တရားခံလား၊ မြေစာပင်လား

အမေရိကန်နိုင်ငံ ဒလပ်စ်မြို့မှာ ဘိုသမ်ရှော်မ်ဂျွန် (၂၆ နှစ်) ကို သတ်မှုနဲ့ ရဲအရာရှိဟောင်း မစ္စ အမ်ဘာ ဂေယာ (၃၀ နှစ်) ကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တဲ့အခါ ပျော်ရွှင်အားပေးကြသူတွေ ရှိခဲ့တယ်။ နည်းတယ်လို့ မကျေနပ်သူတွေလည်း ရှိတယ်။ သူတို့ပြောတာကတော့ တရားမျှတမှုမရှိရင် ငြိမ်းချမ်းမှုမရှိ (‘no justice, no peace’)။ အသတ်ခံရသူရဲ့ ညီငယ်ကတော့ “မိသားစုတွေ၊ လူတွေရှေ့မှာ ငါဒီလို မပြောချင်ပါဘူး။ ဒါပေမဲ့ မင်းထောင်မကျစေချင်ပါဘူး” လို့ပြောပြီး ပြစ်ဒဏ်ချခံရသူကို ဖက်ပြီး နှစ်သိမ့်မှုပေးတယ်၊ အကောင်းဆုံး ဆုတောင်းပေးပြီး ခွင့်လွှတ်ခြင်းကို ပြခဲ့တယ်။

စီရင်ချက်ဟာ မျှတသလား၊ မျှတခြင်းက အဖြေလား။ မျှတမှုက ငြိမ်းချမ်းခြင်းကို ပေးသလား၊ ခွင့်လွှတ်မှုက ငြိမ်းချမ်းခြင်းကိုပေးသလား ကျွန်မ တွေးနေမိပါတယ်။

ဖြစ်ရပ်မှန်တွေက စိတ်ကူးစိတ်သန်းထက် ဆန်းကျယ်တယ်။

၂၀၁၈ စက်တင်ဘာလ ၆ ရက်

ဇာတ်ကြောင်း-၁ (Narration-1) ရဲအရာရှိအမျိုးသမီးလေးတစ်ယောက် ပုံမှန်တာဝန်ချိန်ထက် ပိုကြာကြာထမ်းဆောင်ပြီး ပင်ပင်ပန်းပန်းနဲ့ အိမ်ပြန်လာတယ်။ သူ့ရည်းစားနဲ့လည်း တယ်လီဖုန်းကနေ မက်ဆေ့ခ်ျတွေ ပို့နေတယ်။ အိမ်ရောက်တော့ တံခါးက ပွင့်နေတယ်။ လူမည်းတစ်ယောက်က ထိုင်ခုံမှာထိုင်ပြီး တီဗီကြည့်နေတယ်။ ပါလာတဲ့ သေနတ်ကိုထုတ်ပြီး သူများအခန်းထဲ ဖောက်ထွင်းဝင်ရောက်လာသူကို နှစ်ချက်ဆင့် ပစ်ချလိုက်တယ်။

ဇာတ်ကြောင်း-၂ (Narration-2) ဂျွန်က ကာရေဗီယံ စိန့်လူစီယာကျွန်းဇာတိဖွား လူမည်းလေး၊ (၂၆) နှစ်၊ စာရင်းကိုင်အလုပ် လုပ်တယ်။ အပြင်မထွက်တော့ဘဲ သူ့အခန်းထဲမှာ သူထိုင်၊ ရေခဲမုန့်စားရင်း တီဗီကနေဘောလုံးပွဲကြည့်နေတယ်။ သူ့အခန်းက သူ့ဘာသာပဲ ကောင်းကောင်းမပိတ်မိသလား၊ ထွက်သွားတဲ့ တစ်ယောက်ယောက်ပဲ သေချာမပိတ်သလား တံခါးက ဟနေတယ်။ ရဲအရာရှိတစ်ယောက်က တွန်းဖွင့်ဝင်လာပြီး သူ့ကိုတွေ့တော့ ပစ်သတ်သွားတယ်။ ရဲအရာရှိက လူဖြူအမျိုးသမီး။ သူ့အိမ်ထဲတင် သူနေရင်း ပစ်သတ်ခံလိုက်ရတယ်။

ဒီဇာတ်ကြောင်းနှစ်ခုက သပ်သပ်စီမဟုတ်ဘဲ တစ်ခုတည်းဖြစ်နေတယ်။ ဖြစ်နေရတာကတော့ ရဲအရာရှိအမျိုးသမီးဟာ ကားရပ်လိုက်တာ အထပ်မှားပြီး သူ့အခန်းအပေါ်ထပ်က အခန်းကို သူ့အခန်းထင်ပြီး ဝင်လာမိလိုက်တာပဲ။ ဖြစ်ချင်တော့ ဒလပ်စ်ဆိုတဲ့ နေရာကလည်း လူဖြူလူမည်း သံသယတွေ ပြင်းထန်တဲ့နေရာ၊ လူဖြူရဲတွေက လူမည်းတွေကို ရာဇဝတ်မှု အလွယ်တကူကျူးလွန်တတ်သူတွေလို့ယူဆ၊ ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်တတ်လို့ ဒေသခံတွေနဲ့ မကြာမကြာ ပြဿနာဖြစ်ရတဲ့အရပ်။ စပိန်အနွယ်တွေ ၄၀ ရာခိုင်နှုန်း၊ အဖြူ ၃၀ ရာခိုင်နှုန်း၊ အမည်း ၂၂ ရာခိုင်နှုန်းနဲ့ အာရှက ၆ ရာခိုင်နှုန်း နေထိုင်ကြတယ်။ ရဲအရာရှိမလေးကို ချက်ချင်းမဖမ်းတော့ လူထုက ဆူပူဆန္ဒပြကြတယ်။

လက်နက်ကိုင်တဲ့ ရဲအနေနဲ့ အခန်းမှားတာကို သတိမထားမိတာ၊ လက်နက်မဲ့သူကို အဆင့်ဆင့်လုပ်ရမယ့် နည်းနာတွေ မလိုက်နာဘဲ ပစ်ချလိုက်တာ အပြစ်လို့ ပြောနိုင်မယ်။ အလုပ်ပင်ပန်းပြီး အမှားမှား အယွင်းယွင်းဖြစ်တယ်၊ (ဘတ်ဂျက်လျှော့လို့၊ အလုပ်ထွက်သူတွေများလို့ တာဝန်ချိန်ပိုကျတာက သူမတတ်နိုင်တဲ့ကိစ္စ)။ သေသွားသူဘက်က ကြည့်တော့လည်း သူ့အပြစ်ဘာမှမပါ။ ကိုယ့်အိမ်တင် နေရင်း ထိုင်ရင်း ပစ်သတ်ခံရတယ်။ လူမည်းဖြစ်လို့လား။ လူမည်းတွေရဲ့ဘ၀ဟာ ကိုယ့်အိမ်ထဲတင် ကိုယ်နေတာတောင် မလုံခြုံတော့ဘူးလား ဖြစ်လာတယ်။

တစ်ဖက်နဲ့တစ်ဖက် သံသယတွေရှိကြတဲ့နေရာဆိုတော့ လူမည်းလေးကပဲ ဆေးသမားလား၊ ရဲအရာရှိနဲ့ အရင်ပြဿနာဖြစ်ဖူးသလား၊ တမင် လာသတ်သလား အပြန်အလှန်စွပ်စွဲကြတာတွေ၊ သက်သေတွေကလည်း တံခါးထုသံ ကြားသလိုလို၊ စကားပြောသံကြားသလိုလို။ ပိုင်ပိုင်နိုင်နိုင် သိသူတော့ မရှိ။

ပြစ်မှုက လူသတ်မှုဆိုရင်အမြင့်ဆုံး ထောင်ဒဏ် (၉၉) နှစ်ထိ ချလို့ရတယ်။ တရားစွဲတဲ့ဘက်က ကောင်လေးအသက် (၂၈)နှစ်ထက်မနည်း ထောင်ချဖို့ တောင်းဆိုတယ်။ ဂျူရီတွေက အကြိတ်အနယ် ဆွေးနွေးကြပြီး လူသေမှုအဖြစ် အပြစ်ရှိတယ်ဆုံးဖြတ်ပြီး ၁၀ နှစ် ချလိုက်တယ်။ အမေရိကန်ရဲ့ ဂျူရီစံနစ်မှာ မျှတအောင် လူတွေကို နောက်ခံအမျိုးမျိုးနဲ့ ရွေးရတော့ ၁၂ ယောက်မှာ ငါးယောက်က လူမည်း၊ ကျန်ငါးယောက်က အဖြူ/အမည်း မဟုတ်တဲ့သူတွေ၊ နှစ်ယောက်ကအဖြူ။ စောစောပိုင်းက တခြားနေရာပြောင်း တရားရင်ဆိုင်မလား ရဲအရာရှိမလေးဘက်က စဉ်းစားကြသေးတာ။ ဒီလိုနေရာပြောင်းရင် အဖြူတွေ ပိုများများပါတဲ့ ဂျူရီက ဆုံးဖြတ်ချက်ချရင် ရလဒ်တူတာတောင် မျက်နှာလိုက်တယ် ပြောနိုင်သေးတယ်ဆိုပြီး မပြောင်းဖြစ်တာ။ ပြောင်းရင်လည်း ဒေသခံတွေက ကန့်ကွက်မှာပါ။

သေဆုံးသူဂျွန်က ဘုရားတရားကိုင်းရှိုင်းတယ်။ ဥပဒေ လေးစားတယ်။ အနေအထိုင် ရိုးရိုးသားသား။ အိမ်မှာ ချက်ပြုတ်စားတယ်။ ရဲတွေနဲ့ ကြုံ အထင်လွဲ ပြဿနာဖြစ်မစိုးလို့ အဝတ်အစားကောင်းကောင်းဝတ်၊ ကားမောင်းရင်လည်း အမြန်မမောင်းဘူး။ အဖေနဲ့လည်း တနင်္ဂနွေ တစ်ပါတ်တစ်ခါ ဖုန်းပြောနေကျ။ စံပြနိုင်ငံကြီးသား။

ရဲအရာရှိမလေးအနေနဲ့လည်း လုပ်သက်က လေးနှစ်ကျော်ပဲ ရှိသေးတယ်။ အခုနေရာကို ပြောင်းခဲ့တာ နှစ်လလောက်ရှိပြီ။ ၉၁၁ ကို ဖုန်းဆက်ချိန်မှာ သူအခန်းမှားတယ်လို့ သိသွားပြီ။ ဒါပေမဲ့ ထွက်မပြေးဘူး။ နောင်တ လည်းရတယ်။ သူ့အမေနဲ့ညီမက အရင်တက်ကြွသူလေး ငေးမှိုင်ပြီး စိတ်မကောင်းဖြစ်နေတာ။ လူစားလဲလို့ရရင် လဲလိုက်ချင်ပါတယ်လို့ ပြောဖူးတာတွေ ပြန်ပြောပြတယ်။ သူနဲ့အတူ တာဝန်ကျဖူးတဲ့ ရဲတွေကလည်း သူ့မှာ တခြားထူးခြားအားနည်းတာ မရှိ၊ ကံဆိုးစွာကြုံရတဲ့ မတော်တဆမှုအဖြစ် ပြောကြတယ်။ သူ့လုပ်သက်အတွင်းမှာတော့ ပြန်ခုခံလို့ ပစ်ခတ်ဖူးတာရှိတယ်။ ဒါပေမဲ့ အဲဒီတုန်းက ဗိုက်မှာ ဒဏ်ရာပဲရတယ်။ မသေဘူး။ ဒါမျိုးက ရဲလုပ်ငန်းမှာ သိပ်ရှားပါးတဲ့ အတွေ့အကြုံတော့လည်း မဟုတ်။

မြန်မာတွေအနေနဲ့ ရင်းနှီးတဲ့ ဇာတ်ကြောင်း သုဝဏ္ဏသာမကို သတိရမိတယ်။ မျက်မမြင်မိဘကို ပြုစုစောင့်ရှောက်နေတဲ့သူ၊ ရေသွားခပ်တဲ့အချိန် အမဲလိုက်သွားတဲ့ ဘုရင်ကြီးက သမင်နဲ့မှားပြီး ပစ်လိုက်တယ်။ ဒီဖြစ်စဉ်ကတော့ အဆုံးသတ် ကောင်းတယ်။ မှားပစ်မိတဲ့ ဘုရင်ကြီးကလည်း တာဝန်ယူတယ်။ မိဘတွေကလည်း ခွင့်လွှတ်တယ်။ မကြည့်ရက်တဲ့ သိကြားမင်းက ကူညီတော့ သစ္စာစကား အသီးသီးဆိုကြပြီး သားရွှေအိုးထမ်းတဲ့ကိန်း ဆိုက်သွားတယ်။

အခုအဖြစ်ကတော့ ဝမ်းနည်းစရာ နိဂုံးချုပ်တယ်။ သေတဲ့သူသေ၊ ထောင်နှစ်ရှည်ကျသူကျ၊ တရားခွင်ထဲမှာ သေဆုံးသူ မိသားစု၊ စွပ်စွဲခံရသူ မိသားစုနဲ့ တရားသူကြီး အဖွဲ့ဝင်တချို့ကလည်း မျက်ရည်တွေနဲ့။ ထောင်ကျတော့မယ့် မိန်းကလေးကလည်း ဖြေဆည်ရာမရ။

ဒီဖြစ်ရပ်နှစ်ခုကို နှိုင်းယှဉ်မိတဲ့အခါ ကျွန်မတွေးမိတာ သုဝဏ္ဏသာမဇာတ်မှာ ပွဲကြည့်ပရိတ်သတ်က ဝင်မပါဘူး။ အခုခေတ်မှာတော့ ပြဿနာတစ်ခုဖြစ်ရင် အရပ်က အရင်ပါတယ်။ အထူးသဖြင့် တရားဥပဒေ တရားမျှတမှုကို မယုံကြည်နိုင်တဲ့နေရာတွေမှာ တရားဥပဒေရဖို့ ကိုယ်တိုင်ဝင်ပါရမယ်။ ဝန်းရံရမယ်ဆိုတဲ့ အတွေးအခေါ်တွေက များနေတယ်။ အပြစ်ပြောလို့တော့ မရဘူး။ လူအများမသိကြရင် လူမသိသူမသိ နိဂုံးချုပ်သွားရတဲ့ မတရားမှုတွေကလည်း ဖြစ်တတ်နေတာကိုး။ လူအများ ဆန္ဒတိုင်းက တရားမျှတမှုမဖြစ်တာလည်း စဉ်းစားစရာပဲ။ ကိုယ့်တရား ကိုယ်စီရင်ရမယ်ဆိုတဲ့ ခံယူချက်ကလည်း ကောင်းမွန်တဲ့ လူ့ဘောင်အတွက် စံတစ်ခုတော့ မဟုတ်သေးဘူး။ ကိုယ့်တရားကိုယ်စီရင်ရင်း အများ ညီပြီး ဤကို ကျွဲဖတ်တာမျိုးလည်း ဖြစ်သွားနိုင်တာပဲ။

လူတွေရဲ့ အသားအရောင်ကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာမှုတွေ၊ အပြန်အလှန် မယုံကြည်နိုင်မှု၊ တရားဥပဒေစိုးမိုးမှု၊ လက်နက်ကိုင်ဆောင်တဲ့ ရဲတပ်ဖွဲ့ဝင်တို့ရဲ့ တာဝန်ရှိမှု၊ အစိုးရတိုင်း ရင်ဆိုင်နေရတဲ့ ဘတ်ဂျက်လျှော့ချမှု၊ ဌာနအတော်များများမှာ ကြုံရတဲ့ ဝန်ထမ်းမလုံလောက်မှု၊ အလုပ်တာဝန်ပိမှု၊ အထီးကျန်နေလာကြမှု၊ ကိုယ်နဲ့ မိုင်ပေါင်းထောင်ချီဝေးသူတွေနဲ့ နေ့တိုင်း စကားပြောဖြစ်ပေမယ့် ကိုယ့်အိမ်နီးချင်းတွေ ကိုယ်မသိကြတော့တဲ့ နေထိုင်မှု၊ တစ်နေ့ ၂၄ နာရီမှာ အလုပ်ချိန်က များ၊ အလုပ်ပြီးတော့လည်း နည်းပညာတွေရဲ့ နှောင်ဖွဲ့မှုတွေထဲမှာ ခြေချုပ်မိ၊ လူသားဆန်စွာ နေထိုင်နိုင်ချိန်နည်းပြီး ဖိအားတွေ၊ သံသယတွေနဲ့ လူကလည်း မလန်းဆန်း၊ ဦးနှောက်ကလည်း ရှင်းလင်းစွာ မတွေးနိုင်တဲ့အချိန်၊ တစ်နေ့တာရဲ့ တိုတောင်းတဲ့အချိန် အခိုက်အတန့်မှာ မထင်မှတ်တာတွေက အသက်ကို ဘ၀ကို ထိခိုက်တဲ့ထိ ဖြစ်သွားရတာတွေဟာ တရားရစရာပဲ။ ကျမတို့တတွေ အလုပ်များတဲ့ကြားက၊ ဘ၀အမောတွေကြားက ကိုယ့်ဘ၀၊ ကိုယ့်ပတ်ဝန်းကျင်ကို ပြန်သုံးသပ်ဆင်ခြင်ဖို့တော့ လိုကြပြီထင်မိတယ်။ အသိ သတိရှိရှိ နေဖို့ပေါ့။ 

မေနှင်းအေး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *