တေးသံရှင် ဖြိုးပြည့်စုံ၏ မီဒီယာတွေ့ဆုံပွဲမှ ပြောကြားကောက်နုတ်ချက်များ

“အခု ဒီအဖြေထွက်လို့သာ လွယ်လွယ်လေး ကျော်ဖြတ်သွားတာ။ ဪ ဘာမှ မဟုတ်ပါဘူး။ ပိုပြီးတော့ ကောင်းလာဖို့ ဖြစ်လာတာပဲဆိုပြီး လက်ခံလိုက်ရတာပါ။ အကယ်၍ ဒီ အဖြေမဟုတ်ခဲ့ဘူးဆိုရင် ကျွန်တော်တို့ သုံးယောက်စလုံး ဘာဖြစ်နေမလဲဆိုတဲ့ မေးခွန်းလေး ကျွန်တော်မေးချင်ပါတယ်”

မူးယစ်ဆေးဝါးသံသယမှုနဲ့ ဖမ်းဆီးစစ်ဆေးခံရပြီး တရားဥပဒေအရ ပြန်လည် လွတ်မြောက်လာတဲ့ တေးသံရှင် ဖြိုးပြည့်စုံက အောက်တိုဘာ ၁၆ ရက်နေ့မှာပြုလုပ်တဲ့ မီဒီယာတွေနဲ့ တွေ့ဆုံပွဲက ပြောကြားချက်တွေကို ကောက်နုတ်ဖော်ပြထားတာပါ။

Voice : အရင်ဆုံး အဲဒီနေ့က အဖြစ်အပျက်လေးကို ပြန်လည်ရှင်းပြပေးပါ။

PPS    : အောက်တိုဘာ ၇ ရက်နေ့မှာ ကျွန်တော်ဦးဆောင်ပြီး ငြိမ်းချမ်းကိုနဲ့ ရော်နီဆန်းလွင်ကို ချိန်းလိုက်တယ်။ မြန်မာပလာဇာအောက်က ကော်ဖီဆိုင်မှာ ဆုံကြတယ်။ အဲဒီနေ့မှာပဲ အလုပ်ကိစ္စ ချိန်းထားတာလေးရှိလို့ နောက်ထပ်ဝိုင်းတစ်ခုမှာ လက်မှတ်သွားထိုးနေခဲ့တယ်။ အဲဒီအချိန်မှာပဲ ကျွန်တော့် သူငယ်ချင်းနှစ်ယောက် တစ်ခုခုဖြစ်သွားပြီးဆိုတာ သိလိုက်ရတယ်။ သူတို့နဲ့ တွေ့တာ ၁၀ မိနစ်လောက်ပဲ ရှိသေးတော့ ကျွန်တော် မသိတဲ့အချိန်မှာ ရန်ဖြစ်လာတာလား၊ ပြဿနာတစ်စုံတစ်ရာ ဘာရှိလာလဲဆိုတာ ကျွန်တော် မသိနိုင်တဲ့အတွက် ဝင်ရောက်ပြီး ကူညီဖြေရှင်းဖို့အတွက် အားမထုတ်နိုင်ခဲ့ဘူး။ ကျန်ခဲ့တယ်ဆိုတာကလည်း နောက်ကွယ်ကနေ သူတို့ကို ကူညီပေးမယ်ဆိုတဲ့ စိတ်နဲ့ ထိုင်နေခဲ့တာပါ။ ပြီးတော့ ကားသော့နဲ့ ပိုက်ဆံအိတ်က ရော်နီဆန်းလွင်ကို ပေးထားခဲ့တာဆိုတော့ မကြာခင်မှာ ကျွန်တော့်ဆီ ပြန်ရောက်မယ်ဆိုတာ သိတယ်။ အဲဒီအချိန်မှာပဲ ကျွန်တော် မျှော်လင့်ထားသလိုပဲ ပြန်ရောက်လာတယ်။ ခေါ်သွားတယ်။ ကားကို ရှာဖွေတဲ့အချိန်မှာ သံသယရှိတာက Play More ပေါ့။ အဲဒီဟာ ကျွန်တော် ဝယ်ထားတာ အရမ်းကြာပြီဖြစ်တဲ့အတွက် ရက်စွဲက လွန်နေပြီ။ အဲဒီလို ဖြစ်နေတဲ့အတွက် အရသာနဲ့ အရောင်က ဘယ်လိုဖြစ်နေလဲဆိုတာ ကျွန်တော် မမျှော်လင့်နိုင်ဘူး။ ဒါပေမဲ့ ဒီဘူးလေးက ကျွန်တော့် အိတ်ထဲမှာ ရှိနေတယ်။ အဲဒီအချိန်မှာ ကျွန်တော် နောင်တတော်တော်ရတယ်။ ဘာဖြစ်လို့ ရက်စွဲလွန်နေတဲ့အထိ သိမ်းထားရတာလဲ။ အဲဒီအချိန်မှာ သူတို့က ဒီဘူးကို မူးယစ်ဆေးဝါးပါလို့ ပြောပါတယ်။ အဲဒီအချိန်မှာ ကျွန်တော် အမှန်တိုင်းဝန်ခံတယ်။ ဒီပစ္စည်းသည် သကြားလုံးပါ။ ယိုးဒယားက ဝယ်လာတယ်။ တစ်နေ့ကို ကျွန်တော် ၄၊ ၅ လုံး စားပါတယ်။ စားတဲ့အချိန်မှာလည်း ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်း မရှိပါဘူး။ အနံ့အရသာလည်း ရှိပါတယ်။ မယုံရင် စားကြည့်ပါလို့ အဲဒီလိုမျိုးတွေ ဖြေရှင်းကြတယ်။ ဒါပေမဲ့ မူးယစ်ရဲတပ်ဖွဲ့ကတော့ ကျွန်တော်ရဲ့ဖြေရှင်းချက်တွေကို လက်ခံနိုင်စွမ်း မရှိဘူး။ ဒီနေရာမှာ ဖြေရှင်းလို့ မရဘူး၊ ခေါ်ဆောင်သွားမှ ရမယ်ဆိုပြီး ကျွန်တော့်ကားနဲ့ပဲ ထိန်းသိမ်းခြင်းခံရပြီး ရောက်သွားတယ်။ အဓိကတော့ သက်သေခံပစ္စည်းတစ်ခုနဲ့ ရှာဖွေတွေ့ရှိတယ်ဆိုတော့ အမှုဖွင့်ရတော့မယ်။ ဒီပစ္စည်း မှန်ကန်စေကြောင်း ပိုသေချာစေချင်တဲ့အတွက် နေရာတစ်နေရာကို သွားပြီး စစ်ဆေးဖို့အတွက် Play More Candy တစ်လုံးကို ယူသွားပါတယ်။ နာရီဝက်လောက်ကြာပြီး ပြန်ရောက်လာတဲ့အချိန်မှာ အရောင် ပြောင်းလဲမှုရှိတဲ့အတွက်  Ketamine ဟု ယူဆသော ခေါင်းစဉ်နဲ့ အမှုဖွင့်ခံလိုက်ရပါတယ်။ အဲဒီနေ့ညမှာပဲ ၂ နာရီခွဲအထိ စစ်ဆေးခြင်းခံရတယ်။ အဲဒီညမှာတော့ ကျွန်တော်တို့ ထိန်းသိမ်းခြင်း ခံလိုက်ရပါတယ်။

Voice : ကိုယ့်သူငယ်ချင်းနှစ်ယောက်ကို ဖမ်းဆီးနေတာ တွေ့လိုက်တဲ့အချိန်မှာ စိတ်ခံစားချက်က ဘယ်လိုဖြစ်လဲ။

PPS    : ကျွန်တော် တော်တော်သွေးပျက်သွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ချိန်းထားတဲ့ သူငယ်ချင်းနှစ်ယောက်က မမျှော်လင့်ဘဲ ဒီကိစ္စက ဖြစ်သွားတယ်။ ကိုယ့်မှာလည်း သွယ်ဝိုက်ပြီးတော့ တာဝန်ရှိတယ်လို့ ခံစားလိုက်ရတယ်။ ဖြိုးပြည့်စုံရဲ့Candy ကြောင့် သူတို့နှစ်ယောက်က သုံးရက်တာ ထိန်းသိမ်းခံလိုက်ရတယ်လို့ ခံစားတဲ့အတွက် ကျွန်တော့်မှာ ၁၀၀ ရာခိုင်နှုန်း တာဝန်ရှိတယ်။ အကယ်၍ တစ်ခုခုဖြစ်ခဲ့ရင်တောင် ဒီပစ္စည်းသည် ကျွန်တော့်ကား၊ လွယ်အိတ်ထဲမှာ တွေ့တာဖြစ်တဲ့ အတွက် ခင်ဗျားတို့  နှစ်ယောက်ကွင်းလုံးကျွတ်လွတ်မှာလို့ အားပေးခဲ့တယ်။

Voice : Ketamine အဖြေထွက်လာချိန်မှာ ကိုယ့်ကိုယ်ကိုယ်ဘယ်လောက်ထိ တွေးထားလိုက်လဲ။

PPS    : Ketamine ယူဆရတဲ့ အဖြေထွက်သွားတဲ့အချိန်မှာတော့ တစ်ရက်နဲ့ မပြီးတော့ဘူးဆိုတာ သိသွားတယ်။ တစ်ရက်နဲ့ မပြီးဘဲ ဘယ်လောက်ကြာမှာလဲဆိုတာ မသိနိုင်ဘူး။ စိုးရိမ်စိတ် မရှိဘူးလားဆိုတော့ ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ မူးယစ်ဆေးဝါးနောက်ဆက်တွဲမှာဖြစ်လာတဲ့ ပြဿနာတွေမှာ လွယ်လွယ်ကူကူနဲ့ အပြင်ထွက်တဲ့ အခွင့်အရေးဆိုတာ သိပ်မရှိဘူးဖြစ်တဲ့အတွက် အရမ်းစိုးရိမ်မိတယ်။

Voice : ကိုယ့်အတွက် ထိခိုက်နစ်နာမှုဆို ဘာတွေဖြစ်မလဲ။

PPS    : သုံးရက်ထဲဆိုပေမယ့် တကယ့် တကယ်က ကျွန်တော်တို့ သုံးယောက် စလုံးအတွက် သုံးကမ္ဘာလို့ ခံစားရပါတယ်။ ဒါတွေကတော့ ကိုယ်တိုင်ကြုံဖူးတဲ့ သူတွေမှ သိမှာဖြစ်တဲ့အတွက် စကားနဲ့ပဲ ပြောပြတာပါ။ အဲဒီသုံးကမ္ဘာလောက် ခံစားနေရတဲ့အချိန်တွေမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုတွေ ရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုကတော့ ဖမ်းဆီးမှုမှာ ဥပဒေပလုပ်တဲ့ လုပ်ရပ်တွေကနေ စတာပေါ့။ လူမြင်ကွင်းမှာ လက်ထိပ်ခတ်ခံရတာကနေ ကိုယ်ထိလက်ရောက် ထိခိုက်မိတာတွေက အပါ အဝင်ပေါ့။ ပြီးတော့ကျွန်တော်တို့ရဲ့ နှစ်ပေါင်းများစွာတည်ဆောက်လာတဲ့ ပုံရိပ်တွေကို ထိခိုက်တယ်။ အခု ဒီအဖြေ ထွက်လို့သာ လွယ်လွယ်လေး ကျော်ဖြတ်သွားတာ။ ဪ ဘာမှ မဟုတ်ပါဘူး။ ပိုပြီးတော့ ကောင်းလာဖို့ ဖြစ်လာတာပဲ ဆိုပြီး လက်ခံလိုက်ရတာပါ။ အကယ်၍ ဒီအဖြေ မဟုတ်ခဲ့ဘူးဆိုရင်ကျွန်တော်တို့ သုံးယောက်စလုံး ဘာဖြစ်နေမလဲဆိုတဲ့ မေးခွန်းလေး ကျွန်တော်မေးချင်ပါတယ်။

Voice : ဗီဒီယိုဖိုင်မှာ တွေ့ရတဲ့ ကိုယ်ထိလက်ရောက်လုပ်ပြီး ခေါ်သွားတဲ့ သူကို ဘယ်လိုမျိုးတုံ့ပြန်သွားဖို့စီစဉ်ထားလဲ။

PPS    : ဒီပုဂ္ဂိုလ်ကို ကျွန်တော် ပြဿနာပြန်ရှာပြီးတော့ တရားစွဲဆိုတာလည်းကောင်း၊ ထောင်ကျတာလည်းကောင်း လုပ်တာထက် ကျွန်တော်တို့ ဆိုလိုချင်တဲ့ အဖြေကတော့ နောင်နောင်မှာ ဒီလိုကိစ္စရပ်မျိုးနဲ့တူတဲ့ကိစ္စတွေမှာ ကျွန်တော်တို့ ပြယုဂ်လေးတစ်ခုက သက်သေတစ်ခု အနေနဲ့ မလုပ်သင့်ဘူး၊ မလုပ်ရဘူး၊မလုပ်ဖြစ်ဘူးဆိုတဲ့ အဖြေအထိ သွားချင်ပါတယ်။ အဲဒါတော့ တစ်ဦးတစ်ယောက်ကို အပြစ်ပေး အရေးယူတာထက်ပိုပြီး ထိရောက်ပြီး ပိုပြီးကောင်းမွန်တဲ့ နည်းလမ်းလို့ ကျွန်တော်လို့ ထင်ပါတယ်။ ငြိမ်းချမ်းကိုရဲ့ ရင်ထဲမှာလည်း သူ ခံလိုက်ရပေမယ့် ဒီလိုရလဒ်မျိုး တိုင်းပြည်အတွက် အဖြေတစ်ခု ထွက်လာမယ်ဆိုရင် သူ ကျေနပ်မယ်လို့ ကျွန်တော် ထင်ပါတယ်။

ဆုအိန္ဒြဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *