BPI စက်ရုံမှူးအမှု ရုပ်သိမ်းခွင့်ပေး မပေး နိုဝင်ဘာလ ၇ ရက်နေ့ အမိန့်ချမည်

ရန်ကုန်၊ အောက်တိုဘာ ၉

လာဘ်ပေးလာဘ်ယူခဲ့ခြင်းမရှိသော်လည်း ဥပဒေလုပ်ထုံးလုပ်နည်းကို ချိုးဖောက်လုပ်ဆောင်ခဲ့သည်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် အင်းစိန်ဆေးဝါးစက်ရုံးမှူး ဒေါက်တာအောင်ဇော်အမှုကို ရုပ်သိမ်းခွင့် ပေး မပေးကို နိုဝင်ဘာလ ၇ ရက်တွင် အမိန့်ချမည်ဖြစ်ကြောင်းစက်ရုံမှူးအတွက် အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် ဥပဒေအကြံပေးဦးခင်မောင်မြင့် က ပြောဆိုသည်။

အောက်တိုဘာလ ၉ ရက်နေ့က ရုံးချိန်းတွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်က အမှုရုပ်သိမ်းလွှာကို လက်သင့်ခံခဲ့ပြီး အောက်တိုဘာလ ၃၀ ရက်နေ့တွင် အပြီးသတ်လျှောက်လဲချက် ပေးရမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ဒေါက်တာအောင်ဇော်သည် ဆေးဝါးထုပ်ပိုးပစ္စည်းများ ထုတ်လုပ်ရန် ကော်စေ့ ၂၆ တန် ဝယ်ယူရာတွင် လုပ်ထုံးလုပ်နည်းနှင့် မညီဘဲ ဝယ်ယူခဲ့၍ နိုင်ငံတော်ငွေကြေးနှင့် ပစ္စည်းများ ထိခိုက်နစ်နာဆုံးရှုံးစေသည်ဟုဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဖြင့် အရေးယူထားသည်။

မူလတိုင်စာတွင် ပါဝင်သည့် ဘူးခွံ ၆၆၀,၀၀၀ ကျော်သည် ၁၆၀,၀၀၀ ကျော် ဖြစ်သွားပြီး တန်ဖိုးငွေမှာလည်း ၁၂၃ သန်းကျော်ဖြစ်သွားခဲ့ကြောင်း၊ ဘူးခွံနှင့် ငွေကြေးတန်ဖိုး ကွာဟမှုကြောင့် အမှုတည်ဆောက်မှုတွင် ခိုင်မာမှုမရှိဘဲ ဥပဒေနှင့်မညီညွတ်မှုမရှိ၍ အမှုရုပ်သိမ်းခွင့် လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း ဦးခင်မောင်မြင့်က ပြောဆိုသည်။

အောက်တိုဘာလ ၉ ရက်နေ့တွင် အာမခံလျှောက်ထားခဲ့သော်လည်း တိုင်းတရားလွှတ်တော်က အာမခံမပေးခဲ့ကြောင်း ၎င်းကဆိုသည်။

ယခင်က လာဘ်ပေးလာဘ်ယူမှသာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူခဲ့သော်လည်း စတုတ္တအကြိမ်ပြင်ဆင်သည့် ဥပဒေအရ အများပြည်သူဆိုင်ရာ အဖွဲ့အစည်း၊ အခြားအဖွဲ့အစည်းတစ်ခု၏ တာဝန်ရှိသူတစ်ဦးသည် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်၍ နိုင်ငံတော် ငွေကြေး၊ ပစ္စည်းများကို ထိခိုက်ဆုံးရှုံးစေလျှင် အဂတိလိုက်စားမှုမြောက်ကြောင်း ဖော်ပြထားသည်။ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *