လွှတ်တော်အတွင်း အခြေခံဥပဒေပြင်ဆင်ရေး အစွန်းမရောက်ရန် ဗိုလ်ချုပ်ကြီးယွက်စစ်သတိပေး

ရန်ုကုန်၊ အောက်တိုဘာ ၁၀

လွှတ်တော်အတွင်း ၂၀၀၈ ခုနှစ် အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်တွင် အစွန်းမရောက်ရန်နှင့် မလျှော့မတင်း လုပ်ဆောင်ကြရန် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က သတိပေးပြောကြားသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အောက်တိုဘာလ ၁၀ ရက်က ကျင်းပသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး NCA စာချုပ်တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နှင့် ငြိမ်းချမ်းရေးလုပ်ငန်းဦးဆောင် ကော်မတီ PPST အစည်းအဝေးတွင် PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“လွှတ်တော်အတွင်းမှာ ဆောင်ရွက်နေတဲ့ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ NCA လမ်းကြောင်းအရ ကျွန်တော်တို့လုပ်ဆောင်နေတဲ့ အခြေခံဥပဒေပြင်ဆင်ရေးတို့ဟာ လိုက်လျောညီထွေ သဟဇာတ ဖြစ်ဖို့လိုပါတယ်။ အစွန်းမရောက်ဘဲ မလျှော့မတင်း စောင်းကြိုးညှိသလို သတိထားဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် လွှတ်တော်အတွင်း ဆောင်ရွက်လျက်ရှိသည့် အခြေခံဥပဒေပြင်ဆင်ရေးလမ်းကြောင်းသည် NCA လမ်းကြောင်းအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဆောင်ရွက်လျက်ရှိသည့် အခြေခံဥပဒေပြင်ဆင်ရေးလမ်းကြောင်းနှင့် သဟဇာတဖြစ်ရန် လိုအပ်ကြောင်း ဗိုလ်ချုပ်ကြီးယွက်စစ်က ဆိုသည်။

ဖက်ဒရယ်နိုင်ငံထူထောင်မည်ဆိုပါက ဒီမိုကရေစီနှင့် ဖက်ဒရယ်မူ အခြေခံသော နိုင်ငံတည်ဆောက်မည်ကို အားလုံးသဘောတူညီထားပြီးသောကြောင့် အခြေခံဥပဒေပြင်ဆင်မည်ဆိုပါက အဆိုပါဖက်ဒရယ်ကို ချဉ်းကပ်သောပုံစံဖြစ်ရန် လိုကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်တွင် ကျင်းပလျက်ရှိသည့် PPST အစည်းအဝေးသို့ တက်ရောက်လျက်ရှိသည့် ပအိုင်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ က The Voice Journal သို့ ပြောကြား သည်။

“အခုတော့ ပြင်ဖို့ပြောတဲ့ဟာတွေက ဖက်ဒရယ်နဲ့ ဝေးပြီးတော့ ဗဟိုချုပ်ကိုင်မှုတွေများတဲ့ပုံစံတို့၊ တချို့ ဒီမိုကရေစီမကျတာတွေ၊ ဖက်ဒရယ်မကျတာတွေ ပါမှာစိုးလို့ပေါ့” ဟု ၎င်းကဆိုသည်။

ပြည်ထောင်စုလွှတ်တော်အတွင်း အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ (၄၅ ဦး) ကို ဖွဲ့စည်း၍ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စများကို ညှိနှိုင်းလျက်ရှိပြီး ပြီးခဲ့သည့်ဩဂုတ်လ နောက်ဆုံးပတ်ကပင် အဆိုပါကော်မတီတွင် ပါဝင်သည့် ရခိုင်အမျိုးသားပါတီ (ANP)မှ ကိုယ်စားလှယ်နှစ်ဦးနှင့် အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ (NUD) မှ ဦးစိန်ဝင်းတို့ နုတ်ထွက်သွားခဲ့သည်။ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *