ဦးကျော်ဇေယျကို ရန်ကုန်တိုင်းလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီမှ ထုတ်ပယ်

ရန်ကုန်၊ အောက်တိုဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကို ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ငွေစာရင်းကော်မတီမှ ထုတ်ပယ်လိုက်ကြောင်း ဦးကျော်ဇေယျ က The Voice Journal သို့ ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီမှ ထုတ်ပယ်ခံလိုက်ရခြင်းကြောင့် မြို့နယ်စည်ပင် ကော်မတီဝင်များအတွက် ကားဝယ်ယူသည့်ကိစ္စကဲ့သို့ ကိစ္စများကို ပြည်သူ့ငွေစာရင်း ကော်မတီအစီရင်စာတွင် ရေးသားနိုင်ခဲ့ခြင်းမရှိဟု ၎င်းကဆိုသည်။

“အန်ကယ်ကို ပြည်သူ့ငွေစာရင်းကော်မတီက ထုတ်လိုက်တာ တစ်ပတ်လောက်ပဲရှိသေးတယ်။ ဒီအစီရင်ခံစာ မရေးခင်ကတည်းက အန်ကယ်ကို ပြည်သူ့ငွေစာရင်းကော်မတီက ထုတ်လိုက်တာ။ အန်ကယ်သာ ငွေစာရင်းကော်မတီမှာ ပါနေရင် (အစီရင်ခံစာမှာ)ရေးကိုရေးတယ်” ဟု ၎င်းကဆိုသည်။

ထိုပြင် ပြည်သူ့ငွေစာရင်းကော်မတီမှ ထုတ်ပယ်ခံရခြင်းကြောင့် ၂၀၁၇-၂၀၁၈ စာရင်းစစ်ချုပ်အစီရင်ခံစာကို ကော်မတီအတွင်းမှ ထောက်ပြနိုင်တော့မည်မဟုတ်ဘဲ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနှင့်သာ ထောက်ပြနိုင်မည်ဟု ၎င်းက ရှင်းပြသည်။

“အမှန်တော့ (၂၀၁၇-၂၀၁၈) စာရင်းစစ်ချုပ်အစီရင်ခံစာကို ပြည်သူ့ငွေစာရင်းကော်မတီကပဲ ကြည့်ပြီး အစီရင်ခံမယ်။ အရင်လိုမလုပ်တော့ဘူး။ အဲဒီအပေါ် မူတည်ပြီး ဆွေးနွေးရမယ်။ ကားကိစ္စကြောင့်မဟုတ်ဘူး။ ဒီဘတ်ဂျက်ကိစ္စတွေ ကြောင့်လည်းမဟုတ်ဘူး။ ၂၀၁၇-၂၀၁၈ အစီရင်ခံစာကို ထိန်းချင်လို့ အန်ကယ့်ကို ဖယ်လိုက်တာ” ဟု ၎င်းကဆိုသည်။

သို့သော်လည်း ဦးကျော်ဇေယျ တစ်ဦးတည်းကိုမဟုတ်ဘဲ လွှတ်တော်အတွင်း ကော်မတီတစ်ခုထက်ပို၍ ပါဝင်နေသူများကို ကော်မတီတစ်ခုတွင်သာ တာဝန်ယူရန် ရန်ကုန်တိုင်းလွှတ်တော်အတွင်း အစီအစဉ်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ အတွင်းရေးမှူး ဒေါ်သက်ထားနွယ်ဝင်းက The Voice Journal သို့ ပြောကြားသည်။

“ကျွန်မတို့က ဖြုတ်ပစ်တာ မဟုတ်ပါဘူး။ ကော်မတီနှစ်ခု တာဝန်ယူထားတဲ့သူတွေအကုန်လုံးကို တစ်ခုပဲ တာဝန်ယူရမယ်ဆိုပြီး လုပ်တာပါ။ သူ့တစ်ယောက်ထဲမဟုတ်ပါဘူး” ဟု ၎င်းကဆိုသည်။

ဦးကျော်ဇေယျကဲ့သို့ပင် ကော်မတီနှစ်ခုတွင် တာဝန်ယူထားသူများဖြစ်သော လှည်းကူးမဲဆန္ဒနယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြတ်မာလာထွန်း၊ အလုံမဲဆန္ဒနယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်မြင့်၊ တိုင်းလွှတ်တော်ရှိ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် အခြားသော လွှတ်တော်ကိုယ်စားလှယ်အချို့သည်လည်း ကော်မတီတစ်ခုတွင်သာ တာဝန်ယူစေခဲ့ကြောင်း ဒေါ်သက်ထားနွယ်ဝင်းက ဆိုသည်။

ထို့သို့လုပ်ဆောင်ရာတွင် လွှတ်တော်ကိုယ်စားလှယ်များ ကြိုက်နှစ်သက်သည့် ကော်မတီတစ်ခုတွင် တာဝန်ထမ်းဆောင်စေခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျသည် ရန်ကုန်တိုင်းအစိုးရ၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ လွှတ်တော်အတွင်း အချက်ကျကျဖြင့် ပွင့်ပွင့်လင်းလင်း ထောက်ပြမှုကြောင့် ပြည်သူများအကြား လူသိများသူတစ်ဦးလည်းဖြစ်သည်။ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *