‘ပြည်သူ’ ဆိုတဲ့ ဝေါဟာရကို ဘယ်လိုအသုံးချကြသလဲ

အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အစပိုင်း နိဒါန်းပိုင်းမှာ ‘ပြည်သူ’ ‘The People’  ဆိုတာနဲ့ စထားတယ်။ အဲဒီကတည်းကစပြီး အာဏာရနေတဲ့သူတွေ၊ အာဏာရချင်တဲ့သူတွေက လူတွေကို နှိုးဆွဖို့အတွက် အကြိုက်ဆုံးဝေါဟာရ ဖြစ်လာတယ်။ ခဏ ခဏလည်း အလွဲအသုံးခံရဆုံး ဝေါဟာရဖြစ်တယ်။ ဒီမိုကရက်မဆန်ဆုံး၊ လူကြိုက်အနည်းဆုံး မြောက်ကိုရီးယားကို ကိုးရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံလို့ ခေါ်တယ်။ အင်ဂိုလာ ပြည်သူ့လွတ်မြောက်ရေးတပ်ဦးဟာ အင်ဂိုလာပြည်သူတွေ၊ ဆင်းရဲမှုဒဏ်က လွတ်မြောက်ဖို့ထက် နိုင်ငံရဲ့ ဥစ္စာဓနတွေက ခေါင်းဆောင်တွေရဲ့ နိုင်ငံခြားငွေစာရင်းထဲ လွတ်လွတ်လပ်လပ် ရောက်သွားနိုင်ရေးကို ပိုပြီးအာရုံစိုက်တယ်။ ပြည်သူတွေရဲ့ အကြိုက်ကို လျစ်လျူရှုဖို့ သန္နိဋ္ဌာန်ချထားတဲ့ စာနယ်ဇင်းတွေကလည်း  ‘ပြည်သူ’ကို သုံးတယ်။ တရုတ်က ‘ပြည်သူ့နေ့စဉ်’ ဟာ တရုတ်ပြည်သူ တွေ စိတ်ဝင်စားဖို့ မကြိုးစားဘူး။ ရုရှက ‘Pravada’သတင်းစာဟာ  ဆိုဗီယက်တွေကို အမှန်ပြောဖို့ မကြိုးစားဘူး။ ဒါကြောင့် ဗြိတိန်မှာ ဝန်ကြီးချုပ်ရုံးက ဗြိတိသျှတွေ မျှော်လင့်နေတဲ့ ရွေးကောက်ပွဲဟာ ‘ပါလီမန်က တစ်ဖက်၊ ပြည်သူက တစ်ဖက်’ လို့ပြောတဲ့အခါ ပြည်သူတွေ သတိထားသင့်တယ်လို့ အီကောနောမစ်စာစောင်က ဆိုပါတယ်။

နိုင်ငံရေးမိန့်ခွန်းတွေမှာလည်း ‘ပြည်သူ’ ကို ခဏခဏ ရည်ညွှန်း လေ့ရှိတယ်။ ပြင်သစ်သမ္မတက ‘ပြည်သူတွေရဲ့ တာဝန်ဝတ္တရား’ တွေကို  ရှည်ရှည်ဝေးဝေး ပြောချင်တယ်။ ဒါကတော့ ပြဿနာမရှိဘူး။ ဒါပေမဲ့ ‘ပြည်သူ’ ဆိုတဲ့ ဝေါဟာရကို ကိုယ်က ရန်သူလို့ ထင်နေတဲ့သူတွေကို တိုက်ခိုက်ဖို့ လက်နက်တစ်ခုအနေနဲ့ သုံးရင်တော့ အန္တရာယ်ရှိလာပြီ။

တကယ်တော့ ‘ ပြည်သူ’ ဆိုတဲ့ အသုံးကို နိုင်ငံရေးသမားတွေသာ ကြိုက်ကြသုံးကြတာ မဟုတ်ဘူး။ ဒိုင်ယာနာမင်းသမီးကလည်း ‘ ပြည်သူတွေရဲ့ အသည်းနှလုံးထဲက ဘုရင်မ’ ဖြစ်ချင်ပါသတဲ့။ သူ့သခင်မက လွဲပြီး  ဘယ်သူချစ်မြတ်နိုးတာကိုမှ မခံရတဲ့ အူကြောင်ကြောင် ခင်ပွန်းနဲ့ နှိုင်းယှဉ်ပြီး ပြောတဲ့အဓိပ္ပာယ်လား။ ဒါပေမဲ့ လူပြိန်းကြိုက်တွေ ခေတ်စားလာတော့ ဒီဝေါဟာရက နိုင်ငံရေးသမားတွေကြားထဲမှာ ပျံ့နှံလာတယ်။

တစ်ခါတလေကျတော့ ရန်သူလို့ တွက်ထားခံရတဲ့ သူတွေဟာ နိုင်ငံခြားသားတွေ ဖြစ်နေပြန်တယ်။ ဗင်နီဇွဲလားမှာ ကွယ်လွန်သူ ခေါင်းဆောင်ကြီးက ပြည်သူတွေအနေနဲ့ ‘နယ်ချဲ့ဧကရာဇ်ဘုရင်ကြီး’  ကို တွန်းလှန်ကြလို့ ပြောတာဟာ ကမ္ဘာတစ်ဝန်းမှာ လူကြိုက်နည်းနေတော့  ပစ်မှတ်လုပ်ရတာလွယ်တဲ့ အမေရိကန်သမ္မတ ဂျော့ခ်ျဘုရှ်ကို ပြောတာပါ။ လက်ရှိမက္ကဆီကို သမ္မတကတော့၊ မြောက်ဘက်က အိမ်နီးချင်းနိုင်ငံကို ကန့်လန့်မတိုက်ချင်တာနဲ့ ခပ်ဝါးဝါး ဒအာဏာရှင် မူးယစ်ဂိုဏ်းသားတွေ’၊  ‘အာဏာစွဲနေသူတွေ’လို့ ရည်ညွှန်းလေ့ရှိပါတယ်။ တစ်ခါတလေကျ ကိုယ်နဲ့ ဘာသာကွဲတွေကို တိုက်ခိုက်ဖို့ သုံးကြပြန်တယ်။ အိန္ဒိယမှာ ဘီဂျေပီပါတီက အောင်ပွဲခံတော့ မွတ်ဆလင်တွေကို တမင်သက်သက် ဖယ်ထားခဲ့တယ်။ ‘ပြည်သူတွေအကြား တစ်မူထူးခြားတဲ့ အိန္ဒိယဉာဏ်သစ်လောင်းရေး ဆန္ဒတိုးပွားရေး’ လို့ ပြောတဲ့အထဲမှာ မွတ်ဆလင်တွေ မပါဘူး။ ရုန်းကန်လှုပ်ရှားနေရတဲ့ နိုင်ငံရေးသမားတွေဟာ ထောက်ခံအားပေးမှုရဖို့အတွက် ရန်သူတွေရှာရာမှာ ‘ပြည်သူ’ ကို သုံးလေ့ရှိကြတယ်။

အများအားဖြင့် နိုင်ငံရေးသမားတွေရဲ့ လမ်းကြောင်းမှာ အဟန့်အတားဖြစ်နေတဲ့ လွှတ်တော်တို့၊ တရားရုံးတို့၊ စာနယ်ဇင်းတို့လို အဖွဲ့အစည်းတွေကို ဦးတည်တိုက်ခိုက်တတ်ကြတယ်။ ဒီမိုကရေစီ မှန်မှန်ကန်ကန်လည်ပတ်ဖို့အတွက် အပြန်အလှန်ထိန်းကျောင်းမှုရှိဖို့ လိုတယ်။ ဒါပေမဲ့ အဲဒီအဖွဲ့အစည်းတွေဟာ တချို့သမ္မတတွေ၊ ဝန်ကြီး ချုပ်တွေအတွက် ရည်မှန်းချက်ရောက်အောင် အားထုတ်ရာမှာ အဟန့်အတားတွေ ဖြစ်နေတတ်တယ်။

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ စာနယ်ဇင်းတွေကို  ‘ပြည်သူ့ရန်သူ’ လို့ သတ်မှတ်တယ်။ ပိုလန်အာဏာရပါတီက တရားရေးစနစ်နဲ့ အတိုက်အခံတွေကို တိုက်ခိုက်တာဟာ ပြည်သူတွေနဲ့ အဆက်အသွယ်ရှိလို့တဲ့။ ဗြိတိန်ဝန်ကြီးချုပ်က သဘောတူညီချက် တစ်စုံတစ်ရာမရဘဲ ဗြိတိန်ဥရောပသမဂ္ဂက ထွက်ခွာတာကို တားဆီးနေကြတဲ့ လွှတ်တော်နဲ့ တရားရုံးဆန့်ကျင်နေသူတွေဟာ ပြည်သူ့ဆန္ဒကို ဆန့်ကျင်နေကြတာလို့ သူ့ကိုယ်သူ ခုခံကာကွယ်တယ်။

လူတစ်ယောက်ဟာ ရွေးကောက်တင်မြှောက်ခံလိုက်ရပြီဆိုရင်  သူ့ကိုယ်သူ ‘ ပြည်သူ’ လို့ သတ်မှတ်လိုက်တဲ့အခါ ပြည်သူတွေရဲ့ဆန္ဒကို အမြဲထည့်စဉ်းစားရတယ်။ ဒါပေမဲ့ သူ့ရဲ့ရန်သူတွေကို ပြည်သူ့ရန်သူ၊ နိုင်ငံ့ရန်သူတွေလို့ သတ်မှတ်တဲ့ ခြေလှမ်းကို စလှမ်းတယ်။

ပိုလန်လွှတ်တော်အမတ်တွေက သူတို့ရဲ့ အစိုးရကို စုံစမ်းစစ်ဆေးဖို့ ဥရောပသမဂ္ဂကို တောင်းဆိုတော့ ပိုလန်ဝန်ကြီးချုပ်က သူတို့ကို သစ္စာဖောက်တွေ၊ လူလိမ်တွေလို့ စွပ်စွဲတယ်။ ဥရောပသမဂ္ဂကနေ ဖရိုဖရဲ ထွက်ခွာမှုကို ရှောင်ရှားဖို့ ရေးဆွဲထားတဲ့ ဥပဒေကြမ်းတစ်ခုကို ဂျွန်ဆင်က ‘လက်နက်ချအက်ဥပဒေ’ ဆိုပြီး အဲဒီဥပဒေကို ထောက်ခံသူတွေဟာ ‘အပေါင်းပါ’ တွေလို့ စွပ်စွဲတယ်။ ဒေါ်နယ်လ်ထရမ့်က အခု လူတွေ လုပ်နေ ဖြစ်နေတာတွေဟာ သူ့ကို စွပ်စွဲပြစ်တင်ဖို့ လုပ်နေတာမဟုတ်ဘူး။ အာဏာသိမ်းဖို့၊ ပြည်သူတွေရဲ့ အာဏာကို ဖယ်ရှားဖို့၊ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်၊  သူတို့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယပြင်ဆင်ချက်၊ ဘာသာရေး၊  စစ်ရေး၊ နယ်စပ်တံတိုင်း၊ ဘုရားသခင်က အမေရိကန်နိုင်ငံသားတစ်ယောက်အနေနဲ့ ပေးထားတဲ့ အခွင့်အရေးတွေကို ဖယ်ရှားဖို့ လုပ်နေတာတွေလို့ ဆိုတယ်။ တကယ်လို့ ‘ ပြည်သူ’ တွေကို တရားရုံးတွေ၊ လွှတ်တော်တွေက ဖျက်ဆီးရင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီဘူးတဲ့။ ဒါကြောင့် ဗြိတိသျှ ကွန်ဆာဗေးတစ်ပါတီဥက္ကဋ္ဌက ပြည်သူတွေအနေနဲ့ ဥရောပသမဂ္ဂက ဗြိတိန်ခွဲထွက်တာကို လက်မခံရင် အပြောင်းအလဲတစ်ခုလုပ်နိုင်မယ့် တခြားနည်းကို ရှာကြလို့ပြောတာကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်တယ်လို့ ပြောချင်တာပဲဆိုပြီး အဓိပ္ပာယ်ကောက်ကြရတယ်။ ဒါကြောင့် ဘုန်းတော်ကြီးတစ်ပါးရဲ့ စကားကို အမေရိကန်သမ္မတက ထပ်ဖြန့်တော့ သမ္မတကို တရားစွဲတဲ့ကိစ္စဟာ နိုင်ငံပြိုကွဲအောင်၊ ပြည်တွင်းစစ်ဖြစ်အောင် လုပ်ရာရောက်တယ်ဆိုတဲ့ သတိပေးချက်မျိုးလို့ နားလည်လိုက်ကြပါတယ်။ ‘ ပြည်သူ’ တွေဟာ သူတို့နဲ့ဆိုင်တဲ့ အရေးအရာတွေကို သူတို့ကိုယ်တိုင် လုပ်ကြမယ်ဆိုရင် သမ္မတက ဘာလုပ်စရာရှိသေးသလဲတဲ့။

တစ်လောက မက္ကဆီကိုသတင်းစာရှင်းလင်းပွဲမှာ AMLO က ခင်ဗျားတို့ဟာ ‘သတင်းစာဆရာကောင်းများလည်း ဖြစ်တယ်။ ဉာဏ်ပညာ ဆင်ခြင်တုံတရားရှိတဲ့သူတွေလည်း ဖြစ်တယ်။ စည်းကျော်ရင် ဘာဖြစ်မလဲဆိုတာ သိတယ်မဟုတ်လား။ ကျွန်တော်က ဘာမှ မလုပ်ဘူး။ ‘ပြည်သူ’ တွေက လုပ်မှာ’ တဲ့။ ပြည်သူတွေက ဘာလုပ်မယ်ဆိုတာ တိတိကျကျတော့ သူက ပြောမပြဘူး။ ဒါပေမဲ့ သတင်းစာဆရာတွေက သဘောပေါက်ကြပါတယ်။ ဒီနှစ် အသတ်ခံရတာ သတင်းစာဆရာ ၁၂ ယောက် ရှိပြီလေ။

မဲဆန္ဒရှင်တွေအနေနဲ့ ‘ပြည်သူ’ ဆိုတဲ့ အန္တရာယ်ကြီးတဲ့ ဝေါဟာရကို သုံးပြီဆိုရင် သေသေချာချာ သတိထားနားထောင်ပါ။ ဒီဝေါဟာရဟာ ဒီမိုကရက်တွေ သုံးတာမဟုတ်၊ မရိုးသားတဲ့သူတွေ သုံးတာလို့ The Economist က သတိပေးထားပါတယ်။

ကိုး – The Economist Oct 5th, 2019

ခင်မောင်ညို (ဘောဂဗေဒ) 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *