မန္တလေးသို့ ခြေဦးလှည့်လာသည့် တရုတ်ဘဏ်

တရုတ်နိုင်ငံ ဗဟိုဘဏ်က အများဆုံးရင်းနှီးမြှုပ်နှံထားသည့် ကမ္ဘာ့အကြီးဆုံးဘဏ်တစ်ခုဖြစ်သော Industrial and Commercial Bank of China(ICBC) က နောက်ထပ်ခြေလှမ်းအဖြစ် မန္တလေးမြို့သို့ ခြေဦးလှည့်လာခဲ့သည်။

ICBC သည် မြန်မာနိုင်ငံတွင် ပထမဆုံး လုပ်ပိုင်ခွင့်ရသည့် တရုတ်ဘဏ်ဖြစ်ပြီး တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပြုရာတွင် အဓိကကျသည့် မန္တလေးမြို့သို့ လာရောက်ခြင်းကို ကြိုဆိုရမည်ဟုဆိုသူက မန္တလေးတိုင်းကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) ဥက္ကဋ္ဌ ဦးကျော်မင်း ဖြစ်သည်။

“သူတို့ရဲ့ဈေးကွက်က အရမ်းကြီး တဲ့အခါကျတော့ ဒါ စောစောစီးစီး (မြန်မာမှာ) ဈေးကွက်ဦးထားတဲ့ သဘော။ ဒါ ကျွန်တော့်အမြင်။ မန္တလေးကလည်း အရေးကြီးလို့ ဖြစ်တယ်”ဟုဦးကျော်မင်းက ဆိုသည်။

တရုတ်ငွေကိုင်၍ ကုန်သွယ်နေရသည့် မြန်မာကုန်သည်များအတွက် စိတ်ချရသည့် ကုန်သွယ်မှုလမ်းကြောင်းနှင့်အတူ ပြည်တွင်းလုပ်ငန်းရှင်များအတွက် ငွေချေးပေးမည့် အစီအစဉ်များကိုလည်း ICBC က သယ်ဆောင်လာခဲ့သည်။

“အခုနယ်စပ်မှာက တရုတ်ယွမ်ကို တရားဝင်ကိုင်ခွင့် မပေးသေးဘူး”ဟု မူဆယ်နယ်စပ်ရှိ ကုန်သည်ကြီးတစ်ဦးက ဆိုသည်။

သို့သော် ဟွန်ဒီငွေလဲစနစ်ဟုခေါ်သည့် တန်ဖိုးညှိ၍ ငွေချင်းတိုက်ရိုက်လဲလှယ်သည့်လုပ်ငန်းမှာလည်း တရားမဝင်ရှိနေပြီး ယင်းစနစ်ဖြင့်ပင် ရှေးပဝေသဏီကတည်းက ကုန်သွယ်မှုပြုနေကြသောကြောင့် အသားကျနေပြီဟုလည်း ၎င်းက ပြောသည်။

အသားကျနေသည်ဟု ဆိုသော်လည်း စိတ်ချရသည့် အသားကျခြင်းမျိုး မဟုတ်။ ဟွန်ဒီသမားထံတွင် ငွေမရှိတော့လျှင် ဖြစ်စေ၊ တရုတ်ဘက်မှ ငွေလွှဲများလျှင်ဖြစ်စေ ပိတ်တတ်သဖြင့် ၂၄ နာရီလုံးဝန်ဆောင်မှု ရမနေ။ ဟွန်ဒီသမားအကြိုက် ဈေးကွက်ဖြစ်နေသည်ဟုဆိုရမည်။

ယင်းအခက်အခဲကိုလည်း ဖြေရှင်းပြီးသားဖြစ်သကဲ့သို့ တရားဝင်ငွေလွှဲလုပ်ငန်းလည်းဖြစ်စေရန် တိုက်ရိုက်ငွေလွှဲနိုင်သည့် ဝန်ဆောင်မှုကို မိမိတို့ထံမှရရှိမည်ဟု ICBC ဘဏ်လက်ထောက် မန်နေဂျာဦးကျော်သူဝင်းက ပြောသည်။

“မြန်မာငွေအကောင့်ကနေ နေ့စဉ် ပေါက်နေတဲ့ ဈေးနဲ့ပြောင်းပြီးတော့ တရုတ်ကို လွှဲပေးတယ်”ဟု ၎င်းက ဆိုသည်။

ယခင်က မြန်မာ – တရုတ်နယ်စပ်ကုန်သည်ကြီးများအနေနှင့် တရုတ်နိုင်ငံသို့ ငွေလွှဲလိုလျှင် မြန်မာ – စင်ကာပူ -တရုတ်ဟူ၍ အဆင့်ဆင့်သွားရသည့်အပြင် ကျပ်ငွေမှ ဒေါ်လာ၊ ဒေါ်လာမှ ယွမ်သို့ ပြောင်းလဲရသေးသည်။

“ဒေါ်လာကနေ ပြောင်းတော့ လွှဲတဲ့ သူတွေအတွက် နှစ်ဆင့်နစ်နာတယ်။ အခုတော့ တိုက်ရိုက်လွှဲလို့ ရပြီ။ ဒေါ်လာကို အားကိုးမယ်ဆိုရင် မြန်မာကုန်သည်တွေအတွက် အရမ်းကို နစ်နာပါတယ်”ဟု ဘဏ်နှင့် ချိတ်ဆက်ဆောင်ရွက်လျှင် ရရှိမည့်အားသာချက်ကို ဦးကျော်သူဝင်းက ရှင်းပြသည်။

ထိုမျှမကသေး။ တရုတ်ငွေက အမေရိကန်ဒေါ်လာထက် ပို၍ မာ(တည်ငြိမ်) သည့် အကြောင်းကိုလည်း သာဓကများဖြင့် ရှင်းပြသေးသည်။

၂၀၁၅ ခုနှစ်နှစ်လယ်တွင် အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာငွေ ၁၀၈၅ ကျပ် ရှိခဲ့ပြီး ၂၀၁၉ ခုနှစ် ဇွန်လတွင်မူ တစ်ဒေါ်လာလျှင် ၁၅၃၀ ကျပ်အထိဖြစ်လာကြောင်း၊ တရုတ်ယွမ်မှာမူ ၂၀၁၅ ခုနှစ်တွင် ၁၁၇ ဒသမ ၀၁ ကျပ်ဖြစ်ခဲ့ရာမှ ၂၀၁၉ ခုနှစ်နှစ်လယ်အရောက်တွင်မူ ၂၂၁ ဒသမ ၆၉ ကျပ်ရှိသဖြင့် အတက်အကျပို၍ တည်ငြိမ်ကြောင်း ဦးကျော်သူဝင်းက ဆိုသည်။

ယင်းသို့ တရုတ်ဘဏ်တစ်ခုခု ပြည်တွင်း၌ ရောက်ရှိပြီး တရားဝင်ငွေလွှဲနိုင်သည့်စနစ် ဖြစ်လာလျှင် မြန်မာကုန်သည်များအတွက် ပို၍အကျိုးများမည်ဟု မူဆယ်မြို့ရှိ အရှေ့မြောက်တံခါးအများပိုင်သစ်သီးကုမ္ပဏီ CEO ဦးအောင်ကျော်မိုးက သုံးသပ်သည်။

“လက်ရှိမှာက သူတို့နိုင်ငံဘက်မှာ ရှိတဲ့ ဘဏ်မှာ အကောင့်တွေ သွားဖွင့်ထားကြရတော့ ဥပဒေနဲ့မညီလို့ အကောင့်ပိတ်တယ်ဆို ဘာမှ ပြောလို့မရဘူး။ ကိုယ့်နိုင်ငံထဲမှာဆိုရင်တော့ စိတ်ချရမယ်”ဟု ၎င်းက ဆိုသည်။

၂၀၁၆ နှစ်ကုန်ပိုင်းတွင် မူဆယ်ရှိ မြန်မာကုန်သည်အချို့၏ တရုတ်ဘဏ် ငွေစာရင်းပိတ်ခံရသဖြင့် နယ်စပ်ကုန်သွယ်ရေးတွင် ကမောက်ကမဖြစ်ခဲ့ရသေးသည်။

ICBC ၏ နောက်ထပ်ဝန်ဆောင်မှုတစ်ခုမှာ ဘဏ်ချေးငွေဖြစ်သည်။

အရင်းအနှီးချေးငွေ (Working Capital Loan)၊ စီမံကိန်းချေးငွေ (Project Loan)၊ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာချေးငွေ (Trade Finance)၊ နိုင်ငံခြားဘဏ်နှင့် ပြည်တွင်းဘဏ်အကျိုးတူဆောင်ရွက်မှုဖြင့် လုပ်ကိုင်မည့် ချေးငွေ (Syndicate Lone) တို့ဖြစ်ကြောင်း စက်တင်ဘာလ ၂၇ ရက်နေ့က မန္တလေးမြို့ရှိ ကုန်သည်လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာတွင် မိတ်ဆက်ခဲ့သည်။

ချေးငွေများကို အမျိုးအစားအလိုက် တစ်နှစ်မှ သုံးနှစ်အထိ ကာလသတ်မှတ်ထားပြီး မြန်မာကျပ်ငွေ၊ အမေရိကန်ဒေါ်လာ နှစ်သက်ရာဖြင့် ချေးယူနိုင်သော်လည်း အတိုးနှုန်းမှာ မတူပေ။ မြန်မာကျပ်ငွေချေးယူပါက တစ်နှစ် ၁၃ ရာခိုင်နှုန်း၊ ဒေါ်လာနှင့် ချေးယူပါက တစ်နှစ်လျှင် ၆ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းကြား သတ်မှတ်ထားသည်။

“၆ ကနေ ၉ ဆိုတော့ နည်းနည်းများတာပေါ့နော်။ ၆ ဆိုရင်မဆိုးဘူး” ဟု MRCCI ဥက္ကဌဦးကျော်မင်းက သူ့အမြင်ကို ပြောသည်။

လက်ရှိ ပြည်တွင်းဘဏ်များမှာလည်း ငွေချေးပါက အတိုးမှာ တစ်နှစ်လျှင် ၁၃ ရာခိုင်နှုန်းပင်ဖြစ်သည်။

ICBC အနေနှင့် ငွေချေးမည့် ကုမ္ပဏီ၏လည်ပတ်မှုနှင့် ချေးယူမည့်အမျိုးအစားအပေါ်မူတည်၍ Syndicate Lone ဆိုပါက အများဆုံးကျပ်သန်း ၁၀၀ (သိန်းတစ်ထောင်) အထိ ချေးယူ နိုင်မည်ဖြစ်ပြီး လုပ်ငန်းလည်ပတ်မှုနှင့် အလားအလာအပေါ်မူတည်၍ စဉ်းစားပေးမည်ဟု ဦးကျော်သူဝင်းက ပြောသည်။

“မြန်မာပြည်မှာ (ICBC ဆီက) ချေးထားတဲ့ ကုမ္ပဏီတွေ အများကြီး ရှိတယ်။ ဒေါ်လာသန်းချီအများကြီး ချေးထားတာ။ မာတဲ့ ကုမ္ပဏီတွေပေါ့”ဟု ဦးကျော်မင်းက ဆိုသည်။

ICBC ဘဏ်သည် မြန်မာနိုင်ငံသို့ ၂၀၁၁ ခုနှစ်နှစ်ကုန်ပိုင်းကတည်းက ဝင်ရောက်လာခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်က မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိခဲ့သော နိုင်ငံခြားဘဏ်ကိုးခုအနက် တစ်ခုအပါအဝင်ဖြစ်သည်။

ကမ္ဘာ့ဒေသအသီးသီးရှိ နိုင်ငံပေါင်း ၄၀ ခန့်တွင် ဘဏ်ခွဲများဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံ မန္တလေးမြို့တွင်လည်း ထပ်မံဖွင့်လှစ်နိုင်ဖွယ်ရှိနေသည်။

လက်ရှိ ပြည်တွင်းဘဏ်များထံ ချေးငွေရယူရာ၌ လုပ်ငန်းအဆင့်ဆင့်၊ စာရွက်စာတမ်းအဖုံဖုံ လိုအပ်သော်လည်း အချို့မှာ နားလည်မှုများဖြင့် ကိစ္စပြီးနိုင်သည်လည်းရှိသည်။ ICBC ကမူ နိုင်ငံ တကာစနစ်ကျင့်သုံးသည့် ပြည်ပဘဏ်ဖြစ်၍ ပြည်တွင်းဘဏ်များထက်ပို၍ စနစ်ကျနိုင်မည်ဟု ဦးကျော်မင်းက သုံးသပ်သည်။

“နိုင်ငံတကာစံချိန်စံညွန်းတွေနဲ့ ဖြစ်တဲ့အတွက် ပြည်တွင်းဘဏ်တွေနဲ့ အလုပ်လုပ်နေတဲ့ဟာနဲ့ သူတို့နဲ့တော့ လုံးဝမတူဘူး။ ဒါတော့ သေချာပေါက်ဖြစ်မယ်။ ဒါပေမဲ့ ဗဟိုဘဏ်ရဲ့ ထိန်းချုပ်မှုရှိမယ်”ဟု ၎င်းက ပြောဆိုသည်။

လုပ်ငန်းရှင်ကုန်သည်တစ်ဦးအနေနှင့် ရှိသမျှ Network များကို ချိတ်ဆက်ထားသင့်ပြီး ဘဏ်များအားလုံးတွင်လည်း အကောင့်များဖွင့်ထားသင့်သည်ဟု ဦးကျော်မင်းက အကြံပြုသည်။

“အကောင့်ဖွင့်တာ ငွေလေးနည်းနည်းပဲကုန်တာ။ ကိုယ်က ပွန်းပဲ့ပါမသွားဘူးလေ။ ဒီဘဏ်နဲ့ ချိတ်ဆက်ထားပြီး သူတို့ရဲ့ ဝန်ဆောင်မှုကောင်းရင် ကျွန်တော်တို့က ရွှေ့သွားမှာ။ ICBC ဘဏ်က ကောင်းတယ်ဟေ့ဆို ရွှေ့သွားမှာပဲ။ ကမ္ဘောဇက ကိုယ့်ဖောက်သည်ကို မရရအောင် ထိန်းထားမယ်ဆိုရင်လည်း ဖောက်သည်က သူ့ဘာသာသူနေမှာ။ ပြိုင်ဆိုင်မှုက တအားကြီးလာပြီ”ဟု ၎င်းက သုံးစွဲသူနောက်လိုက်ပါရမည့် ဘဏ်များ၏ ဝန်ဆောင်မှုအကြောင်းကို ရှင်းပြသည်။

ရန်ကုန်မြို့တွင်မူ ဘဏ်ခွဲဖွင့်လှစ်ထားပြီးဖြစ်သော်လည်း ကုန်သည်များအကြား အသုံးတွင်ကျယ်သေးဟန် မတူ။ ထို့ကြောင့်ပင် တရုတ်နိုင်ငံသို့ မြန်မာ့ပို့ကုန်များတင်ပို့ရာတွင် ငွေကြေးဆိုင်ရာကိစ္စများ အဆင်ပြေစေရန်အတွက် တရုတ် ICBC နှင့် ချိတ်ဆက်အသုံးပြုကြရန်  UMFCCI ဒုဥက္ကဋ္ဌ ဦးရဲမင်းအောင်က စက်တင်ဘာလအတွင်းက တိုက်တွန်းပြောဆိုခဲ့သည်။

တရုတ်နိုင်ငံနှင့် ပို၍ ကုန်သွယ်မှုလမ်းကြောင်းပွင့်သည့် မန္တလေးနှင့်အထက် မြန်မာပြည်ရှိ လုပ်ငန်းရှင်များကမူ ICBC ကို မည်မျှအထိ အသုံးပြုမည်ကိုမူ လတ်တလောမသိနိုင်သေး။

ဗဟိုဘဏ်၏ စည်းမျဉ်းအတိုင်းလုပ်ဆောင်ရသဖြင့် ပြည်တွင်းဘဏ်များနှင့် အတိုးနှုန်းကွာခြားမှုမရှိသော်လည်း တရုတ်ငွေများများသုံးစွဲခွင့်ရလေ တိုင်းပြည်ကောင်းလေဟု MRCCI  ဥက္ကဋ္ဌဦးကျော်မင်းက ယူဆသည်။

ဘဏ်တွင်ငွေစာရင်းဖွင့်လှစ်ထားပြီးလုပ်ကိုင်ခြင်းသည် ဟွန်ဒီငွေလဲစနစ်ဖြင့် လုပ်ကိုင်ပုံနှင့် များစွာကွာခြားပြီး ငွေလဲနှုန်းတွင် အနည်းအကျဉ်းကွာဟနိုင်သော်လည်း ပို၍စိတ်ချရကြောင်း ၎င်းက ဆိုသည်။

မူဆယ်မြို့တွင် နေထိုင်သည့် ဦးအောင်ကျော်မိုးကမူ ပြည်တွင်းဘဏ်များထက် အတိုးနှုန်းလျော့နည်းလျှင် ICBC ဘဏ်အနေနှင့် ပို၍အလုပ်ဖြစ်နိုင်မည်ဟု သုံးသပ်သည်။

ICBC ၏ စည်းမျဉ်းစည်းကမ်းများသည်လည်း ပြည်တွင်းလုပ်ငန်းရှင်များနှင့် သဟဇာတမဖြစ်နိုင်သောကြောင့် အသားကျနေသည့် ပြည်တွင်းဘဏ်များ၌သာ ငွေချေးရန်အားသန်ကြလိမ့်မည်ဟု ၎င်းက ပြောသည်။

“ICBC ဝင်လာတာ ကောင်းပါတယ်။ ချေးငွေထက် Trade အတွက် ပိုအဆင်ပြေမယ်လို့ မြင်တယ်”ဟု ဦးအောင်ကျော်မိုးက ဆိုလေသည်။

မြတ်(ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *