အသက် ၁၂၀ ရှည်စေသော်ဝ်

နောင်ဆို သီတင်းကျွတ်ကို လာကန်တော့ကြရင် ‘အသက် ၁၂၀ ရှည်ပါစေ’ လို့ ဆုပေးစရာ မလိုတော့ဘူး။ လူတွေအသက် ၁၂၀ ထိ တကယ်ဖြစ်လာခါနီးနေပြီ။ အိုခြင်းကို တားထားရုံတင်မက ပြောင်းပြန်ပြန်ပြီး နုပျိုအောင်လုပ်လို့ရတော့မယ်လို့ အိုမင်းခြင်းကို ၂၅ နှစ်လောက် လေ့လာပြီး နုပျိုဆေးတွေ တီထွင်နေတဲ့ သိပ္ပံပညာရှင် ဟားဗတ်တက္ကသိုလ် ပါမောက္ခ Sinclair က သုတေသနတွေနဲ့တကွ ယုံယုံကြည်ကြည် ပြောထားပါတယ်။ Sinclair ဟာ Time မဂ္ဂဇင်းရဲ့ ၂၀၁၄ ကမ္ဘာ့ဩဇာအကြီးဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ Beyonce နဲ့ ပူးတွဲရွေးချယ်ခံရသူပါ။ သူ့ရဲ့တွေ့ရှိချက်တွေအရ နုပျိုဆေးတွေ ထုတ်လုပ်ဖို့ Biotech ကုမ္ပဏီတွေအများကြီး ထောင်ထားသူလည်းဖြစ်တယ်။

စာအုပ်ဖတ်နေရင်းနဲ့ Sinclair ရဲ့ Youtube Video တွေ လိုက်ကြည့်မိတော့ အသက် ၅၀ သာ ဆိုတယ်၊ ရုပ်က တော်တော်နုတယ်။ ဆံပင်ဖြူတစ်ချောင်း မရှိသေးဘူး။ ပုံမှန်သွေးဖောက်စစ်၊ မျိုးရိုးဗီဇစစ်နေတဲ့သူဟာ ဇီဝအသက် Biological Age ၃၁.၄ နှစ်ပဲ ရှိသေးတယ်။ ၁၉ နှစ်လောက် နုပျိုနေတာ။ သူဖော်တဲ့ဆေး သူကိုယ်တိုင်စားရုံတင်မက သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် သုံးပုံ တစ်ပုံလောက်ကလည်း အဲဒီဆေးတွေ စားနေကြတယ်။ ကိုယ်ကိုယ်တိုင် အစမ်းသပ်ခံနေတာ။ သူ့အဖေက သူ့ဆေးတွေ စားလာတာ အသက် ၈၀ နားနီးမှ တောင်တွေတက်၊ ဖောင်စီး၊ အလုပ်ပြန်လုပ်နဲ့။ သူ့အမေက အဆုတ်ကင်ဆာဖြစ်ပြီး လေးငါးလလောက်ပဲ နေရတော့မယ်လို့ ဆရာဝန်တွေက ခန့်မှန်းထားပေမယ့် လှီးထုတ်ထားတဲ့ အဆုတ်တစ်ခြမ်းထဲနဲ့ နောက်အနှစ် ၂၀ နေသွားရတာဟာ သူ့ဆေးတွေ စားလို့လို့ ပါမောက္ခ Sinclair က ယုံကြည်နေပါတယ်။ Sinclair တို့ မိသားစုဟာ သူတို့ခွေးတွေကိုပါ ဒီဆေးတွေ တိုက်ကြတယ်။ ခွေးတွေတောင် နုပျိုလာတယ် ဆိုပါတယ်။

အိုမင်းခြင်းဟာ ရောဂါပါလို့ Sinclair က ပြောပါတယ်။ အိုမင်းခြင်းဟာ သဘာဝပဲ၊ ရှောင်လွှဲလို့မရဘူးလို့ လက်ခံထားကြတဲ့အတွက် အိုမင်းခြင်းကို ရောဂါလို့ ပြောတာဟာ တော်လှန်တဲ့ အယူအဆပါ။ ရောဂါသာဆိုရင် ကုလို့ရရမယ်။ ဒါ့ကြောင့် အိုမင်းခြင်းကို သုတေသနပြုနေတဲ့ ပညာရှင်တွေကြားမှာတောင် ဒါဟာ အတော်ပြင်းထန်တဲ့ အယူအဆဖြစ်တယ်။ အိုမင်းခြင်းကို ရောဂါလို့ အစိုးရတွေက မသတ်မှတ်သေးတဲ့အတွက် အမေရိကန်အစိုးရလိုမျိုး ဦးဆောင်အစိုးရတွေက သတ်မှတ်အောင် Sinclair က လှုံ့ဆော်နေတယ်။

အသက်ကြီးတဲ့ဖြစ်စဉ်ကို ထိန်းချုပ်နေတဲ့ Gene မျိုးရိုးဗီဇတွေကို မောင်းနှင်နေတဲ့ Epigenome ကနေ Gene တွေကိုပေးတဲ့ အမိန့်ကို ပြောင်းလိုက်နိုင်ရင် လူတွေ ပြန်နုပျိုလာလိမ့်မယ်။ အိုမင်းခြင်းသုတေသနသမားတွေ အရင်က သွားနေကြတာတွေက အိုမင်းခြင်းကို ထိန်းချုပ်တဲ့ Gene တွေကို ပြောင်းလဲဖို့ ကြိုးစားကြတာ။ Sinclair က အဲဒီလိုမသွားတော့ဘူး။

Sinclair ဖော်တဲ့ဆေးတွေကို လိုချင်လို့ နာမည်ကြီးပုဂ္ဂိုလ်တွေ၊ သူဌေးကြီးတွေ နေ့တိုင်းဖုန်းဆက်နေကြတယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့တွေ နုပျိုချင်ပေမယ့် သူဖော်တဲ့ဆေးကို လက်လှမ်းမမီရင်ရော။ ဆေးသောက်တာအပြင် သူကိုယ်တိုင်လုပ်နေတဲ့ နည်းတွေကို ကျွန်တော် စာအုပ်ထဲမှာ လိုက်ရှာဖတ်ကြည့်ပါတယ်။ သူဟာ ဆရာဝန်မဟုတ်တဲ့အတွက် အများကြီး မညွှန်းချင်ပါဘူးလို့ Sinclair က ပြောပေမယ့် သူနေ့စဉ် လုပ်နေတာလေးတွေတော့ ပြောထားပါတယ်။
အနှစ်ချုပ်ဖော်ပြလိုက်ပါတယ်။

တစ်နေ့ကို ထမင်းတစ်နပ်လောက် စားရင်စား၊ မစားရင် အဲဒီတစ်နပ်ကို နည်းနည်းလေးပဲစားတယ်။ အလုပ်များတာကြောင့် နေ့လယ်စာလွတ်လေ့ရှိတဲ့အတွက် သူ့အတွက် ထမင်းတစ်နပ်လျှော့စားဖို့ သိပ်မခက်ပါဘူးတဲ့။

ပေါင်မုန့် (မြန်မာဆိုရင်တော့ ထမင်းပေါ့) ၊ သကြား၊ ခေါက်ဆွဲ တတ်နိုင်သလောက် လျှော့စားတယ်။ အသက် ၄၀ ပြည့်ကတည်းက သွားရည်စာ မစားတော့ဘူး။

နေ့စဉ် လမ်းလျှောက်နိုင်သလောက် လျှောက်တယ်။ အပေါ်ထပ်တွေ လမ်းလျှောက်တက်တယ်။ စနေ၊ တနင်္ဂနွေဆို အားကစားရုံသွားတယ်။

အသီးအရွက် အများကြီးစားတယ်။ နို့တိုက်သတ္တဝါအသား (အမဲ၊ ဆိတ်၊ ဝက် စသည်) တတ်နိုင်သမျှ ရှောင်လေ့ရှိတယ်။ အားကစားရုံသွားအလေးမတဲ့ရက်တွေမှာ အသားစားတယ်။

ဆေးလိပ်မသောက်ဘူး။ ခရမ်းလွန်ရောင်ခြည် (နေအလွန်ပူ) ရှောင်တယ်။ X-ray ရှောင်တယ် ( လေဆိပ်တွေမှာ လုံခြုံရေးဖြတ်ရင် တတ်နိုင်သလောက် ရှောင်တယ်)၊ CT-scan ရှောင်တယ်။

ညအိပ်ရင်ရော၊ နေ့ခင်းတွေမှာရော အေးအောင်နေတယ်။

ကျန်းမာရေးနဲ့အညီဆုံး ကိုယ်အလေးချိန်အတွင်း ရောက်အောင်နေတယ်။ 

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *