ကမ္ဘာ့စီးပွားရေး မူဝါဒအပြောင်းအလဲများ

(၁)

ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေမှာ စားသုံးသူတွေ သန်းထောင်ချီပြီး ရှိတယ်။ စီးပွားရေးလုပ်ငန်းတွေ သန်းချီပြီးရှိတယ်။ သူတို့တစ်တွေက ဆုံးဖြတ်ချက်တွေကို ကိုယ့်ဘာသာချနေကြတယ်။ ဒါပေမဲ့လည်း တစ်ဖက်မှာ ငွေကြေးမူဝါဒတွေချနေတဲ့ ဗဟိုဘဏ်တွေ ဘယ်လောက်သုံးမယ်၊ ဘယ်လောက်ချေးမယ်ဆိုတာ ဆုံးဖြတ်ရတဲ့ အစိုးရတွေကနေ နိုင်ငံရဲ့ စီးပွားရေးအဆောက်အဦကို လမ်းကြောင်းတည့်ပေးဖို့ ကြိုးစားနေကြတယ်။ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်အတွင်းမှာ သူတို့တစ်တွေဟာ အခြေခိုင်ပြီးသား စည်းမျဉ်းစည်းကမ်းတွေနဲ့ လည်ပတ်နေကြတယ်။ အစိုးရတွေဟာ မဲဆန္ဒရှင်တွေရဲ့ ထောက်ခံအားပေးမှုကိုရဖို့၊ အလုပ်အကိုင်တွေ ဖန်တီးပေးချင်ကြတယ်။ ဒါပေမဲ့ စီးပွားရေးတိုးတက်မှုနှုန်း သိပ်မြင့် သွားရင် ငွေဖောင်းပွမှုဖြစ်စေနိုင်တယ်။ လွတ်လပ်တဲ့ ဗဟိုဘဏ်တွေဆိုတာကလည်း ‘ပါတီမှာ အရှိန်ကောင်းနေတုန်း ဖျော်ရည်ခွက်တွေ လာသိမ်းသွားသလို’ စီးပွားရေးအရှိန်ကောင်းနေတုန်း လက်ဖွာတဲ့မူဝါဒကို ဗြုန်းခနဲ ရပ်ရတာမျိုး လုပ်ဖို့လိုလေ့ရှိတယ်။ ဒီအသုံးအနှုန်းကိုတော့ ဗဟိုဘဏ်ဥက္ကဋ္ဌဟောင်းတစ်ယောက်က တင်စားပြောကြားခဲ့တာပါ။ နိုင်ငံရေးသမားတွေ၊ ပညာရှင်တွေက တာဝန်ခွဲခြားအလုပ်လုပ်နေကြသလိုပါပဲ။ နိုင်ငံရေးသမားတွေက ရေရှည်မှာ စီးပွားရေးအဆောက်အဦကြီး နှေးလာစေချင်တယ်။ တခြား ဦးစားပေးအစီအစဉ်တွေလည်း အများကြီးရှိသေးတယ်။ ပညာရှင်တွေကတော့ စီးပွားရေးသံသရာ အတက်အကျကြမ်းတာကို မကြိုက်ဘဲ ထိန်းကျောင်းကြရတယ်။

အခုလို အတိတ်က အသားကျနေခဲ့တဲ့ကိစ္စဟာ အခုတော့ ပြိုလဲပျက်စီးနေပါပြီ။ အလုပ်လက်မဲ့နည်းတာနဲ့ ငွေဖောင်းပွမှုနှုန်းမြင့်တာဟာ အဆက်အစပ်မရှိတော့ဘူး။ ချမ်းသာတဲ့ နိုင်ငံအတော်များများမှာ ငွေဖောင်းပွမှုနှုန်းနိမ့်ကျနေသလို အလုပ်လက်မဲ့လည်း နည်းနေတယ်။ အမေရိကန်နိုင်ငံမှာ အလုပ်လက်မဲ့နှုန်းဟာ ၃ ဒသမ ၅ ရာခိုင်နှုန်းပဲရှိပြီး ၁၉၆၉ ခုနှစ် နောက်ပိုင်းမှာ အနိမ့်ဆုံးဖြစ်နေတယ်။ တစ်ဖက်မှာလည်း ငွေဖောင်းပွတဲ့နှုန်းဟာ ၁ ဒသမ ၄ ရာခိုင်နှုန်းပဲရှိတယ်။ အတိုးနှုန်းကလည်း နိမ့်နေတော့ တကယ်လို့များ စီးပွားရေးနှေးကွေးမယ့် အလားအလာတွေ့ရင် အတိုးနှုန်းထပ်ချဖို့က ခပ်ခက်ခက်။ တချို့နိုင်ငံတွေကတော့ လူတွေလက်ထဲ ငွေရောက်တောင်၊ ဝယ်အားကောင်းလာအောင်၊ ငွေချေးစာချုပ်တွေ ပြန်လိုက်ဝယ်တာမျိုး လုပ်နေကြတုန်းပဲ။

ဟိုတုန်းကတော့ အခုလိုဖြစ်ရပ်မျိုးဟာ ဖြစ်တောင့်ဖြစ်ခဲ့ကိစ္စမျိုးဖြစ်ပေမယ့် အခုတော့ ပုံမှန်လိုဖြစ်နေလို့၊ ပုံမှန်အသစ် (New Normal) လို့ ခေါ်ကြတယ်။ စီးပွားရေးမူဝါဒနဲ့ ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ ဥပဒေသတွေကိုလည်း ပြန်ဆွဲဖို့ လိုလာပြီ။ အထူးသဖြင့်တော့ ဗဟိုဘဏ်နဲ့ အစိုးရ ဘယ်လိုတာဝန်ပြန်ခွဲကြမလဲ။ ခုကတည်းက အကြိတ်အနယ်ဖြစ်နေပြီး အန္တရာယ်လည်းရှိတယ်။

(၂)

စီးပွားရေးမူဝါဒသစ်တွေ ဘာလို့ပြန်ဆွဲစရာအကြောင်းပေါ်လာသလဲလို့ဆိုရင် သမိုင်းကြောင်းကို ပြန်ကြည့်ဖို့လိုမယ်။ ၂၀၀၇-၀၉ ကာလ က ဘဏ္ဍာရေးအကြပ်အတည်းကို ကြည့်ဖို့လိုတယ်။ စီးပွားရေးကပ်နဲ့ မကြုံတွေ့ရလေအောင် ဗဟိုဘဏ်တွေက ယာယီအစီအစဉ်တွေ၊ ထူးထူးခြားခြားအစီအစဉ်တွေ လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ အခုထိ ထူးထူးခြားခြားဖြစ်ရပ်တွေ ဖြစ်နေတုန်းပဲ။ အလုပ်လက်မဲ့ နည်းနေပေမယ့် ဈေးနှုန်းတွေက တက်မလာဘူး။ အခုလိုဖြစ်ရတာက တစ်စိတ်တစ်ပိုင်းအနေနဲ့ လူတွေက ဈေးတွေ နည်းနည်းပါးပါးပဲတက်မယ်လို့ မျှော်လင့်တွက်ဆကြလို့ဖြစ်တယ်။ နောက်အကြောင်းတရားတစ်ခုက ကမ္ဘာတစ်ခုလုံး ချိတ်ဆက်မိနေတဲ့ အရောင်းဈေးကွက်ကြောင့်ပါ။ ပြည်တွင်းအလုပ်သမားဈေးကွက်အခြေအနေက ဈေးနှုန်းတွေကို အမြဲတမ်းမပြဋ္ဌာန်းနိုင်ဘူး။ (ပြည်ပဈေးကွက်၊ ပြည်ပလုပ်သားဈေးကွက်တွေနဲ့ ချိတ်ဆက်မှုတွေ မြင့်မားလာတယ်။) ဒါပေမဲ့ လုပ်ငန်းတွေက ရင်းနှီးမြှုပ်နှံမှုတွေ သိပ်မလုပ်ချင်ကြဘူး။ ဒီတော့ အတိုးနှုန်းတွေကျကုန်ရော။ စုချင်ဆောင်းချင်တဲ့စိတ်က သန်နေကြတော့ ရင်းနှီးမြှုပ်နှံမှုအဆင့်ရှိတဲ့ ငွေချေးစာချုပ်အားလုံးရဲ့ လေးပုံတစ်ပုံ၊ ဒေါ်လာ ၁၅ ထရီလီယံလောက် မြှုပ်နှံဝယ်ယူထားကြတာဟာ အကျိုးမရှိဘူး။ ကျန်တဲ့သက်တမ်းအတွက်ရမယ့် အတိုးက ဝယ်တုန်းကပေးလိုက်ရတဲ့ အပိုကြေးထက် နည်းနေတယ်။ Negative Yield လို့ခေါ်တယ်။

ဘောဂဗေဒပညာရှင်တွေနဲ့ အစိုးရအရာရှိတွေကတော့ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေကြပါတယ်။ ၂၀၁၂ ခုနှစ် အစောပိုင်းတုန်းကတော့ ဗဟိုဘဏ်အရာရှိအတော်များများက အမေရိကန်ဟာ အတိုးနှုန်း ၄ ရာခိုင်နှုန်းလောက်မှာ ရပ်သွားမယ်လို့ ထင်ခဲ့ကြတယ်။ ရှစ်နှစ်လောက်ကြာလာတော့ ၁ ဒသမ ၇၅ ကနေ ၂ ရာခိုင်နှုန်းကြားရှိနေပြီ။ ဒါတောင် စက်မှုနိုင်ငံ ခုနစ်နိုင်ငံမှာ အမြင့်ဆုံးဖြစ်နေတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တုန်းကတော့ အစိုးရရော၊ ရင်းနှီးမြှုပ်နှံသူတွေကပါ ဗဟိုဘဏ်က လက်ဖွာတဲ့စနစ်၊ စီးပွားရေးအဆောက်အဦထဲ ငွေတွေလှိမ့်ဝင်အောင် လုပ်တဲ့စနစ်ကို ရုပ်သိမ်း၊ ငွေချေးစာချုပ်တွေပြန်ထုတ်ရောင်း၊ ဒါမှမဟုတ် ကိုင်ထားကြတဲ့ ငွေချေးစာချုပ်တွေ သက်တမ်းစေ့ပြီလို့ သတ်မှတ်ဖို့ လုပ်သင့်တယ်လို့ မြင်ကြတယ်။ အခုကျတော့ အဲဒီမူဝါဒဟာ အမြဲတမ်းလိုက်နာကျင့်သုံးရမယ့်မူဝါဒလို့ မြင်လာကြတယ်။

အမေရိကန်၊ ယူရိုဇုန်၊ ဗြိတိန်နဲ့ ဂျပန်တို့ရဲ့ လက်ကျန်ရှင်းတမ်းဟာ စုစုပေါင်းဂျီဒီပီရဲ့ ၃၅ ရာခိုင်နှုန်းအထိရှိနေတာကို တွေ့ရတယ်။ ဥရောပ ဗဟိုဘဏ်က ငွေဖောင်းပွစေချင်လို့ စီးပွားရေးအဆောက်အဦထဲ ငွေတွေဝင်အောင် လုပ်နေတယ်။ ဗဟိုဘဏ်က သူ့ရဲ့ လက်ကျန်ရှင်းတမ်းကို ကျုံ့သွားအောင် ခဏတစ်ဖြုတ်တော့ ကြိုးစားပေမယ့် စက်တင်ဘာလကစပြီး သူ့ရဲ့ပိုင်ဆိုင်ခွင့်တွေ တိုးစပြုလာတာ တွေ့ရတယ်။ ယိမ်းယိုင်လှုပ်ရှားနေတဲ့ ငွေကြေးဈေးကွက်ထဲကို ငွေတွေထည့်နေတာ တွေ့ရတယ်။ အောက်တိုဘာလ ၈ ရက်နေ့တုန်းကတော့ ဗဟိုဘဏ်ဥက္ကဋ္ဌက ခုလိုပဲ ဆက်လုပ်မယ်လို့ အတည်ပြုပြောကြားသွားခဲ့ပါတယ်။

(၃)

ခုလို အပြောင်းအလဲတွေ ဖြစ်တာရဲ့ အဓိပ္ပာယ်သက်ရောက်မှုကလည်း ရှင်းပါတယ်။ ဗဟိုဘဏ်က စီးပွားရေးအဆောက်အဦကို လှုံ့ဆော်တဲ့နည်းမရှိတော့တဲ့အခါ၊ အခွန်လျှော့ အသုံးစရိတ်များများသုံးတဲ့နည်းကိုပဲ သုံးရတယ်။ အတိုးနှုန်းကနိမ့်နေတော့ ပြည်သူတွေဆီကချေးထားတဲ့ငွေတွေအတွက် သိပ်ပူစရာမလို။ ချေးထားတဲ့ငွေတွေကို လမ်းပန်းဆက်သွယ်ရေးလို တိုးတက်မှုကိုဖြစ်စေနိုင်တဲ့၊ ရေရှည်ရင်းနှီးမြှုပ်နှံမှုတွေအတွက် စိတ်ချလက်ချသုံးလို့ရတယ်။ ဒါပေမဲ့ မကြာခင်က တွေ့နေရတဲ့ ဘဏ္ဍာရေးမူဝါဒကတော့ ရှုပ်ရှုပ်ထွေးထွေးရှိပြီး အန္တရာယ်လည်းများတယ်။

ဂျာမနီမှာ လမ်းတွေ၊ တံတားတွေ ကောင်းအောင် မလုပ်နိုင်ဘူး။ ဗြိတိန်က စီးပွားရေးအားမကောင်းတဲ့အချိန်မှာ ဘတ်ဂျက်ချွေတာတယ်။ အများပြည်သူအတွက် ရင်းနှီးမြှုပ်နှံမှုတွေမလုပ်တော့ ထုတ်လုပ်မှုစွမ်းအား၊ ဆိုးဆိုးဝါးဝါးနိမ့်ကျတယ်။ အမေရိကန်မှာ သာမန်ထက်ဆိုးတဲ့ လိုငွေတွေပြတယ်။ စီးပွားရေးလုပ်ငန်းကြီးတွေ၊ သူဌေးတွေကို အခွန်လျှော့ပေးလိုက်လို့ လမ်းပြင်တာ၊ လျှပ်စစ်လိုင်းတွေက ပတ်ဝန်းကျင်မထိခိုက်အောင် လုပ်တာမျိုးတွေ မလုပ်နိုင်ဘူး။

လက်ရှိနိုင်ငံရေးသမားတွေက အဆင်ပြေအောင် ဘဏ္ဍာရေးမူဝါဒ ချမှတ်နိုင်ဖို့ ကြိုးစားနေရချိန် အာဏာရဖို့ ကြိုးစားနေတဲ့သူတွေက ဗဟိုဘဏ်ကို ငွေလုပ်တဲ့စက်လို့ မြင်နေကြတယ်။

အမေရိကန်လက်ဝဲယိမ်းတွေကြားထဲမှာ ခုတစ်လော ‘ခေတ်မီငွေကြေးသီအိုရီ’ ခေတ်စားလာတယ်။ အဲဒီသီအိုရီအရ၊ ငွေဖောင်းပွမှုနိမ့်နေချိန်မှာ ဗဟိုဘဏ်က အားနည်းနေသမျှ အစိုးရရဲ့ အသုံးစရိတ်တွေများလာလို့ ဘာမှထိခိုက်နစ်နာမှုမရှိဘူးလို့ ဆိုတယ်။ (သမ္မတဒေါ်နယ်ထရမ့်ကလည်း ဗဟိုဘဏ်ကို တိုက်ခိုက်တော့ ပိုပြီးချူချာသွားတယ်) ဗြိတိန်ရဲ့ အတိုက်အခံ လေဘာပါတီကတော့ ဗဟိုဘဏ်ကနေ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့တစ်ခုကတစ်ဆင့် ငွေထုတ်ချေးဖို့ အသုံးချချင်တယ်။ အဓိပတိတာဝန်ရယ်၊ စီးပွားရေးလုပ်ငန်းဝန်ကြီးတာဝန်နဲ့ အင်္ဂလန်ဗဟိုဘဏ်ဥက္ကဋ္ဌ ရဲ့ တာဝန်တွေကို ပေါင်းပစ်ချင်တယ်။

ဗဟိုဘဏ်တွေဟာ အစိုးရရဲ့နယ်နိမိတ်ဖြစ်တဲ့ ဘဏ္ဍာရေး မူဝါဒချမှတ်မှုကို ဖြည်းဖြည်းချင်း ကျူးကျော်ဝင်ရောက်လာကြတယ်။ ဂျပန်ဘဏ်ရဲ့ လက်ထဲမှာရှိနေတဲ့ ငွေချေးစာချုပ် တစ်ပုံတစ်ခေါင်းကြီးကြောင့် အများပြည်သူဆိုင်ရာကြွေးမြီဟာ ဂျီဒီပီရဲ့ ၂၄၀ ရာခိုင်နှုန်း နီးပါးရှိနေတယ်။ ယူရိုဇုန်မှာ အတိုးနှုန်းနိမ့်၊ လူတွေလက်ထဲကိုလည်း ငွေရောက်အောင်လုပ်နေတော့ အကြွေးတင်နေတဲ့ တောင်ပိုင်းကနိုင်ငံတွေ နည်းနည်းသက်သာရာရကြတယ်။ ဒီလထဲမှာပဲ သူတို့ဆီက ထင်ရှားတဲ့ ဘောဂဗေဒပညာရှင်တွေ၊ အရာရှိဟောင်းတွေက ဗဟိုဘဏ်ကို ဝိုင်းဝန်းတိုက်ခိုက်နေကြတယ်။ ဗဟိုဘဏ်ဥက္ကဋ္ဌဟောင်းကတော့ ယူရိုဇုန်မှာ ဘဏ္ဍာရေး နှိုးဆွမှုအစီအစဉ်ကျင့်သုံးဖို့ အများပြည်သူကို တောင်းဆိုခဲ့သေးတယ်။ တချို့ဘောဂဗေဒပညာရှင်တွေကတော့ ဗဟိုဘဏ်တွေမှာ ဘဏ္ဍာရေးကုတ် (Lever) ရှိဖို့လိုပြီး လိုအပ်ရင် သူတို့ဟာ သူတို့ ဆွဲတင်နိုင်မယ်တဲ့။

ဒီနေရာမှာ ငွေကြေးမူဝါဒနဲ့ ဘဏ္ဍာရေးမူဝါဒပေါင်းစည်းမှုရဲ့အန္တရာယ်ရှိနေတယ်။ နိုင်ငံရေးသမားတွေက ဗဟိုဘဏ်နဲ့လုံးဖို့ ကြိုးစားကြတယ်။ အတတ်ပညာရှင်တွေက နိုင်ငံရေးသမားတွေရဲ့ မူလတာဝန်ဖြစ်တဲ့ ဆုံးဖြတ်ချက်ချတဲ့ အလုပ်တွေကို လုပ်ကြရလိမ့်မယ်။ တကယ်လို့ သူတို့သာ ဘဏ္ဍာရေးနည်းလမ်းတွေ (ကုတ်-တွေ) ကို ထိန်းချုပ်နိုင်မယ်ဆိုရင် ဆင်းရဲသားတွေကို ဘယ်လောက်ပေးကြမလဲ၊ ဘယ်လိုရင်းနှီးမြှုပ်နှံမှုတွေကို လုပ်ကြမလဲ၊ အစိုးရက နိုင်ငံစီးပွားရေးမှာ ဘယ်အတိုင်းအတာအထိ ပါကြမလဲ။

(၄)

စီးပွားရေးကျဆင်းနေတဲ့အချိန်ဆိုရင် အစိုးရကလုပ်လုပ်၊ ဗဟိုဘဏ်ကပဲလုပ်လုပ် ဘဏ္ဍာရေးလှုံ့ဆော်မှုတွေကို ထိထိရောက်ရောက်၊ မြန်မြန်ဆန်ဆန်၊ ဒါပေမဲ့ အတိုင်းအတာတစ်ခုအထိလုပ်ဖို့ လိုအပ်ပါတယ်။ နည်းလမ်းတစ်ခုကတော့ စီးပွားရေးအားနည်းလေ၊ လိုငွေပိုကျခံပါမယ်လို့အာမခံတဲ့ အလုပ်လက်မဲ့အာမခံလို အစိုးရရဲ့ အလိုအလျောက်ဘဏ္ဍာရေးတည်ငြိမ်စေမယ့် အစီအစဉ်တွေကို အားဖြည့်ပေးဖို့လိုမယ်။ တခြားနည်းတစ်ခုကတော့ ငွေကြေးပြန်ဖြန့်ကြက်ဖို့ မကြိုးစားတဲ့နည်းလမ်းတွေ ဗဟိုဘဏ်ကိုပေးပြီး ငွေစက္ကူရိုက်ချင်ဇော မပေါ်အောင်လုပ်တဲ့နည်းကို ကျင့်သုံးဖို့ပါ။ စီးပွားရေးနှေးပြီဆိုရင် အရွယ်ရောက်နိုင်ငံသားတိုင်းရဲ့ ဘဏ်စာရင်းထဲကို ငွေကြေးတစ်စုံတစ်ရာ ညီတူညီမျှ ထည့်ပေးတဲ့နည်းကို ကျင့်သုံးနိုင်တယ်။ ဘယ်နည်းပဲကျင့်သုံးကျင့်သုံး အန္တရာယ်တော့ရှိတယ်။ ဒါပေမဲ့ နည်းဟောင်းတွေကတော့ အဆင်မပြေတော့ဘူး။ စီးပွားရေးအဆောက်အဦကို ပဲ့ကိုင်ထိန်းကျောင်းနေတဲ့ အဖွဲ့အစည်းတွေကိုယ်တိုင်က ဒီကနေ ထူးခြားဆန်းပြားတဲ့ ကမ္ဘာသစ်ကြီးအတွက် ပြန်လည်ဖွဲ့စည်းတည်ဆောက်ဖို့လိုတယ်လို့ The Economist က သုံးသပ်ထားပါတယ်။ 

 

(Economist Oct, 10th 2019)
ခင်မောင်ညို(ဘောဂဗေဒ)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *