၂၁ ရာစုအတွက် သင်ခန်းစာ ၂၁ ခု သင်ခန်းစာ (၉)

(ကမ္ဘာကျော်စာရေးဆရာ Yuval Noah Harari ၏ အရောင်းရဆုံးစာအုပ်စာရင်းဝင် 21 Lessons for the 21st Century စာအုပ်ကို ဘာသာပြန်ဆိုဖော်ပြပါသည်။)

လူဝင်မှု (immigration) (အပိုင်း-၃)

အချို့ယဉ်ကျေးမှုတွေက အချို့ထက် သာနိုင်တယ်

ဆွေးနွေးငြင်းခုံစရာ (၄) ။      ။ လူဝင်မှုကိစ္စ နှစ်ဖက်လိုက်နာရမည့် သဘောတူညီချက်စည်းကမ်းများကို တိကျစွာ အဓိပ္ပာယ်ဖွင့်ဆိုမှုနှင့် ပတ်သက်ပြီး ဖော်ပြပါသဘောထားကွဲလွဲမှုများနှင့် ပတ်သက်လာလျှင်  နောက်ဆုံးနှင့် အရေးအကြီးဆုံး မေးခွန်းမှာ ဤသဘောတူညီချက် စည်းကမ်းတွေက တကယ်ရော အလုပ်ဖြစ်ရဲ့လားဆိုသည့် မေးခွန်းဖြစ်သည်။  နှစ်ဖက် အပြန်အလှန် လိုက်နာရမည်ဆိုမည့် သဘောတူညီချက်များကို  အိမ်ရှင်နိုင်ငံတွေရော၊ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေပါ လိုက်နာမှုရှိပါရဲ့လားဆိုသည့်မေးခွန်းက နောက်ထပ်ငြင်းခုံဆွေးနွေးစရာ ဖြစ်လာပါသည်။

လူဝင်မှုကိစ္စကို ဆန့်ကျင်သူများက ဆိုလေ့ရှိသည်မှာ ရွှေ့ပြောင်းအခြေချနေထိုင်သူများအနေနှင့် အခြေခံစည်းကမ်းသတ်မှတ်ချက် (၂) ကို လိုက်နာမှုမရှိဟု ဆိုလေ့ရှိကြသည်။ ရွှေ့ပြောင်းလာသူများမှာ အိမ်ရှင် လူ့အဖွဲ့အစည်းနှင့် အံဝင်ခွင်ကျဖြစ်စေရန် ပေါင်းစည်းမှုမရှိ၊ ပေါင်းစည်းရန်  စိတ်ပါလက်ပါ ကြိုးပမ်းအားထုတ်မှု မရှိ၊ ရွှေ့ပြောင်းလာသူ အများအပြားမှာ သူတို့၏ သည်းခံမှုမရှိသော တစ်ယူသန်ဝါဒအမြင်များကို ဆက်လက်ကိုင်စွဲထားသည်ဟု ဆိုသည်။ သို့ဖြစ်ရာ အိမ်ရှင်နိုင်ငံကလည်း သူ့ဘက်က လိုက်နာရမည့် အခြေခံစည်းကမ်းသတ်မှတ်ချက် (၃) ကို လိုက်နာစရာမလို (ဆိုလိုသည်မှာ ရွှေ့ပြောင်းလာသူများကို ပထမတန်းစား နိုင်ငံသားအဖြစ် ဆက်ဆံစရာမလို)ဟုဆိုသည်။ ထို့အပြင် သတ်မှတ်ချက်  (၁) (ရွှေ့ပြောင်းနေထိုင်သူများကို ဝင်ခွင့်ပေးရန်) ကိစ္စကို သင့်တော်၊ မတော် ပြန်သုံးသပ်ဖို့ အကြောင်းရင်း ခိုင်ခိုင်လုံလုံရှိသည်ဟုဆိုသည်။ ယဉ်ကျေးမှုဓလေ့ထုံးစံတစ်မျိုးမျိုးရှိသော (ထိုယဉ်ကျေးမှုမှ နောက် တစ်နေရာသို့ ပြောင်းလာသော) လူများကို ရွှေ့ပြောင်းအခြေချခွင့်ပေးရန်  မသင့်တော်ကြောင်း ထပ်တလဲလဲတွေ့ရပြီး သူတို့အနေနှင့် အခြေခံ စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာမှုမရှိပါက ယင်းယဉ်ကျေးမှုက လူများကို ထပ်ဝင်ခွင့်ပေးစရာမရှိ၊ ပြဿနာကို ပိုဆိုးအောင် လုပ်စရာအကြောင်းမရှိဟု လူဝင်မှုကိစ္စကို ဆန့်ကျင်သူများက ဆိုသည်။

လူဝင်မှုကိစ္စကို ထောက်ခံသူများကမူ အခြေခံစည်းကမ်း သဘောတူညီချက်ကို လိုက်နာခြင်းမရှိသည်မှာ အိမ်ရှင်နိုင်ငံဖြစ်သည်ဟုဆိုသည်။ ရွှေ့ပြောင်းအခြေချနေထိုင်သူ အများစုက ကြိုးစားပမ်းစား စိတ်ရင်းမှန်ဖြင့်  အိမ်ရှင်လူ့အဖွဲ့အစည်းနှင့် ဆီလျော်အံဝင်ခွင်ကျဖြစ်အောင် ကြိုးစားနေထိုင်သော်လည်း အိမ်ရှင်များက (သူတို့) နေလို့ ခက်ခဲအောင် လုပ်နေသည်ဟု ဆိုသည်။ ထို့အပြင် ပိုဆိုးသည်မှာ အောင်မြင်စွာ ပေါင်းစည်း ဝင်ရောက်သွားသည့် ရွှေ့ပြောင်းနေထိုင်သူများကိုလည်း ဆက်လက်၍  ဒုတိယတန်းစားနိုင်ငံသားအဖြစ် ဆက်ဆံနေဆဲဟု ဆိုသည်။ ရွှေ့ပြောင်းနေထိုင်သူများ၏ ဒုတိယမျိုးဆက်၊ တတိယမျိုးဆက်အထိ ထိုသို့ ဆက်ဆံခံနေရဆဲဖြစ်သည်။ သည်လိုမျိုးအခြေအနေရောက်ဖို့ဆိုလျှင် ဖြစ်နိုင်သည်မှာ အိမ်ရှင်ရော၊ ရွှေ့ပြောင်းနေထိုင်သူများပါ နှစ်ဖက်စလုံးက အခြေခံစည်းကမ်းသတ်မှတ်ချက်များကို အပြည့်အဝလိုက်နာမှု မရှိခြင်းဖြစ်နိုင်ပါသည်။ ထို့ကြောင့် တစ်ဖက်နှင့် တစ်ဖက် သံသယပိုကြီးမားလာကာ အဆိုးသံသရာလည်၍ ပိုပို မကျေမနပ် ဖြစ်လာတာမျိုး ဖြစ်နိုင်ပါသည်။

ဤစတုတ္ထဆွေးနွေးငြင်းခုံစရာမှာ ဖော်ပြပါ အခြေခံစည်းကမ်းသတ်မှတ်ချက် သုံးခုကို တိတိကျကျ အဓိပ္ပာယ် မဖွင့်ဆိုနိုင်သေးသရွေ့  ပြေလည်မည် မဟုတ်ပါ။ လူဝင်မှုကိစ္စကို ခွင့်ပြုခြင်းမှာ တာဝန်လား သို့မဟုတ်  အခွင့်အရေး ပေးခြင်းလား၊ ရွှေ့ပြောင်း အခြေချနေထိုင်သူများဘက်က မည်သို့သောအဆင့်ထိ ပေါင်းစည်းရန် လိုအပ်သည်၊ အိမ်ရှင်နိုင်ငံများအနေ နှင့် သူတို့ကို တန်းတူရည်တူ နိုင်ငံသားများအဖြစ် မည်မျှ လျင်လျင်မြန်မြန် ခွင့်ပြုရမည် စသည့်မေးခွန်းများ အဖြေမထွက်သရွေ့ နှစ်ဖက် သူတို့လိုက်နာရမည့် တာဝန်များကို လိုက်နာခြင်း ရှိ၊ မရှိ ဆုံးဖြတ်နိုင် မည် မဟုတ်ပါ။ နောက်ထပ်ထပ်ဆောင်း ပြဿနာတစ်ခုမှာ မည်သို့ မည်ပုံ တွက်ချက်သလဲဆိုသည့် ကိစ္စ ဖြစ်ပါသည်။ လူဝင်မှုကိစ္စတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာခြင်း ရှိ မရှိ ဆန်းစစ်ရာတွင် နှစ်ဖက်စလုံးက လိုက်နာမှုထက် ပျက်ကွက်မှုကိစ္စကို ပိုဇောင်းပေးလေ့ ရှိပါသည်။ တစ်သန်းသော ရွှေ့ပြောင်းနေထိုင်သူများမှာ ဥပဒေလိုက်နာသော နိုင်ငံသားများ ဖြစ်နေသည့်တိုင် ရွှေ့ပြောင်းနေထိုင်သူ လူတစ်ရာက အကြမ်းဖက်အဖွဲ့ထဲဝင်ကာ အိမ်ရှင်နိုင်ငံကို တိုက်ခိုက်လိုက်သည်ဆိုပါက ရွှေ့ပြောင်းအခြေချနေထိုင်သူ အားလုံးကို စည်းကမ်းဖောက်ဖျက်သူများဟု ယူဆမည်လား၊ သို့မဟုတ် လိုက်နာသူများဟု ယူဆမည်လားဆိုသည့်ကိစ္စ ဖြစ်ပါသည်။ ရွှေ့ပြောင်းအခြေချနေထိုင်သူများ၏ တတိယမျိုးဆက်တစ်ဦးက လမ်းပေါ်မှာ အကြိမ် ၁၀၀၀ လျှောက်လို့ ကိုယ်ထိလက်ရောက် အစော်ကားခံရခြင်း မရှိသည့်တိုင် တစ်ကြိမ်လောက် လူမျိုးရေးခွဲခြားသူတစ်ဦးက အော်ဟစ်ဆဲဆိုတာခံလိုက်ရသည် ဆိုပါက အိမ်ရှင်လူ့အဖွဲ့အစည်းက ရွှေ့ပြောင်းအခြေချနေထိုင်သူများကို နှင်ထုတ်နေသည်ဟု ယူဆမည်လား သို့မဟုတ် လက်ခံသည်ဟု ယူဆမည်လား ဆိုသည့်ကိစ္စက စဉ်းစားစရာ ဖြစ်ပါသည်။

ဖော်ပြပါ ဆွေးနွေးငြင်းခုံစရာများ၏ နောက်ကွယ်တွင် ပိုပြီး အခြေခံကျသည့်မေးခွန်းတစ်ခု ရှိနေပါသေးသည်။ ယင်းမှာ ကျွန်ုပ်တို့၏ လူသားယဉ်ကျေးမှုအပေါ် နားလည်ပုံနှင့် သက်ဆိုင်ပါသည်။ လူဝင်မှုကိစ္စကို ဆွေးနွေးငြင်းခုံသည့် နေရာမှာ ကျွန်ုပ်တို့အနေနှင့် ယဉ်ကျေးမှုထုံးဓလေ့ (culture)  အားလုံးကို ပင်ကိုအားဖြင့် အတူတူပဲဟု ယူဆပါသလား၊ သို့မဟုတ် အချို့ယဉ်ကျေးမှုများမှာ အချို့ထက်သာနိုင်သည်ဟု ယူဆပါသလား ဆိုသည့် မေးခွန်းဖြစ်ပါသည်။ ဆီးရီးယား ဒုက္ခသည်များကို လက်ခံ၊ မခံ ဂျာမန်များ ဆွေးနွေးငြင်းခုံကြသည့်အခါ ဂျာမန်ယဉ်ကျေးမှုမှာ ဆီးရီးယားယဉ်ကျေးမှုထက် တစ်နည်းတစ်ဖုံသာသည်ဟု ယူဆလျှင် တရားနည်းလမ်းကျပါသလားဆိုသည့် ကိစ္စဖြစ်ပါသည်။

လူမျိုးရေးခွဲခြားသည့်ဝါဒ (Kacism) မှ ဓလေ့ဝါဒ (Culturism) သို့

လွန်ခဲ့သည့် ရာစုနှစ်တစ်ခုက ဥရောပသားများမှာ အချို့လူမျိုးများ (အထူးသဖြင့် လူဖြူများ) က ပင်ကိုမူရင်းအားဖြင့် အချို့ လူမျိုးတွေထက်သာသည်မှာ မေးခွန်းထုတ်စရာမလိုသည့် အမှန်တရားဟု ယူဆခဲ့ကြသည်။ ၁၉၄၅ ပြီးနောက်တွင်မူ ထိုသို့သော အမြင်မျိုးမှာ ရွံမုန်းစက်ဆုပ်စရာအဖြစ် ပိုပိုပြီး သတ်မှတ်လာကြသည်။ လူမျိုးရေးခွဲခြားသည့်ဝါဒ (racism) မှာ ကိုယ်ကျင့်သီလအားဖြင့် ဆိုးယုတ်ရုံတင်မက သိပ္ပံနည်းအားဖြင့်လည်း လက်ဆုပ်လက်ကိုင် ပြစရာမရှိသည့် ဝါဒ ဟု ရှုမြင်လာသည်။ အသက်ဇီဝဆိုင်ရာ သိပ္ပံပညာရှင်များ (အထူးအားဖြင့် မျိုးရိုးဗီဇပညာရှင်များ) က ဥရောပသားများ၊ အာဖရိသားများ၊  တရုတ်များ၊ ဌာနေ အမေရိကန်တိုင်းရင်းသားများအကြား ဇီဝဗေဒအရ ကွာခြားချက်မှာ ပြောပစရာမရှိဟု အလွန်ခိုင်မာသော သိပ္ပံနည်းကျ သက်သေပြလာသည်။

သို့သော် တစ်ချိန်တည်းမှာပင် မနုဿဗေဒပညာရှင်များ၊ လူမှုသိပ္ပံပညာရှင်များ၊ သမိုင်းပညာရှင်များ၊ အပြုအမူဆိုင်ရာ ဘောဂဗေဒပညာရှင်များ (behavioural economists) နှင့်  ဦးနှောက်သိပ္ပံပညာရှင်များက လူသားများ၏ ယဉ်ကျေးမှုထုံးဓလေ့များမှာ တစ်ခုနှင့်တစ်ခု သိသာထင်ရှားသော ကွာခြားချက်များရှိကြောင်း ဒေတာအချက်အလက်များ အမြောက်အမြား စုဆောင်းရရှိလာသည်။ တကယ်တမ်းဆိုကြကြေးဆိုလျှင် လူသားယဉ်ကျေးမှု ထုံးဓလေ့များအားလုံးမှာ အကုန်လုံးနီးပါး အတူတူဟုဆိုလျှင် မနုဿဗေဒပညာရှင်များ၊ သမိုင်းပညာရှင်များပင် လိုတော့မည် မဟုတ်ချေ။ သေးနုပ်သော ကွာခြားချက်လေးများအကြောင်း လေ့လာဖို့ အရင်းအမြစ်များ သုံးစွဲနေစရာ မလိုပေ။  အနည်းဆုံး ကျွန်ုပ်တို့အနေဖြင့် ငွေကုန်ကြေးကျများသည့် မနုဿဗေဒကွင်းဆင်းလေ့လာချက်များ လုပ်နေစရာ မလိုတော့ပေ။ တောင်ပစိဖိတ်နှင့် ကာလဟာရီ သဲကန္တသို့ ကွင်းဆင်းလေ့လာချက်များ သွားနေစရာ မလိုတော့ပေ။ အောက်စဖို့ဒ်နှင့် ဘော့စတွန်ရှိလူများကို လေ့လာရုံနှင့် ကျေနပ်လို့ ရရမည်ဖြစ်သည်။  ယဉ်ကျေးမှုထုံးဓလေ့ဆိုင်ရာ ကွာခြားချက်များမှာ မပြောပလောက်ဆိုလျှင်  ဟားဗတ်တက္ကသိုလ်ကျောင်းသားများကို လေ့လာတွေ့ရှိချက်နှင့်  ကာလဟာရီ အမဲလိုက်မုဆိုးများ (hunter-gatherers) ကို လေ့လာ တွေ့ရှိချက်က အတူတူပဲဖြစ်မည်ဖြစ်သည်။

ပြန်လည်သုံးသပ်ကြည့်ပါက လူသားယဉ်ကျေးမှုများအကြား စွဲမြဲ နေသော အာဝါဟ ဝိဝါဟ အလေ့အကျင့် ထုံးဓလေ့များမှအစ နိုင်ငံရေးလုပ်ပုံလုပ်နည်းများအထိ စသည့်ကိစ္စများတွင် အနည်းဆုံး သိသာထင်ရှားသည့် ကွာခြားချက်အချို့ရှိသည်ကို လူများစုက လက်ခံရမည် ဖြစ်ပါသည်။ သို့ဖြစ်ရာ ကျွန်ုပ်တို့အနေနှင့် ထိုကွာခြားချက်များကို မည်သို့ ရှုမြင်လက်ခံသင့်ပါသနည်း။ ယဉ်ကျေးမှု နှိုင်းရဝါဒီများ (cultural relativists) က ဆိုသည်မှာ ထိုသို့ယဉ်ကျေးမှုကွာဟရုံနှင့် ယဉ်ကျေးမှုတစ်ခုက အခြားယဉ်ကျေးမှုတစ်ခုကို လွှမ်းမိုးခွင့်ရှိသည်ဟု ဆိုလို့ မရကြောင်း၊ ကျွန်ုပ်တို့အနေနှင့် ယဉ်ကျေးမှုတစ်ခုက အခြားယဉ်ကျေးမှုတစ်ခုထက် ပိုသာသည်ဟု ဆိုလို့မရကြောင်း ဆိုလေသည်။ လူသားများမှာ  စဉ်းစားပုံ၊ ပြုမူပြောဆိုပုံ အမျိုးမျိုး ရှိနိုင်သော်လည်း ကျွန်ုပ်တို့အနေနှင့်  ဤကွာကြားချက်များကို မတူကွဲပြားမှုအဖြစ် လက်ခံဝမ်းမြောက်ရမည်  ဖြစ်ကြောင်း၊ ယုံကြည်မှုအားလုံးနှင့် ဓလေ့ထုံးတမ်းအားလုံးကို တန်ဖိုးအတူတူထားရမည်ဖြစ်ကြောင်း ဆိုလေသည်။ ကံဆိုးသည်မှာ ဤသို့သော အမြင်ကျယ်ကျယ်ထားသည့် သဘောထားမှာ လက်တွေ့တွင် အလုပ်မဖြစ်ချေ။ လူသားများ၏ မတူကွဲပြားမှုမှာ ဟင်းလျာနှင့် ကဗျာ ဂီတတွင် ကောင်းမွန်ကောင်း ကောင်းမွန်မည် ဖြစ်ပါသည်။ သို့သော် စုန်းဟုစွပ်စွဲပြီး မီးရှို့သတ်ဖြတ်ခြင်း၊ မွေးကင်းစကလေးကို သတ်ဖြတ်ခြင်း၊ ကျွန်ပြုခြင်းများကို လူသားများ၏ တစ်မူထူးခြားသည့် ဓလေ့များဟုဆိုကာ ကမ္ဘာ့အရင်းရှင်စနစ်ကြီး (global capitalism) နှင့် ကိုကာကိုလိုနီယယ်လစ်ဇင် အမေရိကန်ယဉ်ကျေးမှု လွှမ်းမိုးခြင်း (Coca-colonialism) တို့မှ ကာကွယ်ထားရမည်ဟု ယူဆသူ မရှိသလောက် ဖြစ်သည်။

သို့မဟုတ် မတူညီသော ယဉ်ကျေးမှုများက လူစိမ်းများ၊ ရွှေ့ပြောင်းနေထိုင်သူများ၊ ဒုက္ခသည်များကို ဆက်ဆံပုံကို စဉ်းစားကြည့်ပါ။ ယဉ်ကျေးမှုအားလုံးမှာ ရွှေ့ပြောင်းနေထိုင်သူများ၊ လူစိမ်းများကို လက်ခံတတ်မှု တူညီကြသည် မဟုတ်ချေ။ ၂၁ ရာစုအစောပိုင်း ဂျာမန် ယဉ်ကျေးမှုမှာ ဆော်ဒီအာရေဗျ ယဉ်ကျေးမှုနှင့် ယှဉ်လျှင် လူစိမ်းများကို ပိုမိုသည်းခံနိုင်ပြီး ရွှေ့ပြောင်းနေထိုင်သူများ ပိုမိုဝင်ရောက်ခွင့်ပြုလေ့သည်။ မွတ်ဆလင်တစ်ယောက် ဂျာမနီပြည်ကို ရွှေ့ပြောင်းနေထိုင်ဖို့မှာ  ခရစ်ယာန်တစ်ယောက် ဆော်ဒီအာရေဗျသို့ ရွှေ့ပြောင်းနေထိုင်ဖို့ထက် များစွာပိုလွယ်လေသည်။ တကယ်တမ်းပြောရလျှင် ဆီးရီးယားမှ  မွတ်ဆလင်ဒုက္ခသည်တစ်ယောက်အနေနှင့် ဆော်ဒီအာရေဗျထက် ဂျာမနီသို့ ရွှေ့ပြောင်းနေထိုင်ဖို့က ပိုလွယ်ကောင်း လွယ်မည်ဖြစ်သည်။ ၂၀၁၁ ခုနှစ်မှစပြီး ဂျာမနီနိုင်ငံက ဆော်ဒီအာရေဗျထက် ဆီးရီးယား ဒုက္ခသည်များစွာ ပိုမိုလက်ခံပြီး ဖြစ်သည်။ ထို့အတူပင် ၂၁ ရာစု အစောပိုင်း ကယ်လီဖိုးနီးယားယဉ်ကျေးမှုက ဂျပန်ယဉ်ကျေးမှုထက် များစွာပိုပြီး ရွှေ့ပြောင်းနေထိုင်သူများကို လက်ခံမှုရှိလေသည်။ သို့ဖြစ်ရာ စာဖတ်သူက လူစိမ်းများကို သည်းခံတတ်ခြင်းနှင့် ရွှေ့ပြောင်းနေထိုင်သူများကို ကြိုဆိုလက်ခံခြင်းက ကောင်းသည်ဟု ယူဆသည်ဆိုပါက ဂျာမန်ယဉ်ကျေးမှုမှာ အနည်းဆုံးဤကိစ္စတွင် ဆော်ဒီယဉ်ကျေးမှုထက် ပိုသာသည်ဟု မယူဆင့်ပါသလော၊ ကယ်လီဖိုးနီးယား ယဉ်ကျေးမှုမှာ ဂျပန်ယဉ်ကျေးမှုထက် ပိုသာသည်ဟု မယူဆသင့်ပါသလော။

ထို့အပြင် ယဉ်ကျေးမှုနှစ်ခုမှ စံဓလေ့တန်ဖိုးများမှာ သီအိုရီအားဖြင့် တန်းတူဖြစ်စေဦးတော့၊ ရွှေ့ပြောင်းအခြေချခြင်းကိစ္စတွင် လက်တွေ့ပြောရလျှင်မူ အိမ်ရှင်ယဉ်ကျေးမှုက ပိုသာသည်ဟု သတ်မှတ်ရန် တရားနည်း ကျကောင်းကျနေဦးမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံတွင် ဆီလျော်သော စံဓလေ့များ၊ တန်ဖိုးများမှာ အခြေအနေအချိန်အခါ ပြောင်းသွားပါက အလုပ်ကောင်းကောင်း မဖြစ်တော့ပေ။ ခိုင်လုံသော ဥပမာတစ်ခု  တင်ပြပါမည်။ ရှိနေနှင့်ပြီးသား အစွဲအလမ်းများ၊ ခွဲခြားမှုများနောက် ပါမသွားစေရန် စိတ်ကူးယဉ်နိုင်ငံနှစ်ခုဖြင့် တင်ပြပါမည်။ အေးစက်တိုင်းပြည်နှင့် နွေးထွေးတိုင်းပြည်တို့ ဆိုကြပါစို့။ နိုင်ငံနှစ်ခုလုံးမှာ ယဉ်ကျေးမှုအရ မတူခြားနားမှုများ များစွာရှိသည် ဆိုပါစို့။ အထူး သဖြင့် လူသားဆက်ဆံရေးနှင့် လူအချင်းချင်းဆက်ဆံရာတွင် ရှိသည့်  ပဋိပက္ခအပေါ် ရှုမြင်သည့် သဘောထားခြင်း ကွာသည်ဆိုကြပါစို့။ အေးစက်တိုင်းပြည်မှ လူများမှာ မွေးကင်းစကတည်းက အသင်ခံထားရသည်မှာ ကျောင်းတွင်၊ အလုပ်တွင် သို့မဟုတ် မိသားစုထဲတွင်တောင်မှ တစ်ယောက်ယောက်နှင့် ရန်ဖြစ်လျှင် လုပ်ရမည်မှာ မြိုသိပ်ချိုးနှိမ်ထားဖို့  ဖြစ်သည်ဆိုပြီး အသင်ခံထားရသည်။ သူ့အနေနှင့် အော်ကြီးဟစ်ကျယ်လုပ်တာမျိုးကို ရှောင်ရမည်၊ ဒေါသထွက်ပြတာမျိုး ရှောင်ရမည်၊ တစ်ဖက်  လူကို စိန်ခေါ်တာမျိုး ရှောင်ရမည်ဆိုပြီး အသင်ခံထားရသည်။ ဒေါသထွက်ပါက ပြဿနာပိုဆိုးစေသည်ဆိုပြီး သူ့အနေနှင့် နားလည်ထားသည်။  ပြဿနာများ အေးဆေးဖြစ်သည်အထိ ကိုယ့်စိတ်ကိုယ် နိုင်အောင် ထိန်းသည်က ပိုကောင်းသည်ဆိုပြီး အသင်ခံထားရသည်။ တစ်ချိန်တည်းမှာပင် ကိုယ်နှင့် ပြဿနာဖြစ်ထားသည့် သူနှင့် တတ်နိုင်သမျှ ရှောင်ရမည်၊ ရှောင်လို့မရပါက ယဉ်ယဉ်ကျေးကျေးဆက်ဆံ၊ သို့သော် စကားများများမပြောနှင့်။ ပြဿနာတက်နိုင်သော ကိစ္စများကို ရှောင်ရမည် ဆိုပြီး သူ့ကို သင်ထားလေသည်။

တစ်ဖက်တွင် နွေးထွေးတိုင်းပြည်မှ လူများမှာမူ ငယ်စဉ်တောင်ကျေးကစပြီး ကြုံလာသည့် ပဋိပက္ခများကို ရင်ထဲကရှင်းထုတ်ဖို့ အသင်ခံထားရသည်။ သူ့အနေနှင့် ပြဿနာတက်ပါက တနုံ့နုံ့ မကျေမလည် ဖြစ်နေတာမျိုး မဖြစ်ရ၊ ချိုးနှိမ်ပြီးနေတာမျိုး မလုပ်ရဆိုပြီး အသင်ခံ ထားရသည်။ အခွင့်အရေးရသည်နှင့် ကိုယ့်၏ မကျေနပ်မှုများ၊ ခံစား ချက်များကို ဖွင့်ချရမည်။ စိတ်ဆိုးလို့၊ အော်ဟစ်လို့ ရသည်။ တခြား လူတွေကို ကိုယ့်စိတ်ထဲ ဘယ်လိုရှိတယ်ဆိုတာ ပြောလို့ရသည်ဆိုပြီး  ငယ်ငယ်ကတည်းက အသင်ခံထားရသည်။ နှစ်ပေါင်းများစွာ ကြာပြီး  ပြည်တည်နေမည့် ပဋိပက္ခတစ်ခုကို တစ်ခါလောက် အော်ဟစ်ရန်ဖြစ်လိုက်ရုံနှင့် ပြေလည်သွားနိုင်ပါသည်။ ခေါင်းချင်းဆိုင်ရန်ဖြစ်တာက မကောင်းဘူးဆိုပေမယ့် ထိုသို့ ရန်ဖြစ်ပြီးပါက စိတ်ထဲပေါ့သွားမည် ဖြစ်သည်။

နည်းလမ်းနှစ်ခုလုံးမှာ အားသာချက်၊ အားနည်းချက်ကိုယ်စီ ရှိပါသည်။ တစ်နည်းမှာ အခြားတစ်နည်းထက် အမြဲသာသည်ပြောဖို့  ခက်ပါသည်။ နွေးထွေးတိုင်းပြည်တစ်ခုမှ လူတစ်ဦးက အေးစက်တိုင်းပြည်သို့ ရွှေ့ပြောင်းလာပြီး အေးစက်တိုင်းပြည်က ကုမ္ပဏီတစ်ခုမှာ အလုပ် ရသည် ဆိုကြပါစို့။

အဆိုပါနွေးထွေးတိုင်းပြည်မှ လူမှာ ကုမ္ပဏီက လုပ်ဖော်ကိုင်ဖက် တစ်ဦးဦးနှင့် ပြဿနာတက်သည်နှင့် စားပွဲခုံထုပြီး အသံကုန်အော်ဟစ် ရန်လုပ်မည်ဖြစ်သည်။ ထိုသို့လုပ်ခြင်းဖြင့် ပြဿနာကို ပိုဂရုစိုက်ခံရကာ  အမြန်ပြေလည်မည်ဟုလည်း သူက ယူဆမည်ဖြစ်သည်။ နှစ်ပေါင်းများစွာကြာပြီးနောက် အလုပ်တွင် အထက်ရာထူးတစ်နေရာ လွတ်သွားသည်။  နွေးထွေးတိုင်းပြည်မှ ရွှေ့ပြောင်းလာသူမှာ လိုအပ်သော အရည်အချင်း အားလုံးရှိသော်လည်း သူဌေးက အေးစက်တိုင်းပြည်မှ သူတစ်ဦးဦးကိုသာ ရာထူးတိုးပေးဖို့ လိုလားမည်ဖြစ်သည်။ ဘာလို့ နွေးထွေးတိုင်းပြည်က ရွှေ့ပြောင်းလာသူကို ရာထူးတိုးမပေးဘဲ အေးစက်တိုင်းပြည်က သူကိုသာ ရာထူးပေးလိုက်သလဲလို့ မေးလျှင် သူက ဒီလို ပြန်ဖြေမည်ဖြစ်သည် – “ဟုတ်တယ်။ နွေးထွေးတိုင်းပြည်က လာတဲ့လူမှာ အရည်အချင်းတွေ ရှိတယ်ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ သူက သူများနဲ့ ဆက်ဆံတဲ့ နေရာမှာ ပြဿနာအကြီးကြီး ရှိနေတယ်။ စိတ်တိုလွယ်တယ်။ သူ့ဘေးမှာ မလိုအပ်ဘဲ တင်းမာနေတတ်တယ်။ ကျွန်မတို့ ကုမ္ပဏီလုပ်ငန်းခွင်ကို အနှောင့်အယှက်ဖြစ်တယ်” ဆိုပြီး ပြန်ဖြေမည် ဖြစ်သည်။ အေးစက်တိုင်းပြည်သို့ ရွှေ့ပြောင်းလာသည့် နွေးထွေးတိုင်းပြည်မှ ရွှေ့ပြောင်းလုပ်သားများအနေနှင့် အလားတူ ကံကြမ္မာမျိုး ကြုံရမည်ဖြစ်သည်။ သူတို့အများစုမှာ အငယ်တန်းရာထူးတွင်သာ နေရာရမည်ဖြစ်သည်၊ သို့မဟုတ် လုံးလုံးကို အလုပ်ရှာမရတာမျိုး ကြုံရနိုင်သည်။ အကြောင်းမှာ မန်နေဂျာများက နွေးထွေးတိုင်းပြည်ကလူဆိုလျှင် စိတ်တိုလွယ်သည့် ပြဿနာကောင်တွေဆိုပြီး ယူဆထားတာမျိုး ဖြစ်နေနိုင်သောကြောင့် ဖြစ်သည်။ နွေးထွေးတိုင်းပြည်မှ ရွှေ့ပြောင်းလုပ်သားများမှာ အထက် စီနီယာ ရာထူးများ ဘယ်တော့မှ မရသောကြောင့် သူတို့အနေနှင့် အေးစက်တိုင်းပြည်မှ လုပ်ငန်းခွင် ယဉ်ကျေးမှုထုံးဓလေ့ကိုလည်း ပြောင်းဖို့ အလွန်ခက်မည် ဖြစ်သည်။

နွေးထွေးတိုင်းပြည်သို့ ရွှေ့ပြောင်းလာသည့် အေးစက်တိုင်းပြည်မှ  ရွှေ့ပြောင်းအခြေချနေထိုင်သူများလည်း အလားတူအဖြစ်မျိုး ကြုံရမည်ဖြစ်သည်။ နွေးထွေးတိုင်းပြည်မှ ကုမ္ပဏီတစ်ခုတွင် အလုပ်ဝင်သည့်   အေးစက်တိုင်းပြည်မှ သူတစ်ဦးအနေနှင့်လည်း အလုပ်တွင်လည်း မာနကြီးတစ်ခွဲသားနှင့် နေသူ၊ အေးစက်စက်နိုင်သူဆိုပြီး အပြောခံရမည်ဖြစ်သည်။ သူ့တွင် သူငယ်ချင်းလည်း မရှိသလောက်ဖြစ်မည်  ဖြစ်သည်။ လူများက သူ့ကို စိတ်ရင်းဖြင့် မဆက်ဆံသောသူ၊ အခြေခံ လူမှုဆက်ဆံရေးမတတ်သူဟု ယူဆမည်ဖြစ်သည်။ သူ့အနေနှင့်လည်း  အထက်စီနီယာရာထူးများကို ရရှိမည် မဟုတ်ချေ။ သို့ဖြစ်ရာ လုပ်ငန်းခွင်ယဉ်ကျေးမှုထုံးဓလေ့ကိုလည်း သူ ပြောင်းလဲနိုင်မည် မဟုတ်ချေ။ နွေးထွေးတိုင်းပြည်မှ မန်နေဂျာများက ကောက်ချက်ချမည်မှာ အေးစက်တိုင်းပြည်က အလုပ်သမားများမှာ လူမှုဆက်ဆံရေး မကောင်း၊ သို့မဟုတ် အရှက်အကြောက်ကြီးသည်။ သို့ဖြစ်ရာ ဖောက်သည်များနှင့် ဆက်ဆံရမည့် ရာထူးများတွင် ခန့်အပ်ရန်၊ အခြား အလုပ်သမားများနှင့်  နီးကပ်စွာ ပေါင်းသင်းဆက်ဆံရသည့် အလုပ်များတွင် ခန့်အပ်ရန် မသင့်တော်ဆိုပြီး ကောက်ချက်ချမည်ဖြစ်သည်။

ဖြစ်ရပ်နှစ်ခုစလုံးမှာ လူမျိုးရေးခွဲခြားမှုပဲဆိုပြီး အပိုင်ကောက်ချက်ချဖွယ် ထင်စရာရှိပါသည်။ သို့သော် အမှန်တကယ်အားဖြင့် သူတို့မှာ လူမျိုးရေးခွဲခြားခြင်း (racist) မဟုတ်ချေ။ သူတို့မှာ ယဉ်ကျေးမှုဓလေ့  ခွဲခြားသူ (culturalist) များ ဖြစ်ပါသည်။ လူများက အစဉ်အဆက်ရှိခဲ့သည့် လူမျိုးရေးခွဲခြားမှုကို တိုက်ဖျက်ရန် သူရဲကောင်းဆန်ဆန် ဆက်လက်တိုက်ပွဲဝင်လျက်ရှိပါသည်။ သို့သော် စစ်မျက်နှာပြင်မှာ ပုံစံပြောင်းသွားပြီ ဖြစ်ပါသည်။ အစဉ်အဆက်ရှိခဲ့သည့် လူမျိုးရေးခွဲခြားမှုမှာ တဖြည်းဖြည်း ပပျောက်လာသော်လည်း ကမ္ဘာကြီးမှာ ယခုအခါ ယဉ်ကျေးမှု ခွဲခြားသူများနှင့် ပြည့်နှက်နေပါသည်။  

သီဟဝင့်အောင်

(ဆက်လက်ဖော်ပြပါမည်။)

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *