“တင်ရမယ့် Donor  (အလှူရှင်) ကလည်း သူကြိုက်မှပေးမှာ။ NRPC  အိတ်ထဲကပေးတာလည်း မဟုတ်ဘူး”

ပအိုဝ်းအဖွဲ့(PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာနှင့် ဆက်သွယ်မေးမြန်းခြင်း

လာမည့် အောက်တိုဘာလ ၁၅ ရက်သည် အစိုးရ၊ တပ်မတော်နှင့် အပစ်ရပ်ထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့ခြင်း လေးနှစ်ပြည့်သည့်နေ့ပင်ဖြစ်သည်။ NCA လေးနှစ်ပြည့်သည့် ကာလအတွင်း အပစ်ရပ်ထားသော တိုင်းရင်သားလက်နက်ကိုင် (EAO) အဖွဲ့ ၁၀ ဖွဲ့နှင့် အစိုးရတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများတိုးတက်မှုအခြေအနေကို သိရှိနိုင်ရန် အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် EAO အဖွဲ့တစ်ခုဖြစ်သော ပအိုဝ်းအဖွဲ့(PNLO) ၏ ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာနှင့် The Voice Journal က ဆက်သွယ်မေးမြန်းထားခြင်းဖြစ်သည်။

The Voice Journal – လာမယ့် အောက်တိုဘာလ ၁၅ ရက်မှာ NCA လက်မှတ်ထိုးတာ လေးနှစ်ပြည့်တော့မှာ ဖြစ်တယ်။ ဒီလေးနှစ်အတွင်းမှာ အပစ်ရပ်အဖွဲ့တွေနဲ့ အစိုးရကြားက ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေက ဘယ်လောက်အထိ တိုးတက်မှုရှိသလဲ သိပါရစေ ဆရာ။

ဗိုလ်မှူးကြီးခွန်ဥက္ကာ – ကျွန်တော်က တိုးတက်မှုကို မပြောခင် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကတော့ ပုံမှန်ရှိနေတယ်။ တိုးတက်မှုမရတာကတော့ တစ်နှစ်လောက်ရှိပြီပေါ့။ သို့သော် အဆိုးထဲက အကောင်းပြောရရင် မပျက်ဘူးပေါ့ဗျာ။ ဆွေးနွေးပွဲက မပျက်ဘူး။ အပစ်အခတ်ရပ်စဲရေးကတော့ ကောင်းစွာ ထိန်းသိမ်းနိုင်ကြတယ်။ ဆွေးနွေးပွဲမှာတော့ အထစ်အငေါ့လေးတွေ သူ့ဘက်ကိုယ့်ဘက်ရှိတော့ ရှေ့မတိုးနိုင်ဘူး။ ရှေ့မတိုးနိုင်ပေမယ့် လုံးဝပိတ်ဆို့သွားတာ၊ ပြိုပျက်သွားတာတော့ မရှိဘူးပေါ့ဗျာ။ တစ်နှစ်လောက်ကတော့ နည်းနည်းလေးနှောင့်နှေးသွားတယ်လို့ ပြောရမှာပေါ့။ တိုးတက်မှုကတော့ သုံးနှစ်စလုံး ရှိခဲ့ပါတယ်။ အခုတစ်နှစ်လောက်နှောင့်နှေးပြီးတော့ အရှေ့ကို တိုးတက်နိုင်မယ့် အလားအလာကောင်းတွေ တွေ့ရတယ်။ အခုချိန်မှာဆိုရင်တော့ အထူးသဖြင့် မကြာခဏနည်းမျိုးစုံနဲ့ တွေ့ဆုံနေကြတဲ့အပေါ်မှာ၊ ခရီးတွေထွက်နေတဲ့ အပေါ်မှာ တိုးတက်မှုတွေ ဖြစ်နေတယ်လို့ ပြောနိုင်တာပေါ့။

The Voice Journal – တစ်နှစ်လောက် ငြိမ်းချမ်းရေးတိုးတက်မှု မရှိရတဲ့ အဓိကအကြောင်းအရင်းက ဘာများဖြစ်မလဲ။

ဗိုလ်မှူးကြီးခွန်ဥက္ကာ – အားလုံးပါတယ်ဗျ။ အဓိကအကြောင်းအရင်းက EAO (တိုင်းရင်းသားလက်နက်ကိုင်) ဘက်ကလည်း ပါတယ်။ တပ်မတော်ဘက်လည်းပါတယ်။ အားလုံးဘက်စုံတာဝန်ရှိတာပေါ့။ တစ်ဖက်နည်းနည်းစီပေါ့ဗျာ။ တစ်ဖက်တည်းကို အပြစ်တင်လို့တော့ မရဘူး။ အားလုံးမှာ Joint ပူးတွဲလုပ်တဲ့ ကိစ္စဆိုတော့ အဲဒီလိုနှောင့်နှေးတယ်ဆိုတာ အားလုံးမှာ တာဝန်ရှိတယ်လို့ ပြောရင်တော့ မမှားဘူးပေါ့။ အဲဒီလိုပဲ သုံးသပ်ချင်ပါတယ်။

The Voice Journal – အပစ်ရပ်လက်မှတ် မထိုးရသေးခင်နဲ့ လက်မှတ်ထိုးပြီးနောက်မှာ ဘာတွေ ကွာခြားသွားတာရှိလဲ။

ဗိုလ်မှူးကြီးခွန်ဥက္ကာ – ကွာတာတော့ အများကြီးပဲပေါ့။ မထိုးခင်ကတော့ အားလုံးက မတရားအသင်းပဲဗျ။ မတရားအသင်းပဲဆိုတော့ ဘယ်သူတွေ့တွေ့၊ ဘယ်သွားသွား ဘယ်ကိုမှ သွားလို့မရဘူး။ မထိုးခင်တုန်းက လူတစ်ယောက်က တွေ့တယ်ဆိုရင် မတရားအသင်း ပုဒ်မ ၁၇(၁) (၂) က သေချာပေါက်ပဲ။ ထိုးပြီးတဲ့နောက်မှာ လွတ်လပ်စွာသွားလာနေကြတယ်။ လွတ်လပ်စွာ ပြောဆိုဆွေးနွေးနေကြတယ်။ အတူတူဆွေးနွေးပွဲတွေ Seminar တွေ၊ Workshop တွေ အများကြီးဗျာ။ ရာနဲ့ ချီလုပ်နေကြတယ်။ အဲဒါတွေကတော့ ထူးခြားတာပေါ့။ ထိုးတဲ့ လူတွေက တရားဝင်မှုကို ရရှိကြတာပေါ့ဗျာ။ နိုင်ငံခြားခရီးစဉ်ဆိုလည်း သွားမှ သွားပဲဗျ။ ဒီနှစ်ထဲမှာ ကျွန်တော်ကြည့်တာ လေးငါးကြိမ်လောက် ရှိပြီ။ သွားကြ၊ လာကြ၊ အတူတူတွဲကြ။ တပ်မတော်ရော၊ အစိုးရရော၊ နိုင်ငံရေးပါတီရော၊ EAO တွေရော တစ်ပျော်တစ်ပါး သွားနေကြတာ သုံးလေးပွဲရှိပြီ။ ဒီနှစ်ထဲမှာ။ အဲဒီလို အခွင့်အရေးမျိုးက ရှိတော့ ဘာဖြစ်ဖြစ် အဲဒီလို အခွင့်အရေးမျိုးက လက်မှတ်ထိုးမှ ပေါ်လာတာ။ ဒါကြောင့် လက်မှတ်ထိုးပြီးနောက်မှာ ရင်းနှီးမှု၊ အပြန်အလှန်နားလည်မှုက ပိုရလာတယ်လို့ ပြောလို့ရတာပေါ့။

The Voice Journal – ပြီးခဲ့တဲ့ နှစ်တုန်းကတော့ နေပြည်တော်မှာ NCA လက်မှတ်ရေးထိုးမှု သုံးနှစ်ပြည့် အထိမ်းအမှတ်ပွဲရှိခဲ့တယ်ပေါ့။ ဒီနှစ်လေးနှစ်ပြည့်မှာရော ဆရာတို့ အဲဒီလိုတွေ့ဆုံဖို့ အခြေအနေရှိလား။

ဗိုလ်မှူးကြီးခွန်ဥက္ကာ – ဒီနှစ်က အထိမ်းအမှတ်ပွဲကို အထိမ်းအမှတ်ပွဲအနေနဲ့ပဲ လုပ်မယ်။ အခမ်းအနား အနေနဲ့ပေါ့။ အစည်းအဝေးတော့ မလုပ်ဘူး။ မနှစ်တုန်းကတော့ အခမ်းအနားလည်းလုပ်၊ ထိပ်သီးအစည်းအဝေးပွဲလည်း လုပ်လိုက်တာ နှစ်မျိုးရောသွားတော့ တချို့အပြစ်ရှာချင်တဲ့လူတွေအတွက် အခွင့်ကောင်းရသွားတာပေါ့။ မနှစ်က ကျွန်တော်တို့ လုပ်လိုက်တာ။ ဒီနှစ်ကတော့ သင်ခန်းစာယူတဲ့အနေနဲ့ အခမ်းအနားကို အခမ်းအနား ပီပီပြင်ပြင်လုပ်လိုက်။ တွေ့ဆုံပွဲတွေ၊ ဆွေးနွေးပွဲတွေကို သပ်သပ် လိုအပ်သလိုလုပ် အဲဒီလိုတော့ စဉ်းစားထားပါတယ်။

The Voice Journal – အပြစ်ရှာတဲ့ သူတွေအတွက် ပြောစရာဖြစ်ခဲ့တယ်ဆိုတာက ဘယ်လို အကြောင်းအချက်ကြောင့်လဲ။

ဗိုလ်မှူးကြီးခွန်ဥက္ကာ – မနှစ်ကတော့ ဖြစ်တယ်။ မနှစ်က အဲဒီပွဲကို အခွင့်ကောင်းယူပြီး ပြောကြ ဆိုကြတာတွေရှိတယ်ဗျာ။ နောက်ပြီးတော့ မနှစ်တုန်းက ၁၀ + ၁၀ အလွတ်သဘောဆွေးနွေးပွဲဖြစ်ပြီလို့ ဆုံးဖြတ်ထားတယ်။ ဒါပေမဲ့ ၁၀+၁၀ မှာ တကယ်ဆွေးနွေးတော့ တချို့အချက်တွေက အားလုံးအတွက် အကျိုးရှိတယ်ဆိုပြီးတော့ သဘောတူညီချက်လုပ်လိုက်တယ်။ သဘောတူချက်လုပ်လိုက်ရင် ဒါက တကယ်တော့ တရားဝင်ဆွေးနွေးပွဲနဲ့ တူတယ်ပေါ့ဗျာ။ အပြစ်ရှာချင်တဲ့လူက အလွတ်သဘောဆွေနွေးပွဲကနေ သဘောတူညီချက်ထွက်ရမလားပေါ့။ သဘောတူချက်က အပြစ်မရှိဘူး။ သို့သော် အလွတ်သဘောကနေ သဘောတူချက်ထွက်တယ်ဆိုပြီး အပြစ်ရှာတယ်ပေါ့။ အဲဒါကြောင့် ဟိုအကြောင်းပြ၊ ဒီအကြောင်းပြနဲ့ တစ်နှစ်ကြာသွားတယ်။ အဲဒါကြောင့် ကျွန်တော်တို့က အဲဒီသင်ခန်းစာယူလိုက်ပြီးတော့ ဒီနှစ်မှာ ကျွန်တော်တို့က အခမ်းအနားကို အခမ်းအနားအနေနဲ့ပဲ လုပ်၊ ဆွေးနွေးပွဲကို ဆွေးနွေးပွဲအနေနဲ့ လုပ်ပေါ့ဗျာ။

The Voice Journal – ပြီးခဲ့တဲ့နှစ်ဆွေးနွေးပွဲမှာတုန်းက တချို့အချက်တွေ အကောင်အထည်ဖော်ဖို့ဆိုတာမျိုး ကျွန်တော်တို့ ကြားရတယ်။ NCA စာချုပ်မှာ အပစ်ရပ်ထားပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖော်ဆောင်နေတဲ့ ကာလအတွင်းမှာ အပစ်ရပ်ထားတဲ့ EAO တွေရဲ့ အခြေခံဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေကလည်း ပါမယ် ထင်ပါတယ်။ အဲဒီကိစ္စတွေကရော အကောင်အထည်ဖော်နိုင်ပါရဲ့လား။ ကြန့်ကြာနေတယ်ဆိုရင်လည်း ဘာကြောင့် ကြန့်ကြာနေတာလဲ။

ဗိုလ်မှူးကြီးခွန်ဥက္ကာ – အခုတော့ ကြိုးစားနေကြတာပဲ။ အကောင်အထည်ဖော်ဖို့ ကြိုးစားနေတယ်။ ကြားကာလ စီမံချက် NCA မှာစထည့်ကတည်းကိုက အခြေခံအယူအဆတွေကွဲပြားမှုရှိတယ်။ ကျွန်တော်တို့ကိုယ်တိုင် ထည့်ရေးသွင်းတုန်းကပေါ့။ တိုင်းရင်းသားတွေက ကြားကာလစီမံချက်ကို စာချုပ်ထဲမှာ မဖြစ်မနေထည့်ဖို့ တောင်းဆိုတဲ့နေရာမှာ အစိုးရနဲ့ တပ်မတော်က မထည့်ချင်ဘူး။ လုံးဝမပါလေ ကောင်းလေပေါ့။ ကျွန်တော်တို့ကလည်း အဲဒါ မပါရင် မထိုးဘူးဆိုတော့ နောက်ဆုံးမှာ အခန်းတစ်ခန်းအနေနဲ့ မထည့်တော့ဘဲနဲ့ အထွေထွေအခန်းမှာပဲ ပုဒ်မတစ်ခုအနေနဲ့ ထည့်လိုက်တာ။ ထည့်လိုက်တော့ ကျွန်တော်တို့လည်း လက်ခံသွားတယ်။ ဘာပဲပြောပြော ပါသွားရင် အကောင်အထည်ဖော်ရမှာပဲဆိုပြီး။ သို့သော် အကောင်အထည်ဖော်ဖို့ကျတော့ အခြေခံအယူအဆမှာ နည်းနည်းလေး စကားပြောလာတယ်။ ကြားကာလစီမံချက်ဆိုတာ ဘာလဲပေါ့။ အထူးသဖြင့် စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး စီမံချက်က ထားတော့။ လက်မှတ်ထိုးတဲ့ အဖွဲ့တွေက နယ်မြေတွေကို အုပ်ချုပ်နေတယ်။ စီမံခန့်ခွဲနေတယ်။ အုပ်ချုပ်ရေးနယ်မြေချထားတာကို အသိအမှတ်ပြုရာရောက်မလားပေါ့။ အဲဒါကို တစ်ဖက်ကလည်း စိုးရိမ်လာတယ်။ ဒါကြောင့် ကြားကာလစီမံချက်ကို အကောင်အထည်ဖော်ဖို့ ဆိုတဲ့ နေရာမှာ သတိကြီးစွာထားပြီးတော့ ဖြည်းဖြည်းချင်းလုပ်လာတဲ့ သဘောရှိတာပေါ့။ အဲဒီမှာ နှောင့်နှေးသွားတာ။ အဲဒါပါပဲ။ ကြားကာလကို မကိုင်တတ်၊ မလုပ်တတ်ရင် ဗိုလ်ချုပ်ခင်ညွန့်ခေတ်တုန်းကလိုပေါ့။ ‘၀’ တို့ ကြီးထွားလာသလို၊ မိုင်းလားတို့ ကြီးထွားလာသလို၊ ကချင်တို့ ကြီးထွားလာသလို ကြားကာလ အနှစ်နှစ်ဆယ်၊ သုံးဆယ်ကြာလာတဲ့ အခါမှာ ထိန်းမနိုင် သိမ်းမနိုင်ဘဲ အင်အားတွေ၊ ငွေကြေးတွေနဲ့ ဖြစ်သွားရင် ဘယ်လိုလုပ်မလဲပေါ့။ အဲဒါကို ကြားကာလ အဓိပ္ပာယ်ဖွင့်တာနဲ့ ချဉ်းကပ်တာနဲ့က စိုးရိမ်မှုရှိတယ်။ တစ်ဖက်ကပေါ့။ တပ်မတော်ရော၊ အစိုးရရောပေါ့။ စိုးရိမ်မှုရှိတဲ့အတွက် သူတို့က သတိနဲ့ကိုင်တွယ်တော့ ကြာသွားတာပေါ့ဗျာ။ လက်တွေ့ကျတော့ အဖွဲ့ငယ်တွေအတွက် ကြားကာလမှာ စားဝတ်နေရေး ကျပ်တည်းလာတာတွေ ရှိတယ်။ အဲဒါကြောင့် နှစ်ဖက်အစွန်းမရောက်သင့်ဘူးပေါ့။ အဲဒါကြောင့် မှန်မှန်ကန်ကန်နဲ့ ကြားကာလကို ဖြေရှင်းသင့်တယ်လို့ တင်ပြရတာဖြစ်ပါတယ်။

The Voice Jounral – EAO တွေဘက်ကရော ကြားကာလဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ရင် ဘယ်လို သဘောထားအမြင်မျိုးရှိပါသလဲ ဆရာ။

ဗိုလ်မှူးကြီးခွန်ဥက္ကာ – EAO တွေဘက်က ကြားကာလနဲ့ ပတ်သက်ရင် အမြင့်ဆုံးကတော့ ကိုယ်အုပ်ချုပ်တဲ့ နယ်မြေကို အစိုးရ အသိအမှတ်ပြုစေချင်တာပေါ့။ ကြားကာလမှာ။ ဒါပေမဲ့ အနိမ့်ဆုံးကတော့ ကြားကာလမှာ ရဲဘော်တွေ၊ မိသားစုတွေ စားဝတ်နေရေး ဖြေရှင်းပေးဖို့ပေါ့။ ဒါကတော့ EAO တွေဘက်က လိုချင်တယ်။ ဒါပေမဲ့ အဖွဲ့ကြီးတွေဘက်ကတော့ မလိုချင်ဘူး။ ကြားကာလစီမံချက်မှာ အဖွဲ့ကြီး တွေက လက်မှတ်သာ ထိုးထားတယ်။ သူတို့မပါဘူး။ သူတို့ဘာသာ သူတို့ရပ်တည်နိုင်တယ်။ ရှာဖွေနိုင်တယ်ဆိုတဲ့ သဘောမျိုးနဲ့ ကြားကာလမှာ ပူးပေါင်းဆောင်ရွက်ရင် သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေ ပွန်းပဲ့မှာ ကြောက်တာလည်း ပါနိုင်တယ်။ အဖွဲ့ငယ်တွေကတော့ တကယ်လိုတယ်။ ဆယ်ဖွဲ့မှာဆိုရင် ခုနစ်ဖွဲ့၊ ရှစ်ဖွဲ့က လိုတယ်။ အဖွဲ့ကြီးတချို့ကတော့ မလိုဘူးပေါ့။ နာမည်တော့ မပြောတော့ဘူး။ မလိုတဲ့ အဖွဲ့တွေက ကြားကာလမှာ ပူးပေါင်းဆောင်ရွက်မှု မလုပ်ဘူးပေါ့။

The Voice Journal – အဖွဲ့ငယ်တွေမှာ စားဝတ်နေရေးအကျပ်အတည်းရှိတယ်ဆိုတော့ ဘယ်လိုမျိုးလဲ။

ဗိုလ်မှူးကြီးခွန်ဥက္ကာ – ရှိတယ်ဗျ။ အဲဒါက တော်တော်ရှိတယ်။ ပညာရေး၊ ကျန်းမာရေး၊ ရဲဘော်တွေရဲ့ စားဝတ်နေရေး၊ သူတို့တွေရဲ့ ဝင်ငွေပေါ့ဗျာ စိုက်ပျိုးရေးလုပ်မယ်။ တစ်နိုင်တစ်ပိုင်မွေးမြူရေးလုပ်မယ်ဆိုလည်း အရင်းအနှီးက လိုတာကိုးဗျ။ အဲဒါက လစဉ်၊ လစဉ်ပဲ။ ကျွန်တော်တို့ ပအို့ဝ်ဆိုရင်လူ ငါးရာ၊ ခြောက်ရာ ရှိတာတောင်မှ မနည်းကျွေးမွေးနေရတာ။ ဒါမျိုးဆို အဖွဲ့ငယ်တွေမှာတော့ နည်းနည်းအခက်အခဲ ရှိတာပေါ့။ စီးပွားရေးလုပ်ငန်းလည်း ကြီးကြီးကျယ်ကျယ်မရှိ။ အကောက်အခွန်လည်း ဘယ်ကမှ မရပေါ့။ အဲဒါတွေ ရှိတာပေါ့။ ဒါကြောင့် အဖွဲ့ငယ်တွေကတော့ တောင်းရမှာ။

The Voice Journal – EAO အောက်ခြေ ရဲဘော်တွေရဲ့ စားဝတ်နေရေးအခက်အခဲကို မဖြေရှင်းနိုင်ရင် NCA စာချုပ်နဲ့ ပတ်သက်ပြီး ချိုးဖောက်မှုတွေ ဖြစ်လာနိုင်လား။

ဗိုလ်မှူးကြီးခွန်ဥက္ကာ – အကယ်၍ လုံးဝမထောက်ပံ့ရင်တော့ ချိုးဖောက်နိုင်တာပေါ့။ ဥပမာ ရွာသားတွေမှာ အဓမ္မငွေကြေးမကောက်ရ ဘာမကောက်ရဆိုတာမှာ ဒါပေမဲ့ တအား စား၊ ဝတ်၊ နေရေး ကျပ်တည်းလာရင်တော့ ကောက်ချင်လည်း ကောက်လာမှာပေါ့။ ရိက္ခာစုရင်လည်း စု အဲဒါတွေ ဖြစ်တတ်တာပေါ့။ NCA မှာ အရပ်သားတွေ ပြည်သူလူထုကို အကာအကွယ်ပေးရမယ်ပြောတာကိုး ။ ဒါပေမဲ့ စား၊ ဝတ်၊ နေရေး အခက်အခဲဖြစ်လာရင်တော့ အကာအကွယ်မပေးဘဲနဲ့ သွားတောင်းဆိုတာတွေ ဘာတွေလည်း ဖြစ်နိုင်တာပေါ့။ စားဝတ်နေရေး ပြေလည်နေရင်တော့ အကာအကွယ်ပေးတာတွေရှိမှာပေါ့။ ဒါက ဖြစ်တတ်ပါတယ်။ ကျွန်တော်တို့လည်း ထိန်းထိန်းသိမ်းသိမ်းနဲ့ အဲဒါလုပ်နေကြတာ။

The Voice Journal – RCSS နဲ့ KNU က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ မပါတော့ဘူးဆိုတဲ့ သဘောမျိုးပြောတာရှိတော့ အဲဒီလိုမပါတဲ့အတွက် ကြောင့် ငြိမ်းချမ်းရေးက တန့်နေတယ်လို့ တချို့ ပြောကြတာလည်းရှိတယ်။ ဒီအပေါ်မှာရော ဆရာ ဘယ်လိုမြင်ပါသလဲ။

ဗိုလ်မှူးကြီးခွန်ဥက္ကာ – သူတို့ပြောတာက လုံးဝမပါတာတော့ မဟုတ်ဘူး။ တရားဝင်မှာ မပါတာ။ အလွတ်သဘောမှာတော့ ပါနေတာပဲ။ တွေ့နေတာ အကြိမ်ပေါင်းများနေပြီ။ အလွတ်သဘောမှာ တွေ့ပြီး ကိုယ်လိုချင်တာကို ရအောင်ယူပြီးတော့မှ တရားဝင်မှာ တွေ့မယ့်သဘောရှိတယ်။ အလွတ်သဘောမှာ ကိုယ့်အတွက် အကျိုးမရှိဘူး။ အမြတ်မထွက်ဘူးဆိုရင် တရားဝင်မဆွေးနွေးဘူးပေါ့ဗျာ။ အဲဒီလို စိတ်ကူးမျိုး သူတို့မှာ ရှိနိုင်ပါတယ်။ ဒါပေမဲ့ အခု တရားဝင်သွားနေကြတာပါပဲ။ ကျွန်တော်တွေ့တာ။ လွန်ခဲ့တဲ့ နော်ဝေနဲ့ ဆွစ်ဇာလန်ခရီးစဉ် မနေ့ကပဲ ကျွန်တော်တို့ ပြန်ရောက်တယ်။ နှစ်ပတ်ကြာတဲ့ ခရီးစဉ်မှာ KNU ရော၊ RCSS ရော ပါသွားကြတာပါပဲ။ မနက်ဖြန်၊ သန်ဘက်ခါ ထပ်သွားမယ့် ခရီးစဉ်မှာလည်း သွားကြဦးမှာပါပဲ။ ဒါဆိုတော့ အလားအလာ၊ ပူးပေါင်းဆောင်ရွက်မှုအလားအလာက ပိုကောင်းလာပြီလို့ ပြောလို့ရတာပေါ့။

The Voice Journal – နောက်ထပ်မေးချင်တာက NRPC (အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန) က ကြားရတဲ့ သတင်းတစ်ခုပါ။ အကြောင်းအရာကတော့ EAO တွေ နိုင်ငံတကာ အကူအညီယူမယ်ဆိုရင် NRPC ကို အကြောင်းကြားရမယ်ဆိုတဲ့ ကိစ္စပါ။ ဒီအပေါ်မှာရော ဆရာ့အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဗိုလ်မှူးကြီးခွန်ဥက္ကာ – ဒါကတော့ NRPC စာက ရေးသားချက်ပေါ့ဗျာ။ မူရင်းကတော့ ဆိုလိုရင်းကတော့ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ သဘောဆိုရင်တော့ ကြိုဆိုပါတယ်။ သို့သော် ခွင့်ပြုချက်ယူရမယ်လို့ ရေးလိုက်တော့ အဲဒါက နည်းနည်းလေး ခွင့်ပြုချက်ဆိုတာ ဘာကိုပြောတာလဲပေါ့။ အဲဒါလည်း ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဖွဲ့အစည်းတချို့က တိုက်ရိုက် လုပ်နေကြတာကိုး ။ တိုက်ရိုက်လုပ်နေတယ်။ တိုက်ရိုက်ရနေတယ်။ တိုက်ရိုက်သုံးနေတယ်။ အဲဒီလိုသုံးနေတာတွေတွေ့တော့ NRPC ရဲ့ အရေးပါမှုက အားနည်းလာတော့ ပူးပေါင်းလုပ်ရအောင်ပေါ့။ အစိုးရကလည်း ထောက်ခံပေးမယ်။ ပူးပေါင်းဆောင်ရွက်ရအောင်ဆိုတဲ့သဘောမျိုးနဲ့ ပြောတဲ့ဟာက အဲဒီလို အဓိပ္ပာယ်မထွက်ဘဲနဲ့ NRPC မှ ခွင့်ပြုချက်ရယူပြီးမှ လုပ်ရမယ်ဆိုတော့ နည်းနည်းများသွားတာပေါ့။ ခွင့်ပြုချက်ဆိုတာက အသိပေးလို့ ရပါတယ်။ ဥပမာ – ကျွန်တော်တို့က UN ကို တင်မယ်။ UN ကိုတင်တဲ့ စာကို NRPC ကိုလည်း မိတ္တူပေးမယ်။ ဒါဆိုပြီးပြီပေါ့။ NRPC မသိဘဲနဲ့တော့ မတင်နဲ့ပေါ့။ ခွင့်ပြုချက်ယူပြီးမှ တင်ဆိုတော့ အဲဒါက ဘယ်တော့ခွင့်ပြုမယ်မှန်း မသိ။ ဘာမှန်းမသိ။ တင်ရမယ့် Donor (အလှူရှင်) ကလည်း သူကြိုက်မှပေးမှာ။ NRPC အိတ်ထဲကပေးတာလည်း မဟုတ်ဘူး။ အဲဒါဆိုတော့ သူ့ Criteria ကိုက်မှ Donor ကလည်း ပေးမှာကိုး။ အဲဒါကြောင့် အဓိက အဆုံးအဖြတ်ပေးရမှာက Donor ပဲ။ ဒါပေမဲ့ Donor ဆီကို တောင်းတဲ့အချိန်မှာ NRPC ကိုလည်း အသိပေး။ လိုအပ်ရင် ထောက်ခံ။ အဲဒီလိုဖြစ်ရမှာပေါ့။ သူခွင့်ပြုမှဆိုတော့ အဲဒါက အဓိပ္ပာယ်တစ်မျိုး ဖြစ်သွားတယ်။ သို့သော် အဲဒီစာအပေါ်မှာ တစ်ဖွဲ့ချင်း တုံ့ပြန်မှု ဘယ်သူမှ မလုပ်ပါဘူး။ မနက်ဖြန် အစည်းအဝေးမှာ ဘယ်လိုသဘောထားမလဲ။ သံခင်းတမန်ခင်းနဲ့ ညက်ညက်ညောညော ပြန်ပြောရမှာပေါ့။ အဲဒီ သဘောမျိုးရှိတာပေါ့။

The Voice Journal – အစည်းအဝေးဆိုတာက PPST (အပစ်ရပ် ၁၀ ဖွဲ့ခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့)အစည်းအဝေးကို ပြောတာလား။

ဗိုလ်မှူးကြီးခွန်ဥက္ကာ – ဟုတ်တယ်။ ငါးကြိမ်မြောက် PPST အစည်းအဝေးက မနက်ဖြန်စပြီလေ။ ကျွန်တော်တို့ အားလုံးလည်း ချင်းမိုင်ရောက်နေကြတာ အဲဒါပါ။ အဲဒီမှာပဲ စုပေါင်းပြီး အကြောင်းပြန်ဖို့ စဉ်းစားထားပါတယ်။

The Voice Journal – အစိုးရနဲ့ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကြား ငြိမ်းချမ်းရေးတိုးတက်မှု ကြန့်ကြာနေတဲ့ ကိစ္စမှာ ကြန့်ကြာနေတာတွေ မဖြစ်အောင် ဘာတွေလုပ်သင့်တယ်လို့ ဆရာအနေနဲ့ အကြံပြုချင်တာရှိလဲ။

ဗိုလ်မှူးကြီးခွန်ဥက္ကာ – အခုလည်း လုပ်တော့ လုပ်နေကြတာပါပဲ။ အလွတ်သဘောတွေ့တယ်။ နိုင်ငံခြား ခရီးစဉ်တွေလည်း အတူသွားနေတယ်။ အခုမကြာခင်မှာလည်း လေးနှစ်မြောက်နှစ်ပတ်လည်ပွဲကို အတူတူ ကျင်းပကြမယ်။ အခု PPST အစည်းအဝေးပြီးရင်လည်း နိုင်ငံခေါင်းဆောင်တွေနဲ့ ဆက်လက်တွေ့ဆုံသွားဖို့ အစီအစဉ်လည်းရှိတယ်ဆိုတော့ အဲဒါတွေအားလုံး ဆုံချက်မှာ ကျွန်တော်တို့ နိုင်ငံရေးဆွေးနွေးပွဲတွေ အရှိန်အဟုန်နဲ့ တရားဝင်ဆက်သွားပြီး နောက်ဆုံးငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်တိုးဖို့ အားလုံး ပြင်ဆင်ပြီးသားဖြစ်မယ်လို့ ကျွန်တော်ပြောနိုင်ပါတယ်။

The Voice Journal – ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

ဇင်လင်းထက်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *