ငြိမ်းချမ်းရေး လက်တွေ့နှင့် နောက်ကွယ်

ယခုဆောင်းပါးကို ဖတ်နေရချိန်တွင် ၂၀၁၅ အောက်တိုဘာ ၁၅ ရက်နေ့က ချုပ်ဆိုခဲ့သည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လေးနှစ်ပြည့်လုပြီ။ ၂၀၁၁ က စတင်ခဲ့သည့် ငြိမ်းချမ်းရေးဖြစ်စဉ်သစ်မှာမူ ရှစ်နှစ်ကြာပြီ။

လတ်တလောကာလများတွင် ရခိုင်ပြည်နယ် ဒေသအချို့တွင် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ AA ၏ လှုပ်ရှားမှုများ စိပ်လာပြီး တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားသည်။ မကြာသေးမီအချိန်က ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ် သို့ပင် TNLA အဖွဲ့၏ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲသည်။ မြန်မာနိုင်ငံတွင်း ဗုံးပေါက်ကွဲနိုင်သည့်အတွက် သတိထားသွားလာကြရန် သူ့နိုင်ငံသားများအား အမေရိကန်သံရုံးက သတိပေးစာ ထုတ်ပြန်သည်။ ငြိမ်းချမ်းရေးဖြစ်စဉ် ပျက်သွားနိုင်သည်ဟု လေ့လာသုံးသပ်သူအချို့က မြင်ကြသည်။ ကံမကောင်းလျှင် လက်နက်ကိုင်တပ်ဖွဲ့များက မြန်မာနိုင်ငံ မြို့ကြီးအများအပြားကို စီးမိသွားသည့် ၁၉၄၉ ခုနှစ်က အခြေအနေကို ပြန်ရောက်နိုင်သည်ဟု စိုးရိမ်သူများရှိသည်။ ငြိမ်းချမ်းရေး ဖြစ်စဉ်သစ် ကျဆုံးနေပြီလား။ NCA အထိနာနေပြီလား။

အစိုးရများ ကိုယ်တိုင်ကမူ ငြိမ်းချမ်းရေးကို အလေးထားကြပုံပေါ်သည်။ ဦးသိန်းစိန်အစိုးရသည် ငြိမ်းချမ်းရေးကို အတော်ဦးစားပေးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အစိုးရသည်လည်း ငြိမ်းချမ်းရေးကို ဦးစားပေးအဖြစ် ထိပ်ဆုံးသို့ တင်ထားခဲ့သည်။ ထိုအတိုင်းဆိုလျှင် အစိုးရများ၏ ဦးစားပေးနှင့်မဆိုင်ဘဲ NCA ကိုယ်တိုင်က ချွတ်ယွင်းချက်များ ရှိနေသလား။ NCA ထိုးပြီးနောက်တွင် NCA ထိုးထားသော၊ NCA မထိုးထားသော လက်နက်ကိုင်အဖွဲ့အချို့သည် လူအင်အား ဆယ်ဆခန့်တိုးသွားသည်ဟု ဝေဖန်မှုများရှိသည်။ NCA မထိုးသေးသောအဖွဲ့များတွင် KIO၊ ‘၀’ တို့ကဲ့သို့ အင်အားကောင်းသော အဖွဲ့ကြီးများ ပါနေသဖြင့် NCA သည် ငြိမ်းချမ်းရေးကို ထိရောက်စွာမပံ့ပိုးနိုင်ဟု မြင်နေကြ သည်တို့လည်း ရှိသည်။

NCA အခြေခံငြိမ်းချမ်းရေးဖြစ်စဉ်သည် ယခင်တပ်မတော်အစိုးရလက်ထက်က ဆွေးနွေးလုပ်ဆောင်ခဲ့သော ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ကွာခြားမှုရှိသည်။ ယခင် ငြိမ်းချမ်းရေးဖြစ်စဉ်သည် အောင်မြင်သင့်သလောက် အောင်မြင်ခဲ့သော်လည်း အပစ်အခတ် ရပ်စဲရေးတွင်သာ ရပ်တန့်သွားသည်။ ယခု ငြိမ်းချမ်းရေးဖြစ်စဉ်က နိုင်ငံရေးဆွေးနွေးပွဲအထိသွားသည်။ အခြေခံဥပဒေပြင်ဆင်ရေးသို့ ဦးတည်သည်။

NCA သည် ငြိမ်းချမ်းရေးကို မူဘောင်နှင့် သွားသည်။ စင်စစ် မြန်မာနိုင်ငံသမိုင်းတွင် ငြိမ်းချမ်းရေးအတွက်ရော နိုင်ငံအုပ်ချုပ်ရေးကြီးပွားရေးအတွက်ပါ အခြေခံမူဘောင်ကြီး နှစ်ခုနှင့်သွားသည့် ကာလများများ မရှိခဲ့ပါ။၂၀၁၁ မှသည် ယခုထိ ကာလသည် ထိုသို့မူဘောင်ကြီးနှစ်ခုနှင့် သွားသောကာလဖြစ်သည်။ ၂၀၀၈ အခြေခံဥပဒေနှင့် နိုင်ငံ့အရေးများကို လုပ်ဆောင်လည်ပတ်နေသည်။ ၂၀၀၈ အခြေခံဥပဒေသည် အခြေခံဥပဒေမရှိခြင်းနှင့်စာလျှင် ပိုကောင်းပြီး ဆိုရှယ်လစ်ခေတ်ကို လည်ပတ်ခဲ့သော ၁၉၇၄ အခြေခံဥပဒေထက်လည်း ဒီမိုကရေစီဆန်ပါသည်။ ငြိမ်းချမ်းရေးအတွက်မူ NCA မူဘောင် ရှိနေသည်။ ပစ်ခတ်တိုက်ခတ်မှုများ နည်းပါးသွားအောင် ပူးတွဲစောင့်ကြည့်ရေးကော်မတီများ ဖွဲ့သည်။ စစ်သားမဟုတ်သော ပါဝင်သင့်ပါဝင်ထိုက်သူများ (အရပ်ဘက်အဖွဲ့အစည်း၊ နိုင်ငံရေးပါတီ၊ ပညာရှင် စသည်)တို့ ပါဝင်ဆွေးနွေးခွင့်ရလာသဖြင့် စစ်သားများအတွက်ချည်းသာမကတော့ဘဲ ငြိမ်းချမ်းရေးအဓိပ္ပာယ် ပိုကျယ်လာသည်။ လူပိုများ၊ အဖွဲ့များလာသဖြင့် လိုရင်းမရောက် အချိန်ကုန်သည်ဟု ဝေဖန်သည်ကိုလည်း ခံရသည်။

နှစ်တွေ တိုးလာသလောက် ရလဒ်မထွက်ဟု ထင်စရာရှိသည်။ အထက်တွင် ဖော်ပြခဲ့သော လေးနှစ်၊ ရှစ်နှစ် အတိုင်းအတာသည် မြန်မာ့လွတ်လပ်ရေးနှင့်အတူ မွေးဖွားလာသော ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခနှင့် ယှဉ်လျှင်မူ အစွန်းထွက်သာ ရှိနေသည်။

အစိုးရ၊ တပ်မတော်၊ လက်နက်ကိုင်တပ်ဖွဲ့များဟူသော ငြိမ်းချမ်းရေးတွင် အဓိက သုံးဦး သုံးဖလှယ်တွင် အခြေခံအုတ်မြစ်ဆိုင်ရာ မတူညီချက်များရော တူညီချက်များပါရှိသည်။

သမ္မတ ဦးသိန်းစိန်အစိုးရမှ ဒေါ်အောင်ဆန်းစုကြည်အစိုးရသို့အကူးတွင် ငြိမ်းချမ်းရေးဖြစ်စဉ်သည် NCA ကို အခြေခံဆက်သွားနေသော်လည်း ‘အစိုးရ’ မှာမူ ပြောင်းသွားသည်။ တပ်မတော်နှင့် အစိုးရဆက်ဆံရေး ပြောင်းသွားသည်။ ဦးသိန်းစိန်အစိုးရသည် တပ်မတော်အစိုးရမှ နောက်တစ်ဆင့်ပြောင်းသော အရပ်သားဒီမိုကရေစီအစိုးရ ဖြစ်သဖြင့် တပ်မတော်နှင့် အစိုးရသည် နောက်ခံချင်း၊ လာရာအရပ်ချင်း တူသည်။ ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်တွင်မူ တပ်မတော်နှင့် အစိုးရဟု နှစ်ခုကွဲသွားသည်။

နိုင်ငံတည်ဆောက်ရေးတွင် ‘မတည့် အတူနေ’ ဟု အများအမြင်ခံရသည့် အစိုးရနှင့် တပ်မတော်သည် ငြိမ်းချမ်းရေးတွင်ရော ‘မတည့်အတူနေ’ လား။ အစိုးရ၏ စဉ်းစားပုံနှင့် တပ်မတော်၏ စဉ်းစားပုံ ကွာဟနေသလား၊ ထပ်တူကျသလား။ ပြည်ထောင်စုဟူသော ဗဟိုအစိုးရရှုထောင့်မှ မြင်ပုံချင်းတွင် တပ်မတော်နှင့် အစိုးရသည် ထပ်တူကျသလောက်ဖြစ်သည်။ မြန်မာနိုင်ငံကို တပ်မတော်အစိုးရများ ရှည်ကြာစွာ အုပ်ချုပ်ခဲ့သဖြင့် တပ်မတော်၏ စဉ်းစားပုံသည် ဗဟိုအစိုးရရှုထောင့်မှ ဖြစ်သည်။ တို့တာဝန်အရေးသုံးပါးကိုရှု။ NLD သည် အတိုက်အခံဘ၀က ရှုထောင့်စုံခဲ့နိုင်သော်လည်း အစိုးရဖြစ်လာသောအခါ ဗဟိုအစိုးရရှုထောင့်မှ ကြည့်လာပုံရသည်။

တစ်ဖက်တွင် တပ်မတော်နှင့် လက်နက်ကိုင်တပ်ဖွဲ့များသည် တိုက်လာသည်မှာ ကြာပြီဖြစ်သောကြောင့် ဘုံဘာသာစကားရှိပြီး မြွေမြွေချင်း ခြေမြင်ကြသည်။ စစ်သားဖြစ်ကြသည်လည်း တူသည်။ တပ်မတော်ရော၊ လက်နက်ကိုင်တပ်ဖွဲ့များရော ပြည်လုံးကျွတ်ရွေးကောက်ပွဲနှင့် တက်လာခြင်းမဟုတ်။ ပြည်လုံးကျွတ်ရွေးကောက်ပွဲများအပြီးတွင် အစိုးရသာ ပြောင်းချင် ပြောင်းသွားမည်၊ တပ်မတော်နှင့် လက်နက်ကိုင်တပ်ဖွဲ့များသည် ဆက်ရှိနေမည်။

လက်နက်ကိုင်အဖွဲ့များ (ပြည်သူ့ စစ်များမပါ) ဟု သိမ်းကျုံးခေါ်ဝေါ်ကြသဖြင့် အတူတူထင်ကြရသော်လည်း တကယ်တမ်းတွင် နှစ်မျိုးကွဲနေသည်။ NCA ကို အခြေခံခွဲလျှင် NCA စာချုပ်တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ၁၀ ဖွဲ့နှင့် NCA မထိုးရသေးသော အဖွဲ့များ။

NCA ကို KNU၊ RCSS၊ CNF၊ ABSDF စသော အဖွဲ့ရှစ်ဖွဲ့က ဦးသိန်းစိန်လက်ထက်တွင် ကနဦးလက်မှတ်ရေးထိုးသည်။ ဒေါ်အောင်ဆန်းစုကြည် လက်ထက်တွင် နှစ်ဖွဲ့ထပ်တိုးလာသဖြင့် NCA ထိုးထားသော လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ ဖြစ်လာသည်။ NCA မထိုးသော အဖွဲ့များအဖြစ် ၀ အဖွဲ့၊ KIO အဖွဲ့၊ မိုင်းလားအဖွဲ့၊ TNLA၊ AA စသည်တို့ ကျန်နေသည်။ NCA ထိုးသောအဖွဲ့တွင် KNU အဖွဲ့၊ RCSS တို့သာ အင်အားရှိပြီး လက်မှတ်မထိုးသောအဖွဲ့များတွင် အဖွဲ့ကြီးများကျန်နေသဖြင့် NCA အလုပ်မဖြစ်ဟု ပြောနေသည်များလည်း ရှိသည်။

NCA ထိုးသည့်ဘက်တွင် အဖွဲ့ကြီးများ၊ အဖွဲ့လေးများ စုံသလို NCA မထိုးသည့်ဘက်တွင်လည်း အဖွဲ့ကြီး၊ အဖွဲ့လေးများ စုံသည်။ ထိုသို့ဆိုလျှင် လက်မှတ်ထိုးသည့်အဖွဲ့၊ မထိုးသည့်အဖွဲ့ဟူ၍ လက်နက်ကိုင်အဖွဲ့များသည် နှစ်မျိုးနှစ်စား ဘာကြောင့် ကွဲသွားရသလဲ။

ငြိမ်းချမ်းရေးလောက၊ သတင်းမီဒီယာလောကတွင် တွင်နေသည့် နာမည်များကပင် သူတို့ နှစ်မျိုးနှစ်စား ကွဲရခြင်းအကြောင်းကို ဖော်ပြနေသည်။ NCA မထိုးသောအဖွဲ့များကို မြောက်ပိုင်းအဖွဲ့များဟု ခေါ်ကြသည်။ ပထဝီဝင်ရှုထောင့်မှ ခွဲကြခြင်း။

ပထဝီဝင်ဖြင့် သေသေချာချာကြည့်လျှင် နိုင်ငံရေး သို့မဟုတ် အိမ်နီးချင်းရှုထောင့်သို့ ရောက်လာသည်။ မြောက်ပိုင်းသည် တရုတ်နှင့်နီးသည်။ တောင်ပိုင်းသည် ထိုင်းနှင့်နီးသည်။ တောင်ပိုင်းအဖွဲ့များသည် ထိုင်းနယ်စပ်ကို အခြေပြုရသည်။ မြောက်ပိုင်းအဖွဲ့များသည် တရုတ်နယ်စပ်ကို အားယူရသည်။ တရုတ်နှင့် ထိုင်းနိုင်ငံတို့၏ မြန်မာအပေါ် သဘောထားကြောင့် လက်နက်ကိုင်အဖွဲ့ နှစ်မျိုး၊ နှစ်စား ကွဲသွားရသည်ဟု စဉ်းစားကြသူများ မနည်းပါ။

ငြိမ်းချမ်းရေးတွင် နိုင်ငံတကာကိုပါ ထည့်သွင်းစဉ်းစားကြရမည်ဟု ထင်ရှားသော နိုင်ငံရေးသုတေသီနှင့် စာရေးဆရာ ဦးကျော်ဝင်းက ဆိုသည်။

“ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကို ဘာနဲ့ သွားရမလဲဆိုတော့ Diplomacy နဲ့ပါ သွားရမယ့်သဘောရှိတယ်။ ဒီနေရာမှာ ဆက်စပ်ပြီး တစ်ခုပြောချင်တာက ၁၉၆၃ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပျက်မှာ (ဝန်ကြီးချုပ်) ဦးဗဆွေ ပြောခဲ့တဲ့စကား။

ဦးဗဆွေက အဲဒီတုန်းက ဘာပြောလဲဆိုတော့ “မြန်မာပြည် ပြည်တွင်းငြိမ်းချမ်းရေးက နိုင်ငံတကာနဲ့ ဆက်စပ်နေတယ်။ တကယ်လို့ အနောက်အုပ်စု ပေါ်လစီ မပြောင်းသရွေ့ လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးရဖို့ မလွယ်ဘူး။ အလားတူပဲ အရှေ့အုပ်စု ပေါ်လစီမပြောင်းသရွေ့ ကွန်မြူနစ်သူပုန်နဲ့ ငြိမ်းချမ်းရေးရဖို့မလွယ်ဘူး” သူပြောတာတော့ စစ်အေးခေတ်က။ အခုစစ်အေးခေတ်တော့ မဟုတ်တော့ဘူး။ ဒါပေမဲ့ Great Power ယှဉ်ပြိုင်မှု (အင်အား ကြီးနိုင်ငံများ ပြိုင်ဆိုင်မှု) ကတော့ ရှိနေသေးတယ်။ အထူးသဖြင့် Great Power ယှဉ်ပြိုင်မှုက ကျွန်တော်တို့ မြန်မာပြည်နဲ့လည်း ဆက်စပ်နေတယ်။ အဲဒီတော့ အဲဒီတုန်းက ဦးဗဆွေပြောခဲ့တဲ့စကားက ဒီနေ့အထိ အကျုံးဝင်ကောင်း ဝင်လိမ့်မယ်” (၂၀၁၆ မတ်လတွင် Myanmar Peace Center က ထုတ်ဝေသည့် ‘ငြိမ်းချမ်းရေးခရီး လေးနှစ်တာကာလကို ပြန်မျှော်ကြည့်ခြင်း’ စာအုပ်၊ နိုင်ငံရေးသုတေသီစာရေးဆရာ ဦးကျော်ဝင်းနှင့် တွေ့ဆုံမေးမြန်းခြင်းမှ ကောက်နုတ် ချက်)။

တရုတ်၏ အခန်းကဏ္ဍနှင့် ဩဇာသည် မြန်မာနိုင်ငံ၏ နယ်ပယ်အများအပြားတွင် ကြီးမားသော်လည်း ငြိမ်းချမ်းရေးတွင် ဩဇာသည် ယခုနှစ်ပိုင်းများတွင် တစ်နေ့တခြား ပိုကြီးလာသည်။ ငြိမ်းချမ်းရေးဘက်သို့ အကူအညီများစွာပေးခဲ့သော ဥရောပနှင့် ဂျပန်တို့ထက် တရုတ်ဩဇာ တက်လာသည်။ တရုတ်နိုင်ငံကို ကုန်းလမ်း၊ ရေလမ်းဖြင့် ကမ္ဘာနှင့်ချိတ်ဆက်မည့် ခေတ်သစ်ပိုးလမ်းမဟုခေါ်သော Belt-and-Road Initiative (BRI) မြန်မာဘက်သို့ ချဲ့ထွင်ရန် စီမံချက်နှင့် ငြိမ်းချမ်းရေးတွင် တရုတ်ဩဇာ တက်လာခြင်းတို့သည်လည်း တိုက်ဆိုင်နေသည်။ ယခုအစိုးရတက်ခါစတွင်ပင် တရုတ်ပိုးလမ်းမသစ်စီမံကိန်းကို ကြိုဆိုကြောင်း တရုတ်နယ်စပ် ပန်ဆန်းတွင် တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးအစည်းအဝေး၌ ကြေညာချက် ထုတ်ပြန်သည်။ မြောက်ပိုင်းလက်နက်ကိုင်များကို ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖိတ်ကြားရန်ပင် တရုတ်ကို အကူအညီတောင်းလာရသည်။ မြောက်ပိုင်းလက်နက်ကိုင်များဟု ဆိုသော်လည်း မြောက်ပိုင်းတစ်ဖွဲ့ချင်း အပေါ် တရုတ်၏ သဘောထားမှာ မတူဟု အမေရိကန်အခြေစိုက် တရုတ်မြန်မာ ဆက်ဆံရေး လေ့လာသူပညာရှင် Yun Sun က ဆိုသည်။ KIO ပေါ် တရုတ်အမြင်နှင့် ‘၀’ အပေါ် တရုတ်အမြင် မတူဟု Yun Sun က မြင်သည်။

မြန်မာသည် ၂၀၁၁ တံခါးပြန်အဖွင့်တွင် အနောက်ဘက်သို့ ယိမ်းသွားခြင်း၊ မြစ်ဆုံစီမံကိန်းကို တရုတ်အား အသိမပေးဘဲ ရပ်တန့်လိုက်ခြင်းတို့သည် တရုတ်က မြန်မာနိုင်ငံဆိုင်ရာမူဝါဒကို ပြောင်းလဲလာကာ ငြိမ်းချမ်းရေးတွင် တရုတ်ဩဇာတက်လာခြင်းတို့၏ အကြောင်းရင်းများဟု မြန်မာ့နိုင်ငံရေးသုံးသပ်သူ နိုင်ငံခြားသားများရော မြန်မာတို့ကပါ မြင်ကြသည်။

မြန်မာ့ငြိမ်းချမ်းရေးတွင် တရုတ်ဩဇာတက်လာခြင်းသည် တရုတ်နယ်စပ်တွင် တည်ရှိသော လက်နက်ကိုင်အဖွဲ့များကြောင့်ချည်းလည်း မဟုတ်ပါ။ ရခိုင်အရေးကြောင့် နိုင်ငံတကာဖိအားများ မြင့်မားလာချိန်တွင် တရုတ်သည် နိုင်ငံတကာ စင်မြင့်တွင် မြန်မာဘက်မှ ကာကွယ်ပေးသည့်အတွက် မြန်မာအစိုးရကိုရော တပ်မတော်ကိုပါ ကျေးဇူးပြုပေးသည်များ များလာခြင်းဖြစ်သည်။

တပ်မတော်သည် ငြိမ်းချမ်းရေးတွင် TNLA၊ AA တို့ကို နဂိုက ထည့်သွင်းမဆွေးနွေးလိုသော်လည်း ဆွေးနွေးရန် နောက်ပိုင်းတွင် လက်ခံလာပုံရသည်။ AA နှင့် TNLA သည် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားမှု အများဆုံးသောအဖွဲ့များ ဖြစ်သည်။ AA နှင့် တိုက်ပွဲများပြင်းထန်နေသည့်အချိန်တွင်ပင် ထိုသဘောထား ပြောင်းပုံမရ။ တပ်မတော်သည် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ စစ်တိုင်း ငါးတိုင်းတွင် လေးလသက်တမ်းရှိ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကို ၂၀၁၈ နှစ်ကုန်ခါနီးတွင် ကြေညာခဲ့ပြီး ယခုနှစ် စက်တင်ဘာ၂၁ရက်နေ့အထိ အကြိမ်ကြိမ်သက်တမ်းတိုးခဲ့သည်။ စက်တင်ဘာ ၂၁ ရက်နေ့ နောက်ပိုင်းတွင်မူ သက်တမ်းဆက်မတိုးတော့။

အစိုးရသည် ထိုင်းမှိုင်းနေသော ငြိမ်းချမ်းရေးဖြစ်စဉ်ကို လှုပ်နှိုးရန်အတွက် NCA ထိုးထားသူများရော မထိုးထားသူများနှင့်ပါ ဆွေးနွေးပွဲများ တောက်လျှောက်ကျင်းပနေသည်။ တစ်ချိန်တည်းမှာပင် ၂၀၂၀ ရွေးကောက်ပွဲကျင်းပရန် အချိန် နီးကပ်လာသည့်အတွက် အဓိကပုဂ္ဂိုလ်များ၏ အာရုံသည် ရွေးကောက်ပွဲဘက်သို့ ရွေ့သွားမည်ဟု စိုးရိမ်ချက်များ ရှိသည်။ အစိုးရပိုင်းမှ ထိပ်ပိုင်းပုဂ္ဂိုလ်များသည် ငြိမ်းချမ်းရေးကို စိတ်ပျက်သွားပြီဟု ကြားနေရသည်မှာ ယခုမှမဟုတ်။ ၂၀၂၀ ပြည့်နှစ်ဆန်းပိုင်းတွင် ၂၁ ရာစုပင်လုံညီလာခံ ပြန်လည်ကျင်းပမည်ဟု ကြားသိရသည့်အတွက် ထိုညီလာခံသည် ငြိမ်းချမ်းရေးအတွက် ရွေးကောက်ပွဲမတိုင်မီ နောက်ဆုံးမျှော်လင့်ချက်ဖြစ်နိုင်သည်။ ၂၀၂၀ မတ်လတွင်မှ ပင်လုံညီလာခံမကျင်းပနိုင်လျှင်မူ သင်္ကြန်နှင့်ပါ ဆက်သွားပြီး ရွေးကောက်ပွဲနှင့် ကပ်သွားမည်။ ကျင်းပဖြစ်ရန်ပင် မသေချာတော့။

၂၀၂၀ ရွေးကောက်ပွဲ

ဦးသိန်းစိန်လက်ထက်က စတင်ခဲ့သော ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဒေါ်အောင်ဆန်းစုကြည်လက်ထက်တွင် လုပ်ထုံးလုပ်နည်းအချို့ ပြောင်းလဲသည်မှအပ ဆက်လက် လက်ခံခဲ့သည်။ NCA အခြေခံ ငြိမ်းချမ်းရေးဖြစ်စဉ်သည် ရွေးကောက်ပွဲကို ကျော်လွှားနိုင်ကြောင်း တစ်ကြိမ်သက်သေပြခဲ့ပြီ။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကရော ငြိမ်းချမ်းရေးအပေါ် မည်သို့သက်ရောက်မည်နည်း။ ရွေးကောက်ပွဲရလဒ်ပေါ် မူတည်သည်ဟု ငြိမ်းချမ်းရေးလေ့လာသုံးသပ်သူ အများအပြားက ဆိုကြသည်။

၂၀၂၀ ရွေးကောက်ပွဲမကျင်းပမီဖြစ်စေ၊ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပအပြီးတွင်ဖြစ်စေ တက်လာသူများသာ ပြောင်းသွားမည် မြန်မာအစိုးရကား ယန္တရားတစ်ရပ်အဖြစ် ဆက်ရှိနေဦးမည်။ ရွေးကောက်ပွဲကို အခြေမခံသော လက်နက်ကိုင်အဖွဲ့၊ တပ်မတော်တို့ကဲ့သို့ အဖွဲ့အစည်းများတွင်ကား အဖွဲ့အစည်းသာမဟုတ်၊ လူပုဂ္ဂိုလ်များပါ ဆက်လက်ကျန်ရှိကောင်း ကျန်ရှိမည်။ မြန်မာအစိုးရအပါအဝင် ငြိမ်းချမ်းရေးနှင့် တိုက်ရိုက်ဆက်စပ်သော အဖွဲ့အစည်းများအနက်မှ မည်သည့်အဖွဲ့အစည်းသည် မြန်မာ့ငြိမ်းချမ်းရေးတွင် အရေးကြီးဆုံးနည်း။

တစ်ဦးတည်းသော အဆုံးအဖြတ်ပေးသူ

မြန်မာ့ငြိမ်းချမ်းရေးကို အဆုံးအဖြတ်ပေးနိုင်သည့် တစ်ခုတည်းသော အဖွဲ့အစည်း သို့မဟုတ် တစ်ဦးတည်းသောသူဆိုလျှင် မည်သူဖြစ်မည်နည်းဟူသော The Voice Journal ၏ မေးခွန်းကို မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ထဲထဲဝင်ဝင် ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်တစ်ဦးက ယခုကဲ့သို့ ဖြေသည်။

“NCA ထိုးထားတဲ့ ၁၀ ဖွဲ့အတွက် ဆို ‘ရှမ်းနဲ့ ကရင်’။ NCA မထိုးရသေးတဲ့ ခုနစ်ဖွဲ့အတွက်ဆို ‘တရုတ်’ ပါ” သူပြောသည့် ရှမ်းဆိုသည်မှာ RCSS၊ ကရင်ဆိုသည်မှာ KNU။

သူ့စကားကို ကြည့်ပါမည်။ အစိုးရနှင့် တပ်မတော်က လက်နက်ကိုင်အဖွဲ့များအားလုံး NCA ထိုးစေချင်ကြသည်။ NCA မထိုးရသေးသူများ ထိုးရန်အတွက် တရုတ်ကအရေးကြီးသည်ဆိုလျှင် ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံးအတွက် အရေးကြီးဆုံး Player မှာ တရုတ်ဟု ဆိုလိုနေသည်မဟုတ်လား။

အထက်ပါ စာပိုဒ်တွင် ရေးထားသည့်အတိုင်း ငြိမ်းချမ်းရေးပုဂ္ဂိုလ်ကို နောက်ဆက်တွဲ မေးမြန်းသည့်အခါ သူက သဘောတူသည်။

“ဟုတ်ပါတယ်။ ဒီလိုပြောရင်တော့ ‘တရုတ်’ က မြန်မာ့ငြိမ်းချမ်းရေးအတွက် အရေးအကြီးဆုံးပါ” 

TVJ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *