အပေါင်းအသင်းကြောင့်

ကိုယ်နှင့် တွဲနေသော အပေါင်းအသင်းမကောင်းလျှင် ကိုယ်လည်း  မကောင်းဟု လူအများက မြင်တတ်ကြသည်။ ထိုသို့ ယူဆခြင်းသည်  မှားချင်မှားမည်၊ မှန်ချင်မှန်မည်။ သို့သော် ထိုသို့ ထင်တတ်ကြခြင်းသည် ဖျောက်၍ မရသော လူ့သဘာဝဖြစ်သည်။ ဘေးက လူကို ကြည့်ပြီး အကဲဖြတ်တတ်ကြသည်။ အပေါင်းအသင်းကြောင့် ဂုဏ်တက်သည်၊ အပေါင်းအသင်းကြောင့် ဂုဏ်ပျက်သည်ဆိုသည်မှာ ထိုသဘောပင် ဖြစ်သည်။

ကိုယ်လေးစားသောသူများနှင့် တွေ့လျှင်၊ နာမည်ကျော်များနှင့် တွေ့လျှင် ဓာတ်ပုံအတူတွဲရိုက်တတ်ကြသည်၊ Facebook တင်ကြသည်။ အပေါင်းအသင်းကြောင့် ဂုဏ်တက်မှန်း နားလည်သောကြောင့်  တင်ကြခြင်း ဖြစ်သည်။

ဂုဏ်သိက္ခာကြီးသော ဂျာနယ်၊ သတင်းမီဒီယာတို့တွင် ကုန်ပစ္စည်းများ ကြော်ငြာထည့်ကြခြင်းသည်လည်း ထိုသဘောပါသည်။ ကိုယ့် ကုန်ပစ္စည်းဝန်ဆောင်မှုကို ဂုဏ်သတင်းကြီးသော ဂျာနယ်၊ သတင်းစာတို့နှင့် တွဲသိစေချင်သောကြောင့် ကြေညာသည်။ သူ့ brand ကြောင့် ကိုယ့် brand ဂုဏ်တက်မည် ထင်သောကြောင့် တွဲကြော်ငြာခြင်းဖြစ်သည်။ ကိုယ့် brand လူသိစေချင်သောကြောင့်တင် မကပါ။ ကိုယ့် brand က ထိုသို့သော brand များနှင့် တွဲနေကြောင်း လူများသိစေချင်သောကြောင့်။ လူသိဖို့လောက်ဆိုလျှင် Facebook တွင် boost လုပ်မည်ဖြစ်သည်။ ကြော်ငြာသူတို့သည် အပေါင်းအသင်းကြောင့် ဂုဏ်တက်သည်၊ အပေါင်းအသင်းကြောင့် ဂုဏ်ပျက်သည်ဆိုကြောင်း  သိသောကြောင့်။

စောဒကတက်စရာ ရှိသည်။ အပေါင်းအသင်းက မကောင်းတာလုပ်သည်နှင့် ကိုယ်က မကောင်းတာလုပ်သူ အလိုလိုဖြစ်ရောလား။  အပေါင်းအသင်းသည် အနည်းနှင့်အများ ဩဇာသက်ရောက်သည်။ အရက်ဖြတ်ဖို့ ကြိုးစားသူအတော်များများသည် အရက်ဖြတ်ဖို့ခက်နေခြင်းထက် အရက်သောက်သော အပေါင်းအသင်းကို ဖြတ်ဖို့ ခက်နေခြင်းဖြစ်သည်ဟု ဆိုကြသည်။ ကိုယ့်အပေါင်းအသင်းက အရက်ကြိုက်သည်၊  သူနှင့် ပေါင်းချင်လျှင် အရက်ဆိုင်တော့ လိုက်ထိုင်ရမည်။ ထိုင်လျှင် သောက်ဖြစ်ဖို့ များသွားသည်။ ၀သူတို့နှင့် ပေါင်းလျင် ၀သည်ဟုလည်း ရှိပြန်သည်။ ၀သောသူများနှင့် ပေါင်းသောကြောင့် သူတို့ဆီမှ  အသားများ ကိုယ့်ထံရောက်ပြီး အလိုလိုဝလာခြင်း မဟုတ်။ သူတို့နှင့်  တွဲရင်း ၀စေသော  အစားအသောက် အနေအထိုင်ကူးပြီး ကိုယ်ပါ ၀လ ခြင်းဖြစ်သည်။  အင်္ဂလိပ်စာလေ့လာသောအခါတွင် မရိုးနိုင်သော နည်းရှိသည်။ အင်္ဂလိပ်စာလေ့လာချင်သူများ စုပြီးလေ့လာလျှင် ခရီးတွင်သည်။ အပေါင်းအသင်းက မကောင်းတာလုပ်လျှင် ကိုယ်လည်း မကောင်းတာလုပ်ရန် လမ်းများလာသည်။ အပေါင်းအသင်းက ကောင်းတာလုပ်လျှင် ကိုယ်လည်း ကောင်းတာ လုပ်မိမည်။

If you want to go fast, go alone. If you want to go far, go together ဆိုသည့် အာဖရိကစကားပုံကို ကြားဖူး ကြမည်။ မြန်မြန်သွားချင် တစ်ယောက်တည်းသွား၊ ဝေးဝေးရောက်ချင် အတူတူသွား။

အပေါင်းအသင်းက ဩဇာလွှမ်းသည်ဆိုသောကြောင့် သူက ‘မင်း ဘာလုပ်၊ ညာလုပ်’ နှင့် ပြောနေသည် မဟုတ်ပါ။ သူ့အကျင့်စရိုက် အပြုအမူက ကိုယ့်ဆီ မသိမသာရောက်လာသည်။ ကိုယ့်အပြုအမူလည်း  သူ့ဆီ ရောက်သည်။ ဘုရင့်မြင်းတော်အကြောင်း ဇာတ်လမ်းတစ်ပုဒ် ကြားဖူးကြမည်။ မြင်းသည် နဂိုက ကြန်အင်လက္ခဏာနှင့် ပြည့်စုံသော်လည်း လမ်းကို စောင်းငန်းစောင်းငန်းသွားလာသည့်အတွက် တိရစ္ဆာန် ဆေးကုဆရာဝန်များ၊ မြင်း Ph.D ရထားသူများ ကုရာ မပျောက်။ နောက်ဆုံး မြင်းတော်သွားသော လာသော နေရာကို ဘုရင့်ပညာရှိအမတ်ကြီးက သတင်းစာပညာနှင့် ထောက်လှမ်းကြည့်ရှုသောအခါမှ မကြာသေးခင်က ခန့်လိုက်သော မြင်းထိန်းသစ်သည် ခြေခွင်နေသည်ကို သွားတွေ့ရသည်။  မြင်းထိန်းသစ်လျှောက်သည်ကို မြင်းတော်က အတုခိုးလိုက်လျှောက်ရင်း ဖြစ်သွားသည်။ မြင်းတော်ကို လမ်းလျှောက်ပုံ လျှောက်နည်းလည်း  မြင်းထိန်းသစ်က သင်ပေးပုံမပေါ်ပါ။ သို့နှင့် မြင်းထိန်းလဲလိုက်ရာ မြင်းတော် ပြန်ကောင်းသွားသည်။

အပေါင်းအသင်းဆိုသည့် စကားလုံးသည် ကျယ်ပြန့်ပါသည်။  ပေါင်းသင်းသည်ဆိုရာတွင် လူလူချင်းပေါင်းနေသည် ဟုတ်ချင်မှဟုတ်မည်။  စာအုပ်များ၊ celebrity နာမည်ကျော်များလည်း ဖြစ်နိုင်သည်။ စာအုပ်များ ဖတ်နေလျှင်၊ နာမည်ကျော်များလုပ်သမျှ ဖြေဖျော်သမျှ ကြည့်နေ နားထောင်နေလျှင် သူတို့နှင့် ပေါင်းနေခြင်းပင်။ ထို့ကြောင့် ဘောလုံးအကျော်အမော် ဒေးဗစ်ဘက်ခမ်တစ်ခုခု တလွဲလုပ်လျှင် သူ့ကိုယ်ပိုင်  လွတ်လပ်ခွင့်ဖြစ်သော်လည်း လူတွေက ဝိုင်းအော်ကြသည်၊ ဝေဖန်ကြသည်။ ပရိသတ်များသော celebrity တစ်ယောက်ယောက် တလွဲလုပ်လျှင် လူငယ်များ အတုခိုးမှားမည် စိုးသည့်အတွက်။

celebrity များကို အဝေးမှပေါင်းနေသူ သန်းနှင့် သိန်းနှင့်ချီသည့်အတွက်  နိုင်ငံတစ်နိုင်ငံရှိ celebrity များ၏ အရည်အသွေးကို ကြည့်ပြီး ထိုနိုင်ငံအကြောင်း သိနိုင်သည်။      ။

ယခု အင်္ဂါဂြိုဟ်တွင် လူသားများသွားရောက်နေထိုင်ရန် ကြိုးစားနေသူ၊ လျှပ်စစ်ကားထုတ်သည့် ကုမ္ပဏီထောင်ထားသူ  Elon Musk ကို အားကျသူများ၊ သူ့လို ဖြစ်ချင်သော လူငယ်များ အများအပြားရှိသည်။  ထိုသို့ အားကျပြီး သူ့အကြောင်းများ တစ်နေ့ တစ်နေ့ လိုက်ဖတ်၊  နားထောင်၊ အတုယူနေသူများသည် Elon Musk နှင့် တစ်ခါမှ အပြင်တွင် မတွေ့ဖူးသော်လည်း သူနှင့် ပေါင်းနေသည်ဟု ပြောရမည်။ Elon Musk ၏ အရည်အသွေး၊ စိတ်ဓာတ် ကိုယ့်ဆီ တစ်နည်းနည်းနှင့်  သူ့အထွာနှင့်သူ ရောက်လာမည်။

Facebook သည် ယနေ့ခေတ်တွင် မြန်မာတို့၏ အပေါင်းအသင်း ဖြစ်သည်။  တစ်နေ့ တစ်နေ့ သူနှင့် အချိန်ကုန်သည်ကိုး။ အတွေးတိမ်သူများ၊ ဒေါသအမြဲထွက်နေသူများ ရေးသည်တို့ကို ဖတ်နေရ မြင်နေရလျှင် ကိုယ်ပါ အတွေးတိမ်လာမည်၊ ဒေါသထွက်လာမည်။ ‘ငါက စိတ်ဓာတ် ခိုင်မာတယ်’ ‘ငါ့ကို ဒီလိုလွှမ်းမိုးလို့ မရဘူး။’ ပြောကြမည်။ ဟုတ်ပါလိမ့်မည်။ သို့သော် ကိုယ့်ရှေ့က လျှောက်လာသောသူက ကိုယ့်ကို ဘုကြည့် ကြည့်သွားလျှင် ကိုယ့်စိတ်ထဲ မည်သို့ဖြစ်သွားသလဲသာ  အရင်တွေးကြည့်လိုက်ပါ။ မတွေးမိခင်တွင်ပင် ကိုယ်က သူ့ကို ဘုကြည့်ပြန်ကြည့်မိပြီးသား ဖြစ်နေပါလိမ့်မည်။ လမ်းပေါ်တွင် ကိုယ်ပါလာသော ကားကို နောက်ကားက ဟွန်းတတီတီတီးနေလျှင် ကိုယ့်စိတ်ထဲ အေးအေးဆေးဆေး ဆက်ရှိနေသလား၊ ဘာမှ မပြောင်းလဲဘူးလား။ ယင်းတို့သည် ခဏတာ၊ အခိုက်အတန့်လေးများသာ ရှိသေးသည်။ အနည်းအကျဉ်းမှသည် များများစားစားထိ ကိုယ့်စိတ်ကို ဘေးပတ်ဝန်းကျင်၊ အပေါင်းအသင်းတို့က  သက်ရောက်သည်။

အပေါင်းအသင်းကြောင့် ဂုဏ်တက်သည်၊ ဂုဏ်ပျက်သည် ဆိုခြင်းသည် rule of thumb ဟုခေါ်သော တစ်ချက်ကြည့်ရုံနှင့် အကဲဖြတ်နိုင်အောင် လုပ်ထားခြင်းဖြစ်သည်။ တကယ်လည်း ရာခိုင်နှုန်း အတော်များများ မှန်နေသောကြောင့် လူ့သမိုင်းတစ်လျှောက် ထိုသီအိုရီကို မစွန့်ခဲ့ကြခြင်းဖြစ်သည်။

“ကိုယ်နဲ့ ပေါင်းသော လူငါးယောက်၏ ပျမ်းမျှသည် ကိုယ်ပင် ဖြစ်သည်။”  ကိုယ်နှင့် အချိန်အတော်များများ အနီးကပ်နေသူ ငါးယောက်ကို စုစုပေါင်း၊ ပြီးလျှင် ၅ နှင့်စားပါ။ ထိုတန်ဖိုးသည် ကိုယ်ပင် ဖြစ်သည်။ လုပ်ကြည့်ပါ။

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *