၂၁ ရာစုအတွက် သင်ခန်းစာ ၂၁ ခု

(ကမ္ဘာကျော်စာရေးဆရာ Yuval Noah Harari အရောင်းရဆုံးစာအုပ်စာရင်းဝင် 21 Lessons for the  21st  Century စာအုပ်ကို ဘာသာပြန်ဆိုဖော်ပြပါသည်။)

သင်ခန်းစာ ()

လူဝင်မှု (immigration) (အပိုင်း)

တချို့ယဉ်ကျေးမှုတွေက တချို့ထက် သာနိုင်တယ်

ဆွေးနွေးငြင်းခုံစရာ ()       ရှေ့တစ်ပတ်က တင်ပြဆွေးနွေးခဲ့သည့် လူဝင်မှုဆိုင်ရာသဘောတူညီချက်၏ ဒုတိယမြောက် အခြေခံစည်းကမ်းသတ်မှတ်ချက်မှာ ဝင်ရောက်ခွင့်ပြုလိုက်သည့် ရွှေ့ပြောင်းအခြေချ နေထိုင်သူများအနေနှင့် ဒေသခံယဉ်ကျေးမှုကို လက်ခံပြီး  အံဝင်ခွင်ကျသဟဇာတဖြစ်အောင် နေဖို့လိုသည်ဆိုသည့် အချက် ဖြစ်သည်။ သို့သော် ထိုသို့ လက်သင့်ခံပြီး အံဝင်ခွင်ကျဖြစ်ဖို့ရန်မှာ  ဘယ်လောက် အတိုင်းအတာအထိဖြစ်ဖို့ လိုပါသနည်း။ ရွှေ့ပြောင်း အခြေချနေထိုင်သူများမှာ ဖခင်ကြီးစိုးသော လူ့အဖွဲ့အစည်း (Patriachal  society) မှ လစ်ဘရယ် လူ့အဖွဲ့အစည်း (liberal society) သို့  ပြောင်းရွှေ့နေထိုင်လျှင် သူတို့အနေနှင့် အမျိုးသမီးဝါဒီ (feminist) များ ဖြစ်ကို ဖြစ်လာရမည်လား။ ဘာသာတရားအထူးကိုင်းရှိုင်းသော လူ့အဖွဲ့အစည်းမှ ပြောင်းရွှေ့နေထိုင်လျှင် ဘာသာရေးနှင့် လောကီရေး မရောယှက်သော ကမ္ဘာ့အမြင်မျိုးအဖြစ် ပြောင်းလဲပစ်ဖို့ လိုပါသည်လော။ ပြောင်းရွှေ့နေထိုင်သူများအနေနှင့် သူတို့၏ ဘာသာရေးဓလေ့ထုံးတမ်းများ၊ အစားအသောက်ရှောင်ကြဉ်မှုများကို စွန့်လိုက်ကြရမည်လား။  လူဝင်မှုကို ဆန့်ကျင်သူများက ဘယ်လိုမှ လက်သင့်ခံသင့်သည်ဆိုသည့် စံများကို မြှင့်တင်ထားတတ်ပြီး လူဝင်မှုကို ထောက်ခံသူများကမူ စံများကို များစွာ မြှင့်တင်ထားလေ့မရှိကြချေ။

လူဝင်မှုကို ထောက်ခံသူများက ဥရောပတိုက်သည်ပင် မတူကွဲပြားမှု  အထူးများပြားစုံလင်သော နေရာ ဖြစ်ကြောင်း၊ ဒေသခံပြည်သူလူထုအနေနှင့်လည်း ကွဲပြားစုံလင်သော အမြင်များ၊ အလေ့အကျင့်များ၊  စံတန်ဖိုးများရှိကြောင်း ဆိုလေ့ရှိသည်။ ထိုသို့ရှိနေခြင်းကပင် ဥရောပကို မြူးကြွအားကောင်းစေသည်ဟု ဆိုကြသည်။ သူတို့က မေးခွန်းထုတ်သည်မှာ ဥရောပသားများပင် ပြည့်မီမည် မဟုတ်သည့် စိတ်ကူးယဉ် ဥရောပစံ သရုပ်လက္ခဏာကို အဘယ့်ကြောင့် ရွှေ့ပြောင်းအခြေချနေထိုင်သူများက အပြည့်အဝ လိုက်နာနေထိုင်ရမည်ဟု ဖိအားပေးရပါသနည်းဟု မေးခွန်းထုတ်ကြသည်။ ဗြိတိန်နိုင်ငံသားအများအပြားပင် ဘုရားရှိခိုးကျောင်း မသွားသလောက်ဖြစ်နေသည့် ခေတ်ကြီးတွင်  ဗြိတိန်သို့ ပြောင်းလာသည့် မွတ်ဆလင် ရွှေ့ပြောင်းနေထိုင်သူများကို ခရစ်ယာန်ဘာသာပြောင်းဖို့ ဖိအားပေးချင်ပါသလော။ ပန်ဂျပ်မှ လာသည့်  ရွှေ့ပြောင်းနေထိုင်သူများကို ကာရီဟင်းနှင့် မဆလာကို စွန့်လွှတ်ပြီး  ယော့ခ်ရှိုင်းယားပူတင်းနှင့် ငါးအာလူးကြော်စားရမည်ဟု တောင်းဆိုမည်လော။ ဥရောပတွင် တကယ့်စစ်မှန်သော ပင်ရင်းစံတန်ဖိုးများ ရှိသည်ဆိုပါက သည်းခံခြင်း (tolerance) နှင့် လွတ်လပ်ခြင်းတည်းဟူသော လစ်ဘရယ်စံတန်ဖိုးများပင် ဖြစ်ပေမည်။ ဆိုလိုသည့် သဘောမှာ ဥရောပသားများအနေနှင့် ရွှေ့ပြောင်းအခြေချနေထိုင်သူများကိုလည်း သည်းခံရမည်ဖြစ်သလို အခြားသူများ၏ လွတ်လပ်မှုနှင့် အခွင့်အရေး၊ ပိုင်ခွင့်များကို မထိခိုက်သရွေ့ သူတို့၏ ရိုးရာဓလေ့ထုံးတမ်းများကို ကျင့်သုံးနိုင်သည့်  လွတ်လပ်မှုကိုလည်း တတ်နိုင်သမျှ ခွင့်ပြုပေးရမည် ဖြစ်သည်။

လူဝင်မှုကို ဆန့်ကျင်သူများက သည်းခံမှုနှင့် လွတ်လပ်မှုမှာ အရေးအကြီးဆုံး ဥရောပစံတန်ဖိုးများ ဖြစ်သည်ဆိုတာကို သဘောတူပါသည်။ သို့သော် သူတို့က ရွှေ့ပြောင်းအခြေချနေထိုင်သော အုပ်စုအများအပြား (အထူးသဖြင့် မွတ်ဆလင်နိုင်ငံများမှ ရွှေ့ပြောင်းလာသူများ) ကို သည်းခံမှုမရှိသူများ၊ မိန်းမမုန်းတီးရေးဝါဒီများ၊ ဂေးမုန်းတီးရေးဝါဒီများ၊  ဂျူးမုန်းတီးရေးဝါဒီများဖြစ်သည်ဟု စွပ်စွဲကြသည်။ ဥရောပက သည်းခံနားလည်မှု စံတန်ဖိုးကို အလေးပေးတန်ဖိုးထားခြင်းကြောင့်ပင်လျှင် အထက်ဖော်ပြပါ သည်းမခံနိုင်သည့် မုန်းတီးရေးလက်ကိုင်ထားသူများ အများအပြားကို လက်သင့်မခံ၊ အဝင်မခံနိုင်ဟုဆိုလေသည်။ သည်းခံတတ်သော လူ့အဖွဲ့အစည်းတစ်ခုအနေနှင့် လစ်ဘရယ်မဟုတ်သည့် လူနည်းစုအနည်းငယ်ကို စီမံခန့်ခွဲနိုင်သော်လည်း လက်သင့်ခံနိုင်သည့် ပမာဏထက်ကျော်လာပြီး ထိုသို့ အစွန်းရောက်များ များလာပါက လူ့အဖွဲ့အစည်းတစ်ခုလုံး၏ သဘောသဘာဝပျက်စီးပြောင်းလဲသွားမည်ဟု  ဆိုသည်။ ဥရောပအနေနှင့် အရှေ့အလယ်ပိုင်းမှ ရွှေ့ပြောင်းနေထိုင်သူ အများအပြားကို လက်သင့်ခံလိုက်ပါက ဥရောပမှာ အရှေ့အလယ်ပိုင်းလို ဖြစ်သွားမည်ဟု လူဝင်မှုဆန့်ကျင်သူများက ဆိုသည်။

အခြား လူဝင်မှုဆန့်ကျင်သူများက သည်လောက်နှင့် မရပ်ကြပေ။ တိုင်းပြည်လူ့အဖွဲ့အစည်း (national community) တစ်ခုမှာ တစ်ယောက်နှင့် တစ်ယောက် သည်းခံသော လူအုပ်စုတစ်စုဆိုတာမျိုးထက် အများကြီး ကျော်လွန်သည်ဟု သူတို့က ထောက်ပြကြသည်။ ယင်းကြောင့်ပင် ရွှေ့ပြောင်းအခြေချနေထိုင်သူများအနေနှင့် ဥရောပ၏ သည်းခံတတ်သော စံတန်ဖိုးများကို လိုက်နာရုံနှင့် မလုံလောက်သေး။ ရွှေ့ပြောင်းလာသူများအနေနှင့် ဗြိတိန်၊ ဂျာမနီ၊ ဆွီဒင် ယဉ်ကျေးမှုများ၏ တစ်မူထူးခြားသော သရုပ်လက္ခဏာများ (ဒါတွေက ဘာတွေပဲ ဖြစ်နေနေ) ကို လိုက်နာကျင့်သုံးရမည်ဟု ဆိုသည်။ ဒေသခံယဉ်ကျေးမှုအနေနှင့် လူဝင်မှုခွင့်ပြုလိုက်ခြင်းဖြင့် စွန့်စားမှုအကြီးကြီး လုပ်လိုက်ရပြီး ပေးရမည့် တန်ဖိုးကလည်းများလေရာ ဒေသခံယဉ်ကျေးမှုကို ဖျက်ဆီးခွင့်ပြုစရာအကြောင်းမရှိဟု ဆိုလေသည်။ အဆုံးတွင် တန်းတူညီမျှအခွင့်အရေး (equality) အပြည့်အဝပေးအပ်ရမည်ဖြစ်ရာ ရွှေ့ပြောင်းနေထိုင်သူများသည်လည်း ဒေသခံယဉ်ကျေးမှုထဲသို့ အပြည့်အဝပေါင်းစည်းလက်သင့်ခံရမည် (assimilation) ဟု တောင်းဆိုလေသည်။ ရွှေ့ပြောင်းအခြေချနေထိုင်သူများအနေနှင့် ဗြိတိန်၊ ဂျာမနီ၊ သို့မဟုတ် ဆွီဒင်ယဉ်ကျေးမှု၏  တစ်မူထူးသည့် လက္ခဏာများနှင့် ပြဿနာရှိနေသည်၊  မကျေနပ်ဆိုပါက  မောင်ရင်တို့ တခြားသွားလိုရာ သွားလို့ရသည်ဟု လူဝင်မှုဆန့်ကျင်သူများက ဆိုလေသည်။

ဤဆွေးနွေးငြင်းခုံမှု၏ အဓိကကိစ္စနှစ်ရပ်မှာ ရွှေ့ပြောင်းအခြေချနေထိုင်သူများ၏ သည်းမခံနိုင်မှုကိစ္စအပေါ် သဘောကွဲလွဲမှုတစ်ရပ်နှင့် ဥရောပသားဆိုသည့် သရုပ်လက္ခဏာအပေါ် သဘောကွဲလွဲမှုတစ်ရပ်၊ စုစုပေါင်း ကိစ္စနှစ်ရပ် ဖြစ်သည်။ ရွှေ့ပြောင်းအခြေချနေထိုင်သူများအနေနှင့် အမှန်တကယ်ပင် ဘယ်လိုမှ ပြုပြင်လို့ မရနိုင်သည့် သည်းမခံတတ်မှု  (intolerance) အပြစ်ရှိသည်ဆိုပါက လူဝင်မှုကို ထောက်ခံသည့် လက်ရှိ ဥရောပ လစ်ဘရယ်များပင် အနှေးနှင့် အမြန်ဆိုသလို လူဝင်မှုကို ခါးသီးစွာ ဆန့်ကျင်လိမ့်မည်ဖြစ်သည်။ ပြောင်းပြန်အားဖြင့် ရွှေ့ပြောင်းအခြေချနေထိုင်သူ အများစုမှာ ဘာသာရေး၊ ဂျန်ဒါနှင့် နိုင်ငံရေးကိစ္စများတွင်  စိတ်သဘောထားကြီးပြီး လစ်ဘရယ်ဖြစ်နိုင်သည်ဆိုပါက လူဝင်မှုကို  ဆန့်ကျင်သူများ အချို့ကိစ္စများတွင် ထိရောက်စွာ ငြင်းချက်ထုတ်ဖို့ ခက်သွားမည်ဖြစ်သည်။

သို့သော် (ပထမကိစ္စ အဖြေထွက်ရင်တောင်မှ) ဥရောပ၏ တစ်မူထူးခြားသော အမျိုးသားရေးလက္ခဏာများနှင့် စပ်လျဉ်းသည့် မေးခွန်းရှိသေးသည်။ သည်းခံတတ်မှုမှာ အားလုံးကျင့်သုံးနိုင်သော စံတန်ဖိုးတစ်ရပ် ဖြစ်သည်။ သို့နှစ်တိုင် ပြင်သစ်ကို ရွှေ့ပြောင်းအခြေချနေထိုင်သူများ  လက်သင့်ခံကျင့်သုံးရမည့် ပြင်သစ်စံ၊ ပြင်သစ်တန်ဖိုးဆိုပြီး သပ်သပ် ရှိပါသလော။ ဒိန်းမတ်ကို ပြောင်းရွှေ့နေထိုင်မည့်သူများ လက်ခံကျင့်သုံးရမည့် ဒိန်းမတ်စံ၊ ဒိန်းမတ်တန်ဖိုးဆိုပြီး သပ်သပ်ရှိပါသလော။ ဥရောပသားများ ဤမေးခွန်းအပေါ် ခါးသီးစွာ သဘောထားကွဲလွဲနေသရွေ့ လူဝင်မှု ကြီးကြပ်ရေး မူဝါဒတစ်ရပ် ရှင်းလင်းစွာချနိုင်ဖို့ ခက်ခဲမည်ဖြစ်သည်။  တစ်နည်းအားဖြင့်လည်း ဥရောပသားများမှာ သူတို့ကိုယ်သူတို့ ဘယ်လို လူမျိုးဖြစ်သည်ဆိုတာကို သိသွားပြီဆိုပါက သန်း ၅၀၀ သော ဥရောပသားများအနေနှင့် ဒုက္ခသည်တစ်သန်းကို လက်ခံရန် သို့မဟုတ် နှင်ထုတ်ရန် ခက်ခဲစရာ ရှိတော့မည်မဟုတ်ချေ။

ဆွေးနွေးငြင်းခုံစရာ (၃) ။      ။ လူဝင်မှုကိစ္စ၏ တတိယအခြေခံ  စည်းကမ်းသတ်မှတ်ချက်မှာ ရွှေ့ပြောင်းအခြေချနေထိုင်သူများက  အမှန်တကယ် အိမ်ရှင်လူ့အဖွဲ့အစည်းနှင့် ပေါင်းစည်းနိုင်ရန် စိတ်ရော ကိုယ်ပါ ကြိုးစားအားထုတ်သည်ဆိုပါက (အထူးသဖြင့် သည်းခံတတ်မှု စံတန်ဖိုးကို လက်သင့်ခံကျင့်သုံးသည်ဆိုပါက) အိမ်ရှင်နိုင်ငံအနေနှင့် သူတို့ကို ပထမတန်းစား နိုင်ငံသားအတိုင်း ဆက်ဆံရန်တာဝန်ရှိသည် ဟူသော အချက်ဖြစ်သည်။ သို့သော် မေးခွန်းထုတ်စရာမှာ ရွှေ့ပြောင်းအခြေချနေထိုင်သူများသည် လူ့အဖွဲ့အစည်း၏ တင်းပြည့်ကျပ်ပြည့်အဖွဲ့ဝင်များ ဖြစ်လာရန်အတွက် အချိန်ဘယ်လောက် ကြာမည်နည်းဆိုသည့် မေးခွန်းဖြစ်သည်။ အယ်လ်ဂျီးရီးယားမှ ရွှေ့ပြောင်းလာသည့် ပထမမျိုးဆက်အနေနှင့် ပြင်သစ်တွင် နှစ် ၂၀ ကြာ နေပြီးသည့်တိုင် ပြင်သစ်နိုင်ငံသား အပြည့်အဝ မဖြစ်သေးလျှင် မကျေမနပ် ဖြစ်သင့်ပါသည်လော။ ၁၉၇၀ ပြည့်နှစ်များက ပြင်သစ်သို့ ရွှေ့ပြောင်းလာသည့် သူများ၏ တတိယမျိုးဆက်ရွှေ့ပြောင်းနေထိုင်သူ မြေးမြစ်များအနေနှင့်ရော  ပြင်သစ်နိုင်ငံသား အပြည့်အဝ ဖြစ်သင့်ပြီလော။

လူဝင်မှုကို ထောက်ခံသူများက လျှင်မြန်စွာလက်သင့်ခံပြီး အပြည့်အဝနိုင်ငံသားအဖြစ် ဆက်ဆံရေး တောင်းဆိုကြသည်။ လူဝင်မှုကို ဆန့်ကျင်သူများကမူ အချိန်ကြာရှည် စောင့်ကြည့်ပြီးမှ ပေးအပ်ရမည်ဟု  ငြင်းချက်ထုတ်ကြသည်။ လူဝင်မှုကို ထောက်ခံသူများက ရွှေ့ပြောင်း နေထိုင်သူများ၏ တတိယမျိုးဆက် မြေးမြစ်များအနေနှင့် နိုင်ငံသားဖြစ်ခွင့်  အပြည့်အဝမခံစားရပါက အိမ်ရှင်နိုင်ငံမှာ သူ့တာဝန်မကျေပွန်ခြင်း ဖြစ်သည်ဟု ဆိုသည်။ တင်းမာမှုများ၊ ရန်လိုမှုများ၊ အကြမ်းဖက်မှုများပေါ်ပေါက်လာပါက အိမ်ရှင်နိုင်ငံက အပြစ်တင်လို့ မရဘဲ  မိမိဘာသာ တစ်ယူသန်အမြင်ကျဉ်းမှုကိုသာ အပြစ်တင်ရမည်ဟု ဆိုလေသည်။ လူဝင်မှုကို ဆန့်ကျင်သူများအတွက်မူ ဤကဲ့သို့သော မဟားတရားတောင်းဆိုမှုကိုက ပြဿနာဟု ယူဆကြသည်။ ရွှေ့ပြောင်းဝင်ရောက်လာသူများအနေနှင့် စိတ်ရှည်ရမည်ဟု သူတို့က ဆိုသည်။ အဘိုးအဘွားများက လွန်ခဲ့သောနှစ်လေးဆယ်လောက်ကမှ တိုင်းပြည်ထဲကို ဝင်လာပြီး အခု မြေးတွေ လက်ထက်မှာ ဒေသခံတွေလို အပြည့်အဝခံစားခွင့်မရလို့ လမ်းပေါ် ထွက် ဆူပူနေသည်ဆိုလျှင်တော့ မင်းတို့ စာမေးပွဲကျပြီဟု လူဝင်မှုဆန့်ကျင်သူများက ဆိုကြသည်။

သည်ကိစ္စတွင်မူ ပြဿနာ၏ အရင်းအမြစ်မှာ လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အချိန်ကို ရှုမြင်ပုံနှင့် လူအုပ်စုလိုက်၏ အချိန်ကို ရှုမြင်ပုံ မတူသည့်ကိစ္စ ဖြစ်သည်။ လူသားအုပ်စုကြီးအနေနှင့် ကြည့်ပါက နှစ်လေးဆယ်မှာ  ဘာမှ မရှိသည့် တိုတောင်းသော အချိန်ဖြစ်သည်။ လူ့အဖွဲ့အစည်းတစ်ခု အနေနှင့် ဆယ်စုနှစ်အနည်းငယ်အတွင်း နိုင်ငံခြားသားအုပ်စုများကို  အပြည့်အဝလက်သင့်ခံနိုင်မည်ဟု မျှော်လင့်ထားဖို့ ခက်ခဲမည်ဖြစ်သည်။ နိုင်ငံခြားသားများကို လက်သင့်ခံပြီး ပေါင်းစည်းခွင့်ပြုကာ နိုင်ငံသားအဖြစ်  အပြည့်အဝ အသိအမှတ်ပြုသည့် ရှေးကရောမအင်ပါယာ၊ မွတ်ဆလင် ကာလိဖိတ်၊ တရုတ်အင်ပါယာများနှင့် အမေရိကန်ပြည်ထောင်စုတို့ ကဲ့သို့သော လူ့အဖွဲ့အစည်းများမှာ အားလုံး ရာစုနှစ်များစွာ အချိန်ယူရသည်။ ဆယ်စုနှစ်အတွင်း ပြောင်းလဲသွားပြီး လက်သင့်ခံ ပေါင်စည်းလိုက်ခြင်းမျိုး မဟုတ်ချေ။

သို့သော် လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက်မူ နှစ်လေးဆယ်မှာ ‘တစ်သက်လုံးပါပဲ’ ဆိုသော အချိန်မျိုးဖြစ်သည်။ အဘိုးအဘွားများ လွန်ခဲ့သော နှစ်လေးဆယ်က ပြင်သစ်ကို ပြောင်းရွှေ့လာပြီး အခု ပြင်သစ်တွင် မွေး၊ ပြင်သစ်တွင် ကြီးလာသည့် ဆယ်ကျော်သက်တစ်ယောက်အတွက်မူ အယ်လ်ဂျီးယားမှ မာဆေးလ်သို့ ပြောင်းရွှေ့ဖို့ ထွက်လာသည့် ခရီးဆိုသည်မှာ အတိတ် ဟိုးရှေးရှေးက သမိုင်းဖြစ်သွားပြီ ဖြစ်သည်။ သူ့ကို ဒီမှာပဲ မွေးသည်၊ သူ့သူငယ်ချင်းတွေ အားလုံးလည်း ဒီမှာပဲ မွေးသည်၊ သူလည်း အာရဗီစကားမတတ်၊ ပြင်သစ်စကားပဲ တတ်သည်၊  အယ်လ်ဂျီးရီးယားလည်း တစ်ခါမှ မရောက်ဖူးဆိုတာမျိုး ဖြစ်သည်။ သူ့အဖို့မှာ  ပြင်သစ်သည် အမိမြေဖြစ်သည်၊ သူ့အိမ်သူ့ယာ ဖြစ်သည်။ အခုကျတော့ လူတွေက ပြင်သစ်က သူ့အိမ် မဟုတ်၊ သူက ဧည့်သည် ဖြစ်သည်။ သူ တစ်ခါမျှ မရောက်ဖူး၊ မနေဖူးသည့် နေရာကို ပြန်သွားရမည်ဟု လူတွေက ပြောလာလျှင် သူ့အနေနှင့် ဘာလုပ်ရမည်နည်း။

ဥပမာဆိုရမည်ဆိုလျှင် ဤအဖြစ်မှာ ဩစတြေးလျမှ ယူကလစ်ပင်မျိုးစေ့တစ်စေ့ကို ယူလာပြီး ပြင်သစ်တွင် စိုက်လိုက်သလိုပင်။ ဂေဟစနစ်ရှုထောင့်မှကြည့်ပါက အဆိုပါ ယူကလစ်ပင်သည် ကျူးကျော် ဝင်ရောက်လာသည့် မျိုးစိတ်ဖြစ်သည်။ ရုက္ခဗေဒပညာရှင်များအနေနှင့် ယူကလစ်ပင်ကို ဥရောပအပင်မျိုးစိတ်အဖြစ် ပြောင်းလဲသတ်မှတ်ရန် မျိုးဆက်ပေါင်း များစွာ အချိန်ယူရမည် ဖြစ်သည်။ သို့သော် အပင်တစ်ပင်ချင်း ရှုထောင့်ကနေ ကြည့်လျှင်မူ သူ့အနေနှင့် ပြင်သစ်က အပင် ဖြစ်သည်။ ပြင်သစ်ရေကို  မလောင်းလျှင် သူခြောက်သွေ့သေဆုံးသွားမည် ဖြစ်သည်။ စာဖတ်သူအနေနှင့် သူ့ကို ဆွဲနုတ်ဖို့ ကြိုးစားပါက ယင်းအပင်သည်လည်း ဒေသခံ ဝက်သစ်ချပင်နှင့် ထင်းရှူးပင်များနှင့်မခြား ပြင်သစ်မြေတွင် အမြစ် တွယ်နေပြီဆိုသည်ကို တွေ့ရမည်ဖြစ်သည်။ 

သီဟဝင့်အောင်

(ဆက်လက်ဖော်ပြပါမည်။)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *