သမိုင်းထဲက ‘ဖဆပလ’ ခေတ်ပြိုင်နိုင်ငံရေးမှ ‘NLD’ နှိုင်းယှဉ်လေ့လာချက်

သမိုင်းထဲက ‘ဖဆပလ’

‘ဖဆပလ’ အဖွဲ့ကြီး၏သမိုင်းကို ကာလအပိုင်းအခြားသုံးရပ်ခွဲ၍ လေ့လာလိုသည်။ ပထမကာလကို စတင်ထူထောင်စဉ်မှ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပသည့်ကာလဟု သတ်မှတ်ပါသည်။ (၁၉၄၄ – ၁၉၄၆)။ ဒုတိယကာလကို ကွန်မြူနစ်ပါတီ ကွဲစဉ်ကာလမှ အာဏာရဆိုရှယ်လစ်ပါတီမှ အလုပ်သမား လယ်သမားပါတီ (ဆိုရှယ်နီ) ခွဲထွက်သည်အထိဟု သတ်မှတ်ပါမည်။ (၁၉၄၆ – ၁၉၅၀)။ တတိယကာလကိုကား တပ်ပေါင်းစုဘ၀မှ ပါတီဘ၀သို့ လျှောကျပြီး နောက်ဆုံး သန့်ရှင်းတည်မြဲ ကွဲသည်မှ ဖျက်သိမ်းခံရသည်အထိ သတ်မှတ်လိုသည်။ (၁၉၅၀ – ၁၉၆၄)။

– ပထမကာလ (၁၉၄၄ – ၁၉၄၆)

နောင်တွင် ဖဆပလဖြစ်လာမည့် ‘ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့’ ကို ၁၉၄၄ ခုနှစ် ဩဂုတ် ၇ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ဗမာပြည် ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီနှင့် ဗမာ့မျိုးချစ်တပ်မတော်တို့နှင့် ‘တပ်ပေါင်းစု’ (Front/League) သဘော ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အဖွဲ့တစ်ဖွဲ့မှ ပုဂ္ဂိုလ်သုံးဦးစီနှင့် ဗဟိုဦးစီးအဖွဲ့ကို လူကိုးဦးဖြင့် ဖွဲ့စည်းခဲ့သည်။ ကွန်မြူနစ်ပါတီနှင့် ပြည်သူ့အရေးတော်ပုံပါတီကို ‘တော်လှန်ရေးတပ်ဦး’ အမည်ဖြင့် စုစည်းကာ ‘Fraternal unity’ သဘောအထိ အဆင့်မြင့်တိုးချဲ့ရန် ရည်မှန်းချက်ရှိခဲ့သည်။ (သို့သော် မအောင်မြင်ခဲ့ပါ)

စစ်ကြီးအပြီး ၁၉၄၅ တွင် တစ်သီးပုဂ္ဂလ ပုဂ္ဂိုလ်များကိုပါ စုစည်းပြီး ဗဟိုဦးစီးအဖွဲ့ကို ၁၆ ဦးဖြင့် တိုးချဲ့ဖွဲ့စည်းခဲ့သည်။ ၁၉၄၆ ဇန်နဝါရီလ ၁၇ ရက်မှ ၂၃ ရက်ထိ ကျင်းပသော ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပချိန်တွင်မူ ပါတီအဖွဲ့အစည်းပေါင်း ၁၅ ဖွဲ့ ရှိနေပြီဖြစ်သည်။ ထိုအထဲတွင် လူမျိုးစုအဖွဲ့အစည်းလေးခုလည်း ပါဝင်သည်။ ဗဟိုဦးစီးအဖွဲ့မှာလည်း ၃၆ ဦးအထိ ရှိလာသည်။

ဤကာလအတွင်း ဖက်ဆစ်ဂျပန်ကို အနိုင်တိုက်နိုင်ခဲ့ပြီး လွတ်လပ်ရေးတိုက်ပွဲအတွက် ပြင်ဆင်နိုင်ခဲ့သည်။ ၁၉၄၅ ဩဂုတ် ၁၉ ရက်က အတည်ပြုခဲ့သော ဖတပလဖွဲ့စည်းပုံဥပဒေ (ယာယီ) တွင် အဖွဲ့ချုပ် ရည်ရွယ်ချက်ကျပ် တိုင်းရင်းသားအရေးကို ယခုလို အတိအလင်း ဖော်ပြထားသည်။ “ဗမာပြည်ကို ဗမာပြည်ရှိ တိုင်းရင်းသားလူမျိုး အသီးသီးတို့အားလုံး သဘောတူလွတ်လပ်စွာ ဖွဲ့စည်းထားသော တိုင်းပြည်ကြီး ထူထောင်ရန်။ ဤသို့ တည်ထောင်ရာ၌ ပါဝင်သော လူမျိုးအသီးသီးအား မိမိတို့ကံကြမ္မာကို မိမိတို့ဘာသာ ဖန်တီးနိုင်သော အခွင့်အရေးပေးထားရန်။” ဟူ၍ ဖြစ်သည်။ အမျိုးသားစည်းလုံး ညီညွတ်ရေး အခိုင်မာဆုံးတည်ဆောက်နိုင်သည့်ကာလဟု ဆိုနိုင်ပါလိမ့်မည်။ ဖဆပလအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ဆန်းသည်လည်း လူထုခေါင်းဆောင်အဖြစ်မှ အမျိုးသားခေါင်းဆောင်အဖြစ်သို့ တက်လှမ်းနိုင်ခဲ့သည့် ကာလပိုင်းအခြား ဖြစ်ပါသည်။

– ဒုတိယကာလ (၁၉၄၆ – ၁၉၅၀)

တည်ဆောက်ထားသော အမျိုးသားစည်းလုံးညီညွတ်ရေး တဖြည်းဖြည်းပြိုကွဲလာရာမှ နောက်ဆုံး ပြည်တွင်းစစ်ကြီး ဖြစ်ခဲ့ရသည့် ဇာတ်ကွက်ဖြစ်ပါသည်။

ပထမဆုံး ပြိုကွဲသွားသည်မှာ ဖဆပလ၏ မဏ္ဍိုင်တစ်ခုဖြစ်သော ဗမာပြည်ကွန်မြူနစ်ပါတီ ဖြစ်သည်။ ၁၉၄၆ ဖေဖော်ဝါရီ ၂၂ တွင် သခင်စိုးဦးဆောင်ပြီး အလံနီကွန်မြူနစ်ပါတီ ခွဲထွက်သွားသည်။ ၁၉၄၆ အောက်တိုဘာ ၂၈ ရက်တွင် ဖဆပလဖွဲ့စည်းပုံဥပဒေ (ယာယီ)၊ ပုဒ်မ ၆ အရ ကွန်မြူနစ်ပါတီကို ဖဆပလမှ ထုတ်ပစ်လိုက်သည်။ ဤတွင် ပြည်သူ့ရဲဘော်အဖွဲ့မှ ကွန်မြူနစ်လိုလားသော ‘တပ်နီ’ များက ဖဆပလမှထွက်ပြီး ကွန်မြူနစ်နှင့် ပေါင်းသွားကြသည်။ ၁၉၄၇ ဧပြီ ၉ ရက်တွင် ‘တိုင်းပြည်ပြုလွှတ်တော်ရွေးကောက်ပွဲ ပြုလုပ်ခဲ့ရာ ဖဆပလက ပြည်မအမတ် ၁၈၂ နေရာအနက် ၁၇၁ နေရာ ရသည်။ ကွန်မြူနစ်ပါတီက ၂၂ နေရာဝင်ပြိုင်ရာ ခုနစ်နေရာ ရသည်။

လွတ်လပ်ရေးမရမီကပင် အလံနီကွန်မြူနစ်ပါတီမှာ ‘သပိတ်စုံ သူပုန်ထ’ လမ်းစဉ်ဖြင့် ‘မြို့ခို’ နေခဲ့သည်။ အလံနီဩဇာလွှမ်းသော ရခိုင်တွင်မူ လက်နက်ကိုင်တိုက်ပွဲများ စတင်နေပြီဖြစ်သည်။ ၁၉၄၈ မတ်လ ၂၇ ရက်ညတွင် အာဏာရ ဖဆပလမှ ကွန်မြူနစ်ခေါင်းဆောင်များကို ဖမ်းဆီးခဲ့ရာ မတ်လ ၂၈ ရက်တွင် ကွန်မြူနစ်ပါတီ တောခိုသွားသည်။ ၁၉၄၈ မေ ၂၅ ရက်တွင် ဝန်ကြီးချုပ် ဦးနု၏ ‘လက်ဝဲညီညွတ်ရေးမူ ၁၅ ချက်’ (နု-မူ) ထွက်ပေါ်လာသည်။ နုမူကို လက်မခံ သော ရဲဘော်ဖြူများက ‘ပြည်သူ့ရဲဘော်ပါတီ’ (PCP) ထူထောင်ပြီး တောခိုသွားသည်။ နုမူကိုလက်ခံသော ရဲဘော်ဝါများကမူ ဖဆပလတွင် ကျန်ရစ်သည်။ ဆက်တိုက်ဆိုသလိုပင် ကရင်အမျိုးသားလှုပ်ရှားမှုများ၊ မွန်အမျိုးသားလှုပ်ရှားမှုများ၊ ပအို့ဝ်အမျိုးသားလှုပ်ရှားမှုများ ပေါ်လာသည်။ နောက်ဆုံး အာဏာရဆိုရှယ်လစ်ပါတီမှ ဆိုရှယ်နီများ ကွဲထွက်သွားတော့သည်။

ဤကာလ၏ ကနဦးပိုင်းမှာပင် ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့ရသည်။ အမျိုးသားစည်းလုံးညီညွတ်မှု ပြိုကွဲမှု၏ ရလဒ်ဖြစ်ပါသည်။

– တတိယကာလ (၁၉၅၀ – ၁၉၆၄)

ဤကာလ စသည်ဆိုသည်နှင့် ဖဆပလအဖွဲ့ကြီးမှာ ‘တပ်ပေါင်းစု’ မဟုတ်တော့ဘဲ ပါတီ (ဆိုရှယ်လစ်ပါတီ) နှင့် တစ်သီးပုဂ္ဂလအချို့သာ ကျန်ရစ်တော့သည်။ နောက်ဆုံး သန့်ရှင်းတည်မြဲကွဲသွားပြီး ၁၉၆၀ ရွေးကောက်ပွဲအပြီးတွင် အနိုင်ရလိုက်သော သန့်ရှင်းဖဆပလက ‘ပြည်ထောင်စုပါတီ’ (ပထစ) အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ၁၉၆၄ မတ်လ ၂၈ ရက်တွင် ‘အမျိုးသားစည်းလုံးညီညွတ်ရေး ကာကွယ်သည့် ဥပဒေ’ ထွက်ပေါ်လာရာ ပါတီအားလုံး ဖျက်သိမ်းခံလိုက်ရသည်။

ဖဆပလအဖွဲ့ကြီးက ပေးခဲ့သော သမိုင်းသင်ခန်းစာကို ယခုလို ချုံ့ယူနိုင်ပါလိမ့်မည်။

၁။ မြန်မာနိုင်ငံလို ဒီမိုကရေစီ မရင့်ကျက်သောနိုင်ငံများတွင် မည်သည့်ပါတီကမှ ပြည်ထောင်စုကြီးတစ်ခုလုံးကို ဦးဆောင်နိုင်စွမ်းမရှိပါ။ တိုင်းရင်းသားလူနည်းစုများ အပါအဝင် လူမျိုးပေါင်းစုံကို စုစည်းထားနိုင်သည့် ‘တပ်ပေါင်းစု’ ကသာလျှင် ဤတာဝန်ကို ထမ်းဆောင်နိုင်ပါလိမ့်မည်။
၂။ တပ်ပေါင်းစုနိုင်ငံရေး အားကောင်းနေသည်နှင့်အမျှ အမျိုးသားစည်းလုံးညီညွတ်ရေး ခိုင်မာနေပါလိမ့်မည်။ တပ်ပေါင်းစုနိုင်ငံရေး ပြိုကွဲလာလျှင်မူ အမျိုးသားစည်းလုံးညီညွတ်ရေး ပြိုကွဲပြီးသကာလ နောက်ဆုံး ပြည်တွင်းစစ်အန္တရာယ်နှင့်ပင် တိုးနိုင်ပါသည်။
၃။ တပ်ပေါင်းစုနိုင်ငံရေး ပျောက်ဆုံးပြီး သူ့ပါတီ၊ ကိုယ့်ပါတီ မညီမညွတ်ဖြစ်နေကြလျှင် ပြည်တွင်းစစ် တာရှည်လာသည်နှင့်အမျှ အားကောင်းမောင်းသန်ဖြစ်လာသော ‘စစ်ဘောင်’ ၏ လွှမ်းမိုးမှုနှင့်ပင် ရင်ဆိုင်ရနိုင်စရာ ရှိသည်။

ခေတ်ပြိုင်နိုင်ငံရေးမှ ‘NLD’

NLD သည် လူထုတိုက်ပွဲ (ရှစ်လေးလုံးအရေးတော်ပုံ) မှ ထွက်ပေါ်လာသည်ဖြစ်ရာ လူထုအတွက် ‘လာခြင်းကောင်းသော NLD’ ဖြစ်ခဲ့သည်။ ထို့ထက် NLD ကို အဓိကဦးဆောင်သူမှာ ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဒေါ်အောင်ဆန်းစုကြည်ဖြစ်ရာ ဖခင် အောင်ဆန်း၏ မပြီးပြတ်သေးသော ‘တိုင်းပြည်တည်ဆောက်ရေး’ (Nation Building) ကို သမီးအောင်ဆန်းက ဆက်လက်တာဝန်ယူလိမ့်မည်ဟုလည်း မျှော်လင့်ခဲ့ကြသည်။ ယခုချိန်ထိ NLD ဖြတ်သန်းခဲ့သောခရီးကို ကာလနှစ်ခု ပိုင်းခြားဖော်ပြလိုသည်။ ‘အတိုက်အခံ ဘ၀’ (၁၉၈၈ – ၂၀၁၅) နှင့် ‘အာဏာရပါတီဘ၀’ (၂၀၁၆ မှ ယနေ့ထိ) တို့ ဖြစ်သည်။

– အတိုက်အခံဘ၀ (၁၉၈၈ – ၂၀၁၅)

စတင်ပေါ်ထွက်လာစဉ်က NLD မှာ ‘တပ်ပေါင်းစုအသွင်’ နှင့် ဖြစ်သည်။ ဦးအောင်ကြီး၊ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဗဟိုပြုပြီး တစ်ဖွဲ့လျှင် လေးဦး၊ စုစုပေါင်း ၁၂ ဦးဖြင့် အလုပ်အမှုဆောင် အဖွဲ့ကို ဖွဲ့ခဲ့ကြသည်။ ‘နိုင်ငံလုံးဆိုင်ရာ ဦးစီးအဖွဲ့’ ကိုလည်း တစ်ဖွဲ့လျှင် ၁၀ ဦးစီ၊ စုစုပေါင်း ၃၀ ဖြင့် ဖွဲ့စည်းခဲ့သည်။ သမိုင်းထဲသို့ တိုးဝင်ပျောက်ကွယ်သွားသော ဖဆပလ၏နေရာ အစားဝင်မည့် တပ်ပေါင်းစုကြီးအဖြစ် လူထုက မျှော်လင့်ခဲ့ကြသည်။

ပထမဆုံး ပဲ့ထွက်သွားသည်မှာ ဦးအောင်ကြီးနှင့်အဖွဲ့ ဖြစ်သည်။ သို့သော် လူထုက စိတ်မပျက်။ ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ဝန်းရံခဲ့ကြသည်။ ဤအချိန်မှာပင် တိုင်းရင်းသားပါတီ ၂၁ ဖွဲ့ စုစည်းပြီး ‘ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်’ (UNLD) ကို ဖွဲ့စည်းခဲ့ကြသည်။ NLD နှင့် UNLD တို့ ပူးတွဲပြီး ‘ဗိုလ်အောင်ကျော်လမ်း ပူးတွဲကြေညာချက်’ ကို ထုတ်ပြန်ခဲ့ရာ ကျယ်ပြန့်သော တပ်ပေါင်းစုကြီးဖြစ်တော့မည်ဆိုသောအတွေးဖြင့် လူထုမှာ အားတက်ဝမ်းသာ ဖြစ်ခဲ့ရသည်။ သို့တိုင် ၁၉၉၀ ရွေးကောက်ပွဲ နီးလာသည်အထိ ‘တပ်ပေါင်းစု ဖွဲ့စည်းရေး’ ကို ပီပီသသ မကြားရသေး။ ထိုစဉ်က အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စောမောင်က “ပါတီက ၂၀၀ ကျော်၊ ကျွန်တော်က တစ်ယောက်ထဲ။ ဘယ်လိုတွေ့မလဲဗျာ” ဟု ဆိုသောအခါ တိုင်းရင်းသားပါတီများအပါအဝင် ပါတီအားလုံးနီးပါးက ‘ဒေါ်အောင်ဆန်းစုကြည်ကို သူတို့အားလုံး၏ ကိုယ်စားလှယ်အဖြစ်’ တစ်ခဲနက် ရပ်ခံခဲ့ကြသည်။

၁၉၉၀ ရွေးကောက်ပွဲတွင် NLD သောင်ပြိုကမ်းပြို နိုင်သည်။ သို့တစေ ထိုစဉ်က အစိုးရက ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြု။ သို့ဖြင့် NLD နှင့် တိုင်းရင်းသားပါတီများမှာ ရှည်ကြာခက်ခဲသော ခရီးရှည်ခရီးကြမ်းကြီးကို ဖြတ်ခဲ့ရသည်။ ၂၀၁၀ ရောက်တော့မှ ၂၀၀၈ အခြေခံဥပဒေဖြင့် နောက်ထပ်ရွေးကောက်ပွဲကို ကျင်းပပေးခဲ့သည်။ NLD နှင့် တိုင်းရင်းသားပါတီအချို့ သပိတ်မှောက်ခဲ့ကြသော်လည်း တိုင်းရင်းသားပါတီတော်တော်များများ ရွေးကောက်ပွဲဝင်ခဲ့ကြသည်။ ၂၀၁၂ ကြားဖြတ်ပွဲရောက်တော့မှ NLD ပြန်ဝင်သည်။ သပိတ်မှောက်ထားသော တိုင်းရင်းသားပါတီများလည်း မှတ်ပုံပြန်တင်ကြသည်။

သည်လိုနှင့် ၂၀၁၅ ရွေးကောက်ပွဲသို့ ရောက်လာသည်။ မဲ မကွဲစေချင်သောဆန္ဒဖြင့် လူထုက NLD ကို ပုံအောမဲပေးခဲ့ရာ NLD ပင် သောင်ပြိုကမ်းပြို နိုင်သည်။ လူမျိုးစုဒေသ ပြည်နယ်များမှာဆိုလျှင် ၎င်းတို့သက်ဆိုင်ရာ တိုင်းရင်းသားပါတီကိုကျော်ပြီး NLD ကို မဲပေးကြသည်များပင် ရှိသည်။ ၂၀၁၅ ရွေးကောက်ပွဲကား ကမ္ဘာကပင် ‘အသံတိတ် ဆန္ဒဖော်ထုတ်မှုကြီး’ အဖြစ် ချီးကျူးဂုဏ်ပြုခဲ့ရသော အရေးတော်ပုံကြီးဟု ဆိုနိုင်သည်။

NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာလည်း တာဝန်ကျေပွန်ခဲ့ပြီဖြစ်သော အတိုက်အခံခေါင်းဆောင်ဖြစ်လာသည်။ ‘လူထုခေါင်းဆောင်’ ဆိုသော ပြည်သူလူထု အပ်နှင်းသည့်ဘွဲ့ကို ထိုက်ထိုက်တန်တန် ရခဲ့သည်။ သို့တိုင် တပ်ပေါင်းစုနိုင်ငံရေးကား ပျောက်ခြင်းမလှ ပျောက်နေဆဲ ….။

– အာဏာရပါတီဘ၀ (၂၀၁၆ – )

NLD ပါတီ အာဏာရလာခဲ့သည်မှာ လေးနှစ်နီးပါးကြာခဲ့ပြီဖြစ်သော်လည်း ပြည်သူလူထု၏ လိုအင်ဆန္ဒကို အပြည့်အဝ အကောင်အထည်ဖော်နိုင်သေးသည်တော့ မဟုတ်ပါ။ အထူးသဖြင့် တိုင်းရင်းသားတွေ မျှော်လင့်ခဲ့ကြသော ‘တိုင်းပြည်တည်ဆောက်ရေး’ မျှော်လင့်ချက်များမှာ ယခုချိန်ထိ အဟောသိကံ ဖြစ်နေရဆဲပင်။ အခြေခံဥပဒေပြင်ဆင်ရေးအတွက် NLD ဦးဆောင်ဖွဲ့စည်းသော ကော်မတီတွင် ပုဒ်မ ၂၆၁ အပါအဝင် တိုင်းရင်းသားရေးရာများ မပါသလောက် ဖြစ်နေသည်။ လက်တွေ့မြေပြင်တွင်ကား တံတားကိစ္စ၊ ရုပ်တုကိစ္စများဖြင့် မလိုလားအပ်သော အဓိကရုဏ်းများကို ကြုံနေရသည်။

NLD အနေနှင့် ဖဆပလ အဖွဲ့ကြီးက ပေးခဲ့သော သင်ခန်းစာကို ဆင်ခြင်စေချင်သည်။ မူလရည်မှန်းချက်ဖြစ်သော တပ်ပေါင်းစုနိုင်ငံရေးကို အသက်သွင်းစေချင်သည်။ NLD ခေါင်းဆောင်ကိုလည်း လူထုခေါင်းဆောင်ထက် ပိုမြင့်သော အမျိုးသားခေါင်းဆောင်အထိ မျှော်လင့်ချက်ထားလိုသည်။ အချိန်ရှိပါသေးသည်။ NLD အောင်မြင်ပါစေ …. 

ကျော်ဝင်း
၁၅ အောက်တိုဘာ၊ ၁၉

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *