“ပိုက်ဆံရှာမယ်ဆိုရင် တစ်နှစ်၊ တစ်နှစ်ခွဲနေမှ တစ်ကား ဘယ်ထွက်မလဲ။ တစ်လ တစ်ကားထွက်မှာပေါ့။ တစ်သက်လုံး ပိုက်ဆံထက် အနုပညာကို အရေးပေးတဲ့အတွက် ကျွန်တော့်ကို ချေးများတယ်လို့ မြင်ကောင်းမြင်နိုင်တယ်။ ကျွန်တော်ချေးများတာ မဟုတ်ဘူး။ ကောင်းစေချင်တာပါ”

မကြာခင် ရုံတင်တော့မယ် Now & Ever ဇာတ်ကားအပေါ် ရင်ခုန်သံတွေ၊ ဇာတ်ကားမှာ ပါဝင်တဲ့သီချင်းတွေ ပြန်ထုတ်ဖြစ်မယ်အကြောင်းနဲ့ အနုပညာလှုပ်ရှားမှု အကြောင်းတွေကို သရုပ်ဆောင်ဇဏ်ခီကို မေးမြန်းထားတာဖြစ်ပါတယ်။

Voice : ဇာတ်ကား Teaser ထွက်ထဲက ပရိသတ်က စိတ်ဝင်စားကြတာ အခု ရုံတင်တော့မယ်ဆိုတော့ ရင်ခုန်သံက ဘယ်လိုဖြစ်နေလဲ။

Zenkyi : ရုပ်ရှင်တစ်ခု ထွက်တော့မယ်ဆိုရင် အရှေ့မှာ ဘယ်လောက်ပဲအောင်မြင်ထားထား အသစ်ထွက်တော့မယ်ဆိုရင် စိုးရိမ်ပူပန်မှုက ဘယ်သူမဆိုရှိပါတယ်။ ရုံတင်တော့မှာတော့ တော်တော်ကို ရင်ခုန်ကြတယ်။ အရှေ့ မှာ ဘယ်နှကား အောင်မြင်ထား၊ အောင်မြင်ထား စိုးရိမ်မှုရှိတယ်။ ဒါပေမဲ့ သိနေတာက လူတွေလည်း အရမ်းကြိုက်မယ်ဆိုတာ သိနေတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အရမ်းကြိုက်ထားတယ်ဆိုတော့ ရင်ခုန်မှုက မျိုးစုံနေတာပဲ။

Voice : ဒီတစ်ခေါက်က မင်္ဂလာအုပ်စုမှာ ရုံတင်ပြသဖြစ်တာ ဘယ်လိုကြောင့်လဲ။

Zenkyi : မင်္ဂလာတစ်ဖွဲ့ထဲ ရွေးလိုက်တာမဟုတ်ပါဘူး။ အကုန်လုံးကိုလိုက်ချိတ်တယ်။ ဘာဖြစ်လို့လဲဆိုတာ့ ပရိသတ်တွေအတွက်လည်း တွေးပေးတယ်လေ။ ပရိသတ်တွေက နေရာအနှံ့မှာရှိတာဆိုတော့ သူတို့အတွက် အဆင်ပြေအောင် ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကုမ္ပဏီအနေနဲ့လည်း ငွေရှာအား ပြန်ကောင်းဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီကားက ရင်းနှီးမြှုပ်နှံမှု ပိုများတော့ အကုန်လုံးကို လိုက်ချိတ်တယ်။ ဒါပေမဲ့ မင်္ဂလာအုပ်စုတစ်ခုထဲပဲ အဆင်ပြေသွားတယ်ပေါ့။ တခြားလူတွေနဲ့ လိုက်ချိတ်တဲ့အခါ ကျွန်တော်တို့ နောက်ဆုံးနာရီပိုင်းအထိကို လိုက်ချိတ်တယ်။ ချိတ်လို့ မရလို့ မင်္ဂလာအုပ်စုတစ်ခုထဲဖြစ်သွားတာ။ ဒါပေမဲ့ မင်္ဂလာအုပ်စုက အားလုံးနဲ့ပြလည်း သူတို့လက်ခံတယ်လို့ ပြောတယ်။ ဒါပေမဲ့ ဟိုဘက်ကတော့ ဘာတွေဖြစ်လဲတော့ မသိဘူး။ သိပ်ပြီးအဆင်မပြေလိုက်ဘူး။

Voice : ရုံတင်ပြသတာနဲ့ပတ်သက်ပြီး မခရစ္စတီးနားခီရေးထားတော့ အဲဒီအကြောင်းလေး ပြောပြပါဦး။

Zenkyi : သူတင်ထားတာက ဒီလိုပါ။ ကြားမှာ အတွင်းပိုင်းကို သေချာမသိဘဲနဲ့ လိုက်ဖြေရှင်းနေတဲ့လူတွေ ရှိတယ်။ သူတို့လည်း တကယ်တမ်း မသိကြဘူး။ အတွင်းပိုင်းမှာ ဘာတွေဖြစ်လဲဆိုတာ အတွင်းပိုင်းက လူတွေပဲ သိတာ။ ခရစ္စကအဲဒီလိုမျိုး လူတွေအထင်တွေ၊ အတွေးတွေ မှားကုန်မှာစိုးလို့ သူကိုယ်တိုင် မီဒီယာတွေနဲ့တွေ့တဲ့အချိန်ကျရင် ရှင်းမယ်လို့ပြောတာပါ။

Voice : ကိုယ်တိုင်လည်း ဇာတ်လမ်း၊ ဇာတ်ညွှန်းရေးထားတယ်ဆိုတော့ အားရကျေနပ်မှုအပိုင်း ဘယ်လောက်လောက်ရှိလဲ။

Zenkyi : ကျွန်တော်တို့ ပရိသတ်တွေ ကြိုက်ပါစေလို့ မျှော်လင့်နေတာပါ။ ကျွန်တော်တို့တစ်ဖွဲ့လုံး ပြန်ကြည့်တဲ့အချိန်မှာလည်း ကျွန်တော်တို့အဖွဲ့မှာ ရုပ်ရှင်အကြောင်းသိပ်မသိသေးတဲ့သူတွေလည်း ပါတယ်။ သိတဲ့သူတွေလည်း ပါတယ်။ အားလုံးကြည့်တဲ့အချိန်မှာကြိုက်ကြတယ်။ ကျွန်တော်တို့ ခံစားသလို ခံစားရတယ်ဆိုတော့ မဆိုးဘူး ပြောရမှာပေါ့။ သရုပ်ဆောင်ပိုင်းက ဖြေနေကျအတိုင်းပဲ အမြဲတမ်းတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်။ ဒါပေမဲ့ ဘယ်တော့မဆို ပြန်ကြည့်တဲ့အချိန်မှာတော့ ကိုယ့်ကိုယ်ကိုယ် ရာနှုန်းပြည့် ကျေနပ်အားရမှာ မဟုတ်ဘူး။

Voice : ဇာတ်ကားမှာ ပါဝင်တဲ့ သီချင်းတွေကို ပြန်ထုတ်မယ်ဆိုတော့ ဘယ်လိုမျိုးလေး ဖြစ်မလဲ။

Zenkyi : ဒီတစ်ခေါက်က သီချင်းသုံးတာ နည်းနည်းများတယ်။ ဇာတ်အရလည်း လိုအပ်လို့။ သီချင်းစပ်ရင်း ခရစ္စကိုပြရင်းနဲ့ ဒီဆန်းန်တွေမှာတော့ ဒီလိုသုံးချင်တယ်ဆိုတဲ့အချိန်မှာ သုံးဖြစ်သွားတယ်။ ဇာတ်နဲ့လည်း လိုက်တယ်။ သီချင်းတွေကများတော့ OST(Original Sound Track) အယ်လ်ဘမ်က မြန်မာပြည်မှာ သိပ်မထုတ်ကြဘူး။ Teaser မှာလည်း လူတွေက ဒီသီချင်းကို တော်တော်ကြိုက်ကြတာ တွေ့ရတော့ ဒီတစ်ခေါက်တော့ OST ကို ထုတ်ဖြစ်အောင် ထုတ်မယ်လို့ စီစဉ်ထားတယ်။

Voice : Central Base Production ကနေ နောက်ထပ် ဘယ်လိုကားတွေ ဖန်တီးသွားဖို့ရှိလဲ။

Zenkyi : အခုလောလောဆယ် တိုက်တစ်တိုက်နဲ့ စကားပြောနေတယ်။ Central Base နဲ့ မဝင်ခင် ကြားမှာ ဝင်ဖြစ်မလားမသိဘူး ပြောနေတုန်းပဲ။ Central Base အနေနဲ့ မပြောတတ်သေးဘူး ဘယ်ကားအရင်ရိုက်ဖြစ်မလဲဆိုတာ။ ဇာတ်ညွှန်းတွေက ကိုင်ထားတာရှိတယ်။ သီတာဆိုလည်း ခရစ္စ အရမ်းရိုက်ချင်နေတယ်။ ဒါပေမဲ့ သူက ဘတ်ဂျက်အရမ်းကြီးတော့ Now & Ever ရဲ့ ဝင်ငွေအပေါ်မှာပဲ အများကြီးမူတည်နေတယ်။ ဒီကားသာ ဝင်ငွေအရမ်းကို ကောင်းခဲ့မယ်။ စံချိန် ချိန်းမယ် ဘာညာဆိုရင်တော့ သီတာလည်း ဖြစ်သွားနိုင်မယ်။ ပြီးတော့ ဝယ်ထားတဲ့စာအုပ် နှစ်အုပ်လည်းရှိသေးတယ်ဆိုတော့ ဘယ်ဟာ အရင်လာမလဲ မပြောတတ်သေးဘူး။

Voice : တခြားထုတ်လုပ်ရေးနဲ့ ရိုက်ကူးဖြစ်ရင် အဓိက ဘယ်အချက်တွေကြည့်ပြီး ရွေးချယ်ဖြစ်မလဲ။

Zenkyi : အဓိက ဇာတ်ညွှန်းပါ။ ဇာတ်ညွှန်းက ကြည့်လိုက်တာနဲ့ ဒီဇာတ်က ဘယ်လောက် အနေထားရှိလဲဆိုတာ မှန်းလို့ရတယ်။ နောက်တစ်ခုက ထုတ်လုပ်ရေးပေါ့။ ကျွန်တော်တို့ ကမ်းလှမ်းတဲ့ ထုတ်လုပ်ရေးက တကယ်ပဲ ပိုက်ဆံအဓိက မဟုတ်ဘဲနဲ့ အနုပညာပြောင်မြောက်ဖို့အတွက် ဘယ်လောက်အထိ ကြိုးစားမှာလဲဆိုတာ ကျွန်တော့်အတွက် အရမ်းကို အရေးကြီးတယ်။ ပိုက်ဆံရဖို့လောက်ဆိုရင် ကျွန်တော်လည်း သိပ်ကြီး စိတ်မဝင်စားဘူးပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ ပိုက်ဆံရှာမယ်ဆိုရင် တစ်နှစ်၊ တစ်နှစ်ခွဲနေမှ တစ်ကား ဘယ်ထွက်မလဲ။ တစ်လတစ်ကားထွက်မှာပေါ့။ တစ်သက်လုံး ပိုက်ဆံထက် အနုပညာကို အရေးပေးတဲ့အတွက် ကျွန်တော့်ကို ချေးများတယ်လို့ မြင်ကောင်း မြင်နိုင်တယ်။ ကျွန်တော် ချေးများတာ မဟုတ်ဘူး ကောင်းစေချင်တာပါ။ 

 

ဆုအိနြေ္ဒဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *