သည်လိုပုံနှင့် မိုးကြီးချုပ်လျှင် …

စကားဦး

စာရေးသူ မျက်စိမခွဲခင် ဩဂုတ်လမတိုင်မီက NLD အစိုးရ၏ လွှတ်တော်တွင်း ‘ခြေ – ဥ’ ပြင်ဆင်ရေး ကြိုးပမ်းမှုကို မြို့ကြီး တော်တော်များများတွင် တစ်ခဲနက် ထောက်ခံနေချိန်။ ၄၅ ဦး ကော်မတီ၏ အစီရင်ခံစာ မဲခွဲဆုံးဖြတ်ပြီးချိန်ရောက်မှ ပြန်အရှိန်ကျသွားသည်။ ထို့နောက် လွှတ်တော်တွင်း ဒီဘိတ်မှာ ခေါင်းစဉ်ပြောင်းသွားသည်။ ‘ခြေ – ဥ’ မှ ‘ကာလုံ’ ဖြစ်သွားသည်။ ဤအချိန်အတွင်း ရခိုင်တွင်ကား သေနတ်သံ ညံဆဲ …။ နောက် ယမ်းငွေ့နှင့် သေနတ်သံမှာ အစဉ်အလာ တပ်မြို့ဟုဆိုနိုင်သော ပြင်ဦးလွင်ထိ ရောက်သွားသည်။ နောက်ဆုံး အမေရိကန် သံရုံး၏ မြို့ကြီးများတွင် အကြမ်းဖက်တိုက်ခိုက်နိုင်မှု သတိပေးသံ …။

စာရေးသူကတော့ မူလတန်းတုန်းက သင်ခဲ့ဖူးသော စာတစ်ပုဒ်ကိုသာ စိတ်ပျက်လက်ပျက် ရွတ်နေမိသည်။ ‘သည်လိုပုံနှင့် မိုးကြီးချုပ်လျှင်’ ….။

ပဋိပက္ခနှစ်ရပ် ဖြေရှင်းနည်းနှစ်ခု

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရကတည်းက ယခုထက်တိုင် မဖြေရှင်းနိုင်သေးသော ပဋိပက္ခနှစ်ရပ် ရှိသည်။ ပထမပဋိပက္ခမှာ ယခုအခါ ၇၁ နှစ်ကျော်ပြီဖြစ်သော ‘ပြည်တွင်းစစ်’ ဖြစ်သည်။ အဆိုပါ ပြည်တွင်းစစ်မှာ ဇာစ်မြစ်နှစ်ရပ် (အိုင်ဒီအိုလိုဂျီဇာစ်မြစ်နှင့် ဖက်ဒရယ်ဇာစ်မြစ်) ကြောင့် ဖြစ်ခဲ့သော်လည်း ဖက်ဒရယ်ဇာစ်မြစ်ကို ယခုထက်တိုင် မဖြေရှင်းနိုင်သေးချေ။ ယနေ့ ကျင်းပနေဆဲဖြစ်သော ၂၁ ရာစု ပင်လုံ အပါအဝင် အစိုးရအဆက်ဆက်၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုများမှာ ဤပြဿနာ ဖြေရှင်းရေးအတွက်ပင် ဖြစ်သည်။

ဒုတိယပဋိပက္ခမှာ ပထမပဋိပက္ခ၏ အကျိုးဆက်ဟု ဆိုနိုင်သည်။ ၁၉၆၂ နောက်ပိုင်းမှစ၍ ပီပြင်လာသော အရပ်ဘက် – စစ်ဘက် ဆက်ဆံရေး ယိုယွင်းမှုပင်ဖြစ်သည်။ ၂၀၁၀ တွင် တပ်မတော်အစိုးရက ဒီမိုကရေစီသို့ ပြန်လည်ဦးလှည့်နိုင်ရေးအတွက် ၂၀၀၈ အခြေခံဥပဒေ ဖြင့် ရွေးကောက်ပွဲကျင်းပပေးခဲ့သည်။ ၂၀၀၈ အခြေခံဥပဒေဖြင့် ရွေးကောက်ပွဲ ကျင်းပပေးခဲ့သည်။ ၂၀၀၈ ခြေ-ဥမှာ ဒီမိုကရက်တိုင်ဇေးရှင်း၏ ‘အဖွင့်ကျားကွက်’ ဖြစ်နိုင်သော်လည်း ဤဥပဒေနှင့်တော့ ငြိမ်းချမ်းရေးရဖို့မလွယ်သလို ဒီမိုကရေစီအပြည့်အဝရဖို့လည်း ခက်ပါသည်။ သို့ဖြင့် ‘၂၀၀၈ ခြေ-ဥ ပြင်ဆင်ရေး’ မှာလည်း မလွဲမရှောင်သာ လိုအပ်ချက်ဖြစ်လာရသည်။

NLD အစိုးရမှာ အတိုက်အခံ ဘ၀တစ်လျှောက်လုံး ‘ခြေ-ဥ ပြင်ဆင်ရေး’ ကိုသာ ဦးစားပေးခဲ့သည်။ အာဏာရပြီးတော့မှ ‘ငြိမ်းချမ်းရေး ဖြစ်စဉ်’ ကို ပထမဦးစားပေးလာသည်။ ငြိမ်းချမ်းရေးရလဒ်အပေါ်မူတည်ပြီး တပ်မတော်နှင့် ညှိနှိုင်းကာ ၂၀၀၈ ခြေ-ဥ ကို တဖြည်းဖြည်း ပြင်ဆင်သွားမည့်ပုံရှိသည်ဟု ခန့်မှန်းရသည်။ အာဏာရပြီး လေးနှစ်အကြာတွင်မူ ‘လွှတ်တော်လမ်းကြောင်းမှတစ်ဆင့် ခြေ-ဥ ပြင်ဆင်ရေး’ သို့ ပြန်ရောက်သွားပြန်သည်။

လမ်းကြောင်းသုံးသွယ်

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လမ်းကြောင်းသုံးသွယ်ရှိလိမ့်မည်ဟု ယေဘုယျ ခန့်မှန်းရသည်။ ဤသည်တို့မှာ –

၁။ လွှတ်တော်လမ်းကြောင်းမှ ပြင်ဆင်ရေး၊
၂။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ (တစ်နည်း) ၂၁ ရာစုပင်လုံမှတစ်ဆင့် ပြင်ဆင်ရေး၊
၃။ လွှတ်တော်ပြင်ပ၊ လူထုအားဖြင့် ပြင်ဆင်ရေးတို့ ဖြစ်ကြသည်။

နံပါတ်တစ် ‘လွှတ်တော်လမ်းကြောင်းမှ ပြင်ဆင်ရေး’ ၏ အဓိက အားနည်းချက်မှာ အရေးကြီးသော အင်အားစုတစ်ခုဖြစ်သည့် ‘လူမျိုးစု လက်နက်ကိုင်အဖွဲ့များ’ (EAO) မပါခြင်းပင် ဖြစ်သည်။ တပ်မတော်အပါအဝင် လွှတ်တော်တွင်း အင်အားစုများ သဘောထားကြီးကြီးဖြင့် ညှိနှိုင်းနိုင်ပါမှ အဖြေရနိုင်သည်ဖြစ်ရာ လက်ရှိအခြေအနေနှင့်တော့ မလွယ်ဟု ထင်သည်။ ပုဒ်မအချို့ ပြင်ကောင်းပြင်နိုင်သော်လည်း အရေးကြီးသောပုဒ်မများကား ရဖို့မလွယ်လှပါချေ။ နံပါတ် သုံး၊ ‘လွှတ်တော်ပြင်ပ လူထုအားဖြင့် ပြင်ဆင်ရေး’ မှာ အကောင်းဘက်သို့ ဦးတည်သွားနိုင်သလို အဆိုးဆုံးလည်း ဖြစ်သွားနိုင်သည်။ ပြည်တွင်းစစ် တာရှည်စေမည့် ‘ရယ်ဒီကယ်အန္တရာယ်’ ကို အထူးသတိပြုဖို့ လိုပါလိမ့်မည်။

ဖြစ်နိုင်ခြေအရှိဆုံးကား နံပါတ်နှစ် ‘ငြိမ်းချမ်းရေးဆွေးနွေးပွဲ (တစ်နည်း) ၂၁ ရာစု ပင်လုံမှတစ်ဆင့် ပြင်ဆင်ရေး’ ဟု ယူဆရပါသည်။ သို့နှင့်တိုင် ဤနည်းတွင်လည်း ‘နည်းနာဆိုင်ရာ ပြဿနာအချို့’ ရှိသည်။ ယခုသွားနေသော ‘ဖက်ဒရယ်အခြေခံမူများ ရရှိရေး’ ဆိုသည်ထက် ပုဒ်မတစ်ခုချင်း ပြင်သွားသည်က ပိုမိုလွယ်ကူ မြန်ဆန်မည်လား စဉ်းစားဖို့ရှိသည်။ ၂၀၀၈ အခြေခံဥပဒေကို ပုံသဏ္ဌာန်သာမက အနှစ်သာရပါ ဖက်ဒရယ်ဖြစ်သွားစေရန် (၁ – အမျိုးသားတန်းတူရေး၊ ၂ – ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ၃ – ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်) တို့နှင့် ဆိုင်သောပုဒ်မများ ပြင်ဆင်၊ ဖြည့်စွက်သွားကြဖို့ ဖြစ်သည်။ (ဤအကြောင်းကို စာရေးသူ ရေးပြီးပါပြီ။ ‘ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နည်းနာဆိုင်ရာပြဿနာများ’၊ ‘ခုနစ်ဆယ်မှ ခုနစ်ဆယ်တစ်သို့’ စာအုပ်တွင် ကြည့်ရန်)

ပြန်လည်စဉ်းစားစေချင်သည့်အချက်များ

USDP အစိုးရ၊ NLD အစိုးရ အစိုးရနှစ်ခုလက်ထက် ငြိမ်းချမ်းရေး ကြိုးပမ်းမှုများမှ ပြန်လည်စဉ်းစားစေချင်သည့် အချက်များကို ဉာဏ်မီသမျှ တင်ပြအပ်ပါသည်။

၁။ ‘လူတိုင်းပါဝင်နိုင်ရေး’ (All-inclusive) ဆိုသည်ကို ပြန်လည်စဉ်းစားစေချင်သည်။ အခြားနိုင်ငံများတွင် လူတိုင်းပါဝင်ဖို့ဖြစ်နိုင်သော်လည်း လက်နက်ကိုင်အဖွဲ့အစည်းများလှသော မြန်မာနိုင်ငံတွင်မူ ဤအတိုင်းဖြစ်ဖို့ ခက်ခဲလိမ့်မည်ထင်သည်။
၂။ သို့အတွက် NCA လက်မှတ်ထိုးပြီး EAO များနှင့် အကျေအလည်ဆွေးနွေးပြီး ရနိုင်သမျှ သဘောတူညီချက်များနှင့် ခြေ – ဥ ကိုပါ တစ်ပြိုင်တည်း ပြင်ဆင်စေချင်သည်။
၃။ သို့မှသာ ‘စေ့စပ်ဆွေးနွေးရေးလမ်းကြောင်းဖြင့် အခြေခံဥပဒေကို ပြင်ဆင်နိုင်ကြောင်း’ လူထုကိုပါမက လက်မှတ်မထိုးရသေးသော EAO များအတွက်ပါ စည်းရုံးသိမ်းသွင်းရာ ရောက်ပါလိမ့်မည်။
၎။ EAO တော်တော်များများနှင့် အခြေခံနိုင်ငံရေးသဘောတူညီချက်များရပြီးမှ လုံခြုံရေးကိစ္စများကို ဆွေးနွေးလျှင် ပို၍ အဖြေရဖို့ နီးစပ်လိမ့်မည်ထင်သည်။
၅။ နဗဥ အားလုံး ဃြဗ လက်မှတ်ထိုးပြီးမှ အားလုံးနှင့် သဘောတူညီချက်ရပြီးမှ တပ်ပါဝင်မှုကို လျှော့မည် ဆိုသော စဉ်းစားချက်ကို ပြန်လည်သုံးသပ်စေချင်သည်။
၆။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အောင်မြင်မှုများကို အခြေခံပြီး တပ်ပါဝင်မှုကို တဖြည်းဖြည်းလျှော့ချရေးလမ်းကြောင်းက ပို၍ ဖြစ်နိုင်ခြေများလေမလား စဉ်းစားစေချင်သည်။
၇။ EAO အချို့နှင့် ငြိမ်းချမ်းရေးအရယူပြီးမှ ကျန်အဖွဲ့များသို့ တဖြည်းဖြည်း တိုးချဲ့သွားရေးလမ်းကြောင်းကို စဉ်းစားစေချင်သည်။ တစ်ကြိမ်တည်းဖြင့် EAO အားလုံးနှင့် ငြိမ်းချမ်းရေးရဖို့ လွယ်မည်မထင်။
၈။ လက်ရှိအခြေအနေ ငြိမ်းချမ်းရေး ဖြစ်စဉ်အနေနှင့် ‘ရှေ့မတိုး၊ နောက်မဆုတ် ‘အီ’ ခံနေသည့် အခြေအနေ’ (Frozen Transition) ဖြစ်နေသည်ဟု ယူဆရသည်။ ဤကာလ ကြာသွားလျှင် တစ်မျိုးတစ်မည် ဖြစ်သွားနိုင်သည်။ ဖြေရှင်းရ ပိုခက်သွားနိုင်သည်။
၉။ ယခုလက်ရှိအခြေအနေထိ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်လျှင် တိုင်းရင်းသားအများစု ကျေနပ်နိုင်စရာရှိပါလိမ့်မည်။ ဤသည်ကို အချိန်မဆွဲဘဲ မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်စေချင်သည်။
၁၀။ ဤသို့မဟုတ်ဘဲ မလိုအပ်ဘဲ အချိန်ဆွဲနေလျှင် ‘ဖက်ဒရေးရှင်း’ ကိုကျော်ပြီး ‘ကွန်ဖက်ဒရေးရှင်း’ တွေ၊ ‘ခွဲထွက်ရေးတွေ တောင်းလာနိုင်စရာရှိသည်။ ဤသို့ဖြစ်လာလျှင် ငြိမ်းချမ်းရေးမှာ ‘ရွှေပြည်တော် မျှော်တိုင်းဝေး’ ဖြစ်သွားလိမ့်မည် … သတိ။ 

ကျော်ဝင်း
၁ အောက်တိုဘာ၊ ၂၀၁၉

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *