ခရီးသွားလာနေစဉ် ကျန်းမာနေစေဖို့ ဂရုစိုက်ရမယ့် ခုနစ်ချက်

သီတင်းကျွတ်ပိတ်ရက်တွေကနေစပြီး ခရီးတွေထွက်ကြတော့မှာဆိုတော့ ခရီးထွက်နေချိန်အတွင်းမှာ စိတ်အနှောင့်အယှက်တွေမရှိဘဲ ပျော်ရွှင်ဖို့အတွက် ကျန်းမာရေးကောင်းနေဖို့ အရေးကြီးလှပါတယ်။ ဒါကြောင့် ခရီးသွားနေစဉ်အတွင်းမှာ ကျန်းမာနေစေဖို့ ဂရုစိုက်ရမယ့် အချက်ခုနစ်ချက်ကို မျှဝေလိုက်ပါတယ်။

အစာအိမ်ကို ဂရုစိုက်ပါ

အစာအိမ်ပြဿနာတွေဟာ သာမန်ကျန်းမာရေးကိစ္စဆိုပေမယ့် ကိုယ့်ရဲ့ အားလပ်ရက်ခရီးကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ သွားရောက်လည်ပတ်တဲ့နေရာတွေမှာ ကိုယ်စားလေ့မရှိတဲ့ အစားအစာတွေနဲ့ လွယ်ကူဈေးချိုတဲ့ အစားအစာတွေကို စားမိရင်လည်း အစာအိမ်အတွက် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ပေါ်လာနိုင်ပါတယ်။ အကောင်းဆုံးကတော့ အစာအိမ်ကို ကူညီပေးနိုင်တဲ့ ဘက်တီးရီးယားတွေပါဝင်တဲ့ ဖြည့်စွက်စာတွေနဲ့ ဆေးဝါးတွေကို ယူဆောင်သွားသင့်ပါတယ်။ ဥပမာ – ဒိန်ချဉ်လို၊ B12 ဆေးဝါးလိုမျိုး ပစ္စည်းတွေကို မမေ့မလျော့ ဆောင်သွားသင့်ပါတယ်။

ရေများများသောက်ပါ

ခရီးသွားနေစဉ်မှာ အလွယ်တကူ အပေါ့မသွားနိုင်အောင် ရေများများသောက်ဖို့ကို ရှောင်ရှားတတ်ကြပါတယ်။ Sightseeing လည်ပတ်နေရင်းနဲ့လည်း ရေသောက်ဖို့ မေ့လျော့နေတတ်ကြပါတယ်။ ဒါဟာ ရေဓာတ်လိုအပ်တဲ့ ခန္ဓာကိုယ်အတွက် မသင့်တော်ပါဘူး။ ခရီးသွားနေရင်းနဲ့ ခန္ဓာကိုယ်မှာ ရေဓာတ်မခန်းခြောက်ဖို့အတွက် ရေများများသောက်ပေးဖို့ အကြံပြုလိုပါတယ်။ ကျန်းမာဖို့တွက် ခန္ဓာကိုယ်ဟာ ရေဓာတ်ပြည့်ဝနေဖို့ လိုပါတယ်။ ဖြစ်နိုင်ရင် ရေဘူးအပိုတစ်ဘူး ဆောင်သွားသင့်ပါတယ်။

အရေပြားကို အစိုဓာတ်ဖြည့်ပါ

ခရီးသွားလာနေရင်းနဲ့ ရေသောက်ဖို့အပြင် တစ်ခြားလုပ်ဖို့လိုတာတွေလည်း ရှိနေပါသေးတယ်။ ဒါက Hand Cream၊ Face Cream နဲ့ နှုတ်ခမ်းမခြောက်သွေ့စေဖို့ Lip Balm Moisturizer သုံးပေးခြင်းပါ။ ဒီအစိုဓာတ်ထိန်းတဲ့ပစ္စည်းတွေကို မကြာခဏ လိမ်းပေးဖို့လိုပါတယ်။ နာရီပေါင်းများစွာလေယာဉ် စီးလာတဲ့သူတွေအနေနဲ့ဆိုရင်တော့ Message လုပ်ခြင်းနဲ့ Facial Combo လုပ်ဖို့ လိုအပ်ပါတယ်။ ဒါမှ သင်ကောင်းကောင်းအိပ်ပျော်မှာပါ။

နှစ်ခြိုက်စွာ အိပ်စက်ပါ

အိမ်နဲ့ဝေးရင် ဒါမှမဟုတ် အိပ်ရာအပြောင်းအလဲဖြစ်ရင် အိပ်မပျော်တတ်ကြပါဘူး။ ဒါကြောင့် တတ်နိုင်သရွေ့ အိပ်ပျော်စေတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးရယူပါ။ တိတ်ဆိတ်တဲ့ ဟိုတယ်အခန်းကို ကြိုတင်စီစဉ်ပါ။ ဆူညံသံတွေရှိရင် ကာကွယ်ဖို့ Ear Plays နဲ့ Eye Mask တို့ကို ဆောင်ထားဖို့လည်း မမေ့ပါနဲ့။ အချိန်ကွာခြားတဲ့ ပြည်ပခရီးစဉ်တွေ သွားမယ်ဆိုရင်တော့ ဖုန်းကို Silent လုပ်တာအကောင်းဆုံးပါပဲ။ ဖုန်းသံကြောင့် သင့်ရဲ့အိပ်ချိန်တွေကို အနှောင့်အယှက် မဖြစ်စေဖို့ပါ။

ရာသီဥတုကို လေ့လာပါ

သင်သွားမယ့် ဒေသရဲ့ ရာသီဥတုကို ကြိုလေ့လာစဉ်းစားပြီးတော့ သင့်တော်တဲ့ အဝတ်အစား၊ အသုံးအဆောင်တွေကို ကြိုတင်စီစဉ်ရမှာပါ။ ဥပမာ – ချင်းတောင်လိုဒေသဆိုရင် နွေရာသီမှာတောင် အအေးဓာတ်ရှိတဲ့အတွက် အနွေးထည်တစ်ထည်တော့ မဖြစ်မနေ ထည့်သွားသင့်ပါတယ်။

လက်သန့်ဆေးရည် ဆောင်ပါ

မော်တော်ကားထိုင်ခုံနဲ့ လေယာဉ်တွေမှာ ပိုးမွှားတွေရှိနေတတ်လို့ တတ်နိုင်သရွေ့ လက်သန့်ဆေးရည်နဲ့ သန့်စင်ပေးဖို့လိုပါတယ်။ ဒါကြောင့် လက်သန့် ဆေးရည်ဆောင်ဖို့ မမေ့ပါနဲ့။ မိမိခရီးဆောင်အိတ်ကို သန့်စင်ပေးတဲ့ အလေ့အကျင့်ကိုလည်း မွေးမြူပေးဖို့လိုပါတယ်။

မနက်စာကို ၀အောင်စားပါ

မနက်စာဝအောင်စားခြင်းဟာ ခရီးသွားနေစဉ်မှာ သင့်ကို တစ်နေ့လုံး လန်းဆန်းနေစေပါတယ်။ များသောအားဖြင့် မနက်စာစားခြင်းဟာ ခန္ဓာကိုယ်အတွက် ကျန်းမာရေးနဲ့ ညီညွတ်စေပါတယ်။ အကောင်းဆုံးကတော့ ပရိုတင်းဓာတ်၊ သကြားဓာတ်ပါတဲ့ မနက်စာတွေပါပဲ။ 

 

Ref: https://lajollamon.com

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *