မမှန်သက်သေတင်သွင်းမှုဖြင့် တရားလိုကို အရေးယူပေးရန် မဟော်သဓာကျောင်းကော်မတီ လျှောက်ထားမှု လာမည့် ၃၀ ရက်နေ့ အမိန့်ချမည်

မန္တလေး၊ အောက်တိုဘာ ၁၇

အထက်မြန်မာပြည် မြေနှင့် အခွန်တော်ဥပဒေဖြင့် တရားစွဲဆိုခံနေရသည့် မန္တလေး မဟော်သဓာအမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်း ဖြစ်မြောက်ရေးကော်မတီ တာဝန်ရှိသူများက တရားလိုဖြစ်သူကို မမှန်သက်သေတင်သွင်းမှုဖြင့် တရားရုံးသို့ ဦးတိုက်လျှောက်ထားမှုကို စစ်ဆေးရန် သင့် မသင့် အောက်တိုဘာလ ၃၀ ရက်နေ့တွင် အမိန့်ချမှတ်သွားမည်ဖြစ်ကြောင်း ပုသိမ်ကြီးမြို့နယ် တရားရုံးထံမှ သိရသည်။

အစိုးရခွင့်ပြုချက်မရှိဘဲ ကျောင်းဆောက်လုပ်နေသည့်အတွက် ယင်းကော်မတီ ဦးဆောင်သူ ခုနစ်ဦးကို ၁၈၈၉ ခုနှစ် အထက်မြန်မာပြည် မြေနှင့် အခွန်တော်ဥပဒေပုဒ်မ ၆၉(၂)အရ ပုသိမ်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကော်လိတ္တော်အရာရှိ ဦးညွန့်လင်းက မေလအတွင်းက တရားစွဲဆိုထားခြင်း ဖြစ်သည်။

တရားလို၏ ဦးတိုက်လျှောက်လွှာတွင်ပါသည့် ပုသိမ်ကြီးမြို့နယ် စီမံခန့်ခွဲမှုကော်မတီ၏ ဆောင်ရွက်ချက်မှတ်တမ်းဟူသည့်စာတွင် ကာယကံရှင်များ လက်မှတ်ထိုးထားခြင်းမရှိဘဲ သက်သေတင်သည့်အတွက် မမှန်သက်သေတင်သွင်းမှုဖြင့် အရေးယူပေးရန် ဦးတိုက်လျှောက်ထားခြင်းဖြစ်ကြောင်း တရားစွဲဆိုခံရသူတစ်ဦးဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝိတ်က ပြောဆိုသည်။

အမှုတွင် မမှန်တင်သွင်းမှုများတွေ့ရှိပါက သက်ဆိုင်ရာတရားသူကြီးက မမှန်သက်သေတင်သွင်းသူကို စစ်ဆေးအရေးယူရမည်ဖြစ်ပြီး တရားပြိုင်များ၊ စွပ်စွဲခံရသူများအနေနှင့် တိုင်တန်းအမှုဖွင့်ခွင့်မရှိသော်လည်း ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၇၆ အရ ဦးတိုက်လျှောက်ထားခွင့်ရှိကြောင်း ၎င်းက ရှင်းပြသည်။

မမှန်သက်သေ တင်သွင်းမှု ကျူးလွန်ကြောင်း ထင်ရှားပေါ်ပေါက်လျှင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၉၃ အရ အရေးယူခံရမည်ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

မန္တလေး မဟော်သဓာအမျိုးသားရေး ကိုယ်ပိုင်အထက်တန်းကျောင်းကို ပုသိမ်ကြီးမြို့နယ် ကျောက်ချောကျေးရွာရှိ မြေအကျယ် ၈ ဧကပေါ်တွင် ဆောက်လုပ်သွားမည်ဖြစ်ပြီး အစိုးရခွင့်ပြုချက်မရှိသော်လည်း ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ ရက်နေ့က ပန္နက်ရိုက်ခဲ့သည်။

ယင်းမြေပေါ်တွင် အုတ်တံတိုင်း၊ မုခ်ဦးနှင့် ရေတွင်းတူးခြင်းတို့ကိုသာ ဆောင်ရွက်ထားပြီး လုပ်ငန်းရပ်ဆိုင်းထားရန် တိုင်းဒေသကြီးအစိုးရက စာထုတ်ပြန်ထားသည်။

လက်ရှိတွင် ရန်ကုန်မဟော်သဓာ (၂၀၁၆)နှင့် တောင်ကုတ်မဟော်သဓာ (၂၀၁၇)ကျောင်းတို့ကို ဖွင့်လှစ်ထားပြီး မန္တလေးမဟော်သဓာကျောင်းကို ၂၀၁၇ ခုနှစ်မှစ၍ အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

မန္တလေးမဟော်သဓာကျောင်း၏ တာဝန်ခံ ဆရာတော်သည် မန္တလေးမြို့မှ ဝံသာနု ဓမ္မကထိက အမျိုးသားရေးဝါဒီ ဆရာတော်ဘဒ္ဒန္တဝိစိတ္တာ ဘိဝံသ(ဝီရသူ-မစိုးရိမ်) ဖြစ်သည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *