နိုင်ငံခြားသားအကြမ်းဖက်များ မကြာသေးခင်က မြန်မာသို့ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည်ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၁၀

နိုင်ငံခြားသား အကြမ်းဖက်သမားများက အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ မကြာသေးခင်ကဝင်ရောက်၍ ARSA အဖွဲ့ကို ပူးပေါင်းကူညီရန် ကြိုးစားခဲ့သည့်သာဓကရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောကြားသည်။

အောက်တိုဘာလ ၉ ရက်နေ့က ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံ ဥပဒေရေးရာကော်မတီ (ဆဋ္ဌမကော်မတီ) ၏ ပဉ္စမအကြိမ် အစည်းအဝေး၌ နိုင်ငံတကာအကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အစီအမံများ ဘာသာရပ်နှင့်ပတ်သက်၍ မိန့်ခွန်းပြောရာတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

သို့သော် မည်သည့် အိမ်နီးချင်းနိုင်ငံမှတစ်ဆင့် မည်သည့်နိုင်ငံက နိုင်ငံသားများ မြန်မာနိုင်ငံသို့ ဝင်ရောက်ရန် ကြိုးပမ်းသည်ဆိုသည့် အသေးစိတ်အချက်ကို ပြောဆိုခြင်း မရှိခဲ့ပေ။

မောင်တောဒေသကို အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် အစ္စလာမ်မစ် အစွန်းရောက်စစ်သွေးကြွ အကြမ်းဖက်အဖွဲ့များဖြစ်သည့် Al-Qaeda၊ ISIL/ISIS နှင့် Tehrik-e-Taliban Pakistan (TTP) တို့၏ ကူညီပံ့ပိုးမှုများ ရရှိနေကြောင်း သံအမတ်ကြီးက ဆိုသည်။

ISIL နှင့် ဆက်နွှယ်မှုရှိသည့် ARSA အကြမ်းဖက်သမားများကို မလေးရှားအာဏာပိုင်များက ယခုနှစ် မေလနှင့် ဇူလိုင်လအတွင်း ဖမ်းဆီးရမိခဲ့ခြင်းသည် နိုင်ငံတကာအကြမ်းဖက်အဖွဲ့များနှင့် အာဆာအဖွဲ့၏ ဆက်နွှယ်မှုအပေါ် ငြင်း၍ မရနိုင်သည့် သက်သေဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

အကြမ်းဖက်သမားများ၊ အစွန်းရောက်စစ်သွေးကြွများကို နိုင်ငံရေးအရဖြစ်စေ၊ သံတမန်ရေးအရဖြစ်စေ၊ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာဖြစ်စေ အားပေးကူညီခြင်းကို ရှုတ်ချကြောင်း၊ ARSA အဖွဲ့ကို စိတ်ပိုင်းဆိုင်ရာ ထောက်ခံပေးခြင်း အပါအဝင် သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ ထောက်ခံခြင်းကို ရှောင်ရှားရန်လိုအပ်ကြောင်း သံအမတ်ကြီးက ဆက်လက်ပြောဆိုသည်။

မည်သည့်အကြောင်းကြောင့်ဖြစ်စေ အကြမ်းဖက်လှုပ်ရှားမှုကို ထောက်ခံမှုမှန်သမျှ လက်မခံနိုင်ကြောင်း၊ မြန်မာနိုင်ငံသည် နိုင်ငံတကာအကြမ်းဖက်ဝါဒတိုက်ဖျက်ရေးအတွက် ကုလသမဂ္ဂနှင့် ဒေသတွင်းအဖွဲ့အစည်းများ အပါအဝင် မိတ်ဖက်အားလုံးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ရခိုင်ပြည်နယ် တည်ငြိမ်ရေး၊ အေးချမ်းရေးနှင့် သဟဇာတဖြစ်ရေးတို့အတွက် အဓိကအဟန့်အတားမှာ ARSA အဖွဲ့၏ အကြမ်းဖက်အန္တရာယ်ပင်ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသူများ ပြန်လည်လက်ခံရေးတွင်လည်း ယင်းအဖွဲ့၏ ခြိမ်းခြောက်မှုများကြောင့် အတားအဆီးဖြစ်စေကြောင်း သံအမတ်ကြီးက ပြောကြားသည်။

ဂျာမနီနိုင်ငံ DW သတင်းဌာနက မကြာသေးခင်က သတင်းဖော်ပြရာတွင်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ARSA အကြမ်းဖက်သမား ၃၅၀၀ ကျော် ခိုအောင်းနေသည်ဟု သိရှိရကြောင်း၊ ယင်းအကြမ်းဖက်သမား များသည် နေရပ်ပြန်ရန် ဆန္ဒထုတ်ဖော်ပြောဆိုသူများ၏ အသက်အန္တရာယ်ကိုပင် ခြိမ်းခြောက်လျက်ရှိကြောင်း ၎င်းက ပြောဆိုသည်။

ယင်းသို့ခြိမ်းခြောက်မှုများရှိသော်လည်း မိမိအစီအစဉ်ဖြင့် ပြန်လာသူ ၃၀၀ ကျော် ရှိပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အစ္စလာမ်မစ် အကြမ်းဖက်စစ်သွေးကြွများက မြန်မာနိုင်ငံကို အကြမ်းဖက်တိုက်ခိုက်ရန် ပစ်မှတ်ထားနေကြသည်ဟု ပြီးခဲ့သည့် မေလဆန်းပိုင်းကပင် သတိပေးချက်များရှိခဲ့သည်။ အရှေ့အလယ်ပိုင်းတွင် အလဲအကွဲရှုံးနိမ့်ကာ ပြိုကွဲသွားသည့် IS သည် ရခိုင်နှင့် ဖိလစ်ပိုင်တောင်ပိုင်းတို့ကို ဝင်ရောက်ရန် မလေးရှားနိုင်ငံကို ကြားစခန်းအဖြစ် အသုံးချနိုင်ကြောင်း မလေးရှားနိုင်ငံ ရဲချုပ်ကသတိပေးခဲ့သည်။ ယင်းမတိုင်ခင်ကပင် အိန္ဒယအစိုးရကလည်း မြန်မာကို IS ပစ်မှတ်ထားနေသည်ဟု သတိပေးခဲ့သည်။ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *