ပညာသင်ဆု စကားဝိုင်း – ၎

ယခုတစ်ပတ် ပညာသင်ဆုစကားဝိုင်းဆောင်းပါးတွင် ဆွေးနွေးလိုသော အကြောင်းအရာမှာ အရည်အသွေးကိစ္စဖြစ်သည်။ ပညာသင်ဆုလျှောက်ထားသူ ကျောင်းသားများသည် သူတို့ယူရမည့် ဘာသာရပ်၊ တက်ရမည့်ကျောင်း၊ သွားရောက်ရမည့်နိုင်ငံများနှင့် ပတ်သက်ပြီး မကြာခဏ စိတ်ရှုပ်ထွေးတတ်ကြသည်။ ဒီဘာသာကိုယူရရင် ကောင်းမလား၊ ဒီကျောင်း (တက္ကသိုလ်) တက်ရရင် ကောင်းမလား၊ ဒီနိုင်ငံနဲ့ ဟိုနိုင်ငံ ဘယ်ဟာကကောင်းသလဲ စသဖြင့် တွေဝေတတ်ကြသည်။ ပညာရေးဆိုသည်မှာ အလုပ်အကိုင်အခွင့်အလမ်းနှင့် ချိတ်ဆက်နေသည်။ ကျောင်းပြီးလျှင် အလုပ်လုပ်ကြမည်သာဖြစ်သည်။ သို့ဖြစ်ရာ ကိုယ်ယူမည့် ဘာသာရပ်များကို မရွေးချယ်မီကပင် သေချာစွာစဉ်းစားကြရန် လိုသည်။ ကိုယ်အမှန်တကယ် စိတ်ဝင်စားသည့် ဘာသာရပ် ဖြစ်သလား၊ ကိုယ့်အနာဂတ်အလုပ်ရည်မှန်းချက်က ဘာလဲ၊ ဘယ်နယ်ပယ်မှာ မြှုပ်နှံချင်တာလဲ၊ ပညာရေးကို ဘယ်လောက်အထိ သွားချင်တာလဲ၊ မိမိကိုယ်ကိုယ် ပြန်လည်အမေးထုတ်ပြီး သေချာစွာဆုံးဖြတ်နိုင်ရမည်ဖြစ်သည်။

စာရေးသူ အမေရိကန်နိုင်ငံတွင် ပညာသင်ဆုမလျှောက်မီ စီးပွားရေးနှင့်ပတ်သက်၍ ပညာသင်ဆု လျှောက်ထားရရှိရန် အခွင့်အလမ်းတစ်ခု ဖြစ်ပေါ်ခဲ့ပါသည်။ တစ်ဖက် ပညာသင်ဆုပေးအပ်မည့် အဖွဲ့အစည်းက စာရေးသူ၏ အချက် အလက်များကို သဘောကျပြီး ပညာသင်ဆု လျှောက်လွှာတင်ရန် အချက်ပြခြင်း ဖြစ်သည်။ စာရေးသူမလျှောက်ထားမီ အိမ်တွင်ရှိနေသော နိုင်ငံတကာ စီးပွားရေးနှင့်ပတ်သက်နေသည့် Charles W. L. Hill ရေးသားသည့် International Business စာအုပ်ကို လေ့လာခဲ့ပါသည်။ များစွာ စိတ်ဝင်စားစရာကောင်းပါသည်။ စာမျက်နှာ ၆၀၀ ကျော် ပါရှိပြီး နိုင်ငံရေး၊ စီးပွားရေး၊ ဂလိုလ်ဘယ်လိုက်ဇေးရှင်း စသည်တို့ကို စိတ်ဝင်စားဖွယ် တင်ပြထားပါသည်။ စာရေးသူသည် ထိုစဉ်က ဘဏ်တွင် လုပ်ကိုင်ဆောင်ရွက်နေပြီး စီးပွားရေးဒီပလိုမာတစ်ခုလည်း ရယူထားသည်ဖြစ်ရာ လျှောက်ထားပါက များစွာနီးစပ်ပါသည်။ သို့သော် စာရေးသူ စီးပွားရေးဘာသာရပ်ကို စိတ်မဝင်စားလှပါ။ မဟာဘွဲ့ယူရန်၊ မဟာဘွဲ့ရပြီးပါက စီးပွာရေးပညာဘာသာရပ်ဖြင့် အသက်မွေးဝမ်းကျောင်းရန် စိတ်မပါလှပါ။ သို့သော် ရခဲလှသောအခွင့်အလမ်းကိုလည်း လက်မလွှတ်ချင်ခဲ့ရာ များစွာစိတ်ရှုပ်ထွေးခဲ့ပါသည်။ နောက်ဆုံး ကိုယ်အားသန်ရာ နိုင်ငံရေးဘာသာရပ်ကိုသာ အာရုံစူးစိုက်လေ့လာမည်ဟု စိတ်ပိုင်းဖြတ်ဖြစ်ခဲ့ပါသည်။ စာရေးသူ ကြုံဖူးပါသည်။ အချို့ စီးပွားရေးဖြင့် ဘွဲ့ရကြသည်။ သို့သော် စီးပွားရေးထက် နိုင်ငံရေး စိတ်ဝင်စားကြသည်။ အချို့ ဆရာဝန်၊ အင်ဂျင်နီယာများ ဖြစ်ကြသည်။ သူတို့အလုပ်များထက် နိုင်ငံတကာဆက်ဆံရေးကို စိတ်ဝင်စားကြသည်။

စာရေးသူသည် ရိုးရိုးဘွဲ့ ရယူခဲ့စဉ်က ဘာသာရပ်အရွေးမှား၊ တက္ကသိုလ်အရွေးမှားခဲ့သဖြင့် အဆင်မပြေမှုများ ကြုံတွေ့ခဲ့ရသည်ဖြစ်ရာ ယခုကဲ့သို့ ပညာရေး နောက်တစ်ဆင့် ပညာသင်ဆု အခွင့်အလမ်းမှတစ်ဆင့် မဟာဘွဲ့သို့ တက်လှမ်းရာတွင် အမှားတစ်ခုကို မကျူးလွန်ချင်တော့ပေ။ သို့ဖြစ်ရာ နိုင်ငံရေး၊ နိုင်ငံတကာ ဆက်ဆံရေးတို့နှင့် ဆက်နွှယ်သော ဘာသာရပ်မဟုတ်ပါက မည်မျှအခွင့်အလမ်းရှိစေကာမူ ထပ်မံမလျှောက်ထားတော့ဟု ဆုံးဖြတ်ခဲ့ပါသည်။ ယခု တင်ပြနေခြင်းမှာ ဆောင်းပါးလိုရင်းဖြစ်သော အရည်အသွေးနှင့် မသက်ဆိုင်လှပါ။ သို့သော် ဘာသာရပ်ရွေးချယ်မှု မမှားယွင်းစေဖို့ ဖြစ်သည်။ စာရေးသူထံ မည်သည့်ဘာသာ ရွေးချယ်သင့်သနည်း၊ အဆိုပါဘာသာရပ်ကို ရွေးချယ်ပါက အလုပ်အကိုင်အခွင့်အလမ်းများ မည်သို့ရှိမည်နည်း မေးမြန်းကြပါသည်။ ကိုယ်ဝါသနာပါတာ ရွေးချယ်ကြဖို့သာ ဖြစ်ပါသည်။ အလုပ်အကိုင်အခွင့်အလမ်းဆိုသည်မှာ ကိုယ်ဘယ်မှာ လုပ်ချင်သလဲဆိုသည့်အပေါ် မူတည်ပါသည်။ နိုင်ငံခြား ပညာသင်ဆု ရထားပြီဆိုမှ၊ နိုင်ငံခြားတွင် မဟာဘွဲ့ဖြင့် ကျောင်းပြီးသည်ဆိုက ကိုယ့်အလုပ်အကိုင်အခွင့်အလမ်းဈေးကွက်သည် မြန်မာနိုင်ငံတွင်းသာမက တစ်ကမ္ဘာလုံးသို့ ဖြန့်ကြက်လျှောက်ထားနိုင်ပါသည်။

တကယ်တမ်း နိုင်ငံတကာအလုပ်အကိုင်ဈေးကွက်ထဲ ဝင်တိုးလျှင် အရည်အသွေးက အရေးကြီးပါသည်။ ယေဘုယျဆိုလိုခြင်း ဖြစ်ပါသည်။ အချို့နိုင်ငံခြားဘွဲ့ရပြီး နိုင်ငံတကာအဖွဲ့အစည်းများတွင် အလုပ်မရသူ များစွာရှိပါသည်။ အချို့ လည်း ပြည်တွင်းဘွဲ့သာရသည်။ နိုင်ငံတကာ အဖွဲ့အစည်းများတွင် အလုပ်ရကြပါသည်။ သူ့အလုပ်ကံနှင့်လည်း ဆိုင်ပါသည်။ အချို့အဖွဲ့အစည်းများတွင် အထက်လူကြီး ရွေးချယ်သူများသည် အရည်အသွေးဆိုသည်ထက် သူတို့နှင့် အဆင်ပြေနိုင်မည့်သူများကိုသာ ရွေးချယ်ပါသည်။ သူတို့ကို မလှန်မည့်သူများ၊ သူတို့အရည်အချင်းနှင့် များစွာကွာဟသူများကို ရွေးချယ်ပါသည်။ လူ့သဘာဝပင် ဖြစ်သည်။ နိုင်ငံခြားပြန်အများစုမှာ ပညာမာနကြီးမားတတ်လေရာ လုပ်ငန်းခွင်တွင် မကြာခဏ အခက်အခဲတွေ့တတ်ကြပါသည်။ လုပ်ငန်းခွင်သည် တစ်ခါတစ်ရံ သူတို့ အထင်နှင့် လုံးလုံးလွဲနေလေသည်။ သူတို့သင်ခဲ့သည်များကို လက်တွေ့အသုံးချ၍ မရတတ်။ စာရေးသူတို့ ယခင် တပ်မတော်အစိုးရ (စစ်အစိုးရ) ကို မကြိုက်ကြပါ။ စာရေးသူ ယခင် စစ်အစိုးရလက်ထက် ဝန်ထမ်းလုပ်ခဲ့ဖူးပါသည်။ ကြိုးစားသည့်သူများကို အသိအမှတ်မပြု၊ နီးစပ်သည့်သူများကို အသိအမှတ်ပြုပါသည်။ အပေါ်နှင့်အောက် အပြန်အလှန်နားလည်မှုဖြင့် အလုပ်လုပ်ကြရင်း ဆရာမွေး၊ တပည့်မွေး တစ်တွဲကြီးဖြစ်လေရာ ခပ်မှန်မှန်နေတတ်သူ၊ ကိုယ့်အရည်အချင်းနှင့်ကိုယ် နေတတ်သူ စာရေးသူအဖို့ အချို့အစိုးရရုံးတွင်းဆက်ဆံရေးများကို အထူးရွံ့ရှာခဲ့ပါသည်။ နောက်အစိုးရဌာနမှ နိုင်ငံတကာအဖွဲ့အစည်းများထံ ကူးပြောင်းပြီး လုပ်သက်ရလာသောအခါ အချို့သော နိုင်ငံတကာအဖွဲ့အစည်းများသည်လည်း ရုံးတွင်းဆက်ဆံရေး၊ အုပ်ချုပ်ပုံများမှာ စာရေးသူ ကြုံတွေ့ခဲ့ဖူးသော ယခင်စစ်အစိုးရနည်းနာများနှင့် အတော်ပင် တူလှပါသည်။ မြင်အောင်ပြောရလျှင် ယခင် စစ်အစိုးရမှာ စစ်သားဖြစ်သဖြင့် ရိုင်းစိုင်းကြမ်းကြုတ် ပြောင်လုပ်သည်များ ရှိပါသည်။ အချို့ နိုင်ငံတကာအဖွဲ့အစည်းများမှာမူ အချို့သောအကြီးအကဲများသည် ကမ္ဘာပတ် အလုပ်လုပ်လာသော ပညာတတ်များဖြစ်သဖြင့် ပါးပါးနပ်နပ် လုပ်ချင်ရာ၊ ဖြစ်ချင်ရာများကို စည်းမျဉ်း၊ စည်းကမ်းများအား လက်တစ်လုံးခြား အသုံးပြု၍ လူမုန်းရင် မူသုံး၊ လူခင်ရင် မူပြင် လုပ်ကြပါသည်။

အရည်အသွေးဘက်ကို ပြန်ဆက်ရလျှင် ဆိုခဲ့သလို ပညာရေး၊ အလုပ်အကိုင်တို့တွင် တက်ခဲ့သည့်ကျောင်း၊ နိုင်ငံတို့သည် အရေးကြီးပါသည်။ ကိုယ်တက်ခဲ့သည့်ကျောင်းက ကမ္ဘာ့ထိပ်တန်း နာမည်ကြီးကျောင်းဖြစ်လျှင် ပိုကောင်းပါသည်။ နာမည်ကြီးကျောင်းများ စာရင်းသိချင်လျှင် World University Ranking တွင် သွားရောက်ရှာဖွေနိုင်ပါသည်။ တစ်နိုင်ငံချင်း ကျောင်းအဆင့်အတန်းများ သိလိုလျှင် အင်တာနက်တွင် ဝင်ရောက်ရှာ ဖွေနိုင်ပါသည်။ ယေဘုယျ အာရှတိုက်တွင် ကျောင်းသားများ၏ ပစ်မှတ်သည် အမေရိကန်နိုင်ငံ ဖြစ်ပါသည်။ ဂျပန်ကဲ့သို့ တိုးတက်သောနိုင်ငံများတွင်ပင်လျှင် ကျောင်းသားများ၏ နောက်ဆုံးပညာရေးပစ်မှတ်သည် အမေရိကန်နိုင်ငံဖြစ်ပါသည်။ အင်္ဂလိပ်စကားပြောသော နိုင်ငံများဖြစ်သည့် ယူနိုက်တက်ကင်းဒမ်း၊ ဩစတြေးလျ၊ ကနေဒါတို့သည်လည်း လူကြိုက်များပါသည်။ သို့သော် ပညာသင်ဆုလျှောက်ထားသူများသည် အမေရိကန်နိုင်ငံ သို့မဟုတ် တစ်နိုင်ငံတည်းကိုသာ ပစ်မှတ်ထား လျှောက်ထားနေလျှင် အခွင့်အလမ်း နည်းပါးပါလိမ့်မည်။ အမှန်တကယ် ပညာသင်ဆုအပြည့်အဝရပါက၊ အင်္ဂလိပ်ဘာသာဖြင့် သင်ယူရမည်ဆိုပါက ရသည့်အခွင့်အလမ်းကို မလွတ်တမ်းဆုပ်ကိုင်ကြစေလိုပါသည်။ အချို့ ရှိသည်။ နိုင်ငံတကာအဖွဲ့အစည်းများတွင် အလုပ်လုပ်တာတောင်မှ UN (ကမ္ဘာ့ကုလသမဂ္ဂ) အဖွဲ့အစည်းများမှ လုပ်ချင်သည်ဆိုတာမျိုးရှိသည်။ သံရုံးများတွင် လုပ်လျှင်လည်း အမေရိကန်သံရုံးမှ၊ အီးယူသံရုံးမှ၊ ဂျပန်သံရုံးမှ စသဖြင့်ရှိသည်။ အစိုးရအလုပ်ဆိုလျှင်လည်း အကောက်ခွန်မှ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဆိုတာမျိုးဖြစ်သည်။ ဒီလို မြင့်မြင့်မားမား မှန်းတာကောင်းပါသည်။ သို့သော် လူဆိုသည်မှာ တော်တိုင်း မအောင်မြင်ပါ၊ အရည်အချင်းရှိတိုင်း အဆင်မပြေပါ၊ ကြိုးစားတိုင်း ဖြစ်မလာပါ။ တစ်ခါတလေ ရောက်သည့်နေရာ၊ ရသည့်နေရာနှင့် ကျေနပ်ရသည်များ ရှိပါသည်။

အချို့ စာရေးသူထံ သူတို့တက်မည့် ကျောင်းအမည်များ ပေးပို့လျက် အစစ်အမှန် ဟုတ်၊ မဟုတ် မေးမြန်းကြပါသည်။ စာရေးသူလည်း မသိပါပေ။ အချို့နာမည်များက အင်မတန် ကိန်းခန်းကြီးသည်။ အောက်စဖို့ဒ်လို၊ ကင်းဘရစ်လို၊ ဟားဗတ်လို နာမည်ခပ်ဆင်ဆင်တွေနှင့် ဖြစ်သည်။ နိုင်ငံခြားတွင် သူတို့အစိုးရ၊ ဝန်ကြီးဌာနမှ အသိအမှတ်မပြုသော ကျောင်း၊ ကောလိပ်၊ တက္ကသိုလ်များစွာ ရှိပါသည်။ မြန်မာတို့သည် နိုင်ငံခြားဆို အထင်ကြီးတတ်လေရာ အမေရိကန်၊ အင်္ဂလန်ဆိုသည်နှင့် အထင်ကြီးနေနှင့်ပြီး ဖြစ်လေသည်။ သေချာသည်မှာ တကယ့်နာမည်ကြီး ကျောင်းများသည် ကိုယ့်ဆီမလာပါ။ ကိုယ်ကသာ သွားရပါသည်။ ကိုယ်ကသာ စတင်ဆက်သွယ်ရပါသည်။ နိုင်ငံခြားကျောင်းဆိုတိုင်း အထင် ကြီးဖို့မဟုတ်ပါ။ တစ်ခါတလေ အောက်စဖို့ဒ်ကျောင်းဆိုပြီး ရှိသည်။ တစ်ခါတလေ ကင်းဘရစ်ကျောင်းဆိုပြီး အမည်ပေးသည်။ အောက်စဖို့ဒ်ဆိုတာ မြို့နာမည်ဖြစ်သည်။ ကင်းဘရစ်ဆိုတာ မြို့နာမည်ဖြစ်သည်။ ဒီလို မြို့နာမည်တွေက အမေရိကန်မှာလည်း ရှိသည်။ အင်္ဂလန်မှာလည်းရှိသည်။ ဩစတြေးလျှမှာလည်း ရှိသည်။ သူတို့မှာ သူတို့မြို့အမည်ကို အစွဲပြုပေးပိုင်ခွင့်ရှိသည်။ အမှန်တော့ မလုပ်သင့်ပေ။ အနောက်နိုင်ငံပညာရေးကို အာသာငမ်းငမ်းရှိလှသော အာရှကျောင်းသားများကို မသိမသာ အချဉ်ဖမ်းခြင်းဖြစ်သည်။ အာရှကျောင်းသား အချို့ကလည်း ကျောင်းနာမည်တွင် အောက်စဖို့ဒ်၊ ကင်းဘရစ်ခ်ျ၊ ဟားဗတ် စသဖြင့်ပါသည်နှင့် တစ်ဝက်လောက်က ကြွေနှင့်နေပြီ ဖြစ်လေသည်။ ဒါမျိုးက ကျောင်းသားများတင် မဟုတ်။ အစိုးရဌာနများပင် တစ်ခါတလေ အငိုက်မိတတ်သည်။

တစ်ခါ မြန်မာနိုင်ငံမှာ နိုင်ငံခြားအဖွဲ့အစည်းတစ်ခုက အစိုးရဝန်ကြီးဌာနတစ်ခုနှင့် အလုပ်လုပ်သည်။ အဖွဲ့အစည်းနာမည်က နာမည်ကြီး နိုင်ငံတကာအဖွဲ့အစည်းကြီးတစ်ခု၏ နာမည်တစ်စိတ်တစ်ပိုင်းကို အသုံးပြုထားသည်။ နောက်တော့ အဲဒီအဖွဲ့အစည်းက သူတို့သိထားသည့် နာမည်ကြီး နိုင်ငံတကာအဖွဲ့အစည်းကြီးနှင့် မည်သို့မျှမဆိုင်ကြောင်း သိကြရသည်။ လိမ်လည်လှည့်ဖျားနေသည်ဟု ပြောဆိုနေခြင်း မဟုတ်ပါ။ နာမည်ဆိုသည်မှာ လူတိုင်းအသုံးပြုခွင့် ရှိပါသည်။ ကိုယ့်ဘက်ကသာ သေချာစွာ စိစစ်ဖို့ လိုသည်။ မဟုတ်လျှင် ကျောင်းအတု၊ ဘွဲ့အတုများ၊ ကျောင်းအတု၊ ဘွဲ့အတုမဟုတ်သည့်တိုင် နာမည်မရှိသည့်ကျောင်း၊ သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာနက တရားဝင်အသိအမှတ်မပြုသည့် ကျောင်းများဖြစ်ပါက တစ်သက်လုံး မလုံမလဲ နောင်တရနေမည် ဖြစ်ပါသည်။

ပေးချင်သည့် မက်ဆေ့ခ်ျမှာ နိုင်ငံတကာပညာသင်ဆု လျှောက်သည်ပဲ ဖြစ်ဖြစ်၊ မိမိပိုက်ဆံနှင့် ကျောင်းသွားတက်သည်ပဲဖြစ်ဖြစ် မလျှောက်ခင်၊ မတက်ခင် သေချာစွာ စူးစမ်းလေ့လာဖို့လိုသည်။ နိုင်ငံခြားတွင် ကျောင်းတက်သည်ဆိုခြင်းမှာ ကိုယ့်အရည်အချင်း တိုးတက်မြင့်မားစေဖို့ ဖြစ်သည်။ ကိုယ့်အရည်အချင်းကို မြင့်မားစေမည့် ကျောင်း၊ တက္ကသိုလ်သည်လည်း အရည်အသွေးမှန်ကန်ဖို့ လိုပါသည်။ ပညာသင်ဆုရရှိခြင်းဆိုသည်မှာ အလုပ်အကိုင်အခွင့်အလမ်းအတွက်သာမဟုတ်ဘဲ ဘ၀တစ်ခုလုံးအတွက်ဖြစ်သည်။ ပညာသင်ဆုရယူပြီးဆိုကတည်းက စည်းနှောင်မထားသော်လည်း လူသားများအကျိုးအတွက်၊ ဒေသငြိမ်းချမ်းရေးအတွက်၊ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ပါဝင်လုပ်ဆောင်ပါမည်ဟူသော ကတိကဝတ် ရှိပါသည်။ နိုင်ငံခြားမှ ဘွဲ့ရလျှင်ပြီးရောဆိုတာမျိုး အလျင်စလို မဆုံးဖြတ်ဖို့ ဖြစ်သည်။ စနစ်တကျ လေ့လာပြင်ဆင်ဆောင်ရွက်ရန်ဖြစ်သည်။ ပညာသင်ဆုပေးသည်ဆိုတိုင်း အထင်မကြီးဘဲ ပညာသင်ဆုပေးအပ်သည့်အဖွဲ့အစည်း၊ ကိုယ်တက်ရမည့် ကျောင်း စသည်တို့ကို သေချာစွာလေ့လာရန် လိုသည်။ အချို့ ပညာရေးဝန်ဆောင်မှု လုပ်ငန်းများထံမှ အကြံဉာဏ်ယူကြသည်။ သိကျွမ်းသည့် မိတ်ဆွေ၊ ဆရာသမားများနှင့် တိုင်ပင်ကြသည်။ အတွေ့အကြုံရှိသူများထံ ချဉ်းကပ်သည်ဆိုခြင်းမှာ ကောင်းပါသည်။ သို့သော် ပြောသမျှ လိုက်မလုပ်ပါနှင့်။ တကယ်ရင်ဆိုင်ရမှာက ကိုယ်ကိုယ်တိုင် ဖြစ်သည်။ 

 

(ဆက်လက် ဖော်ပြပါမည်)
ခင်မင်စွာဖြင့်
အောင်အောင် (IR)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *