ဝင်ငွေနည်းများအတွက် မြေရှင်ဖြစ်ရေး မျှော်လင့်ခြင်းများ

“ကိုယ့်ရှေ့ကလူကိုမှတ်ထား။ ကြားဖြတ်မယ်” ဟူသည့် ဆူဆူညံညံအသံများ ညံနေသည်။ ပူပြင်းသည့်နေရောင်အောက်တွင် ထောင်နှင့်ချီသည့် လူတန်းရှည်ကြီးသည် တစ်စုံတစ်ရာကိုရရှိရန် တန်းစီစောင့်ဆိုင်းနေကြသည်။

ယခင် သမဝါယမခေတ်ကကဲ့သို့ ဆန်ဝယ်ယူခွင့်ရရှိရန် တန်စီးနေခြင်းမဟုတ်၊ ထို့အတူ စစ်အစိုးရလက်ထက်က လူတစ်ဦးလျှင် နှစ်ဆယ့်ငါးကျပ်သားရောင်းချပေးသည့် စားအုန်းဆီဝယ်ယူခွင့်ရရှိရန် စီတန်းနေခြင်းလည်း မဟုတ်ချေ။

ထောင်နှင့်ချီသောလူတန်းရှည်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရောင်းချမည့် မြေကွက်ကိုရရှိရေး လိုအပ်သည့် လျှောက်လွှာဝယ်ယူရန် ဖြစ်သည်။ တန်းစီနေသူများ၏ အဓိက မျှော်လင့်ချက်မှာ ကိုယ်ပိုင်မြေကွက်တစ်ကွက်ရရှိရေးဖြစ်ပြီး နိုင်ငံ့တာဝန်ထမ်းဆောင်ပြီးချိန်အထိ အိမ်ပိုင်မရှိခဲ့သော ပင်စင်စား အဘိုးအဘွားများလည်း ပါဝင်သည်။

အဆိုပါလျှောက်လွှာများကို တောင်ဥက္ကလာပမြို့နယ် (၄/၆)ရပ်ကွက်၊ ဗြဟ္မာစိုရ်လမ်းနှင့် သီလလမ်းထောင့်ရှိ အရှေ့ပိုင်းခရိုင် စုပေါင်းရုံးတွင် အောက်တိုဘာလ ၇ ရက်နေ့မှစတင်ကာ လျှောက်လွှာတစ်စောင်လျှင် ကျပ်တစ်သောင်းဖြင့် ရောင်းချနေခြင်းဖြစ်သည်။

လာရောက်ဝယ်ယူသူများပြားလှသည့်အတွက် စုပေါင်းရုံးရှိရာရပ်ကွက်အတွင်းလမ်းတွင် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့သည်။ လျှောက်လွှာရောင်းချသည့် ဒုတိယနေ့တွင်ပင် ညအိပ်၍ လျှောက်လွှာဝယ်ယူသူများရှိပြီး နောက်ရက်များတွင်မူ လာရောက်တန်းစီသူများသောကြောင့် လျှောက်လွှာရောင်းချရာ ခရိုင်ရုံးခြံဝင်းကိုပိတ်၍ပင် ရောင်းချလျက်ရှိသည်။

မြေပိုင်ဖြစ်ရေး (၁)

ရန်ကုန်တိုင်းအစိုးရထံမှ မြေကွက်ရရှိရေး ထောင်နှင့်ချီသော လျှောက်လွှာဝယ်ယူရေး တန်းစီသူများအကြားတွင် ဒေါ်အေးမွန်လည်းပါဝင်သည်။ ဤနေရာသို့ သူမရောက်ရှိနေသည်မှာ မနက် ၄ နာရီခွဲ ကတည်းကပင်ဖြစ်သည်။

မိသားစုလေးဦးကို ဦးဆောင်နေရသည့်သူမတွင် အိမ်ပိုင်အိမ်မရှိ။ ဒေါ်အေးမွန်၏ အမျိုးသားမှာ ယာဉ်ထိန်းရဲဖြစ်ပြီး တာဝန်ထမ်းဆောင်စဉ်ဆုံးပါးခဲ့ရသူဖြစ်သည်။

လွန်ခဲ့သည့် ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၃၀ ရက်တွင် ရန်ကုန်မြို့တော်ခန်းမရှေ့တွင် လက်ပစ်ဗုံးနှစ်လုံး တွေ့ရှိခဲ့သည်။ ထိုကြောင့် အဆိုပါညတွင် တာဝန်ရှိသူများက လုံခြုံရေးတိုးမြှင့်ချထားခဲ့ရာ လုံခြုံရေးတာဝန်ကျသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များတွင် ဒေါ်အေးမွန်၏ အမျိုးသားလည်း ပါဝင်သည်။

ထိုညတွင် ဒေါ်အေးမွန်၏ အမျိုးသားသည် သူဇနီးနှင့် သားသမီးသုံးဦးတို့ကို အပြီးတိုင်နှုတ်ဆက်သွားသည့်ညဆိုလျှင်လည်း မမှား။ ပန်းဆိုးတန်းကားဂိတ်အနီးတွင် ညပိုင်းတာဝန်ကျသည့် ဒေါ်အေးမွန်၏အမျိုးသားကို ကားဖြင့်လာသည့် လူတစ်စုက လူမှားရိုက်နှက်ခဲ့မှုကြောင့် အဆိုပါနေရာတွင်ပင်လဲကျသေဆုံးခဲ့သည်။ တာဝန်ထမ်းဆောင်နေစဉ် သေဆုံးသွားသော်လည်း တစ်စုံတစ်ရာ ခံစားခွင့်မရရှိခဲ့ချေ။ ထို့ကြောင့် သမီးအကြီးဆုံးကို ရဲစာရေးအဖြစ် အလုပ်ဝင်စေကာ မိသားစုလေးဦး၏ စားဝတ်နေရေးကိုဖြေရှင်းခဲ့ရသည်။

ဒေါ်အေးမွန်တွင် အိပ်မက်တစ်ခုရှိပြီး ယင်းမှာ ကိုယ်ပိုင်မြေလေးပေါ်တွင် အိမ်လေးဆောက်ကာ သားအမိလေးယောက် အတူနေထိုင်ရေးပင်။

သမီးကြီး၏ လုပ်စာဖြင့် ရပ်တည်နေရသည့်သူအဖို့ ကျပ်သိန်းရာကျော်တန် မြေကွက်များကို အိပ်မက်မမက်နိုင်။ ထို့ကြောင့် လှည်းကူးမြို့နယ်ရှိ ကျူးကျော်မြေကွက်ငယ်တစ်ခုကို ကျပ်ငွေသုံးသိန်းဖြင့်ဝယ်ယူခဲ့သည်။ ထို့နောက် ကျပ်လေး သိန်းခန့်အကုန်အကျခံကာ အိမ်တစ်လုံး ဖန်တီးသည်။

သို့သော်လည်း ဒေါ်အေးမွန်ကို ကံကြမ္မာက မျက်နှာသာမပေးချေ။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၏ နာမည်ကျော်စီမံကိန်းတစ်ခုဖြစ်သည့် လှည်းကူးမြို့နယ်ရှိ မြေဧက ၁၄၀၀ ကျော်ပေါ်တွင် တည်ဆောက်မည့် ECO Green City စီမံကိန်းတည်ဆောက်ရန် မြေနေရာရှင်းလင်းရာတွင် ဒေါ်အေးမွန်၏ ကျူးကျော်တဲ ပါဝင်ခဲ့သည်။

မြေနှင့်ပတ်သက်၍ အမြဲတစေကံမကောင်းခဲ့သော ဒေါ်အေးမွန်အတွက် နောက်ထပ်မျှော်လင့်ချက်ရောင်ခြည် ပေါ်လာပြန်သည်။ ယင်းမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေများကို ရောင်းချပေးမည့် သတင်းပင်ဖြစ်သည်။

ထို့ကြောင့် မြေကွက်များဝယ်ယူခွင့်တင်ရန်အတွက် ကျပ်တစ်သောင်းဖြင့် လျှောက်လွှာပုံစံဝယ်ယူရန် မရမ်းကုန်းမြို့နယ်မှ တောင်ဥက္ကလာပမြို့နယ်ရှိ စုပေါင်းရုံးသို့ နံနက် ၄ နာရီခွဲအရောက် လာရောက်တန်းစီနေခြင်း ဖြစ်သည်။

မြေပိုင်ဖြစ်ရေး (၂)

ရန်ကုန်တိုင်းဝန်ကြီးချုပ် ရောင်းချမည့် မြေကွက်ကို ဝယ်ယူလိုသူများတွင် ဦးတင်လတ်လည်း ပါဝင်သည်။ သူ့အသက် ၇၇ နှစ်။ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၃၂ )ရပ်ကွက်တွင် နေထိုင်သည်။ တန်းစီရာနေရာသို့ နဲနက် ၄ နာရီခွဲကတည်းက ရောက်ရှိနေခြင်းဖြစ်သည်။ သူ့ရှေ့တွင် ရောက်ရှိနေသူများမှာ နံနက် ၃ နာရီကတည်းက လာရောက်တန်းစီနေသည့် ဒဂုံဆိပ်ကမ်းမှလူများပင်ဖြစ်သည်။

အဖိုးဦးတင်လတ်က မြေကွက်လျှောက်လွှာဝယ်ယူရန် အများသူငါကဲ့သို့ ကြာရှည်စွာမတ်တပ်မရပ်နိုင်။ ထို့ကြောင့် အနီးရှိကုန်စုံဆိုင်မှ အနီရောင်ခွေးခြေပုလေးကို ဝယ်ယူကာ ထိုင်၍ မိမိအလှည့်ရောက်ရှိမည့်အချိန်ကို စောင့်ဆိုင်းလျက် ရှိသည်။

ရေကြောင်းပို့ဆောင်ရေးဦးစီးဌာနမှ အငြိမ်းစာယူခဲ့သည့် အဖိုးဦးတင်လတ်သည် တစ်လလျှင် ပင်စင်လစာ ကျပ်တစ်သိန်းကျော်ရရှိသည်။ နိုင်ငံဝန်ထမ်းအဖြစ် ထမ်းဆောင်ခဲ့စဉ်က အစိုးရမှပေးသည့် ပေ ၄၀ × ၆၀ မြေကွက်တစ်ကွက် ရရှိခဲ့သည်။

သို့သော်လည်း မပြေလည်မှုများကြောင့် ယင်းမြေကွက်ကို ကျပ်သိန်းတစ်ရာဖြင့် လွန်ခဲ့သည့်ဆယ်စုနှစ်တစ်စုခန့်က ရောင်းချခဲ့ရသည်။ ထို့ကြောင့် အဖိုးဦးတင်လတ်သည် အသက် ၇၇ နှစ်အရွယ်တွင် အိမ်ငှားဘ၀ဖြင့် နေထိုင်နေရခြင်းဖြစ်သည်။

ဦးတင်လတ်၏ ပင်စင်လစာသည် လက်ရှိနေထိုင်သည့် အိမ်ငှားခပင်မရှိ။

“အိမ်ငှားနေတာ လေးလွှာမှာ။ တစ်လ တစ်သိန်းရှစ်သောင်း။ ရေဖိုးနဲ့ မီးဖိုးနဲ့ဆို နှစ်သိန်းလောက် သွားကျတယ်” ဟု အဖိုး ဦးတင်လတ်က အိမ်ငှားစရိတ်ကို တွက်ချက်ပြသည်။

မြေပိုင်ဖြစ်ရေး (၃)

မြေကွက်လျှောက်လွှာဝယ်ယူရေး တန်းစီသူများအနက် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မှ လာရောက်သည့်အဖွဲ့သည် ဝီရိယအကောင်းဆုံး ဖြစ်သည်။ ထို့ကြောင့်ပင် လူတန်းရှည်ကြီး၏ ထိပ်ဆုံးနေရာသို့ ရရှိထားခြင်းဖြစ်သည်။ သူတို့က နံနက် ၃ နာရီကတည်းကပင် လာရောက်တန်းစီနေကြခြင်းဖြစ်သည်။

နံနက် ၁၀ နာရီ ရုံးတံခါးဖွင့်သည်နှင့် ပထမဦးဆုံး လျှောက်လွှာဝယ်ယူခွင့်ရရှိသည့် အဖွဲ့လည်းဖြစ်သည်။

“ပတ္တရောင်ရဲတွေ ဖမ်းမှာစိုးလို့။ နို့မို့ ညအိပ်တန်းစီမှာ” ဟုဆိုလာသူက ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင်နေထိုင်သည့် ဒေါ်ထက်ထက် ဖြစ်သည်။

မြေကွက်ဝယ်ယူရန် လာရောက်ကြသူအများစုမှာ ၎င်းတို့နေထိုင်ရာမြို့နယ်ရှိ မြေကွက်များကို စိတ်ဝင်စားကြသည်မှအပ တိတိပပ နေရာသတ်မှတ်၍ဝယ်ရန် လာသူနည်းပါးလှသည်။

ထိုအထဲတွင် ဒေါ်ထက်ထက်တို့ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်အဖွဲ့ထဲမှ ဦးအောင်မိုးကမူ ၎င်းဝယ်ယူမည့် မြေကွက်ကို တိတိကျကျသိရှိသူဖြစ်သည်။

ဦးအောင်မိုး၏ ဖခင်သည် ကိုယ်ပိုင်လယ်မြေဖြင့် လယ်ယာလုပ်ငန်းလုပ်ကိုင်သည့် လယ်သမားတစ်ဦးဖြစ်သည်။ မြို့ပြ ချဲ့ထွင်ခြင်းကြောင့် အစိုးရ၏ လယ်သိမ်း၊ မြေသိမ်းခံခဲ့ရသည့် လယ်သမားတစ်ဦးလည်းဖြစ်သည်။

ဦးအောင်မိုး၏ ဖခင်ပိုင်လယ်မြေ ၂၅ ဧကသည်သိမ်းဆည်းခံခဲ့ရပြီး ယနေ့တိုင်လျော်ကြေးမရရှိသေး။ သို့သော် ထိုလယ်မြေများသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရောင်းချရန်ကြေညာထားသည့် မြေကွက်များစာရင်းတွင်ပါဝင် သည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြေတိုင်းရပ်ကွက် ၈၉ ရှိရောင်းချမည့် ပေ ၄၀ × ၆၀ မြေကွက်စုစုပေါင်း ၁၅၅ ကွက်ရှိသည်။ ထိုမြေကွက် ၁၅၅ ကွက်ထဲတွင် ဦးအောင်မိုး၏ ဖခင်ဖြစ်သူ၏ လယ်မြေများပါဝင်သည်။

ထိုကြောင့် တစ်ချိန်က ၎င်းတို့မိသားစုပိုင်ဆိုင်ခဲ့ဖူးသည့်မြေကို ပြန်လည်ပိုင်ဆိုင်နိုင်ရန် ဦးအောင်မိုးတစ်ယောက် နံနက် ၃ နာရီကတည်းက အရှေ့ပိုင်းခရိုင် စုပေါင်းရုံးရှေ့သို့ လာရောက်တန်းစီနေခြင်း ဖြစ်သည်။

“ကျွန်တော်တို့ကလည်း ကိုယ့်အဖေကြီးလယ်ဆိုတော့ ပြန်နေချင်တယ်ဗျာ။ ညီအစ်ကိုမောင်နှမအစုံကလည်း အဲဒီနားပဲရှိတော့လေ။ အရင်တုန်းက လယ်ဧက ၂၅ ရှိတာ။ မြေတိုင်းရပ်ကွက် ၈၉ က မြေကွက် ၁၅၅ ကွက်ရောင်းမယ့် နေရာမှာ။ ငယ်ငယ်တုန်းက ကျွန်တော်နေခဲ့တဲ့နေရာပေါ့” ဟု ဦးအောင်မိုးက ဆိုသည်။

အစိုးရမြေ ဝယ်နည်း

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စီမံခန့်ခွဲပိုင်ခွင့်ရှိသော တိုင်းဒေသကြီးအတွင်းရှိမြေများကို ဝယ်ယူရန်အတွက် မြေဝယ်ယူခွင့်လျှောက်လွှာကို တောင်ဥက္ကလာပမြို့နယ်ရှိ စုပေါင်းရုံးတွင် တစ်စောင်လျှင် ကျပ်ငွေတစ်သောင်းဖြင့် ဝယ်ယူရမည်ဖြစ်သည်။

လူတစ်ဦးလျှင် လျှောက်လွှာတစ်စောင်သာရောင်းချပြီး မှတ်ပုံတင်မူရင်းနှင့် မိတ္တူတို့ကိုပြကာ ဝယ်ယူရခြင်းဖြစ်သည်။ အဆိုပါလျှောက်လွှာများကို အောက်တိုဘာလ ၇ ရက်မှ ၃၀ ရက်နေ့အထိ ရောင်းချလျက်ရှိသည်။

လျှောက်လွှာတွင် မိမိဝယ်ယူလိုသည့်မြေကွက်နှင့်ဈေးနှုန်းတို့ကိုရေးကာ နိုဝင်ဘာလ ၈ ရက်နောက်ဆုံးထားကာ အဆိုပါရုံးသို့တင်ပြရမည်ဖြစ်သည်။ မြေဝယ်ယူမည့်သူများသည် တိုင်းအစိုးရက သတ်မှတ်ထားသည့် စည်းကမ်းချက် ၁၃ ချက်ကို လိုက်နာရမည်ဖြစ်သည်။ ထို ၁၃ ချက်တွင် ခြောက်လအတွင်း မြေကွက်တန်းဖိုးပေးသွင်းရန်နှင့် ခြောက်လအတွင်း အိမ်သို့မဟုတ် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် ဝယ်ယူသူများဆိုလျှင် အိမ်ဆောက်ရန် သို့မဟုတ် လုပ်ငန်းစတင်ရမည်ဖြစ်သည်။

ထို့ပြင် ဝယ်ယူပြီး သုံးနှစ်အတွင်း အမည်ပြောင်းခွင့် သို့မဟုတ် အခြားသူသို့ ရောင်းချခွင့်မရှိပေ။

အဆိုပါ မြေကွက်များကို အဆင့်သုံးဆင့်ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ပထမအဆင့်တွင် ဒဂုံမြို့သစ်လေးမြို့နယ်ဖြစ်သည့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်တို့ရှိ မြေကွက်ပေါင်း ငါးရာကျော်ကို ရောင်းချမည်ဖြစ်သည်။

ဒုတိယအဆင့်တွင်မူ မြောင်းတကာစက်မှုဇုန်ရှိ စက်မှုမြေကွက် ၁၈၀ ကျော်ကိုရောင်းချမည်ဖြစ်ကာ တတိယအဆင့်အနေနှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း)နှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ယခင်စိုက်ပျိုးရေးဇုန်အဖြစ်သတ်မှတ်ထားသော မြေဧကကိုးထောင်ကျော်ကို ရောင်းချမည် ဖြစ်သည်။

“ပထမအဆင့်အနေနဲ့ ရောင်းချဖို့ မြေကွက်ပေါင်း ၅၀၀ ကျော်လောက် ရွေးချယ်ထားတာရှိပါတယ်။ ဒီမြေများသည် မြေကွက်အသစ်တွေ ဖော်ထုတ်ထားတဲ့ မြေကွက်မဟုတ်ပါဘူး” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) တွဲဖက်အတွင်းရေးမှူး ဦးသန်း ကဆိုသည်။

ဦးသန်းသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေများစီမံခန့်ခွဲမှုကော်မတီ အဖွဲ့ဝင်လည်း ဖြစ်သည်။ ထိုကော်မတီအဖွဲ့ကို ပြီးခဲ့သည့် မေလတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။

မြေကွက် ငါးရာကျော်ကို ဒဂုံ မြို့သစ်လေးမြို့နယ်နှင့် လှိုင်သာယာ၊ ရွှေပြည်သာ မြို့သစ်များဖော်ထုတ်ပြီး မြို့ပြစီမံကိန်းအဖြစ် သတ်မှတ်ထားသော်လည်း ယနေ့အချိန်အထိ လူနေအဆောက်အအုံများမရှိသေးသည့် မြေများဖြစ်ကြောင်း ဦးသန်းက ရှင်းပြသည်။

ပဟေဠိ မြေဈေး

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရောင်းချမည့်မြေကွက်များကို မည်သည့်ဈေးဖြင့် သတ်မှတ်ကာ ရောင်းချမည်ကို ထုတ်ပြန်ကြေညာထားခြင်းမရှိချေ။ ထို့ကြောင့် မြေဈေးမှာ ပဟေဠိဖြစ်လျက် ရှိသည်။

မြေဝယ်ရန် လာရောက်သူအများစုကမူ ပေ ၄ဝ × ၆၀ မြေကွက်တစ်ကွက်လျှင် ကျပ်သိန်း ၆၀ ဖြင့်ရောင်းချပေးမည်ဟု ဆိုကြသည်။ သို့သော်လည်း အဆိုပါမြေဈေးမှာ မည်သူက အတည်ပြုမှန်းမသိသော မြေဈေးသာဖြစ်ပြီး အမှန်ဟု ယူဆ၍ မရသေးသည့် အခြေအနေလည်း ဖြစ်သည်။

“သိန်း ၆၀ လောက်လို့တော့ ပြောတယ်။ ပေ ၄ဝ × ၆၀ ကို သိန်း ၆၀ လောက်နဲ့ရရင်ဝယ်နိုင်တယ်။ အဲဒီထက်များရင်တော့ မဝယ်နိုင်ဘူး။ အပြင်မှာ အဲဒီလောက်နဲ့မှ မရတာ။ ပိုက်ဆံသိန်း ၆၀ နဲ့ဘယ်နေရာ သွားဝယ်မလဲ” ဟု အင်းစိန်မြို့နယ် ကြို့ကုန်းရပ်ကွက်တွင်နေထိုင်သူ ဦးသာထွန်းကဆိုသည်။

ဦးသာထွန်းသည် မြေဝယ်ယူခွင့်လျှောက်လွှာရရှိရန်နှစ်ရက်တိတိ တန်းစီခဲ့ရသူလည်းဖြစ်သည်။

မြေရောင်းချရေး ကော်မတီအဖွဲ့ဝင်ဖြစ်သူ ဦးသန်းကမူ မြေဈေးသတ်မှတ်ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း ငြင်းဆိုထားသည်။ မြေအသုံးပြုခွင့်ရရှိရန် လျှောက်ထားသည့် လျှောက်လွှာတွင် မိမိဝယ်ယူလိုသည့်မြေကို ဖော်ပြကာ ဝယ်ယူမည့် အဆိုပြုဈေး တင်ပြရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

သို့သော်လည်း အစိုးရက ကြမ်းခင်းဈေးတစ်ခုထားရှိမည်ဖြစ်ကာ ကြမ်းခင်းဈေးကိုမူ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ရန်ကုန်ကုန်တိုင်းဒေသကြီး မြို့နယ်များ၏ ကာလတန်ဖိုးသတ်မှတ်ပေးမည့် မြေကွက်စံနှုန်းကိုယူထားကြောင်း ဦးသန်းက ရှင်းပြသည်။

“ငွေပမာဏက ပြောလို့မရသေးပါဘူး။ ကြမ်းခင်းဈေး သတ်မှတ်တာတော့ အခြေခံအားဖြင့် ၂၀၁၈-၂၀၁၉ ခုနှစ် ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုးစိစစ်ရေးအဖွဲ့ကနေပြီးတော့ မြို့နယ်အလိုက်၊ နေရာအလိုက် Location Zone ပေါ်မူတည်ပြီးတော့မှ One Square Feet သတ်မှတ်ထားတဲ့နှုန်းထားတွေ ရှိပါတယ်” ဟု ၎င်းကဆိုသည်။

အစိုးရ၏ စံဈေးနှုန်း

ထိုသို့ဆိုလျှင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၏ ကာလတန်ဖိုးသတ်မှတ်ချက် မြေကွက်စံနှုန်းများကား မည်သို့ရှိပါသနည်း။ စေ့ငုကြည့်ကြပါစို့။

လှိုင်သာယာ မြို့နယ်တွင် ပေ ၄ဝ × ၆၀ မြေတစ်ကွက်ဈေးနှုန်းကို နေရာအလိုက် ကျပ်သိန်း ၃၀၀မှ ကျပ်သိန်း ၆၀ အထိ စံဈေးနှုန်းသတ်မှတ်ပေးထားသည်။

ရွှေပြည်သာမြို့နယ်တွင်မူ ပေ ၄ဝ × ၆၀ မြေတစ်ကွက်ဈေးနှုန်းကို နေရာ အလိုက် ကျပ်သိန်း ၃၀၀မှ ကျပ်သိန်း ၅၀ အထိ စံဈေးနှုန်း သတ်မှတ်ပေးထားသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင် ပေ ၄ဝ × ၆၀ မြေတစ်ကွက်ဈေးနှုန်းကို နေရာအလိုက် ကျပ်သိန်း ၇၀၀ မှ ကျပ်သိန်း ၅၀ အထိ ဈေးနှုန်းသတ်မှတ်ထားကာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ပေ ၄ဝ × ၆၀ မြေတစ်ကွက်ကို နေရာအလိုက် ကျပ်သိန်း ၁၂၀၀ မှ ၃၀၀ အထိ စံဈေးနှုန်းသတ်မှတ်ထားသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွက် မြေဈေးနှုန်းစံသတ်မှတ်ချက်မှာ ပေ ၄ဝ × ၆၀ မြေတစ်ကွက်လျှင် နေရာအလိုက် ကျပ်သိန်း ၇၀၀မှ ကျပ်သိန်း ၃၀ သတ်မှတ်ပေးထားသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အတွက်မူ မြေဈေးနှုန်းစံသတ်မှတ်ချက် ပေ ၄ဝ × ၆၀ မြေကွက်တစ်ကွက်လျှင် နေရာအလိုက် ကျပ်သိန်း ၁၅၀ မှ ကျပ်သိန်း ၃၀ ဖြင့်သတ်မှတ်ထားသည်။

မဝယ်မီ ကြိုကြည့်

လက်ရှိတွင် ရန်ကုန်တိုင်းအစိုးရ ရောင်းချသည့် မြေကွက်အချို့မှာ လမ်းမရှိ၊ လျှပ်စစ်မီးတိုင်ပင်မရှိ၊ စည်ပင်ရေနှင့် ဘတ်စ်ကားမရောက်သည့် လယ်ကွင်းအဆင့်သာရှိကြောင်း ဝေဖန်သံများ ထွက်ပေါ်လျက်ရှိသည်။

အဓိကအားဖြင့် လမ်းနာမည်မပါရှိဘဲ မြေတိုင်းရပ်ကွက်၊ မြေကွက်အမှတ်သာ ဖော်ပြထားသော ရောင်းချမည့် မြေနေရာအချို့သည် လယ်ကွက်အဆင့်သာရှိသေးကြောင်း သုခစံရာ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုလုပ်ငန်းမှ ဦးဝဏ္ဏကဆိုသည်။

“(လမ်းနာမည်မပါသော)ရပ်ကွက်တွေပါတဲ့ဟာတွေက ကွင်းတွေ။ မြောက်ဒဂုံမှာဆိုရင် ဘယ်လမ်းနဲ့ ဘယ်လမ်းထောင့် အဲဒီလိုဟာမျိုးက ရပ်ကွက်ထဲမှာ။ အဲဒီလိုမဟုတ်ဘဲ မြေတိုင်းအမှတ်ပဲပါတာတွေက ကွင်းတွေ” ဟု ၎င်းကဆိုသည်။

ထို့ကြောင့် ရပ်ကွက်အမည်သာပါရှိပြီး လမ်းအမည်မဖော်ပြထားသော မြေနေရာများကို ဝယ်ယူမည်ဆိုပါက ကိုယ်တိုင်ကိုယ်ကျ ကြည့်ရူရန်လိုအပ်မည်ဖြစ်သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ရပ်ကွက် ၁ မှ ၁၆ အထိခန့်နှင့် ၁၃၃ ရပ်ကွက်သာ ပြင်ပဈေးကွက်တွင် ကျပ်သိန်းရာဂဏန်းပေါက်လျက်ရှိသည်။ သို့သော်လည်း ၁၅၀၊ ၁၆၀ စသည့် ရပ်ကွက်များမှာမူ လူနေထိုင်မှုနည်းပါးပြီး လယ်ကွင်းများသာရှိကြောင်း အိမ်၊ ခြံ၊ မြေဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရှိရသည်။

အဆိုပါလယ်ကွင်းများရှိ မြေကွက်ဈေးများမှာ ကျပ်သိန်း ဆယ်ဂဏန်းခန့်ဖြင့်သာ အရောင်းအဝယ်ရှိကြောင်း ဦးဝဏ္ဏက ဆိုသည်။

“တချို့အကွက်လေးတွေဆို ကျပ် သိန်း ၂၀၊ တစ်ဧကမှ ကျပ်သိန်း ၁၀၀၊ ၂၀၀ လောက်ပဲရှိတယ်” ဟု ၎င်းက ဆိုသည်။

တိုင်းအစိုးရကရောင်းချမည့် မြေကွက်များကို စုံစမ်းပြီးမှ ဝယ်ယူရန် အကြံပေးသူများတွင် မဏ္ဍိုင်အိမ်၊ ခြံ၊ မြေ အကျိုးဆောင်ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦး ဖြစ်သည်။

“ကိုယ်ရမယ့်နေရာသည် ဘယ်လိုနေရာမျိုးဖြစ်မလဲ။ ပြင်ပဈေးကွက်အနေအထားဘယ်လိုမျိုးရှိသလဲ။ ဈေးနှုန်းဘယ်လိုရှိသလဲ။ လမ်းပန်းဆက်သွယ်ရေး၊ သွားရေးလာရေးဘယ်လိုမျိုးရှိသလဲ။ နေမယ်ဆို ဘယ်လိုအခက်အခဲတွေရှိနိုင် သလဲ။ ဘာအားသာချက်တွေရှိလဲ။ ဒါတွေကိုတော့ သေချာစုံစမ်းပြီးမှ လျှောက်စေချင်တာပေါ့လေ” ဟု၎င်းကဆိုသည်။

တိုင်းအစိုးရရောင်းချသည့် မြေကွက်များ၏ ပြင်ပပေါက်ဈေးများကိုလည်း စုံစမ်းကြည့်သင့်ကြောင်း ၎င်းကအကြံပြုသည်။

“သွားရေးလာရေးကလည်း ခက်ခဲမယ်။ နေဖို့ထိုင်ဖို့ကလည်း ခက်ခဲမယ်။ ကုန်ကုန်ပြောမယ် သုံးနှစ်ပြည့်လို့ ပြန်ရောင်းမယ်ဆိုရင်လည်း အရင်းမှမရဘူးဆိုရင်လည်း မကိုက်ဘူးပေါ့နော်” ဟု ဦးသန်းဦးက ဆိုသည်။

မြေရောင်း ဇစ်မြစ်

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ကျူးကျော်များကို တဲပေါ်မှတိုက်ပေါ်သို့တင်ပေးရန်၊ ဝန်ထမ်းများ၊ ပင်စင်စားများ၊ စီးပွားရေးလုပ်ကိုင်လိုသူများကိုမြေရောင်းချပေးရန်နှင့် သိမ်ဆည်းခံလယ်ယာမြေလျော်ကြေးငွေ ပေးရန်အတွက် ရည်ရွယ်၍ ဒဂုံမြို့သစ်လေးမြို့နယ်နှင့် လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်ရှိ မြေဧကလေးထောင်ကိုရောင်းချမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်တွင် သတင်းမီဒီယာများထံ အမှာစကားပါးခဲ့သည်။

ခေတ်အဆက်ဆက်အစိုးရများသည် မြို့သစ်များတည်ရန်အတွက် လယ်ယာမြေအမြောက်အမြားကို သိမ်းယူခဲ့ရသည်။ သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှ လက်ရှိ NLD အစိုးရလက်ထက်အထိ ရန်ကုန်တိုင်းဒေသကြီးနှင့် ပတ်သက် သည့် မြေယာအမှုတွဲပေါင်း ခြောက်ထောင်ကျော် (၆၀၇၇ မှု) ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် ယင်းအမှုတွဲခြောက်ထောင်ကျော်ကို စိစစ်ခဲ့ပြီး လျှော်ကြေးစုစုပေါင်း ကျပ်ဘီလီယံ ၂၀၀ ပေးရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။ ဆိုရလျှင် မြေရှင်များကို တိုင်းအစိုးရက ကျပ်ဘီလီယံ ၂၀၀ ပေးချေရန် တာဝန်ရှိနေခြင်းပင်ဖြစ်သည်။

ယင်းသို့ပေးချေရန်အတွက် YCDC ထံမှ ကျပ်ခုနှစ်ဘီလီယံ၊ ပြည်ထောင်စုအစိုးရအဖွဲ့ထံမှ ကျပ် ၃၃ ဘီလီယံရရှိမည်ဖြစ်ပြီး လိုအပ်နေသည့် ကျပ်ဘီလီယံ ၁၆၀ အတွက်မူ ဒဂုံမြို့သစ်လေးမြို့နယ်၊ လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်တို့ရှိ မြေဧက လေးထောင်ကိုရောင်းချ၍ ရှာဖွေမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။

သို့သော်လည်း အစိုးရသက်တမ်းကုန်ခါနီးအချိန်တွင် မြေဧကထောင်နှင့်ချီရောင်းချရန်စီစဉ်ခြင်းသည် မြေယာလျော်ကြေးတစ်ခုတည်းအတွက် ဟုတ်ပါ၏လော။ အိမ်ရာမရှိသေးသူများအတွက် မြေကွက်များရောင်းချပေးခြင်းဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆွယ်ရေးခရီးစဉ်စတင်ခြင်းပေလောဟု မေးခွန်းများလည်း ထွက်ပေါ်လာသည်။

ထိုမေးခွန်းနှင့်ပတ်သက်၍ ဒဂုံမြို့နယ် မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ထိုသို့ ဆိုသည်။

“အခုတော့ (ရွေးကောက်ပွဲအတွက် မဲဆွယ်ခြင်း) အဲဒီလိုမဖြစ်တောင်မှ အခု စီမံမှုလုပ်ရပ်က အဲဒီလိုပြောစရာကြီးဖြစ်နေတဲ့အနေထားကို ရောက်နေတာပါဘဲ။ အန်ကယ်အဲဒီလောက်ပဲ ပြောချင်ပါတယ်” ဟုမှတ်ချက်ပြုသည်။

ထိုမျှမကသေး တိုင်းဒေသကြီးအစိုးရ၏ မြေရောင်းချမှုနှင့်ပတ်သက်၍ စီမံခန့်ခွဲမှုကလည်း မေးခွန်းထုတ်စရာပင်။

တောင်ဥက္ကလာပမြို့နယ်ရှိ စုပေါင်းရုံးတစ်ခုတည်းတွင် လူများတန်းစီတိုးဝှေ့နေရသည်။ ညအိပ်ညနေ စောင့်စား၍ပင် လျှောက်လွှာဝယ်ယူကြရသည်။ နေပူစပ်ခါးတွင် ပင်စင်စား အဘိုးအို၊ အဘွားအိုကြီးများသည်လည်း ချွေးတစ်လုံးလုံးဖြင့် တိုးဝှေ့နေရပြန်သည်။ လူများသောကြောင့် စုပေါင်းရုံးခြံတံခါးကိုပိတ်၍ပင် လျှောက်လွှာရောင်းချရသည်အထိ တိုင်းအစိုးရစီမံခန့်ခွဲမှုမှာ လူပြောများစရာဖြစ်ခဲ့ရသည်။

“နောက်တစ်ခါရောင်းရင် အဲဒီလိုတန်းမစီခိုင်းပါနဲ့” ဟု နံနက် ၃ နာရီကတည်းကပင် စုပေါင်းရုံးရှေ့တွင်ရောက်၍ လျှောက်လွှာဝယ်ရန် တန်းစီနေရသူ ဦးအောင်မိုးကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် တိုက်ခန်းများရောင်းချရာတွင် သက်ဆိုင်ရာမြို့နယ်အလိုက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံချက်ဖြင့် ရောင်းချသည့်စနစ်ဖြင့် ရောင်းခဲ့သည်။ ထိုစနစ်အရ မြို့နယ် ၄၅ မြို့သို့ဖြန့်ကျက်သည့်အတွက် တန်းစီတိုးဝှေ့ခြင်းများ မရှိခဲ့ကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဆိုသည်။

“ပြောတော့ e-Government။ ပြီးတော့ တန်းစီနေရတယ်။ ထားပါ။ အမှန်တော့ စီမံခန့်ခွဲမှုဆိုတာ အဲဒါပဲ” ဟု၎င်းက ဆိုသည်။

လျှောက်လွှာတစ်စောင် ကျပ်တစ်သောင်း

တစ်နေ့လုပ်ခလစာ ကျပ် ၄၈၀၀ သတ်မှတ်ထားသည့် အခြေအနေတွင် စာရွက်ခုနှစ်ရွက်ပါသည့် လျှောက်လွှာတစ်စောင်အတွက် ကျပ်တစ်သောင်းပေးရခြင်းအပေါ်တွင် ဝေဖန်သံများ ထွက်ပေါ်လျက်ရှိသည်။

မြေဝယ်ယူခွင့်ရ၊ မရ မသေချာသေးသော်လည်း လျှောက်လွှာဝယ်ယူရန်တန်းစီသည့် ကုန်ကျစရိတ်ပင် ကျပ်သုံးသောင်းနီးပါးရှိပြီဖြစ်ကြောင်းဆိုလာသူက အင်းစိန်မြို့နယ်တွင်နေထိုင်သည့် မမြသဇင်ဖြစ်သည်။

“Taxi ခ ငါးထောင် ပေးလိုက်ရတယ်။ မုန့်စားတာမပါသေးဘူး။ နေပူလာလို့ ထီးသွားဝယ်တာ ၇၅၀၀။ ခြံပိုင်လိုချင်လို့ လေ” ဟု ၎င်းကဆိုသည်။

တိုင်းဒေသကြီး အစိုးရအနေနှင့် နေစရာမြေမရှိသူများအပေါ်တွင် လျှောက်လွှာတစ်စောင် ကျပ်တစ်သောင်းဖြင့် ရောင်းချခြင်းသည် သင့်လျော်မှုမရှိဘဲ အမှန်တကယ် နေစရာမရှိသူများကို မြေပိုင်ဆိုင်စေချင်ပါက ဘတ်ဂျက်တောင်းခံကာ အခမဲ့ပေးသင့်ကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက အကြံပြုသည်။

ဦးကျော်ဇေယျသည် တိုင်းလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ၏ အတွင်းရေးမှူးလည်း ဖြစ်သည်။

“လျှောက်လွှာတစ်စောင် တစ်သောင်းက တစ်နေ့လုပ်ခနဲ့ပဲ တွက်ပါဦး။ တစ်စောင် တစ်သောင်းဆိုတာက တော်တော်လေးကို အစိုးရတစ်ရပ်အနေနဲ့ မဖြစ်သင့်တဲ့ဟာပါ။ ငါးရာ၊ တစ်ထောင်ဆို လက်ခံနိုင်ဖွယ်ရာ ရှိသေးတယ်” ဟု ၎င်းက ဆိုသည်။

လျှောက်လွှာစတင်ရောင်းချသည့် အောက်တိုဘာလ ၇ ရက် တစ်ရက်တည်းတွင်ပင် အစောင်ရေ သုံးထောင်ကျော်ရောင်းချခဲ့ကြောင်း လျှောက်လွှာဝယ်ယူသူများ၏ ပြောကြားချက်အရသိရှိရသည်။ ထို့နေ့တစ်ရက်ထဲတွင် ကျပ်သိန်းသုံးရာ ခန့်ရရှိသည့် သဘောပင်။

အဆိုပါလျှောက်လွှာရောင်းချရရှိသည့်ငွေများသည့် မည်သည့်ဌာနမှရရှိကာ မည်သို့စီမံခန့်ခွဲနေသနည်းဆိုသည်က မေးခွန်းထုတ်စရာ ကိစ္စတစ်ရပ်ဖြစ်လာသည်။

တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကမူ လျှောက်လွှာရောင်းချခြင်းမှရရှိငွေနှင့် မြေကွက်မည်မျှ ရောင်းချခဲ့ရကြောင်းကို တိုင်းလွှတ်တော် အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းမေးရန် စီစဉ်ထားကြောင်း ၎င်း၏အစီအစဉ်ကို ဖွင့်ဟပြာကြားသည်။

“ဒီလျှောက်လွှာတွေ ဘယ်လောက်ရောင်းရလဲ။ မြေဘယ်နှယောက်ကို ချပေးနိုင်ခဲ့လဲ။ ငွေဘယ်လောက်ရလဲ။ အဲဒီငွေတွေဟာ ဘယ်လိုဘတ်ဂျက်နဲ့ ဘယ်လိုအကောင့်ဖွင့်မှာလဲ။ ဒါတွေက အန်ကယ်တို့မေးရမယ့် ဟာတွေပေါ့။ အန်ကယ်တို့ကတော့ မေးသွားမှာပါ” ဟု ၎င်းကဆိုသည်။

လှည့်ပြန်ကြသူများ

မြေပိုင်ဆိုင်ရေး အိပ်မက်ကိုပိုက်ကာ စုပေါင်းရုံးသို့ ရောက်လာသော်လည်း လျှောက်လွှာဝယ်ယူရန် တန်းစီလျက်ကပင် စိတ်လျှော့ကာ လှည့်ပြန်သူများလည်းရှိသည်။

ထိုအထဲတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင်နေထိုင်သည့် ရိုးရာလက်ဝှေ့နည်းပြ ဦးမောင်မောင်လည်း တစ်ယောက်အပါအဝင်ဖြစ်သည်။

နံနက် ၇ နာရီမှ လျှောက်လွှာဝယ်ယူရန် တန်စီးခဲ့သည့် ဦးမောင်မောင်သည် တန်စီးချိန်ငါးနာရီခန့်အကြာတွင် အိမ်ပြန်ရန်ဆုံးဖြတ်ခဲ့သည်။

“မနက် ၇ နာရီထဲကလာစီတာ တစ်ဝက်တော့ ရောက်ပြီ။ ဒီကောင်က ဦးလေးထင်တာက Uncertain (မသေချာဘူး) လို့ထင်တယ်။ တစ်နေရာထဲ လူကအများကြီး ပြုံကျလာရင် လေလံစနစ်လိုဖြစ်သွားမယ် ထင်တာပေါ့” ဟု ၎င်းကဆိုသည်။

ရောင်းချမည့်မြေကွက်နှင့် ဝယ်ယူလိုသူ အချိုးအစားမမျှတသည့်အတွက် ဈေးအဆမတန်မြင့်နိုင်သည်ဟု ဦးမောင်မောင်က ယူဆလျှက်ရှိသည်။

တာမွေမြို့နယ်မှလာရောက်သည့် ကိုမျိုးမင်းဦးကလည်း အစိုးရမြေကွက်ဝယ်ယူရေးကို လက်လျှော့လိုက်ပြီဖြစ်သည်။ လက်ရှိတွင် ပြင်ပဈေးကွက်ရှိ ခြံမြေများကို မဝယ်နိုင်သေးသော်လည်း ငွေစုပြီး ဝယ်ယူတော့မည်ဟု ဆုံးဖြတ်လိုက်သူဖြစ်သည်။

“မတန်းစီတော့ဘူး။ မလိုချင်တော့ဘူး။ စိတ်ညစ်သွားပြီ။ ပိုက်ဆံရှာပြီး ကိုယ့်ဘာသာပဲ သပ်သပ်ဝယ်မယ်” ဟု ကိုမျိုးမင်းဦးက ဆိုသည်။

မည်သို့ပင်ဆိုစေကာမူ တောင်ဥက္ကလာပ စုပေါင်းရုံးရှေ့တွင် မြေရှင်ဖြစ်ရေး အိမ်မက်ပိုက်ကာ မြေဝယ်ယူရန် လျှောက်လွှာတန်းစီသူများနှင့် အောက်တိုဘာတစ်လလုံး စည်ကားမည်သာ။

ဈေးနှုန်းတိတိကျကျ ထုတ်ပြန်ပေးမှုမရှိခြင်း၊ လူနေထိုင်ရန် အခြေခံလိုအပ်ချက်များဖြစ်သည့် သောက်သုံးရေ၊ လျှပ်စစ်မီး၊ လမ်းမရှိခြင်းတို့ကြောင့် ဝေဖန်သံများ ထွက်ပေါ်လျက်ရှိသော်လည်း ဝင်ငွေနည်းပါးသူများကမူ ခရိုင်ရုံးရှေ့တွင် နေ့စဉ် စောင့်ဆိုင်းလျှက်ပင်။

လူထောင်ချီတန်းစီနေသည့်အကြား ဒေါ်အေးမွန်တစ်ယောက် နဖူးမှကျနေသည့် ချွေးများကို သုတ်ရင်း ၎င်း၏ ခြံပိုင်ဖြစ်ရေး အိပ်မက်ကို ယခုကဲ့သို့ ဖွင့်ဟသည်။

“ပိုက်ဆံရှိလို့တော့ မဟုတ်ဘူး။ အခု သိန်း ၆၀ လို့ကြားတော့ ရင်တောင်တုန်တယ်။ သိန်း ၃၀ လောက်ဆိုရင်တော့ နိုင်လောက်တဲ့ အနေထားပေါ့။ ၆၀ ဆိုရင် တော့ …” 

 

ပို့ပို့

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *