိုင်းပညာရှင် ဒေါက်တာ သန်းထွန်း၏ ပုဂံလက်သစ်စာတမ်းကို ကိုးကား၍ ၎င်းကပြောဆိုလိုက်ခြင်း ဖြစ်သည်။ ပုဂံလက်သစ်စာတမ်းသည် ပုဂံဒေသရှိ ကျောက်စာ၊ မင်စာများကို ကိုးကား၍ ရေးသားထားသည့် စာတမ်းလည်း ဖြစ်သည်။

ပုဂံ တစ်နည်းအားဖြင့် တမ္ပဒီပ တည်ရှိရခြင်း အနှစ်တစ်ထောင်ကျော်လာပြီဖြစ်၍ အမွေအနှစ်များကို ထိန်းသိမ်းရာတွင် ခေတ်မီနည်းပညာရှင်များ၊ အထောက်အကူပြုပစ္စည်းများ၊ ပညာရှင်များနှင့်အတူ ငွေကြေးများပါ လိုအပ်လာမည်ဖြစ်၍ ယူနက်စကိုဝင်ရောက်ရေးကို ထောက်ခံခဲ့ကြခြင်းဖြစ်ကြောင်း ဦးရဲမြတ်အောင်က ဆိုသည်။

ပုဂံ၏ အမွေအနှစ်များကို ထိန်းသိမ်းရာတွင် ဒေသခံများသည် ခေတ်တိုင်းတွင် ပါဝင်ခဲ့ပြီး မိရိုးဖလာအလုပ်၊ အသက်မွေးဝမ်းကျောင်းအလုပ်ကဲ့သို့ သဘောထား၍ ဆောင်ရွက်ခဲ့ကြကြောင်း ဦးရဲမြတ်အောင်က ဂုဏ်ယူသည့် လေသံဖြင့် ပြောသည်။

ဩဂုတ်လ ၁၁ ရက်နေ့က ညောင်ဦး သံတဲဟိုတယ်၌ ကျင်းပခဲ့သည့် လူထုစကားဝိုင်းတွင် ၎င်းက ယင်းကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

စစ်အစိုးရကာလအတွင်း ပုဂံဒေသသည် အထိခိုက်ဆုံးကာလဖြစ်ခဲ့ပြီး အမွေအနှစ်များကို ကာကွယ်ရင်း ဒေသ၏ ပင်မစီးပွားရေးဖြစ်သော ခရီးသွားလုပ်ငန်း ဖွံဖြိုးတိုးတက်ရေးကို ယူနက်စကို၊ ရှေးဟောင်းသုတေသနဌာနတို့က ချမှတ် ထားသည့် မူဘောင်များအတွင်းမှ ဆောင်ရွက်သင့်ကြောင်း ဦးရဲမြတ်အောင်က တိုက်တွန်းပြောဆိုသည်။

ယခုနှစ် ဇူလိုင်လ ၆ ရက်နေ့က အဇာဘိုင်ဂျန်နိုင်ငံ ဘာကုမြို့တွင် ကျင်းပသည့် ယူနက်စကို၏ (၄၃) ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီညီလာခံ အစည်းအဝေးဆုံးဖြတ်ချက်အရ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံခဲ့ရသည်။

သို့သော်လည်း အမွေအနှစ်ဇုန်အဖြစ် သတ်မှတ်ထားသည့် ပုဂံမြို့ဟောင်းအတွင်း အဆောက်အအုံ တိုးချဲ့ဆောက်လုပ်မှုများ၊ စက်ယန္တရားအသုံးပြု၍ မြေကြီးတူးဖော်မှုများသည် ယနေ့အထိရှိနေဆဲဟု ပုဂံဒေသခံတို့က ဆိုကြသည်။

“မြို့ဟောင်းထဲမှာ အဆောက်အအုံတွေ တိုးချဲ့ဆောက်လုပ်နေတယ်။ မြေကြီးတွေ ဘက်ဟိုးနဲ့ တူးဖော်နေတယ်။ ဧရာဝတီမြစ်ကမ်းဘက်ကြည့်မယ်ဆိုရင် ထင်ထင်ရှားရှား မြင်နေရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပုဂံမြို့ဟောင်းသည် Property Zone(PZ) ဟုခေါ်သည့် ကာကွယ်ထိန်းသိမ်းထားသောဧရိယာဖြစ်ပြီး အရေးကြီးသည့်ဇုန်၊ ကမ္ဘာ့အမွေအနှစ်သို့ ဝင်ရသည့်ဇုန်တစ်ခု ဖြစ်သည်။

ကမ္ဘာ့အမွေအနှစ်တင်သွင်းစဉ်ကတည်းကပင် ယင်းဇုန်အတွင်း ရှေးဟောင်းအမွေအနှစ်ကို ထိခိုက်သည့် အဆောက်အအုံများ ဆောက်လုပ်နေပြီး ယင်းအဆောက်အအုံများကို တဖြည်းဖြည်းလျှော့ချရမည်ဟု အတိအလင်း ဖော်ပြထားကြောင်း အမွေအနှစ်စီမံခန့်ခွဲရေးဆိုင်ရာပညာရှင် ဒေါ်ဥမ္မာမျိုးက ဆိုသည်။

“စိတ်မကောင်းစရာက ကမ္ဘာ့အမွေအနှစ်ရပြီးချိန်မှာပဲ စက်ယန္တရားအကြီးကြီးတွေနဲ့ ဆောက်လုပ်ရေးလုပ်ငန်းကြီးတွေ လုပ်နေတာကို တွေ့ရတယ်” ဟု ၎င်းက ပြောသည်။

ဥပဒေအရ အမွေအနှစ်ဇုန်အတွင်း အဆောက်အအုံမဆောက်လုပ်ရန် ဖော်ပြမထားသော်လည်း မည်သို့မည်ပုံ ဆောက်လုပ်ရမည်ဟု ပါရှိပြီးသားဖြစ်သည့်အတွက် လက်ရှိ တည်ဆောက်နေသည့် အဆောက်အအုံများသည် စီမံခန့်ခွဲမှုနှင့်အညီ တည်ဆောက်နေခြင်း ဟုတ်၊ မဟုတ် သိရှိသင့်ကြောင်း ၎င်းက ပြောဆိုသည်။

“မဟုတ်ဘူးဆိုရင် ဥပဒေနဲ့ မညီညွတ်တာပဲ။ ဥပဒေနဲ့ မညီညွတ်ရင် ဥပဒေနဲ့အညီ အရေးယူစီမံဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ဒေါ်ဥမ္မာမျိုးက ရှင်းပြသည်။

ယင်းကဲ့သို့ အခြေအနေမျိုးကို တာဝန်ရှိသူများအားလုံးက ပွင့်ပွင့်လင်းလင်းတင်ပြပြီး ရပ်တန်းကရပ်ဖို့ ဆောင်ရွက်ရန် လိုအပ်သည်ဟု ပုဂံအမွေအနှစ်ချစ်သူများက ထောက်ပြကြသည်။

အသစ်ပြဌာန်းထားသည့် ၂၀၁၉ ခုနှစ် အမွေအနှစ်ကာကွယ်ထိန်းသိမ်းရေး ဥပဒေတွင် ကမ္ဘာ့အမွေအနှစ်ရရှိသော ဒေသများသည် ကမ္ဘာ့အမွေအနှစ်တင်စဉ်က ဖော်ပြခဲ့သည့် စီမံခန့်ခွဲရေးစနစ်အတိုင်း ကျင့်သုံးဆောင်ရွက်ရမည်ဟု ပါရှိပြီး ယင်းအချက်သည် အရေးကြီးသည်ဟု ဒေါ်ဥမ္မာမျိုးက ဆိုသည်။

“ဇုန်အတွင်းမှာရှိနေတဲ့ ကြီးမားတဲ့ အဆောက်အအုံတွေ၊ အမွေအနှစ်တွေကို ထိခိုက်နိုင်တဲ့ အဆောက်အအုံတွေတဖြည်းဖြည်းနဲ့ လျှော့ချဖို့ ပြောနေတဲ့အချိန်မှာ ပိုပြီးတော့ဆောက်နေတာတောင် ဖြစ်နေတယ်။ ဒါကိုယ်ပေးထားတဲ့ ကတိကို ကိုယ်ဖျက်နေသလိုဖြစ်တယ်” ဟု ၎င်းက ပွင့်ပွင့်လင်းလင်း ဝေဖန်လိုက်သည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသအတွင်း အဆောက်အအုံများ တိုးချဲ့ပြင်ဆင်ရန်ဖြစ်စေ၊ အသစ်ဆောက်လုပ်ရန်ဖြစ်စေ ကြိုတင်ခွင့်ပြုမိန့်တောင်းခံရမည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)က တရားဝင် ထုတ်ပြန်ထားသည်။

ခွင့်ပြုချက်ရမှသာ တည်ဆောက်ရေးကိစ္စများကို ဆောင်ရွက်ရန် သတိပေးခြင်း၊ စာထုတ်ပြန်ခြင်းများ လုပ်ဆောင်သော်လည်း အချို့သော လုပ်ငန်းရှင်များက ခွင့်ပြုချက်မရရှိမီ ဆောင်လုပ်ကြခြင်းများရှိသည်ဟု ဒေသခံတို့က ထောက်ပြကြ သည်။

“အပတ်စဉ် စစ်ဆေးပြီး ခရိုင်စီမံခန့်ခွဲမှုကော်မတီကို တင်ပြရပါတယ်” ဟု အဆောက်အအုံများ ဆောက်လုပ်ခွင့်နှင့်ပတ်သက်၍ လုပ်ဆောင်နေမှုကို ပုဂံ ရှေး/သု လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုအောင်က ရှင်းပြသည်။

ပုဂံဒေသ ယူနက်စကိုဝင်ရောက်ခဲ့ခြင်းသည် ဆက်လက်လိုက်နာဆောင်ရွက်မည့် အချက် ၁၈ ချက်ကို အခြေခံ၍ ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းအချက်များအနက် ယခုကဲ့သို့ အမွေအနှစ်ဇုန်အတွင်း အဆောက်အအုံများ တိုးချဲ့ဆောက်လုပ်နေခြင်းကို တားမြစ်ထားကြောင်း ကမ္ဘာ့အမွေအနှစ်အဆိုပြုလွှာတင်သွင်းရေးကော်မတီအဖွဲ့ဝင်၊ မန္တလေးနည်းပညာတက္ကသိုလ် ဗိသုကာဌာန ပါမောက္ခဌာနမှူး ဒေါက်တာစုစုက သတိပေးသည်။

“ကမ္ဘာလုံးဆိုင်ရာအမွေအနှစ် အရည်အသွေးရှိတယ်လို့ သတ်မှတ်တဲ့အတွက် အဲဒီဟာကို ထိခိုက်စေတဲ့အရာတွေရှိမယ်ဆိုရင် ပထမဆုံး သူတို့က မြန်မာနိုင်ငံနဲ့ မေးခွန်းတွေ အပြန်အလှန်မေးပြီးတော့ ဆွေးနွေးကြမယ်။ အဲဒီထက် ပိုပြီး လိုအပ်တယ်လို့ ယူဆလို့ရှိရင်၊ ဒီအမွေအနှစ်နေရာက ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းနေတယ်လို့ယူဆရင် မြေပြင်အခြေအနေကိုလာပြီး စစ်ဆေးတာမျိုး ရှိတတ်ပါတယ်” ဟု ယူနက်စကိုအဖွဲ့၏ လုပ်ဆောင်တတ်သည့် လုပ်ငန်းစဉ် အခြေအနေကို ဒေါက်တာစုစုက ရှင်းပြသည်။

ယင်းကဲ့သို့ မြေပြင်အခြေအနေ လာရောက်စစ်ဆေးပြီး ဒေသခံနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုအပေါ် မူတည်၍ အန္တရာယ်ရှိသည့် ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ကြလေ့ရှိကြောင်း ၎င်းကဆိုသည်။

“အဲလိုမျိုး ရောက်သွားတဲ့ နေရာတွေလည်း အများကြီး ရှိပါတယ်။ ကျွန်မတို့နဲ့ အနီးနားနိုင်ငံတွေမှာကို ဖြစ်ပျက်နေတာပါ။ အန္တရာယ်ရှိတဲ့အဆင့်လို့ သတ်မှတ်ခံရပြီးဆိုရင် အဲဒီစာရင်းကနေ ပယ်ဖျက်ခံရဖို့ အဲဒီနိုင်ငံက အသည်းအသန် ကြိုးစားရပါတယ်” ဟု ဒေါက်တာစုစုက သူ့အတွေ့အကြုံကို မျှဝေသည်။

ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ခံရသည်မှာ သုံးလမျှသာရှိသေးသည့် ပုဂံဒေသအနေနှင့် ယင်းကဲ့သို့ သတ်မှတ်ခြင်းမခံရစေရန် အရေးကြီးပြီး အပျော်ကြောင့် လုပ်ချင်ရာလုပ်၍မရဟု ဒေါ်ဥမ္မာမျိုးက ဆိုသည်။

ထို့ကြောင့် ကမ္ဘာ့အမွေအနှစ်နှင့် ထိုက်တန်သည့် ဒေသတစ်ခုဖြစ်စေရန် အားလုံးကြိုးစားဆောင်ရွက်ကြရမည်ဟု ၎င်းက တိုက်တွန်းသည်။

လက်ရှိ ပုဂံဒေသကို ထိန်းသိမ်းနိုင်ရန်အတွက် Bagan Com ကို ဖွဲ့စည်းထားပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုတို့က နာယကအဖြစ် တာဝန်ယူထားသည်။

Bagan Com အောက်တွင် လုပ်ငန်းကော်မတီများကို ဖွဲ့စည်းထားပြီး ပုဂံစီမံခန့်ခွဲမှုကော်မတီအဖြစ် ဒေါက်တာ ဇော်မြင့်မောင်က တာဝန်ယူထားသည်။

ယူနက်စကိုဝင်ပြီးနောက် အန္တရာယ်ရှိသည့် အမွေအနှစ်ဒေသအဖြစ်မရောက်စေရန် ထိန်းသိမ်းရမည်ဖြစ်ပြီး ယင်းအခြေအနေကို နိုင်ငံတကာ အထိမ်းအမှတ်အဆောက်အဦးနှင့် နေရာဒေသများ ကောင်စီ(ICOMOS) ကလည်း စိတ်ပူနေကြောင်း ဒေါက်တာဇော်မြင့်မောင် က ပြောသည်။

လိုက်နာဆောင်ရွက်ရမည့် အချက် ၁၈ ချက်ထဲတွင် အဆောက်အအုံများ မည်သို့ဆောက်မည်၊ လူမှုဘ၀ ဖွံဖြိုးတိုးတက်စေရန် ရပ်ကွက်များ မည်သို့ချဲ့မည်၊ မြို့မည်သို့ ချဲ့မည်၊ မြို့တိုးချဲ့ချိန်တွင် ဟိုတယ်ဇုန်များကို မည်သို့ စီမံခန့်ခွဲမည် စသဖြင့် ပါဝင်ကြောင်း ၎င်းက ရှင်းပြသည်။

“Visual Integrity (မြင်ကွင်းဆိုင်ရာ တည်တံ့ခိုင်မြဲမှု) ကို နှောင့်ယှက်နေတဲ့၊ ဒါကျွန်တော်တို့ ချပေးတာမဟုတ်ဘူးနော်၊ တချို့ဟိုတယ်တွေထဲမှာ ရှေးဟောင်းဘုရားတွေရှိနေတယ်။ ဒီဟာတွေကို ဘယ်လိုလုပ်ရမယ်ဆိုတဲ့ အဖြေရှာရမယ်။ ပုဂံရဲ့လူမှုဘ၀ ဖွံဖြိုးတိုးတက်မှုကိုတော့ အနှောင့်အယှက်အတားအဆီး မဖြစ်စေချင်ဘူး။ ဒါ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပေါ့” ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

ဒီမိုကရေစီအစိုးရနှင့် အာဏာရှင်အစိုးရတို့၏ ကွာခြားမှုသည် ဥပဒေပင်ဖြစ်ပြီး ဥပဒေကို လေးစားလိုက်နာခြင်းသည် ဒီမိုကရေစီအစိုးရ၏ အသက်ဟု မြန်မာရှေးဟောင်းသုတေသနပညာအသင်း ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်လည်း ဖြစ်သည့် ဒေါ်ဥမ္မာမျိုးက ပြောဆိုသည်။

ဥပဒေကို မလေးစားမလိုက်နာဘဲနှင့် ဆုံးဖြတ်သည်ဖြစ်စေ၊ လုပ်ချင်သည်ကို လုပ်ခြင်းဖြစ်စေ၊ ယင်းသည် အာဏာရှင်ဆန်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

၂၀၂၈ ခုနှစ်တွင် အမွေအနှစ်ဇုန်အတွင်း ကျရောက်နေသည့် ဟိုတယ်များ ရွှေ့ပြောင်းရမည်ဟု လူမှုကွန်ရက်စာမျက်နှာများတွင်လည်း ပြောဆိုနေပြီး လက်ရှိတွင် ပုဂံအမွေအနှစ်ဇုန်အတွင်း ကျရောက်နေသည့် ဟိုတယ်များကို ဖယ်ရှားမည့်အခြေအနေကို အစိုးရတာဝန်ရှိသူများအနေဖြင့် တိတိပပမပြောဆိုကြသေးသော်လည်း ဥပဒေစည်းမျည်းများအတိုင်း လုပ်ဆောင်မည်ဟု ဒေါက်တာဇော်မြင့်မောင် က ပြောသည်။

“ဟိုတယ်တွေက ဒေသန္တရစီးပွားရေးကို အထောက်အကူပြုတယ်။ ပြည်သူတွေ အလုပ်အကိုင်ရရှိရေးကို အထောက်အကူပြုတယ်။ ဒါပေမဲ့ Visual Integrity ကို နှောင့်ယှက်တယ်ဆိုရင် Rule & Regulations အတိုင်းပဲသွားမှာပါ။ အခုလည်း အဲဒီအတိုင်းပဲသွားနေတာပါ” ဟု ၎င်းက ဆိုသည်။

လက်ရှိ ပုဂံဒေသတွင် ဟိုတယ်အလုံးပေါင်း ၁၅၀ ခန့်ရှိသည့်အနက် အမွေအနှစ်ဇုန်အတွင်း ကျရောက်နေသည့် ဟိုတယ်များမှာ ၉၀ နီးပါးရှိပြီး အချို့ဟိုတယ်ဝင်းများအတွင်း ရှေးဟောင်းဘုရားစေတီပုထိုးများရှိနေသည်ဟု ဒေသခံတို့က ပြောသည်။

ဒေါ်ဥမ္မာမျိုးကမူ ယင်းကဲ့သို့ အမွေအနှစ်ဇုန်များအတွင်း သန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံခြင်းသည် ထိုက်တန်ရဲ့လားဟု ပြန်စဉ်းစားသင့်ကြောင်း သတိပေးသည်။
ထိုကဲ့သို့ အဆောက်အအုံများ ဆောက်လုပ်ခြင်းကြောင့် ကမ္ဘာ့အမွေအနှစ် အဆင့်မှ အန္တရာယ်ရှိသော ကမ္ဘာ့အမွေ အနှစ်အဆင့်သို့ လျော့ကျသွားနိုင်ပြီး အမွေအနှစ်အဖြစ်မှ ပြန်လည်ဖျက်သိမ်း ခံရခြင်းမျိုးအထိ ရှိလာနိုင်သည်ဟု ၎င်းက ဆိုသည်။
ဓ ဒီလို အဆောက်အအုံတွေကြောင့် ပုဂံဟာ ကမ္ဘာ့အမွေအနှစ်က ဖျက်သိမ်းခံရပါတယ်လို့ သားစဉ်မြေးဆက် လက်ညှိုးထိုးခံနိုင်သလား။ ဒါမျိုးတွေလည်း ကိုယ် ပြန်စဉ်းစားသင့်တယ်” ဟု ဒေါ်ဥမ္မာမျိုးက ဆိုလေသည်။

ဒေါက်တာသန်းထွန်း၏ ပုဂံလက်သစ်စာတမ်းအဖွင့်တွင် ပုဂံနှင့်ပတ်သက်၍ သတိပြုသင့်သည့် စာနှစ်ကြောင်းကို ရေးထားသည်။

“ပုဂံကို ဘယ်သူတည်သလဲမေးရင် ဖြေဖို့မလွယ်ပါ။ ဘယ်သူဖျက်သလဲမေးရင် ခြေရာလမ်းစရှာပြီး ဖြေဖို့ မခက်လှပါ” ဟု ဒေါက်တာသန်းထွန်းကလည်း သတိပေးထားလေသည်။ 

မြတ်(ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *