မြန်မာပိုင်ဂြိုဟ်တုကို အောက်တိုဘာ ၁၅ တွင် စသုံးနိုင်မည်

ရန်ကုန်၊ အောက်တိုဘာ ၁၀

မြန်မာနိုင်ငံက ထက်ဝက်ပိုင်သည့် Myanmar Sat – 2 ဂြိုဟ်တုကို လာမည့် အောက်တိုဘာလ ၁၅ ရက်တွင် စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးဝင်းအောင်က ပြောကြားသည်။

Myanmar Sat – 2 ဂြိုဟ်တု အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သဖြင့် အင်တာနက်ဆက်သွယ်ရေး၊ တယ်လီဖုန်း ဆက်သွယ်ရေးနှင့် ရုပ်သံလွှင့်ခြင်းများ ပိုမို လျင်မြန်လာမည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

“ဂြိုဟ်တုက နည်းပညာအသစ်နဲ့ လုပ်တော့လေ။ အားများများရတာပေါ့။ သုံးစွဲသူတွေအနေနဲ့ ပိုပြီးတော့ Speed ပိုရတာပေါ့” ဟု ဦးဝင်းအောင်က ဆိုသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသို့ Myanmar Sat – 2 ဂြိုဟ်တုအသုံးပြုနိုင်ရန် လျှောက်ထားသော ပုဂ္ဂလိကလုပ်ငန်းများ၊ ဆက်သွယ်ရေးအော်ပရေတာများသာ ယင်းဂြိုဟ်တုမှ အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) တစ်ခုတည်းကသာ လျှောက်ထားသေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“မိုလ်ဘိုင်းလ်ဖုန်းတို့၊ အင်တာနက် တို့က တိုက်ရိုက်တော့ မရဘူးပေါ့ဗျာ။ Myanmar Sat – 2 ကို သုံးတဲ့လူပဲ အကျိုးရှိမှာပေါ့။ တချို့အော်ပရေတာတွေက Myanmar Sat – 2 မသုံးဘူးဆိုရင် သူတို့ရတဲ့အတိုင်းပဲပေါ့။ Myanmar Sat – 2 သုံးတဲ့လူပဲ အကျိုးခံစားရမှာပေါ့” ဟု ဦးဝင်းအောင်က ပြောကြားသည်။

Myanmar Sat – 2 ဂြိုဟ်တုကို အသုံးပြုလိုသူများသည် သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနသို့ ဆက်သွယ်လျှောက်ထားနိုင်ကြောင်း ၎င်းကဆိုသည်။

Myanmar Sat – 2 ဂြိုဟ်တု လွှတ်တင်ရန် သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနနှင့် အမေရိကန်အခြေစိုက် Intelsat Global Sale & Marketing Limited တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး စုစုပေါင်းကုန်ကျစရိတ် အမေရိကန်ဒေါ်လာသန်း ၃၀၀ ကျော်ကို မြန်မာအစိုးရနှင့် Intelsat ကုမ္ပဏီတို့က ထက်ဝက်စီ ထည့်ဝင်ထားခြင်းဖြစ်သည်။

ယင်းဂြိုဟ်တုကို Intelsat ကုမ္ပဏီ က Intelsat 39 ဟု အမည်ပေးထားပြီး မြန်မာအစိုးရဘက်ကမူ Myanmar Sat – 2 ဟု အမည်ပေးထားသည်။

အဆိုပါဂြိုဟ်တုကို ပြီးခဲ့သည့် ဩဂုတ်လ ၃ရက်နေ့က တောင်အမေရိကတိုက်ရှိ ဂိုင်ယာနာနိုင်ငံ (Guyana)၊ ကော်ရိုးမြို့အခြေစိုက် အာရီယန်ဂြိုဟ်တုလွှတ်တင်ရေးစခန်းမှ Ariane 5 ဒုံးပျံဖြင့် အရှေ့ဘက် ၆၂ ဒီဂရီလောင်ဂျီကျုသို့ လွှတ်တင်ခဲ့သည်။ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *