ဆင်းရဲနွမ်းပါးမှုလျှော့ချရေးသုတေသီများ ရရှိသွားသည့် ၂၀၁၉ စီးပွားရေးနိုဘယ်လ်ဆု

၂၀၁၉ ခုနှစ် စီးပွားရေးဆိုင်ရာနိုဘယ်လ်ဆုကို အမေရိကန် မန်ဆာချုးဆက်နည်းပညာတက္ကသိုလ်မှ ပါမောက္ခဇနီးမောင်နှံဖြစ်ကြသည့် အဘီဂျီဘန်နဂျီနှင့် အက်စ်သာဒူဖလိုတို့နှစ်ဦးနှင့် ဟားဗတ်တက္ကသိုလ်မှ မိုက်ကယ်ခရမ်မာတို့ ရရှိသွားခဲ့သည်။ ကမ္ဘာ့ဆင်းရဲမွဲတေမှုနှင့် ပတ်သက်၍ လေ့လာသုံးသပ်မှုအသစ်များ ထွက်ပေါ်လာစေရန် စီးပွားရေးသုတေသနများကို နှစ်ပေါင်း ၂၀ ကျော် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများဖြစ်သည်။

ဆင်းရဲမွဲတေမှု လျှော့ချခြင်းနှင့် ပတ်သက်၍ ၎င်းတို့၏ လက်တွေ့အခြေပြုချဉ်းကပ်မှုများကြောင့် စီးပွားရေးဆိုင်ရာ နိုဘယ်လ်ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ ဆုရရှိသူ သုံးဦးတွင် အသက် ၄၆ နှစ်အရွယ်ရှိ အက်စ်သာဒူဖလိုမှာ စီးပွားရေးနိုဘယ်လ်ဆုရသူများထဲတွင် အသက်အငယ်ဆုံးဖြစ်သလို၊ နှစ်ပေါင်းငါးဆယ်အတွင်း စီးပွားရေးနိုဘယ်လ်ဆုရခဲ့သည့် ဒုတိယမြောက် အမျိုးသမီးလည်းဖြစ်သည်။

၎င်းတို့ လေ့လာသုတေသနပြုသည့် ပြဿနာများမှာ ပညာရေးအရည်အသွေးချို့တဲ့မှု၊ ကလေးကျန်းမာရေးစသည့် ပြဿနာများပါဝင်ပြီး ယင်းပြဿနာများကို ဖြေရှင်းနိုင်မည့် အထောက်အထားများရှာဖွေခြင်း၊ ကောင်းမွန်သောကုသ ဆောင်ရွက်မှုများနှင့် ပတ်သက်၍ လက်တွေ့ဖြေရှင်းနည်းများ ရှာဖွေဖော်ထုတ်ခြင်းတို့ဖြစ်သည်။

“ဆယ်စုနှစ် နှစ်စုလောက်အတွင်းမှာ ၎င်းတို့ရဲ့ လက်တွေ့စမ်းသပ်မှုအခြေပြု ချဉ်းကပ်ဆောင်ရွက်မှုတွေဟာ ဖွံ့ဖြိုးရေးဘောဂဗေဒဘာသာရပ်ကို ပြောင်းလဲသွားစေပါတယ်။ ဒီဘာသာရပ်ဟာ အခုဆိုရင် အသီးအပွင့်တွေဝေဆာနေတဲ့ နယ်ပယ်ဖြစ်နေပါပြီ” ဟု တော်ဝင်ဆွီဒင်အကယ်ဒမီက နိုဘယ်လ်ဆုအတွက် ကြေညာစဉ် ပြောကြားခဲ့သည်။

၎င်းတို့ သုတေသနလေ့လာချက်တစ်ခု၏ အကျိုးကျေးဇူးအရ ကလေးများ၏ အားနည်းချက်အပေါ်အခြေခံ၍ ထိရောက်သော သင်ကြားမှုပုံစံကြောင့် အိန္ဒိယရှိ ကလေးငယ် ငါးသန်းခန့်ကို အကျိုးဖြစ်ထွန်းစေခဲ့သည်။ ထို့ပြင် ၎င်းတို့ အခြားလုပ်ဆောင်မှုများကြောင့် ကာကွယ်ကုသရေးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍတွင် အစိုးရပိုင်း၏ ရင်းနှီးမြှုပ်နှံလိုစိတ်ကို နှိုးဆွပေးနိုင်ခဲ့ကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

နိုဘယ်လ်ဆုဆိုသည်မှာ များသောအားဖြင့် သီဝရီပိုင်းအသစ်ဖော်ထုတ်နိုင်မှုအတွက် ပေးသောဆုဖြစ်သော်လည်း ယခုနှစ်ဆုကိုမူ ထူးထူးခြားခြား လက်တွေ့စမ်းသပ်မှုအတွက် ပေးအပ်ခဲ့သည်။ ဤသို့ ရွေးချယ်ဆုပေးခဲ့ခြင်းနှင့်ပတ်သက်၍ ဖွံ့ဖြိုးရေး ဘောဂဗေဒနယ်ပယ်တစ်ခုလုံးအတွက် ပြဿနာများကို မတူသည့်ပုံစံဖြင့် ချဉ်းကပ်ဆောင်ရွက်မှုမျိုးကို ဖြစ်စေသလို ၎င်းတို့သုံးဦးက အပြောင်းအလဲတစ်ခုခုကို ဆောင်ကြဉ်းရန် အထောက်အကူဖြစ်စေခဲ့သည်ဟု စီးပွားရေးပညာရှင်များက ပြောကြားသည်။

လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ဆယ်က စီးပွားရေးသီဝရီများ၊ ဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ မက်ခရိုစီးပွားရေးပြဿနာများကိုသာ အာရုံစိုက်မှုများခဲ့ကြောင်း မန်ဆာချုးဆက်နည်းပညာတက္ကသိုလ်မှ စီးပွားရေးပညာရှင်ဖြစ်သည့် ဘင်ဂျမင် အိုလ်ကန်က ပြောကြားသည်။ ယခုနှစ် နိုဘယ်လ်ဆုရှင်သုံးဦးမှာ အဆိုပါပြဿနာကြီးများကို လက်တွေ့စမ်းသပ်နိုင်သော လူအုပ်စုကြီးအဖြစ် ခွဲခြမ်းစိတ်ဖြာခဲ့သလို၊ သိပ္ပံပညာရှင်များ၏ လက်တွေ့စမ်းသပ်မှုမျိုကဲ့သို့ သုတေသနပြုလုပ်နိုင်ခဲ့သည်။

“အဲဒီ ချဉ်းကပ်ဆောင်ရွက်မှုမျိုးက ဖွံ့ဖြိုးရေးဘောဂဗေဒနယ်ပယ်ကို ပြန်လည်ပုံဖော်ရာမှာ အလွန်ကြီးမားတဲ့လွှမ်းမိုးမှု ရှိပါတယ်” ဟု မန်ဆာချုးဆက်နည်းပညာတက္ကသိုလ်မှ စီးပွားရေးပညာရှင်ဖြစ်သည့် ဘင်ဂျမင်အိုလ်ကန်က ပြောကြားသည်။

နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီက ဒေါက်တာခရင်မာ၏ ၁၉၉၀ ပြည့်နှစ်လယ်ပိုင်းက ကင်ညာစာသင်ကျောင်းအုပ်စုများတွင် လက်တွေ့စမ်းသပ်သုတေသနေပြုချက်တစ်ခုကို အလေးထားပြောဆိုခဲ့သည်။ ယင်းလေ့လာတွေ့ရှိချက် အရ ပြဋ္ဌာန်းစာအုပ်အပိုများရရှိရုံဖြင့် ကျောင်းသားအများစု၏ ရလဒ်ကို တိုးတက်မှုမရှိစေနိုင်ကြောင်း တွေ့ရှိခဲ့သည်။ ယင်းသုတေသနအရ အရင်းအမြစ်များမရှိခြင်းသည် လေ့လာသင်ယူမှုကို အတားအဆီးဖြစ်စေသော အဓိကအကြောင်းရင်း မဟုတ်ကြောင်း သိရှိခဲ့ရသည်။

ယခုနှစ် နိုဘယ်လ်ဆုရှင် နောက်တစ်ဦးဖြစ်သော ဒေါက်တာ အဘီဂျီဘန်နဂျီနှင့် ပူးတွဲသုတေသနပြုတို့၏ လက်တွေ့စမ်းသပ်လေ့လာမှုအရ ကျောင်းသားများ၏ အောင်မြင်မှုကို အမှန်တကယ် တားဆီးပိတ်ပင်နေသည့် အကြောင်းရင်းများကို ဖော်ထုတ်နိုင်ခဲ့သည်။ ယင်းမှာ သင်ကြားနည်းစနစ်ပင်ဖြစ်သည်။ ကျောင်းသား၏လိုအပ်ချက်ကို လုံလောက်အောင် ဖြည့်ဆည်းမပေးနိုင်သော သင်ကြားနည်းစနစ်များဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် စွမ်းဆောင်ရည်ညံ့ဖျင်းသော ကျောင်းသားများကို သင်ကြားသည့် ဆရာများမှာ သိသိသာသာ အောင်မြင်မှု တိုးတက်လာသကဲ့သို့၊ ရေရှည်အောင်မြင်မှုရှိသည်ကိုလည်း တွေ့ရသည်။

၎င်းတို့၏ သုတေသနပြုနည်းများကို အစောပိုင်းနှစ်များတွင် လက်ခံသူနည်းပါးပြီး ယင်းကဲ့သို့သော လေ့လာသုတေသနပြုချက်များမှာ အရွယ်အစားအရ သေးငယ်လွန်းသလို၊ နေရာနေဒေသအားဖြင့်လည်း အားလုံးကို ကိုယ်စားမပြုဘဲ ဒေသတစ်ခုချင်းကိုသာ ကိုယ်စားပြုနိုင်သည်ဟု ဆိုသည်။ သို့သော် နှစ်အတန်ကြာအပြီး သုတေသနရလဒ်များ ထွက်ပေါ်လာခဲ့အပြီးတွင်မူ ကျပန်းနည်းဖြင့် အကန့်အသတ်ထား၍ စမ်းသပ်လေ့လာမှုမျိုးမှာ ဖွံ့ဖြိုးရေးသုတေသနအတွက် အဓိကကျသော နည်းလမ်းတစ်ခုဖြစ်ကြောင်း လက်ခံလာကြသည်။

နှစ်ပေါင်း ၅၀ အတွင်း ဒုတိယမြောက် အမျိုးသမီးစီးပွာရေး နိုဘယ်လ်ဆုရှင်ဖြစ်သော ဒေါက်တာ ဒူဖလိုက ယခုဆုရရှိခဲ့ခြင်းကြောင့် ဖွံ့ဖြိုးရေးဘောဂဗေဒကို လူပိုသိအောင် လုပ်ပေးနိုင်မည်ဖြစ်သလို၊ တစ်ခါတစ်ရံ ကိုယ်စားပြုနိုင်စွမ်းလျှောချခံနေရသည့် အမျိုးသမီးများ ယင်းဘာသာရပ်နယ်ပယ်သို့ ဝင်ရောက်လာစေရန် ဆွဲဆောင်နိုင်ဖွယ်ရှိသည်ဟု ဆိုသည်။ 

စာညွှန်း။ ။ Nobel Economic Prize Goes to Pioneers in Reducing Poverty

ဉာဏကျော်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *