၂ နှစ်အတွင်း နိုင်ငံတကာမှပေးအပ်သည့် ဆုငါးခုအထိ မန်းစည်ပင်ရရှိ

မန္တလေး၊ အောက်တိုဘာ ၁၇

ခေတ်မီနည်းပညာများ အသုံးပြုခြင်းအပါအဝင် မြို့တော်သူမြို့တော်သားများ၏ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနေသည်ဟူသော မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီသည် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ် ၂ နှစ်အတွင်း နိုင်ငံတကာက ပေးအပ်သည့် အသိအမှတ်ပြုဆုတံဆိပ်ငါးခုအထိ ရရှိထားကြောင်း  မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်က ပြောကြားသည်။

၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်အတွက် Top 10 ASEAN Smart Cities တွင် အမှတ်စဉ် ၅ နေရာ၌ ၂ နှစ် ဆက်တိုက်ရပ်တည်နေခြင်း၊ ကျုံးဘေးတွင် တည်ဆောက်ထားသည့် အများသုံးသန့်စင်ခန်းသည် ASEAN Public  Toilet Award 2019-2021  ၂၀၁၉ – ၂၀၂၁ ဆု  ရရှိခဲ့ခြင်း၊ ပြည်ပရောက် မြန်မာနိုင်ငံသားများက ပေးအပ်သည့် ၂၀၁၉ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုကို အစိုးရအဖွဲ့အစည်းများထဲတွင် ပထမဆုံးအကြိမ် ချီးမြှင့်ခံရခြင်းတို့ ရရှိခဲ့သည်။

ယင်းအပြင် ဂျပန်နိုင်ငံ တိုကျိုမြို့အခြေစိုက် Asian-Oceanian Computing Industry Organization မှ ပေးအပ်သည့်  ASOCIO Smart City Award  2019 နှင့် The Rising Star Award of Govlnsider တို့ကိုလည်း ရရှိထားကြောင်း မြို့တော်ဝန်၏ လူမှုကွန်ရက်မှ တစ်ဆင့်ကြေညာသည်။

နောက်ဆုံးရရှိထားသည့် The Rising Star Award of Govlnsider သည် အာဆီယံဒေသတွင်း နိုင်ငံများရှိ အစိုးရများ၏ ပြုပြင်ပြောင်းလဲတီထွင်ဆန်းသစ်မှုများကို အစီရင်ခံရေးသားသည့် စင်ကာပူနိုင်ငံ အခြေစိုက် Govlnsider မဂ္ဂဇင်းက ပေးအပ်ခြင်းဖြစ်ပြီး International  Panel of Judges များမှ အကဲဖြတ်ရွေးချယ်ခြင်း ဖြစ်ကြောင်း မြို့တော်ဝန်က ဆိုသည်။

ယင်းဆုပေးပွဲကို ထိုင်းနိုင်ငံရှိ UN  Conference Centre တွင် အောက်တိုဘာလ ၁၆ ရက်က ကျင်းပခဲ့ပြီး ကိုယ်တိုင်သွားရောက် မယူနိုင်သဖြင့် ကျေးဇူးတင်ဝမ်းမြောက်ကြောင်း ဗီဒီယိုဖိုင်ကို ပေးပို့ခဲ့ကြောင်း ဒေါက်တာရဲလွင်က ပြောသည်။

“ပြုပြင်ဆောင်ရွက်တဲ့အခါ သမားရိုးကျ မဟုတ်တဲ့ လမ်းကြောင်းသစ်၊ စနစ်သစ်များနဲ့ အကောင်အထည်ဖော်နိုင်ခြင်း၊ ဝန်ထမ်းများ၊ မြို့သူမြို့သားတွေကို စိတ်ဓာတ်ရှင်သန်နိုးကြားစေနိုင်ခြင်းတို့ကို  အခြေခံပြီး ရွေးချယ်ခဲ့တာပါ”ဟု ၎င်းက ဆိုသည်။

လူမှုကွန်ရက်မှတစ်ဆင့် ပြည်သူများ၏ တင်ပြချက်များကို ဒေါက်တာရဲလွင် ကိုယ်တိုင် ဖြေဆိုရှင်းလင်းပေးခြင်းကြောင့်လည်း ပြည်သူများနှင့် ပို၍ထိတွေ့သည့် အဖွဲ့အစည်းအဖြစ် လက်ခံထားကာ မကြာမီက လုပ်ဆောင်ခဲ့သည့် ‘မန္တလေးမြို့တော်စည်ပင်သို့ တိုင်ကြားတင်ပြချက်များ’အမည်ရှိ Facebook Group သည် နှစ်ပတ်အတွင်း အဖွဲ့ဝင်တစ်သောင်း နှစ်ထောင်ကျော်အထိရှိပြီး ပြည်သူများမှ ကြုံတွေ့နေရသည့် အခက်အခဲများကို နေ့စဉ်တင်ပြခွင့်ရရှိနေသည်။

မိမိတို့ ဝန်းကျင်ရှိ အမှိုက်၊ ရေမြောင်း စသည့် မြို့တော်သန့်ရှင်းသာယာလှပရေးနှင့် ဆိုင်သည့် ကိစ္စရပ်များကို တိုက်ရိုက်တိုင်ကြားနိုင်ပြီး မြို့တော်ဝန်ကိုယ်တိုင် သက်ဆိုင်ရာတာဝန်ရှိသူများကို ဖြေရှင်းပေးစေသည်ကို တွေ့ရသဖြင့် ထိရောက်မှုရှိကြောင်း အဆိုပါ  Facebook Group  အပေါ် လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက မှတ်ချက်ပြုသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *