ဆုအတု ဇာတ်လမ်းသစ်

နိဒါန်း

တက္ကသိုလ်အတု၊ ဆုအတုအရှုပ်တော်ပုံတွေကြီးကို ကျွန်တော်ဖော်ထုတ်လာခဲ့တာ အခုဆိုရင် နှစ်ခုရှိပါပြီ။

ပထမတစ်ခုက ပြည်ထောင်စုရာထူးဝန်အဖွဲ့ Union Civil Service Board Myanmar ဥက္ကဋ္ဌ ဦးဝင်းသိမ်းရဲ့ ဒေါက်တာဘွဲ့အတုနဲ့ သူခေါ်ဆောင်လာခဲ့တဲ့ မလေးရှားနဲ့ ဟာဝိုင်ယီမှ တက္ကသိုလ်အတုတွေ အကြောင်းဖြစ်ပြီး ဒုတိယတစ်ခုက ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဦးအုန်းမောင်ရဲ့ စီစဉ်မှုနဲ့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ခရီးသွားဆုအတုကို နေပြည်တော်မှာ တက်ယူမယ့်ပွဲအကြောင်းတို့ပဲ ဖြစ်ပါတယ်။

ဒီလို အစိုးရရဲ့ အတုပဒေသာဇာတ်လမ်းတွေကို ဖော်ထုတ်တဲ့နေရာမှာ ကျွန်တော်က တမင်တကာရည်ရွယ်ချက်ရှိရှိနဲ့ အစိုးရအဖွဲ့ကို အပုပ်ချဖို့ အတုတွေအကြောင်း စုံစမ်းနေတာ မဟုတ်ပါဘူး။

တကယ်တော့ တိုက်ဆိုင်စွာနဲ့ပဲ အတုဇာတ်လမ်းတွေကို ကျွန်တော်က သိဖို့ဖြစ်လာတာပါ။

ပထမအရှုပ်တော်ပုံမှာဆိုရင် ဥက္ကဋ္ဌဖြစ်သူ ဦးဝင်းသိမ်းရဲ့ တူတော်စပ်သူ ဒေါက်တာဝင်းမင်းသိမ်း (Nanyeng International College-NIC အမည်ဖြင့် ဗဟန်းမှာ ကျောင်းထောင်ထားသူ) ချိတ်ဆက်ပေးမှုနဲ့ ရာထူးဝန်အဖွဲ့က ဟာဝိုင်ယီမှာရှိတဲ့ Akamai University နဲ့ မာစတာဘွဲ့ကို ပူးတွဲ ပို့ချခဲ့ပါတယ်။ ကျွန်တော်က ဟာဝိုင်ယီပြည်နယ်က ပညာရှင်အဖွဲ့အစည်းတစ်ခုမှာ မြန်မာ့အရေးလေ့လာသူသုတေသီအဖြစ် ၂ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့သူဆိုတော့ ဦးဝင်းသိမ်းရဲ့ Akamai University ဆိုတာ ကျောင်းအစစ်လား၊ အတုလားဆိုတာ နာမည်ကြားရုံနဲ့ သိနိုင်သူပါ။

အလားတူပဲ ပြီးခဲ့တဲ့လကမှ လောလောလတ်လတ်ဖြစ်သွားတဲ့ ခရီးသွားလုပ်ငန်းနှင့် ကုန်သွယ်ရေးဆိုင်ရာ ဥရောပကောင်စီ ECTT ရဲ့ ခရီးသွားဆုအတုကိစ္စမှာလည်း ကျွန်တော်က အင်္ဂလန်မှာနေနေပြီး ဥရောပသမဂ္ဂ European Union in Myanmar ရဲ့ လုပ်ဆောင်ပုံတွေအကြောင်း အလုပ်အတွက်လိုအပ်လို့ လေ့လာနေချိန်ဆိုတော့ ဒီအဖွဲ့တွေက ECTT လက်အောက်ခံအဖွဲ့အစည်းတွေ ဟုတ်၊ မဟုတ် ချက်ချင်းတန်းသိပါတယ်။

အခုတစ်ခေါက်မှာလည်း ကျွန်တော်တက်ခဲ့တဲ့ကျောင်း၊ ကျွန်တော်နေခဲ့တဲ့မြို့နဲ့ ဆက်စပ်ပြီး တတိယမြောက် အတုဇာတ်လမ်းကြီးကို ဖော်ထုတ်ဖို့ ဖြစ်လာပြန်ပါပြီ။

အခုရေးသားမယ့် ဆုအတုဖြစ်စဉ်သည် ကျွန်တော် အရင်က ဖော်ထုတ်ခဲ့တဲ့ ဦးဝင်းသိမ်းနဲ့ ရာထူးဝန်အဖွဲ့ရဲ့ တက္ကသိုလ်အတုကိစ္စ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဦးအုန်းမောင်တို့ရဲ့ ဆုအတုဇာတ်လမ်းတွေထက် ပိုမိုရှုပ်ထွေးပါတယ်။

အနည်းဆုံးတော့ ပါဝင်တဲ့ဇာတ်ကောင်က ပိုများပြီး ဖြစ်စဉ်တွေကလည်း ပိုမိုနက်ရှိုင်းပါတယ်။ တိုင်းပြည်အတွက် သိက္ခာကျရမယ့် အကြောင်းအရာတွေလည်း ပါဝင်နေတဲ့တွက် ဒီဆုအတုအကြောင်းကို အများသိအောင်ရေးဖို့ ဆုံးဖြတ်လိုက်ရတာပါ။

ဒီအတုဇာတ်လမ်းတွဲမှာ ပါဝင်နေသူ အနည်းဆုံး သုံးယောက် ရှိပါတယ်။

(၁) ဂုဏ်သတင်းကျော်ကြားနေတဲ့ ပြည်ထောင်စုဝန်ကြီး၊
(၂) တက္ကသိုလ်တစ်ခုကို ဦးဆောင်အုပ်ချုပ်နေရတဲ့ ပါမောက္ခချုပ်နဲ့
(၃) မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး နိုင်ငံတကာရှေ့တန်းမျက်နှာစာမှာ တာဝန်ထမ်းဆောင်နေရတဲ့ သံအမတ်ကြီး

ဒီဆောင်းပါးမှာတော့ ဆုအနေနဲ့ ဂုဏ်သတင်းကျော်ကြားနေတဲ့ ပြည်ထောင်စုဝန်ကြီးအကြောင်းကို တင်ပြပါမယ်။ နောက်ရက်တွေမှာတော့ ကျန်ရှိနေသေးတဲ့ ပါမောက္ခချုပ်နဲ့ သံအမတ်ကြီးအကြောင်းကို ဖော်ပြသွားပါမယ်။

အောက်စ်ဖိုဒ့်က ဆုရသူ

စာမျက်နှာခြောက်မျက်နှာရှိတဲ့ ဒေါက်တာဝင်းမြတ်အေး Prof. Win Myat Aye ရဲ့ ကိုယ်ရေးမှတ်တမ်း CF မှာ သူသည် ‘အင်္ဂလန် နိုင်ငံ Oxford တွင် ကျင်းပသော Oxford Summit of Leader ၌’ ဆုရရှိခဲ့ကြောင်း ရေးထားပါတယ်။ ‘ဆေးတက္ကသိုလ် (မကွေး) တွင် အချိန်တိုအတွင်း ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နိုင်ခဲ့ခြင်းကြောင့် ဆေးတက္ကသိုလ် (မကွေး) ကို The Best University in the Region ဆုနှင့် မိမိ [ဒေါက်တာဝင်းမြတ်အေး] အား The Best Manager Award’ လို့လည်း ဖော်ပြထားပါတယ်။

မြန်မာလိုရေးထားတဲ့ CV မှာသာမကဘဲ နိုင်ငံတကာကွန်ဖရင့်တွေကို တရားဝင်ပို့ထားတဲ့ ကိုယ်ရေးမှတ်တမ်းတွေမှာလည်း [Dr. Win Myat Aye] received the Best University in the Region and the Best Manager Award in Oxford Summit of Leaders in the UK in 2013 လို့ အင်္ဂလိပ်လိုရေးထားပါတယ်။

ဒေါက်တာဝင်းမြတ်အေးသည် အောက်စ်ဖိုဒ့်မှာကျင်းပတဲ့ ခေါင်းဆောင်းများ ထိပ်သီးအစည်းအဝေးမှာ ဒေသအတွင်း အကောင်းဆုံးတက္ကသိုလ်ဆုကို မကွေးဆေးတက္ကသိုလ်အတွက် ရယူခဲ့ပြီး အကောင်းဆုံးမန်နေဂျာဆုကိုတော့ သူ့အတွက် ရယူထားတယ်ဆိုတာ သူရဲ့ CV အရ သိနိုင်ပါတယ်။

ဒီဆုတွေကို သူ သွားရောက်ယူခဲ့တာက ဝန်ကြီးမဖြစ်ခင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှာပါ။

ဒီနေရာမှာ စိတ်ဝင်စားဖို့ကောင်းတာက ဒေါက်တာဝင်းမြတ်အေးသည် အောက်စ်ဖိုဒ့်က ဆုကိုရရှိထားတယ်လို့သာ ဆိုထားပြီး
– သူရတဲ့ဆုသည် အောက်စ်ဖိုဒ့်တက္ကသိုလ် University of Oxford ကပေးတာလား၊
– ဒီဆုတွေကကော တကယ်ကို အရည်အချင်းရှိလို့ အပေးခံရတာလား၊
– အရေးအကြီးဆုံးက ဒီဆုကို ဘယ်အဖွဲ့အစည်းက ပေးတာလဲ။
ဒီလို အရေးပါတဲ့အချက်တွေကိုတော့ ဒေါက်တာဝင်းမြတ်အေးက သူရဲ့ CV မှာ ရှင်းလင်းအောင် ဖော်ပြမထားပါဘူး။

သူ့ CV ကို သာမန်ကြည့်တဲ့သူကတော့ သူသည် အောက်စ်ဖိုဒ့်တက္ကသိုလ်က ပေးတဲ့ဆုကို ရရှိထားသူလို့ ထင်မှာပါပဲ။ အသေအချာ အချိန်ယူပြီး ကြည့်ရင်တောင် ဒေါက်တာဝင်းမြတ်အေးရတဲ့ဆုသည် အောက်စ်ဖိုဒ့်တက္ကသိုလ်က ပေးတဲ့ဆုလို့ပဲ ထင်ကြမှာပါ။ ဘာကြောင့်ဆို မြန်မာပြည်မှာက အောက်စ်ဖိုဒ့်လို့ပြောလိုက်တာနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တက်ခဲ့တဲ့ အောက်စ်ဖိုဒ့်တက္ကသိုလ်ကိုပဲ လူတွေက ပြေးမြင်ကြလို့ပါ။

EBA ဟူသည်

ကျွန်တော်တောင် ဒေါက်တာဝင်းမြတ်အေး CV ကို စကြည့်ခါစက သူ တကယ်ပဲ အောက်စ်ဖိုဒ့်တက္ကသိုလ်ကပေးတဲ့ဆုကို ရရှိထားသူလို့ အထင်ရှိခဲ့ပါတယ်။

ဒါပေမဲ့ သူရထားတဲ့ ဆုနာမည်ကို ကျွန်တော် မကြားဖူးပါ။ ကျွန်တော်ကိုယ်တိုင် အောက်စ်ဖိုဒ့်တက္ကသိုလ်မှာ ပညာသင်ခဲ့သူဖြစ်တော့ ဒီဆုသာ စစ်မှန်တယ်ဆိုရင် ကျောင်းသားဟောင်းတစ်ယောက်အနေနဲ့ ကျွန်တော် ကြားဖူးရမှာပေါ့။

ဒါကြောင့် စိတ်ထဲမှာ သံသယဖြစ်လာပြီး ဒေါက်တာဝင်းမြတ်အေးဆုအကြောင်းကို ကျွန်တော်ရှာဖွေကြည့်မိပါတယ်။

အဲဒီတော့မှပဲ ဒီဆုက အောက်စ်ဖိုဒ့်တက္ကသိုလ်နဲ့ ဘယ်လိုမှ ပတ်သက်မှုမရှိတဲ့အပြင် ဂုဏ်သိက္ခာရှိတဲ့ အဖွဲ့အစည်းတစ်ခုကနေ ဒေါက်တာဝင်းမြတ်အေး ရရှိထားတာ မဟုတ်တဲ့အကြောင်း ကျွန်တော် သိပါတော့တယ်။

အသေးစိတ်ကို ရှင်းပါမယ်။

အောက်စ်ဖိုဒ့်လို့ ပြောလိုက်တာနဲ့ လူတွေအကုန်လုံးက အောက်စ်ဖိုဒ့်တက္ကသိုလ်ကို မျက်လုံးထဲ ပြေးမြင်ပါတယ်။ ဒါကလည်း မြန်မာပြည်တစ်ခုထဲဖြစ်တဲ့ ပြဿနာမဟုတ်ပါဘူး။ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူတွေ တော်တော်များများက အောက်စ်ဖိုဒ့်နာမည်နဲ့ အောက်စ်ဖိုဒ့်တက္ကသိုလ်ကို ယှဉ်တွဲမြင်ပါတယ်။

ဒါကိုအခွင့်ကောင်းယူပြီး မရိုးသားတဲ့ စီးပွားရေးသမားတွေက အောက်စ်ဖိုဒ့်နာမည်ယူကာ အဖွဲ့အစည်းအတု၊ ကျောင်းအတုတွေ ထောင်ပါတယ်။ အောက်စ်ဖိုဒ့်သင်တန်း၊ အောက်စ်ဖိုဒ့်စီးပွားရေးအဖွဲ့အစည်း စသည်၊ စသဖြင့်ပေါ့။ မြန်မာပြည်ထဲတောင် အဲဒီကျောင်းအတုတွေက ဝင်နေတာတွေ ရှိပါတယ်။

ဒေါက်တာဝင်းမြတ်အေးရထားတဲ့ဆုတွေကို ပေးအပ်ချီးမြှင့်ခဲ့တာက အောက်စ်ဖိုဒ့်တက္ကသိုလ်မှ မဟုတ်ဘဲ Europe Business Assembly (EBA) လို့ခေါ်တဲ့ အောက်စ်ဖိုဒ့်အခြေစိုက် အဖွဲ့တစ်ခုက ပေးတာပါ။

အဲ့ဒီအဖွဲ့က ဂုဏ်သိက္ခာရှိတဲ့အဖွဲ့အစည်း မဟုတ်တဲ့အပြင် နာမည်ပေါင်းစုံနဲ့ ဆုတံဆိပ်ပေါင်းစုံကိုလည်း ပိုက်ဆံယူပြီး ပေးလေ့ရှိပါတယ်။

ဒီအကြောင်း ဘယ်လိုသိဆို ကျွန်တော်က အောက်စ်ဖိုဒ့်မြို့မှာနေခဲ့ပြီး အောက်စ်ဖိုဒ့်တက္ကသိုလ်မှာ ပညာသင်ခဲ့သူဆိုတော့ ဒီအဖွဲ့အစည်းက ဘာလဲဆိုတာ ကျွန်တော် သိပါတယ်။

ဒါပေမဲ့ သုတေသနသမားဖြစ်လို့ ကျွန်တော့်ကိုယ်တွေ့အသိသာမက တခြားခိုင်လုံတဲ့ အထောက်အထားတွေကို တင်ပြပါမယ်။

(၁) Europe Business Assembly fake လို့ပဲ ရိုးရိုးလေး Google မှာ ခေါက် ရှာကြည့်လိုက်ပါ။ ဒီအဖွဲ့အစည်းက အတုဖြစ်ကြောင်းရေးထားတဲ့ အင်တာနက်စာမျက်နှာတွေ အမြောက်အမြား တွေ့ရပါလိမ့်မယ်။
(၂) Europe Business Assembly ရဲ့ ဖေစ့်ဘွတ်ခ်စာမျက်နှာနဲ့ ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့တဲ့ EBA ရဲ့ The Summit of Leaders ဖေစ့်ဘွတ်ခ်စာမျက်နှာတွေကို ကြည့်ပါ။ EBA ကို Like လုပ်ထားသူ ၂၂၈ ယောက်သာရှိပြီး The Summit of Leaders မှာတော့ ၃၉၃ ယောက်ပဲ ရှိပါတယ်။ တစ်ကမ္ဘာလုံးက ထူးချွန်ထင်ရှားတဲ့သူတွေကို ဆုပေးနေတယ်ဆိုတဲ့အဖွဲ့ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေကို နှစ်သက်သူ Like အရေအတွက်က ရာဂဏန်းပဲရှိတယ်ဆိုတော့ ဒီအဖွဲ့အစည်းရဲ့ ဂုဏ်သတင်းကို မှန်းဆနိုင်ပါတယ်။
(၃) ဝီကီပီးဒီးယားကတော့ EBA သည် ဆုအတုများကို ရောင်းစားနေတဲ့ အောက်စ်ဖိုဒ့်အခြေစိုက် အဖွဲ့အစည်းဖြစ်ကြောင်း ဆိုပါတယ်။ EBA ရဲ့ ဆုအတုတွေကို ပိုက်ဆံပေးပြီး ဝယ်ယူနေတဲ့နိုင်ငံတွေကတော့ ဘော့စနီးယား၊ ဆားဘီးယား၊ အရှေ့အလယ်ပိုင်းနဲ့ ရုရှနိုင်ငံကလူတွေ ပါဝင်ပါတယ်။ ဒေသတွင်းမှာတော့ အင်ဒိုနီးရှားနဲ့ မလေးရှားမှ အရာရှိကြီးတွေ၊ အစိုးရဝန်ထမ်းတွေနဲ့ တရုတ်နိုင်ငံရဲ့ နိုင်ငံပိုင်စီးပွားရေးကုမ္ပဏီတွေက ဝယ်ယူနေကြောင်း ဝီကီပီးဒီယားရဲ့ အချက်အလက်တွေအရ သိရပါတယ်။
(၄) ဗြိတိန်နိုင်ငံရဲ့ ဩဇာကြီးသတင်းစာတစ်စောင်ဖြစ်တဲ့ The Times သတင်းစာကတော့ EBA နဲ့ ပတ်သက်ပြီး အသေးစိတ်စုံစမ်းထားတဲ့ ဆောင်းပါးတစ်စောင်ကို ၂၀၁၇ ခုနှစ် ဇူလိုင်လမှာ ရေးသားခဲ့ပါတယ်။ အဲဒီ ဆောင်းပါးပါ အချက်များအရတော့
– Europe Business Assembly (EBA) ဆိုတာ ယူကရိန်းလူမျိုး သားအဖနှစ်ယောက်က တည်ထောင်ထားတဲ့ အင်္ဂလန် အောက်စ်ဖိုဒ့်မြို့အခြေစိုက်ကုမ္ပဏီဖြစ်ပြီး ယူကရိန်းနိုင်ငံမှာလည်း ရုံးခန်းဖွင့်လှစ်ထားကြောင်း၊
– ထိုသားအဖနှစ်ယောက်က အောက်စ်ဖိုဒ့်တက္ကသိုလ်ရဲ့ ဂုဏ်သတင်းကျော်ကြားမှုကို အမြတ်ထုတ်ပြီး ဆုအတုတွေကို ရောင်းချရာကနေ စတာလင်ပေါင် မီလီယံနဲ့ချီ ပိုက်ဆံရရှိခဲ့ကြောင်း၊
– EBA က ဖွံ့ဖြိုးဆဲနိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ တက္ကသိုလ် ဆရာ/ဆရာမတွေကို Email/ဖုန်းတွေမှတစ်ဆင့် ဆက်သွယ်ပြီး၊ သူတို့ကို ဆုပေးဖို့ EBA က အမည်စာရင်းပြုစုနေကြောင်းနဲ့ ဆုလက်ခံဖို့ စိတ်ဝင်စားမှု ရှိ/မရှိ အကြောင်းကြားခဲ့ကြောင်း၊
– ဆုလက်ခံယူချင်သူတွေက EBA ကို ဆုတန်ဖိုးနဲ့ ဥရောပမှာကျင်းပမယ့် ဆုပေးပွဲကွန်ဖရင့်တက်ဖို့ ကုန်ကျငွေတွေပေးရကြောင်း (တစ်နည်းအားဖြင့် ဆုတွေကို ပိုက်ဆံပေးဝယ်ရကြောင်း)၊
– ဆုတစ်ခုကို စတာလင်ပေါင် သုံးထောင်မှ စတင်ပြီး (မြန်မာငွေ သိန်းခြောက်ဆယ်ခန့် ကုန်ကျနိုင်ပြီး) တချို့ဆုတွေဆိုရင်တော့ စတာလင်ပေါင် ၉၃၀၀ (မြန်မာငွေ သိန်း ၁၈၀ ကျော်) အထိ ပေးရကြောင်း၊
– EBA သည် အောက်စ်ဖိုဒ့်တက္ကသိုလ်ရဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် အများကထင်လာအောင် သူတို့ရဲ့ ကြော်ငြာတွေမှာ အောက်စ်ဖိုဒ့်ကောလိပ် ဓာတ်ပုံများကို အသုံးပြုကြောင်း၊ EBA လိုဂိုကို အောက်စ်ဖိုဒ့်တက္ကသိုလ်စာလုံးပုံစံ ဆင်တူယိုးမှားလုပ်ကြောင်း၊ အောက်စ်ဖိုဒ့်တက္ကသိုလ်ရဲ့ အထူးသီးသန့် ဟောပြောချက်များကို တက်ရောက်ခွင့်ရမည်ဟု EBA ပွဲ တက်လာသူများကို ကြော်ငြာကြောင်း၊
– သူတိုရဲ့ ဆုပေးပွဲများကိုလည်း ဗြိတိန်နိုင်ငံတော်အခမ်းအနားလိုမျိုးဖြစ်အောင် ကော်ဇော်နီခင်းခြင်း၊ တက်ရောက်လာသူများက တက္ကသိုလ်ဘွဲ့နှင်းသဘင်ဝတ်စုံများ ဝတ်ဆင်ခြင်း၊ ယူနီယံဂျက်အလံများ လွှင့်တင်ခြင်းများ ပြုလုပ်ကြောင်း၊
-အောက်စ်ဖိုဒ့်တက္ကသိုလ်ကတော့ EBA သည် အောက်စ်ဖိုဒ့်တက္ကသိုလ်နဲ့ မည်သို့မျှပတ်သက်မှုမရှိဟု အတိအလင်း ငြင်းဆိုထားကြောင်း အစရှိတဲ့အချက်အလက်တွေကို The Times သတင်းစားက ဖော်ထုတ်ခဲ့ပါတယ်။
(၅) EBA နဲ့ သူရဲ့ ပိုက်ဆံပေးပြီးဝယ်ရတဲ့ ဆုအတုတွေအကြောင်း ကို သတင်းရေးတာက The Times သတင်းစာတစ်ခုထဲ မဟုတ်ပါဘူး။ အင်္ဂလန်မီဒီယာတွေဖြစ်တဲ့ ဒေးလီးတယ်လီဂရက်စ်၊ ဒေးလီးမေးတွေကလည်း EBA ရဲ့ ဆုအတု အရှုပ်တော်ပုံကို ရေးကြပါတယ်။

ဒါ့အပြင် အောက်စ်ဖိုဒ့်တက္ကသိုလ်ကျောင်းသားတွေထုတ်တဲ့ The Oxford Student ကလည်း EBA ရဲ့ အတုဇာတ်လမ်းတွဲကြီးကို သတင်းအဖြစ် ကျောင်းတွင်းသတင်းစာမှာ ရေးပါတယ်။

ဒီလောက်ဆိုရင်တော့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို အကောင်းဆုံးမန်နေဂျာဆု၊ မကွေးဆေးတက္ကသိုလ်ကို ဒေသတွင်း အကောင်းဆုံးတက္ကသိုလ်ဆုတွေပေးအပ်ခဲ့တဲ့ EBA ဆိုတာ ဘယ်လိုအဖွဲ့အစည်းမျိုးဖြစ်မှန်း ကျွန်တော်တို့ သိလောက်ပါပြီ။

အတုသည် အစစ်ထက် တန်ဖိုးရှိသလော

အောက်စ်ဖိုဒ့်ကနေ ဆုအတုရယူခဲ့တဲ့ ဒေါက်တာဝင်းမြတ်အေး တစ်ယောက် တကယ်ပဲ အောက်စ်ဖိုဒ့်တက္ကသိုလ်ကြီးကပေးမယ့် ဆုအစစ်ကို ရရှိဖို့အခွင့်အရေး ပေါ်လာပါသေးတယ်။

ကျွန်တော် အောက်စ်ဖိုဒ့်တက္ကသိုလ်မှာ ပညာသင်နေတုန်း မြန်မာပြည်က ဝန်ကြီး၊ ဒုဝန်ကြီးတွေကို ကျွန်တော့်ကျောင်းဖြစ်တဲ့ Blavatnik School of Government ကို ဖိတ်ခေါ်ဖို့ စီစဉ်ပေးရပါသေးတယ်။

ပြည်သူ့အကျိုးပြု အဆင်မြင့်ခေါင်းဆောင်မှုအစီအစဉ်ဆိုတဲ့ နှစ်ပတ်ကြာသင်တန်းတစ်ခုကို ကျွန်တော်တို့ကျောင်းက ပထမဆုံးအကြိမ်အဖြစ် ဒီနှစ်မှာ စဖွင့်ပါတယ်။ ဒီသင်တန်းအတွက် မြန်မာပြည်က သင်တန်းသားတွေကို ဖိတ်ပေးဖို့ ကျောင်းအုပ်ကြီး (Dean) ကို ကျွန်တော်က သွားပြီး လော်ဘီလုပ်ပါတယ်။

ကျောင်းအုပ်ကြီးက မြန်မာပြည်ကို အကူအညီပေးချင်နေသူဖြစ်တော့ ကျွန်တော်က ဦးဆောင်ပြီး မြန်မာပြည်က ဝန်ကြီး၊ ဒုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် အစရှိတဲ့ ဝန်ကြီးဌာနတွေကို ဦးဆောင်နေရသူ နှစ်ယောက်ကို ဖိတ်ဖို့ ခွင့်ပြုပါတယ်။

ဒါသည် အောက်စ်ဖိုဒ့်တက္ကသိုလ်ဆင်း အဆင့်မြင့်အရာရှိကြီးတစ်ယောက်ဖြစ်လာဖို့ မြန်မာပြည်မှ လူတွေအတွက် တကယ့်ကို အခွင့်အရေးကောင်းတစ်ခုပါ။

ဒီသင်တန်းအတွက် ဝန်ကြီး၊ ဒုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ချုပ်တွေကို ကျွန်တော် ချဉ်းကပ်ပါတယ်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက စွမ်းဆောင်ရည်ကောင်းသူလို့ တချို့က မှတ်ချက်ပေးလို့ ဆရာကြီး ဒေါက်တာဝင်းမြတ်အေးကို ကျွန်တော်ကိုယ်တိုင် အင်တာနက်ကနေ ဆက်သွယ်ကြည့်ပါတယ်။

သူရဲ့ တရားဝင်စာမျက်နှာဖြစ်တဲ့ Prof Win Myat Aye ကို သွားပြီး မက်ဆေ့ခ်ျပို့ပါတယ်။ ကျွန်တော့်စာကို ဖတ်တော့ ဖတ်တယ်။ သို့သော် ကျွန်တော့်ကို အကြောင်းမပြန်ပါ။

ဒါကြောင့် ကြားလူတစ်ယောက်ခံပြီး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကို ကျွန်တော်တို့ အောက်စ်ဖိုဒ့်တက္ကသိုလ်ရဲ့ ပြည်သူ့အကျိုးပြု အဆင်မြင့်ခေါင်းဆောင်မှုအစီအစဉ်ကို တက်ရောက်ပေးဖို့ ဖိတ်ခေါ်ပါတယ်။

ဒီသင်တန်းက အောက်စ်ဖိုဒ့်တက္ကသိုလ်မှ တရားဝင်ဖွင့်တဲ့ သင်တန်းပါ။ သင်တန်းပြီးသွားရင်လည်း အောက်စ်ဖိုဒ့်က ချီးမြှင့်တဲ့ ဆုလက်မှတ်အစစ်ကို ရရှိမှာပါ။

ဒါပေမဲ့ ဒေါက်တာဝင်းမြတ်အေးကတော့ ကျွန်တော်ဖိတ်တဲ့ နှစ်ပတ်ကြာသင်တန်းကို မလာပါဘူး။ မအားလို့ပါဆိုပြီး ကြားလူကနေပဲ အကြောင်းပြန်ပါတယ်။

အောက်စ်ဖိုဒ့်တက္ကသိုလ်ကနေ အမှန်တကယ်ပေးမယ့် ဆုလက်မှတ်ကိုတော့ ငြင်းပယ်ပြီး ပိုက်ဆံသာပေးမယ်ဆိုရင် လွယ်လွယ်နဲ့ တံဆိပ်အတုတွေ ထုတ်ရောင်းပေးနေတဲ့ EBA က ဆုကိုတော့ ထင်ထင်ရှားရှား CV ထဲ ထည့်ထားတာ ကျွန်တော် နားမလည်ပါ။

နိဂုံး

ကျွန်တော့် ဆောင်းပါးကို အဆုံးသတ်ရရင်တော့ ဒေါက်တာ ဝင်းမြတ်အေး လူကယ်ပြန်ဝန်ကြီးဖြစ်လာတာ EBA က ပေးတဲ့ ဆုတွေကြောင့်တော့ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။

ဘာပဲဖြစ်ဖြစ် ဒီဆုတွေနဲ့ ပတ်သက်ပြီး ဒေါက်တာဝင်းမြတ်အေးက ပြည်သူတွေကို ဖြေရှင်းဖို့လိုပါပြီ။

– ဘာကြောင့် CV မှာ အောက်စ်ဖိုဒ့်တက္ကသိုလ်က မဟုတ်တဲ့ ဆုအတုကို ထည့်ထားတာလဲ။
– EBA ရဲ့ ဆုတွေအတွက် ငွေကြေးကုန်ကျမှု ဘယ်လောက်ရှိခဲ့သလဲ။ ဒီဆုတွေကို အင်္ဂလန်မှာ သွားရောက်ယူဖို့ ဘယ်သူ့ပိုက်ဆံကို အသုံးပြုခဲ့ပါသလဲ။ မိမိကိုယ်ပိုင် ပိုက်ဆံလား၊ နိုင်ငံတော်စရိတ်ကိုကော သုံးခဲ့သေးလား။
– ပြည်ထောင်စုဝန်ကြီးဖြစ်လာဖို့ ဒီဆုတွေက ဘယ်လောက်အတိုင်းအတာအထိ အထောက်အပံ့ ဖြစ်ခဲ့သလဲ။ ဒီဆုတွေရှိကြောင်း NLD လူကြီးပိုင်းကသာ မသိခဲ့ရင် ဒေါက်တာဝင်းမြတ်အေး ဝန်ကြီးဖြစ်လာပါ့မလား။

ဒီလိုမေးခွန်းတွေကို ဒေါက်တာဝင်းမြတ်အေးက ပြည်သူတွေကို အမှန်အတိုင်း ဖြေရှင်းရပါမယ်။

နေယံဦး

(နေယံဦးသည် အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီပြည်နယ်ရှိ နိုင်ငံတကာလေ့လာရေးသုတေသနအဖွဲ့တစ်ခုဖြစ်သော Pacific Forum တွင် မြန်မာ့အရေးလေ့လာသူ သုတေသီအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အင်္ဂလန်နိုင်ငံရှိ အောက်စ်ဖို့ဒ်တက္ကသိုလ်တွင် ပြည်သူ့ရေးရာမူဝါဒ မဟာဘွဲ့တက်ရောက်သင်ကြားခဲ့သူဖြစ်သည်။ အမေရိကန်ပြည်ထောင်စု အီလီနွိုက်ပြည်နယ်ရှိ မြောက်ပိုင်း အီလီနွိုက်တက္ကသိုလ် Northern Illinois University မှ နိုင်ငံရေးသိပ္ပံ မဟာဘွဲ့ရရှိထားသူလည်း ဖြစ်သည်။)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *