အသပြာနံ့သင်းသော ငါးတောင်းများ

ငါးတောင်းထမ်းသည့် အလုပ်မရခင်မှာပင် ငွေရှစ်သောင်း ဦးစွာကုန်သွားသဖြင့် ကိုဇော်မင်းထိုက် ချွေးပျံသွားသည်။

ထိုအလုပ်ရမှဖြစ်မည်။ တစ်လ ငါးသောင်းကျော်သာရသော ငါးဖမ်းစက်လှေပေါ်ကို သူ ပြန်မသွားလိုတော့။

ယင်းကြောင့်ပင် မိတ်ဆွေတစ်ဦးဆီမှ ငွေချေးကာ ငါးတောင်းထမ်းသည့်အလုပ်ရရေး ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

“ပိုက်ဆံရှိလို့တော့ မဟုတ်ဘူး။ ဒီမှာက အလုပ်လည်းကောင်းတယ်ဆိုတော့ သူများဆီကချေးပြီး အလုပ်ဝင်လိုက်တာ။ အဲ့ပိုက်ဆံကို တစ်နှစ်လောက် ဆပ်လိုက်ရတယ်” ဟု ၎င်းက ဆိုသည်။

လယ်ယာလုပ်ငန်း မလုပ်ကိုင်ချင်သည့် ကိုဇော်မင်းထိုက်မှာ အသက် ၁၅ နှစ်အရွယ် ၁၉၉၆ ခုနှစ်တွင် ရန်ကုန်မြို့သို့ အလုပ်လုပ်ရန် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်ရှိ ၎င်းနေထိုင်ရာကျေးရွာမှ ရောက်လာခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တွင် ရရာအလုပ်လုပ်မည်ဆိုသည့် စိတ်ကူးဖြင့် အလုပ်လိုက်ရှာရာ ငါးဖမ်းစက်လှေတွင် တစ်လကို ငါးသောင်းကျော်ဖြင့် အလုပ်ရလေသည်။ ကိုဇော်မင်းထိုက်သည် ခုနစ်နှစ်ခန့် ငါးဖမ်းစက်လှေလိုက်ပြီးနောက်တွင် ကြည့်မြင်တိုင် မြို့နယ် ဗဟိုစံပြငါးဈေးတွင် အလုပ်ဝင်ရန်အတွက် ထိုအချိန် (၂၀၀၃ ခုနှစ်) က အလုပ်သမားမှူးဆိုသူကို ငွေရှစ်သောင်းခန့်ပေးကာ ဝင်ခဲ့ရသည်။

အလုပ်ဝင်လျှင် ဥပဒေအရ ပိုက်ဆံပေးရန်မလိုသော်လည်း ကိုဇော်မင်းထိုက်အပြင် အခြားလုပ်သားအများစုမှာ ကြည့်မြင်တိုင်ငါးတောင်းဌာနခွဲတွင် အလုပ်လုပ်ရန် ငွေပေး၍ဝင်နေရသည်မှာ အချိန်အတော်ကြာခဲ့ပြီဟု ၎င်းတို့က ဆိုကြသည်။

၂၀၀၃ ခုနှစ်က ငါးတောင်းထမ်းလျှင် တစ်နေ့ ငါးထောင်ကျပ်ဝန်းကျင်ရနေသဖြင့် ငါးဖမ်းစက်လှေလိုက်သည်ထက်စာလျှင် သုံးဆခန့်ပိုရ၍ ကိုဇော်မင်းထိုက်သည် ငါးတောင်းထမ်းသည့်အလုပ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ငါးတောင်းထမ်း ရာတွင် တစ်လလျှင် တစ်သိန်းခွဲခန့်ရရှိ၍ ၎င်းအတွက်လည်း အဆင်ပြေသည်ဟု ဆိုရမည်ပင်။

ငါးဈေးရှိ ငါးတောင်းဌာနတွင် ငွေပေး၍ အလုပ်ဝင်ရသည်မှာ ဆယ်စုနှစ် သုံးစုခန့် ရှိနေပြီဖြစ်ကြောင်း လုပ်သက်ရင့် ငါးတောင်းထမ်းသည့် အလုပ်သမားများက ပြောသည်။

လွန်ခဲ့သည့် နှစ်သုံးဆယ်ခန့်က ဗဟိုစံပြငါးဈေးရှိ ငါးတောင်းဌာနခွဲတွင် ဝင်ရောက်အလုပ်လုပ်ကိုင်လိုလျှင် တစ်ဦးလျှင် ကျပ် ၂၅၀၀ မှ ကျပ် ၅၀၀၀ အထိ ပေးရကြောင်း ငါးတောင်းဌာနခွဲတွင် လုပ်သက် ၂၉ နှစ်ကြာ ဝင်ရောက်လုပ်ကိုင် ခဲ့သည့် ဦးဌေးအောင်က ပြောဆိုသည်။

“တစ်ယောက်နဲ့ တစ်ယောက်ကတော့ မတူဘူး။ သူအကန့်နဲ့ သူဝင်ကြတာ။ အလုပ်သွင်းပေးတဲ့သူနဲ့ ရင်းနှီးရင် နည်းနည်းပေးရမယ်။ မရင်းနှီးရင် များများပေးရတယ်” ဟု ၎င်းက ဆိုသည်။

သို့သော် ကြည့်မြင်တိုင်မြို့နယ် ဗဟိုစံပြငါးဈေးတွင် ကုန်တင်ကုန်ချ အလုပ်ဝင်လုပ်မည်ဆိုပါက ငွေကြေးရယူခြင်းမရှိကြောင်း လက်ရှိ ကြည့်မြင်တိုင်ကုန်တင်ကုန်ချကော်မတီရုံး ဦးစီးမှူး ဒေါ်စိုးစိုးက ငြင်းဆိုသည်။

ယခုနှစ် အလုပ်သမားသစ် တစ်ရာကျော် ခန့်အပ်ရာတွင် အလုပ်သမားတစ်ဦးလျှင် ငွေကျပ် ၁၂ သိန်းမှ ၁၇ နှစ် သိန်းအထိ ပေးနေရသည်ဟုဆိုကာ အလုပ်သမားအချို့က အဂတိကော်မရှင်ကို ဇူလိုင်လ ၃၁ ရက်က တိုင်ကြားခဲ့သည်။

လာဘ်ပေးလာဘ်ယူမှုများ ရှိနေသည်ဟုဆိုကာ အဂတိကော်မရှင်ကို တိုင်ကြားခဲ့သော်လည်း အဂတိကော်မရှင်က ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို ပြန်လွှဲပေးခဲ့သည်။

လက်ရှိတွင် ရန်ကုန်တိုင်းအစိုးရက ဖွဲ့စည်းပေးထားသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် အဆိုပါကိစ္စကို စစ်ဆေးလျက်ရှိသည်။

အဘယ်ကြောင့် ထိုသို့ စစ်ဆေးရသည်အထိ ဖြစ်ခဲ့ရသနည်း။

ကြည့်မြင်တိုင်မြို့နယ် စံပြငါးဈေးရှိ ငါးတောင်းဌာနခွဲတွင် အလုပ်လုပ်လိုလျှင် ယခုနှစ်တွင် လူတစ်ဦးလျှင် ကျပ် ၁၀ သိန်းကျော်အထိ ပေးရကြောင်း ငါးတောင်းထမ်းနေသူများထံမှ အသံများ ထွက်ပေါ်လာသည်။

တော်ရုံတန်ရုံလူဆိုလျှင် ငါးညှီနံ့များကြောင့် အနားပင်မကပ်နိုင်သည့် အဆိုပါဈေးထဲတွင် ငါးတောင်းထမ်း၍ရသည့်ငွေသည် မိသားစုစားဝတ်နေရေး ပြေလည်သည့်အပြင် ပိုလျှံသဖြင့် အခြေခံလုပ်သားများက ယင်းအလုပ်ကို လုပ်ကိုင်လိုကြသည်။

ငါးတောင်းထမ်းသူတစ်ဦး၏ ဝင်ငွေသည် အလုပ်ကြိုးစားလုပ်ပါက ယနေ့အချိန်တွင် တစ်လ ကျပ်လေးသိန်းနှင့်အထက် ရနိုင်သည်။

ယခုအချိန်တွင် ငါးတောင်း တစ်တောင်းထမ်းပါက ခရီးအနီးအဝေးနှင့် ငါးအလေးချိန်ပေါ်မူတည်ကာ အနည်းဆုံး ကျပ် ၅၀၀ မှ ၂၀၀၀ အထိရသည့် အခေါက်များလည်းရှိကြောင်း ငါးတောင်းထမ်းလုပ်သားများထံမှ သိရသည်။

ယင်းအချက်ကပင် ဗဟိုစံပြငါးဈေးရှိ ငါးတောင်းဌာနခွဲတွင် ဝင်ရောက်လုပ်ကိုင်လိုသူ များရခြင်းပင်။

ငါးတောင်းထမ်းသည့်အလုပ်ကို ဝင်ရောက်လုပ်ကိုင်သူများသည် နယ်မှလာသူများ အများဆုံးဖြစ်ကြောင်းလည်း အလုပ်သမားများထံမှ သိရသည်။

“မရှိလို့ လာလုပ်ပါတယ်ဆိုမှ ပိုက်ဆံ အဲဒီလောက်ကြီး ပေးနေရတာတော့ မကောင်းဘူး။ တရားဝင်လည်း မဟုတ်ဘူး။ တချို့က လယ်တွေယာတွေပေါင်ပြီး ဒီမှာအလုပ်လာလုပ်ကြတာ။ နယ်က အလုပ်လာလုပ်တဲ့သူတွေ တော်တော်များ တယ်” ဟု ကိုဇော်မင်းထိုက်က ပြောဆိုသည်။

ကိုဇော်မင်းထိုက်သည် အလုပ်သမားအသစ်များ ခန့်အပ်ရာတွင် လာဘ်ပေးလာဘ်ယူမှုများရှိခြင်း၊ အလုပ်သမားဟောင်းများကို ခေါ်ယူတိုင်ပင်ခဲ့ခြင်းမရှိခြင်းတို့ကြောင့်ဟုဆိုကာ သတင်းစာရှင်းလင်းပွဲများ၊ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ယခုနှစ် ဧပြီလတွင် အလုပ်မှ ထုတ်ပယ်ခံထားရသူလည်း ဖြစ်သည်။

၎င်းအပါအဝင် အလုပ်သမားခြောက်ဦးကို အလုပ်ခွင်အတွင်း ဆူပူမှုများဖြစ်လာအောင် ပြုလုပ်သည်ဟုဆိုကာ အလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း၊ အလုပ်ခွင်ထဲမှ ကျန်ရှိသောငွေကြေးပေးဆောင်ထားရသူများကိုလည်း ငွေကြေးပေးရသည့် အကြောင်း ပြောဆိုမည်ဆိုပါက အလုပ်မှ ထုတ်ပယ်မည်ဟု ခြိမ်းခြောက်ပြောဆိုမှုများရှိကြောင်း ထုတ်ပယ်ခံထားရသူအချို့က ပြောဆိုသည်။

“တရားဝင်ပေးဆောင်ရတဲ့ငွေ မဟုတ်ဘူး။ ဒီအတိုင်း အလုပ်လိုချင်လို့ ပေးရတာ။ အလုပ်လိုချင်လွန်းအားကြီးလို့ လာဘ်သိပ်ထိုးပြီး ဝင်ကြတာ” ဟု ဦးဌေးအောင်က ပြောဆိုသည်။

ကြည့်မြင်တိုင်မြို့နယ် ဗဟိုစံပြငါးဈေးရှိ ကုန်တင်ကုန်ချဌာနတွင် တရားဝင် အလုပ်သမား၊ ယာယီအလုပ်သမားနှင့် တရားမဝင်အလုပ်သမားစုစုပေါင်း ၁၃၀၀ ဝန်းကျင်အထိရှိကြောင်း အဆိုပါဌာနမှ သိရသည်။

ကြည့်မြင်တိုင် ဗဟိုစံပြငါးဈေး ကုန်တင်ကုန်ချဌာနရှိ ငါးတောင်းဌာနခွဲတွင် တရားဝင်အလုပ်သမာများနှင့် ယာယီအလုပ်သမားများမှာ အလုပ်ဆင်းလျှင် တစ်ရက်တစ်ထောင် ပေးရသည်။

ယင်းငွေသည် ကြည့်မြင်တိုင် ကုန်တင်ကုန်ချဌာန မြို့နယ်ရန်ပုံငွေအဖြစ် ငွေကျပ် ၃၃၀၊ အလုပ်သမားများ သာရေး၊ နာရေးကြေးအဖြစ် ကျပ်၃၃၀ နှင့် အလုပ်သမားမှူးများအတွက် ကျပ် ၂၇၀ နှင့် ငါးထမ်းရတွင်ထမ်းသည့် တောင်းဖိုးအဖြစ် ကျပ် ၇၀ ပေးဆောင်ရခြင်းဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။

ယင်းငွေများထဲမှ မြို့နယ်ရန်ပုံငွေကိုသာ ကြည့်မြင်တိုင် ကုန်တင်ကုန်ချဌာနက ရရှိခြင်းဖြစ်ပြီး အခြားငွေများကို အလုပ်သမားမှူးများထံတွင်သာ ထားရှိခြင်းဖြစ်ကြောင်း ဒေါ်စိုးစိုးက ပြောဆိုသည်။

ထိုသို့ဆိုလျှင် အလုပ်သမားများ နေ့စဉ်ပေးရသော ကျပ်တစ်ထောင်ထဲမှ ကျပ် ၃၃၀မှာ အလုပ်သမားမှူးများက နေ့စဉ်ထိန်းသိမ်းထားသည့်သဘောပင်။

ငါးတောင်းဌာနတွင် တစ်နေ့လျှင် အလုပ်သမား ၄၀၀ ခန့်အလုပ်ဆင်းနေပြီး မြို့နယ်ရန်ပုံငွေအဖြစ် တစ်နေ့လျှင် ၁၃၀,၀၀၀ ခန့်ရရှိနေသည်။ တစ်လလျှင် ကျပ်သိန်းလေးဆယ်ခန့် ရန်ပုံငွေအဖြစ် ရရှိနေခြင်းဖြစ်သည်။

ကြည့်မြင်တိုင်မြို့နယ် ဗဟိုစံပြငါးဈေးရှိ ကုန်တင်ကုန်ချဌာန ငါးတောင်းဌာနခွဲတွင် တရားဝင်လုပ်သား ၅၀၀ ခန့်နှင့် ယာယီလုပ်သား ၁၀၀ ကျော်ရှိကြောင်း၊ ထို့အပြင် တရားဝင်လှည်းဆွဲလုပ်သား ၂၀၀ ခန့်ရှိကြောင်း အဆိုပါဌာနထံမှ သိရသည်။

ထို့အပြင် အဆိုပါဈေးကြီးတွင် တရားမဝင် ငါးတောင်းထမ်း၊ လှည်းဆွဲလုပ်ငန်းများ လုပ်ကိုင်နေသည့် လုပ်သား ၅၀၀ ခန့် ရှိသည်။

“ကျွန်တော်တို့က ဒီက တရားမဝင်လှည်းဆွဲသမားတွေကို ခန့်မယ်ဆိုရင် လက်သင့်ခံတယ်။ အခုက အပြင်က ခန့်လိုက်တာ။ ဒီက လှည်းဆွဲသမားတွေကလည်း မပျောက်ဘူး။ နောက်ထပ်တိုးလာတာကလည်း တစ်ရာကျော်ဆိုတော့ လုပ်ရတာက အရင်ကလောက် အဆင်မပြေတော့ဘူး” ဟု လုပ်သက် ၂၀ ကျော်ကြာ ငါးတောင်းဌာနခွဲတွင် လုပ်ကိုင်နေသူတစ်ဦးက ညည်းတွားသည်။

အသစ်ခန့်အပ်ထားသည့် လုပ်သား ၁၀၀ ကျော်ကို တရားဝင်ခန့်အပ်ထားခြင်း မရှိသေးဘဲ ယာယီအလုပ်သမားအဖြစ်သာ ခန့်ထားကြောင်း ဒေါ်စိုးစိုးက ပြောဆိုသည်။ ကြည့်မြင်တိုင်မြို့နယ်ရှိ ငါးတောင်းဌာနခွဲတွင် လုပ်သား အနည်းဆုံး ၅၀၀ မှ အများဆုံး ၇၀၀ အထိ ရှိရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“လုပ်သားမပြည့်ဘူးဆိုရင် ခေါ်ပြီး ဖြည့်ရမယ်။ ဒါမှ ရန်ပုံငွေလည်း အဆင်ပြေမှာ” ဟု ၎င်းက ပြောဆိုသည်။

ငါးတောင်းဌာနခွဲတွင် ငါးတောင်းထမ်းအလုပ်လုပ်ကိုင်ရန်အတွက် ယခုနှစ်အတွင်း အလုပ်သမားအသစ် ၁၀၀ ကျော် ခန့်အပ်ရာတွင် အဂတိလိုက်စားမှုများရှိနေကြောင်း ဧပြီလပိုင်းက ငါးတောင်းဌာနခွဲမှ အလုပ်သမားအချို့က ဆန္ဒပြခဲ့ကြသည်။

အလုပ်သမားသစ်ခန့်ထားခြင်းအပေါ် ကန့်ကွက်ခဲ့သော ငါးတောင်းထမ်းအလုပ်သမားခြောက်ဦးမှာ ယခုနှစ် ဧပြီလအတွင်းကပင် အလုပ်ထုတ်ခံရပြီးနောက် ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် သွားရောက်တွေ့ဆုံခဲ့သည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့က အဆိုပါကိစ္စကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ စစ်ဆေးပြီးနောက် ကြေညာချက်တစ်စောင် ဇွန်လ ၂၆ ရက်က ထုတ်ပြန်ခဲ့သည်။

ထုတ်ပယ်ခံလိုက်ရသည့် အလုပ်သမားခြောက်ဦးကို အလုပ်လုပ်ခွင့် ပြန်ပေးရေးနှင့် အလုပ်သမားသစ် ၁၂၈ ဦးကို အတည်ပြုခန့်အပ်ရေး ရန်ကုန်တိုင်းအစိုးရက တိုက်တွန်းခဲ့သည်။

ယင်းအပြင် ထုတ်ပြန်ချက်တွင် ကြည့်မြင်တိုင် စံပြငါးဈေးတွင် ငွေပေး၍ အလုပ်ဝင်နေရသည့် အစဉ်အလာကို လုံးဝ ပပျောက်အောင် ဆောင်ရွက်ရန်၊ အလုပ်သမားခန့်ရာတွင် ငွေကြေးယူခဲ့သည့် အလုပ်သမားမှူးငါးဦးကို ဥပဒေကြောင်းအရ အရေးယူရန်အပါအဝင် အခြားအချက်များလည်း ပါဝင်သည်။

သို့သော် လက်တွေ့တွင်မူ ထုတ်ပယ်ခံအလုပ်သမားများကို ငါးတောင်းဌာနခွဲတွင် အလုပ်ပြန်ခန့်ခြင်းမဟုတ်ဘဲ ရန်ကုန်မြို့ရှိ အခြားကုန်တင်ကုန်ချဌာနခွဲများတွင် အလုပ်ပြန်ခန့်ရန် စီစဉ်ပေးခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

၎င်းတို့မှာ ငါးတောင်းဌာနတွင်သာ အလုပ်ပြန်လုပ်လိုကြသည်။

“ကျွန်တော်တို့က ဒီမှာလုပ်လာတာ ကြာလှနေပြီ။ ကျွန်တော်တို့ခံစားခွင့်တွေက ဒီမှာပဲရှိတာ” ဟု လုပ်သက် ၂၉ နှစ်ရှိသည့် ဦးဌေးအောင်က ပြောဆိုသည်။

ငါးတောင်းဌာနခွဲတွင် အလုပ် လုပ်ကိုင်သူများမှာ အနည်းဆုံး ငါးနှစ် လုပ်ကိုင်ရမည်ဖြစ်ပြီး ငါးနှစ်လုပ်ကိုင်ပြီးပါက အလုပ်ထွက်ခွင့်ရှိသည်။ ထို့အပြင် ငါးနှစ်ပြည့်၍ အလုပ်ထွက်ပါက ကျပ်နှစ်သိန်းခွဲရရှိမည်ဖြစ်ပြီး ငါးနှစ်ထက်ပို၍ လုပ်သက်ကြာပါကလည်း တစ်နှစ်လျှင် ငါးသောင်းခန့်ရရှိမည်ဖြစ်သည်။ ၁၀ နှစ်ပြည့်မှ အလုပ်ထွက်လျှင် ကျပ် ၅ သိန်း ရရှိမည်ဖြစ်သည်။

ထို့အပြင် ငါးတောင်းဌာနခွဲမှ အလုပ်သမားများက သာရေးနာရေးကြေးအဖြစ် စုထားသည့် ငွေကြေးမှ အလုပ်သမားတစ်ဦးထွက်လျှင် တစ်နှစ် လေးသောင်းနှုန်းကို လုပ်သက်အလိုက်ပေးသည့်အပြင် ကျပ်လေးသိန်းကို နစ်နာကြေးအဖြစ်ထပ်မံပေးကြောင်း ငါးတောင်းဌာနခွဲရှိ အလုပ်သမားများထံမှ သိရသည်။

အလုပ်ထုတ်ပယ်ခံလိုက်ရခြင်းကြောင့် ခံစားခွင့်များဆုံးရှုံးမည်ကို ထုတ်ပယ်ခံလိုက်ရသည့် အလုပ်သမားအချို့က စိုးရိမ်နေသည်။ အလုပ်မှထုတ်ပယ်ခံရပါက ခံစားခွင့်များရရှိမည် မဟုတ်ပေ။

အလုပ်သမားအသစ်များကို ခန့်အပ်ရာတွင် အဓိကလုပ်ဆောင်ရသူမှာ ကြည့်မြင်တိုင်မြို့နယ် ကုန်တင်ကုန်ချဌာနက အဓိကလုပ်ကိုင်ရခြင်းဖြစ်သည်။

လက်တွေ့တွင်မူ အလုပ်သမား အသစ်ခန့်ရာတွင် အလုပ်သမားမှူးများကို ငွေကြေးပေးရကြောင်း ငါးတောင်းဌာနခွဲမှ အလုပ်သမားအချို့က ပြောဆိုသည်။ အလုပ်သမားမှူးများသည် ငါးတောင်းထမ်းသူများကို ကတ်ထုတ်ပေးရသူများ ဖြစ်သည်။ ၎င်းတို့သည် ငါးတောင်းထမ်းသည့်အလုပ်ကို လုပ်ကိုင်ခြင်းမရှိပေ။

ကြည့်မြင်တိုင် ဗဟိုစံပြငါးဈေးတွင် အလုပ်သမားမှူးများသည် အပြောင်းအလဲရှိပြီး အလုပ်သမားမှူးလိုအပ်လာပါက ကြည့်မြင်တိုင် ကုန်တင်ကုန်ချကော်မတီရုံးက စာမေးပွဲစစ်ကာ အလုပ်သမားမှူးအသစ် ခန့်အပ်ခြင်းဖြစ်သည်။

အလုပ်သမားအသစ် ၁၀၀ ကျော် ခန့်အပ်ရာတွင် လာဘ်ယူခဲ့သည်ဟုဆိုကာ ယခုနှစ် ဧပြီလတွင် ဆန္ဒပြအပြီး ရန်ကုန်တိုင်းအစိုးရက အရေးယူရန် ထုတ်ပြန်ချက်ထွက်ပြီးနောက်ပိုင်းတွင် အလုပ်သမားမှူး ၁၃ ဦးအနက် လာဘ်ယူသည်ဟုဆိုသော ငါးဦးကို အလုပ်မှ ထုတ်ပယ်ခဲ့သည်။

ယင်းသို့ထုတ်ပယ်ခဲ့သော်လည်း စံပြငါးဈေးတွင် လာဘ်ပေးလာဘ်ယူကိစ္စမှာ ပပျောက်ပါမည်လော။

ထိုပြဿနာရပ်အပေါ် ဒေါ်စိုးစိုးက “အခုချိန်ထိ လူသစ်ခန့်တာကို အခကြေးငွေယူပြီး မခန့်ဘူး” ဟု ပြောကြားသည်။

အလုပ်သမားအသစ်များခန့်ရာတွင် ငွေကြေးပေးဆောင်ရမှုများကို ကြားရသော်လည်း မည်သည့်အလုပ်သမားမျှ စာဖြင့် လက်တွေ့တိုင်ကြားခဲ့ခြင်း မရှိကြောင်း ဒေါ်စိုးစိုးက ပြောဆိုသည်။

အလုပ်ဝင်ရန် ပေးခဲ့ရသော လာဘ်ငွေများသည် ကြည့်မြင်တိုင်မြို့နယ် ကုန်တင်ကုန်ချဌာနဦးစီးမှူးထံ ရောက်ရှိခြင်း ရှိ မရှိ သေချာစွာပြောဆိုနိုင်သည့်သူများ မရှိပေ။

အလုပ်သမားသစ်များထံမှ ငွေကြေးတစ်စုံတစ်ရာရယူခဲ့သော အလုပ်သမားမှူးများကို ထုတ်ပယ်ခြင်းအပြင် အလုပ်သမားသစ်များ၏ ငွေကြေးဆုံးရှုံးမှုမရှိစေရေး ဥပဒေကြောင်းအရ ကူညီပေးရန် ရန်ကုန်တိုင်းအစိုးရက တိုက်တွန်းထားသည်။

ထိုပြဿနာရပ်အတွက် အဖြေရှာရန် လိုအပ်နေပေသည်။

“ကျွန်တော်တို့က အဆင့်ဆင့်တိုင်ထားတယ်။ ရန်ကုန်တိုင်းအစိုးရအနေနဲ့လည်း ဒီကိစ္စမှာ တကယ် အဂတိလိုက်စားထားတဲ့သူတွေကို စုံစမ်းဖော်ထုတ်ပြီး အရေးယူပေးစေချင်တယ်။ ဒါမှလည်း အကျင့်ပျက်ခြစားနေတဲ့ ဝန်ထမ်းတွေ ပျောက်ပြီး နောက်ပိုင်းမှာလည်း အဂတိမှုတွေ မလုပ်ရဲအောင် ဖြစ်လာမှာပါ” ဟု ကိုဇော်မင်းထိုက်က ပြောဆိုသည်။

မည်သို့ဆိုစေ ကိုဇော်မင်းထိုက် တစ်ယောက် ငါးတောင်းပြန်ထမ်းခွင့်ရရန် မျှော်လင့်နေဆဲပင်။ ဝမ်းရေးအတွက် အဆင်ပြေသလိုဖြေရှင်းရင်း သတင်းကောင်းကြားရရေး နည်းလမ်းစုံဖြင့် ကြိုးစားနေသည်။ 

ကျုးပစ်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *