NCA လေးနှစ်မြောက်အခမ်းအနား အောက်တိုဘာနောက်ဆုံးပတ်တွင် ကျင်းပမည်

ရန်ကုန်၊ အောက်တိုဘာ ၁၀

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သည့် လေးနှစ်မြောက် အခမ်းအနားကို ယခုနှစ် အောက်တိုဘာလ နောက်ဆုံးပတ်တွင် ကျင်းပနိုင်ဖွယ်ရှိသည်ဟု ပအိုင်းဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက The Voice Journal သို့ ပြောကြားသည်။

NCA လေးနှစ်မြောက်အခမ်းအနား ကျင်းပမည်ဆိုသော်လည်း ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် ကျင်းပခဲ့သည့် NCA သုံးနှစ်ပြည့်အခမ်းအနားကဲ့သို့ ဆွေးနွေးပွဲများနှင့် ပူးတွဲကျင်းပမည် မဟုတ်ဟု ၎င်းကဆိုသည်။

“အခမ်းအနားပဲ။ ဆွေးနွေးပွဲတော့ မလုပ်တော့ဘူး။ အခမ်းအနားပြီးမှ ဆွေးနွေးတာ၊ မဆွေးနွေးတာ ဆက်ပြောရမယ်။ အရင်တစ်ခေါက်က သိပ်အဆင်မပြေဘူး။ အရင်တစ်ခေါက်က ခေါင်းဆောင်တွေက မိန့်ခွန်းတွေပြောကြတဲ့အခါ တချို့မိန့်ခွန်းတွေက ယုံကြည်မှုတည်ဆောက်ဖို့ခက်တဲ့ မိန့်ခွန်းတွေဖြစ်တဲ့အခါ ရှုပ်ကုန်တယ်” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား NCA လးနှစ်မြောက်အခမ်းအနား ကျင်းပရေးအတွက် ရက်ရွေးလျက်ရှိကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

“အခုတော့ ညှိနှိုင်းနေတုန်းပဲ။ အစိုးရဘက်က ပေးတဲ့နေ့ရယ်၊ ကျွန်တော်တို့အဆင်ပြေမယ့်နေ့ရယ် ညှိနေတုန်းပဲ။ အောက်တိုဘာလ နောက်ဆုံးပတ်မှာ ဖြစ်နိုင်ပါတယ်။ လူကြီးတွေအားဖို့ လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့လို၊ ကာချုပ်တို့လို သူတို့တွေ အားဖို့လိုတယ်” ဟု ၎င်းကဆိုသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်ဖြစ်သောကြောင့် ယခုလေးနှစ်မြောက် အခမ်းအနားကိုလည်း အောက်တိုဘာလမကုန်မီ ကျင်းပ မှသာ ပိုမိုသင့်လျော်မည်ဟု ၎င်းကဆိုသည်။

NCA ကို သမ္မတဦးသိန်းစိန်လက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ရှစ်ဖွဲ့နှင့် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး NLD အစိုးရလက်ထက်တွင်မူ တိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့နှင့် လက်မှတ်ရေးထိုးထားနိုင်သည်ဖြစ်ရာ လက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့နှင့် ငြိမ်းချမ်းရေးလက်မှတ် ထိုးထားနိုင်ခဲ့ပြီဖြစ်သည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *