“ကျွန်တော်တို့က ၂၀၁၅ ခုနှစ်တုန်းက ပါတီကိုပဲကြည့်ပါ။ လူကိုမကြည့်ပါနဲ့ဆိုတာက ကာလဒေသအရ လုပ်ခဲ့ကြရတာပေါ့လေ”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့အတွင်းရေးမှူးမုံရွာအောင်ရှင်နှင့် တွေ့ဆုံခြင်း

၂၀၁၅ ရွေးကောက်ပွဲတွင် သုံးစွဲခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ၏ ‘လူကို မကြည့်နဲ့၊ ပါတီကို ကြည့်ပြီး မဲပေးပါ’ ဟူသည့် ရွေးကောက်ပွဲကမ်ပိန်းမှာ လာမည့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ပြောင်းလဲသွားတော့မည် အရိပ်အခြေများကို တွေ့နေရပြီဖြစ်သည်။ အကြောင်းမှာ ပါတီကို ကြည့်၍ မဲပေးခဲ့သော်လည်း ပြည်သူ လိုလားသည့် ရလဒ်များကို မစွမ်းဆောင်နိုင်ခြင်းကြောင့် ပြည်သူများအကြား ဝေဖန်မှုများ ပေါ်ထွက်လာရှိသောကြောင့် ဖြစ်သည်။ ထို့ပြင် ပြည်သူမကြိုက်သော ဝန်ကြီးချုပ်များ၏ ပြောစကားများမှာလည်း NLD ပါတီအတွက် ထောက်ပြစရာဖြစ်လာသည်။ ဤအခြေအနေများနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး မုံရွာအောင်ရှင်နှင့် The Voice Journal က ဆက်သွယ်မေးမြန်းထားခြင်းဖြစ်သည်။

The Voice Journal – NLD အာဏာရပြီး သုံးနှစ်ခွဲကျော်အတွင်းမှာ NLD က တင်မြှောက်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စွမ်းဆောင်ရည်ကို ပြန်လည်သုံးသပ်တဲ့အခါ အားရကျေနပ်မှုရှိပါရဲ့လား။

UAS – အဲဒါ ကျွန်တော်တို့ အခုပဲ ပြောနေကြတာဗျ။ ကျွန်တော်တို့က ၂၀၁၅ ခုနှစ်တုန်းက ပါတီကိုပဲကြည့်ပါ။ လူကို မကြည့်ပါနဲ့ဆိုတာက ကာလဒေသအရ လုပ်ခဲ့ကြရတာပေါ့လေ။ လုပ်ခဲ့ပြီးတော့ ပြည်သူလူထုကလည်း ပါတီကို ကြည့်ပြီး ရွေးခဲ့ကြတာပဲ။ ရွေးခဲ့ပြီးတော့ ဒီသုံးနှစ်ကျော်၊ လေးနှစ်အတွင်းမှာ မျှော်လင့်ထားသလို အခြေအနေက မအောင်မြင်ဘူးပေါ့။ မရခဲ့ဘူးပေါ့။ အဲဒီတော့ လူထုရဲ့ သဘောထားကိုက ကျွန်တော်တို့ ပါတီအပေါ်မှာ အများကြီးထင်ဟပ်ပါတယ်။ ကျွန်တော် တို့ ပါတီအနေနဲ့ကလည်း လူထုသဘောထား၊ လူထု အသံကို နားထောင်နေတဲ့အခါကျ ဒါကို ကျွန်တော်တို့ အလေးအနက်ထားပါတယ်။ စောစောကပြောသလို အများသုံးသပ်သလို ကျွန်တော်တို့ရွေးချယ်လိုက်တဲ့ကိုယ်စားလှယ်တွေထဲမှာလည်း ပြောရရင်တော့ သိပ်ပြီး အံဝင်ခွင်ကျမရှိတာတွေ ဒါတွေလည်း ကျွန်တော်တို့ တွေ့လာရပါတယ်။ တွေ့လာရတော့ နောက်တစ်ခါ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ဒီဟာ အပေါ်မှာ အများကြီးသုံးသပ်ပြီးတော့ရွေးချယ်တဲ့ ပုံစံပြောင်းပြီးတော့ လုပ်ကြရမှာ ဖြစ်ပါတယ်။

The Voice Journal – ဒါဆိုရင် လူကိုမကြည့်နဲ့ ပါတီပဲကြည့်ပါဆိုတာက …

UAS – ဒါပေါ့ အဲဒီဟာက ကျွန်တော်တို့ သတိထားမိကြမလားမသိဘူး။ ၂၀၁၈ မှာလုပ်တဲ့ ပါတီရဲ့ အထွေထွေညီလာခံမှာကိုက ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ပြန်သုံးသပ်ထားတာရှိတယ်ဗျ။ လူကို မကြည့်နဲ့  ပါတီကိုပဲ ကြည့်ပါဆိုတဲ့ဟာ ဒါတွေကို ပြန်သုံးသပ်ဖို့ လိုတယ်ဆိုတာကို တွေ့လာရတယ်။ ပြီးခဲ့တဲ့ ဗဟိုကော်မတီအစည်းအဝေးမှာလည်း ဒါတွေကို ပြည်နယ်နှင့် တိုင်းကိုယ်စားလှယ်တွေက တော်တော်များများ ပြောလာကြတာရှိတယ်။ ပြောလာကြတဲ့အခါကျတော့ ကျွန်တော်တို့ ပြန်သုံးသပ်ကြရတော့မှာပေါ့။ ပြန်လုပ်ကြရတော့မှာ အဲဒါက သေချာပါတယ်။ 

The Voice Journal – ဒါဆိုရင် လူကိုမကြည့်နဲ့ ပါတီကိုပဲ ကြည့်ပါဆိုတာက ၂၀၁၅ အတွက် မဲရရှိရေး တစ်ပွဲတိုး သုံးခဲ့တဲ့ မဟာဗျူဟာ ဖြစ်သွားတာပေါ့။

UAS – တစ်ပွဲတိုးဆိုတာထက် ကျွန်တော်ပြောချင်တာက ကာလဒေသအရလုပ်ရတဲ့ ဗျူဟာပါပဲ။

The Voice Journal – လာမယ့် ၂၀၂၀ မှာ လက်ရှိလွှတ်တော်ကိုယ်စားလှယ်တွေကြားမှာ အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေတယ်။ အခု လွှတ်တော်ကိုယ်စားလှယ်တွေ ပြန်မပါတော့ဘူးဆိုပြီး ပြောနေကြတာပေါ့။

UAS – ဖြစ်မှာ၊ ဖြစ်မှာ သေချာပါတယ်။

The Voice Journal – ဒါဆိုရင် လက်ရှိ လွှတ်တော်ကိုယ်စားလှယ်တွေထဲက ဘယ်လောက် ရာခိုင်နှုန်းလောက်ပဲ ပြန်ပါလာနိုင်မလဲ။ အန်ကယ့်အမြင်ပေါ့ဗျာ။

UAS – ကျွန်တော်ထင်တာတော့ တစ်ဝက်လောက်တော့ အပြောင်းအလဲဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။

The Voice Journal – ဒီလိုအပြောင်းအလဲ ဖြစ်လာနိုင်တဲ့ အဓိကအချက်တွေက ဘာ့ကြောင့်ဖြစ်မလဲဗျ။

UAS – အဓိကတော့ သူတို့ရဲ့ စွမ်းဆောင်ရည်ပေါ့ဗျာ။ နံပါတ်တစ်က သူတို့ရဲ့ စွမ်းဆောင်ရည်ပေါ့။ နံပါတ်နှစ်က သူတို့ရဲ့ စည်းရုံးရေးအားပေါ့။ နံပါတ်သုံးကတော့ သူတို့ရဲ့ ပြည်သူလူထုနဲ့ ဆက်ဆံရေးပေါ့။ နောက်တစ်ခါ လူထုထဲကို သူတို့ဘယ်လောက်အထိ ဆင်းနိုင်သလဲ။ မဆင်းနိုင်ဘူးလဲ။ အဲဒါတွေကို ကျွန်တော်တို့ ကြည့်ကြ မှာပေါ့။

The Voice Journal – လာမယ့် ၂၀၂၀ အတွက် ရွေးကောက်ပွဲမဟာဗျူဟာတွေ ချမှတ်ပြီးပြီလား။

UAS – အဲဒါတွေ မလုပ်ရသေးပါဘူး။ ကျွန်တော်တို့ အခုထက်ထိတော့ မသိရသေးပါဘူး။

The Voice Journal – ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်မယ့် အပိုင်းတွေ၊ မူဝါဒတွေရော ဘယ်လိုရှိလဲ။

UAS – အဲဒါလည်း ကျွန်တော်တို့ အခုလောလောဆယ်အထိတော့ မသိရသေးပါဘူး။

The Voice Journal – NLD လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီ ချိတ်ဆက်လုပ်ဆောင်မှုအားနည်းတယ်လို့ ပြောနေကြတယ်။ ဘယ်လိုအခြေအနေရှိလဲဗျ။

UAS – ချိတ်ဆက်မှုအပိုင်းကို ပြောရရင် ကျွန်တော်တို့ ဗဟိုကနေ ညွှန်ကြားချက်တွေ ထုတ်တယ်ဗျ။ လွှတ်တော်ကိုယ်စားလှယ်တွေ ပြည်သူလူထုကြား ဘယ်လောက်ဆင်းတယ်၊ မဆင်းဘူးဆိုတာကို လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင် ဗဟိုဆီ အစီရင်ခံစာ တင်ပါဆိုပြီးတော့ ညွှန်ကြားထားတာရှိတယ်။ ဒါပေမဲ့ အဲဒါတွေက တင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း တင်၊ မတင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း မတင်ပေါ့ဗျာ။ ဒါတွေလည်း ကျွန်တော်တို့ ကြုံနေရတာရှိတယ်။ အဲဒါတွေအပေါ်ကြည့်ပြီး ဒါလည်း အကဲဖြတ်ရမယ့် အပိုင်းတစ်ပိုင်းအနေနဲ့ ပါမယ်ထင်ပါတယ်။

The Voice Journal – ပါတီစည်းမျဉ်းစည်းကမ်းကို မလိုက်နာတဲ့ လွှတ်တော်ကိုယ်စားလှယ်အရေအတွက် ဘယ်လောက်လောက်ရှိလဲ။

UAS – အဲဒါတော့ ကျွန်တော် အတိအကျမသိဘူးဗျ။ ပါတီနဲ့ပတ်သက်ပြီးတော့ ရိုးရိုးပါတီဝင်တွေနဲ့ ပတ်သက်ရင် ပါတီစည်းကမ်းထိန်းသိမ်းရေးကော်မတီရှိတယ်။ နောက်တစ်ခါ လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီဆိုတာလည်း ရှိတယ်။ ပါတီ စည်းကမ်းထိန်းသိမ်းရေးကတော့ ဦးဉာဏ်ဝင်းတို့ ကိုင်တယ်ပေါ့ဗျာ။ လွှတ်တော်ကိုယ်စားလှယ်နဲ့ ပတ်သက်ရင်တော့ ဒေါက်တာမျိုးညွှန့် ကိုင်ပါတယ်။ အဲဒီနှစ်ခုတော့ ကျွန်တော်တို့ဆီမှာ ရှိပါတယ်။

The Voice Journal – အန်ကယ်ကိုယ်တိုင်ကရော NLD လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ရင် အားရကျေနပ်မှုရှိလား။

UAS – ကျွန်တော်ကတော့ ပြန်ကြားရေးဘက်ကိုပဲ တာဝန်ယူတာလေ။ ပြန်ကြားရေးတာဝန်ယူတဲ့ အခါကျ တချို့ကိစ္စတွေတော့ ထိတွေ့ဆက်ဆံရတာရှိပါတယ်။ ရှိတဲ့အခါကျတော့ စောစောကပြောသလိုပါပဲ ကျေနပ် အားရဖို့ကောင်းတဲ့ ကိုယ်စားလှယ်တွေ ရှိသလို၊ ကျေနပ်အားရဖို့မကောင်းတဲ့ ကိုယ်စားလှယ်တွေလည်း ရှိပါတယ်။ သို့သော်လည်း ယေဘုယျပြောရရင်တော့ အားမရတာက များတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

The Voice Journal – လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး ဘယ်လို ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ ရည်မှန်းထားတာမျိုး ရှိပြီလား။

UAS – အဲဒါမျိုးတော့ အခုချိန်မှာ မရှိသေးပါဘူး။ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ မူဝါဒဆိုတဲ့နေရာမှာ ရွေးကောက်ပွဲဆိုင်ရာမူဝါဒကို ပြောတာနော်။ တိုင်းရင်းသားပါတီတွေနဲ့ သို့မဟုတ် တိုင်းရင်းသားအဖွဲ့ အစည်းတွေနဲ့ ဆက်ဆံရေးကို ကျွန်တော်ဆိုလိုတာ မဟုတ်ဘူး။ လာမယ့်ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေနဲ့ ဘယ်လိုသွားမလဲ၊ ဘယ်လိုဆက်ဆံမလဲဆိုတာ အခုထိတော့ မရှိသေးပါဘူး။

The Voice Journal – မူဝါဒ မလုပ်ရသေးဘူးပေါ့။

UAS  – မလုပ်ရသေးပါဘူး။

The Voice Journal – ပြီးခဲ့တဲ့ ဗဟိုကော်မတီအစည်းအဝေးမှာ တိုင်းရင်းသားအစစ်တွေ ပါဝင်တဲ့ တိုင်းရင်းသားရေးရာကော်မတီတွေ ဖွဲ့မယ်ဆိုပြီး လုပ်ကြတယ်မလား။ အဲဒါက ဘာကို ရည်ရွယ်တာလဲ။ ရွေးကောက်ပွဲကို ရည်ရွယ်တာမဟုတ်ဘူးလား။

UAS – အဲဒါကလည်း အပိုင်းနှစ်ပိုင်းပါ။ ပထမတစ်ပိုင်းကတော့ အခုနကပြောသလို တိုင်းရင်းသားပါတီတွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ စဉ်ဆက်မပြတ်ဆက်ဆံနိုင်ဖို့ ရည်ရွယ်တယ်။ ဒါက တစ်ပိုင်း။ နောက်တစ်ပိုင်းကတော့ လာမယ့်ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေနဲ့ ဘယ်လိုဆက်ဆံမလဲဆိုတာကို ရည်ရွယ်တဲ့ ပုံပေါ်ပါတယ်။

The Voice Journal – NLD အနိုင်ရပြီး သုံးနှစ်ခွဲကျော်အတွင်း တိုင်းရင်းသားပါတီတွေနဲ့ အဟ ပိုကြီးလာတယ်လို့ သုံးသပ်မှုတွေ ရှိနေတယ်။ ထောက်ပြကြတာက မွန်ပြည်နယ် ချောင်းဆုံတံတား ကိစ္စ၊ ကယားပြည်နယ် ဗိုလ်ချုပ်ကြေးရုပ်လို ကိစ္စမျိုးတွေပေါ့။ ဘယ်လိုမြင်လဲဗျ။

UAS – အဲဒီကိစ္စမှာလည်း ကျွန်တော်တို့က နှစ်ပိုင်း ပြောရလိမ့်မယ်။ တိုင်းရင်းသားပါတီတွေနဲ့ ပတ်သက်လို့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်တုန်းက NLD ( ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်)ဆိုပြီး တိုင်းရင်းသားတွေနဲ့ ကျွန်တော်တို့ မဟာမိတ်ဖွဲ့ခဲ့ကြတယ်။ ဒါက ဒေါ်အောင်ဆန်းစုကြည်တို့ ကိုယ်တိုင် ခေါင်းဆောင်ပြီး လုပ်တာပါပဲ။ ၁၉၉၀ နာက်ပိုင်းကျတော့ CRPP (ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီ) ဆိုပြီး ထပ်ဖွဲ့တယ်။ ဒါလည်း ဒေါ်အောင်ဆန်းစုကြည်တို့ ပါခဲ့တာပါပဲ။ ဥက္ကဋ္ဌကတော့ မှတ်မိကြလိမ့်မယ် ထင်ပါတယ်။ အတွင်းရေးမှူးက ဦးအေးသာအောင်ပေါ့။ အခု ၂၀၁၅ နောက်ပိုင်းမှာလည်း UNA( ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့)ပေါ့။ UNA ကိုလည်း ကျွန်တော်တို့ မဟာမိတ်အနေနဲ့ ဆက်ပြီး ပူးပေါင်းဆောင်ရွက်နေတာတွေ ရှိပါတယ်။ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ ဆက်ဆံရေးဟာ လုံးဝကင်းကွာသွားတာတော့ မဟုတ်ပါဘူး။ အဲဒီလောက်ပဲ ကျွန်တော် ပြောချင်ပါတယ်။

The Voice Journal – တကယ့် မြေပြင် အခြေအနေကျတော့ ဗိုလ်ချုပ်ကြေးရုပ်လိုကိစ္စမျိုးတွေကြောင့် တိုင်းရင်းသားဒေသတွေမှာတောင် ကန့်ကွက်မှုတွေ ကြုံနေရတယ်နော်။

UAS – ဒါတွေလည်း ရှိမှာပေါ့။ ကျွန်တော်တို့က တချို့ဟာတွေကိုတော့ မူကြီးတစ်ခုလုံးအနေနဲ့ ကြည့်ပါဗျ။ ဒီ ဒေသအနေအထားတစ်ခုပဲကြည့်ပြီးတော့ ပြောလို့ မဖြစ်ဘူး။ ကျွန်တော်တို့ မူဝါဒတစ်ခုလုံးကို ကြည့်မယ်ဗျာ။ ဥပမာဗျာ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ပြဿနာရှိတယ်။ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ တစ်ခုတည်းကို မကြည့်ပါနဲ့။ တိုင်းရင်းသားမျိုးနွယ်စုတွေအပေါ် ကျွန်တော်တို့ ဘယ်လိုမူဝါဒချထားတယ်။ ဘယ်လို ဆက်ဆံနေတယ်ဆိုတာကို ကြည့်ဖို့သင့်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့တွေနဲ့ တိုင်းရင်းသားတွေရဲ့ နှစ်ပေါင်း ၂၀ ၊ ၃၀ မဟာမိတ်ဖြစ်တည်လာမှုကို အဆက်ဖြတ်ပစ်လို့တော့ မရပါဘူး။ ဆက်ပြီး လက်တွဲလုပ်ဆောင်သွားရမှာပါပဲ။

The Voice Journal – နောက်ဆုံးမေးခွန်းအနေနဲ့ ပဲခူးတိုင်းဝန်ကြီးချုပ် ပြောစကားပေါ့လေ။ ဆရာမတွေ ဒေသမှာ မြဲနေအောင် ဒေသခံအမျိုးသားတွေအနေနဲ့ လက်ထပ်ပြီးနေကြဖို့ တိုက်တွန်းတာပေါ့။ အရင်ကလည်း ဒါမျိုး ပြည်သူတွေ မကြိုက်တာပြောတာလေးတွေ ရှိတယ်။ မွန်ပြည်နယ်ဝန်ကြီးချုပ်လည်း ဒီလိုစကားမျိုးတွေ ပြောဖူးတယ်။ NLD က တင်ခဲ့တဲ့ ဝန်ကြီးချုပ်တချို့ဟာ ပြည်သူမကြိုက်တဲ့ အပြောမျိုးတွေ ပြောဆိုလာတာရှိတော့ ဒီအပေါ် ဘာမှတ်ချက်ပြုချင်လဲဗျ။

UAS – ဒီလိုဗျ။ ဒီပဲခူးတိုင်းဝန်ကြီးချုပ်ကိစ္စကတော့  ကျွန်တော်တို့လည်း မကြာခဏပြောဖူးပါတယ်။ တချို့ကျတော့ လူက သူရဲ့ Habit ပေါ့ဗျာ။ သူ့ရဲ့ အကျင့်ပေါ့။ အရပ်ထဲမှာ ပြောသလို ပြောတာမျိုးလည်း ကြုံရပါတယ်။ ပဲခူးတိုင်းဝန်ကြီးချုပ်ဆို ကျွန်တော် သုံးကြိမ်လောက် ကြုံဖူးတယ်။ သူအဲဒီလို ပြောတာတွေ။ သို့သော်လည်းပဲ တစ်ခုစဉ်းစားဖို့က ကိုယ်က လူကြီးဖြစ်နေပြီလေ။ လူကြီးဖြစ်နေတော့ လူကြီးစကားပဲ ပြောရမှာပေါ့။ ဆင်ဆင်ခြင်ခြင်ပြောဖို့ သင့်တာပေါ့။ ဒါ ပဲခူးတိုင်းဝန်ကြီးချုပ်မှ မဟုတ်ပါဘူး။ တခြား တာဝန်ရှိသူတွေလည်း တစ်ခါတစ်ရံမှာ ဒီလိုပြောတတ်ကြတာပါပဲ။ အဲဒါ ကိုယ်က ဆင်ခြင်ရမှာပါပဲ။ အဲဒါပဲ ကျွန်တော်ပြောချင်ပါတယ်။

The Voice Journal – ကျေးဇူးတင်ပါတယ်။

ရဲနိုင်ဦး 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *