“၂၀၁၅ ရလဒ်ကြောင့်မို့လို့ တိုင်းရင်းသားအင်အားစုတွေထဲမှာ ဒီမိုကရေစီအပေါ်မှာတောင်မှ ယုံကြည်မှု ပျက်သွားတယ်”

ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် တွေ့ဆုံခြင်း

လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် အားခဲလျက်ရှိသည့် ပါတီများအနက် နိုင်ငံရေးနယ်ပယ်တွင် ထင်ရှားသူဖြစ်သည့် ဦးကိုကိုကြီး၏ ပြည်သူ့ပါတီလည်း အပါအဝင်ဖြစ်သည်။ လာမည့် ၂၀၂၀ အလွန်တွင် မြန်မာနိုင်ငံရေး၏ အလုံးစုံသော ပြဿနာကို ချုပ်ငြိမ်းနိုင်မည့် အစိုးရသည့် မည်သည့်အစိုးရမျိုးနည်း။ ထို့အတူ လာမည့် ရွေးကောက်ပွဲအတွက် ပြည်သူ့ပါတီ၏ မူဝါဒနှင့် ပြည်သူ့ပါတီလျှောက်လှမ်းမည့် နိုင်ငံရေးခြေလှမ်းများနှင့် ပတ်သက်၍ The Voice Journal က ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးနှင့် တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သည်။

The Voice Journal – လက်ရှိမှာ ပြည်သူ့ပါတီအနေနဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ဘာတွေပြင်ဆင်နေတယ်ဆိုတာ ရှင်းပြပေးပါ။

UKKG – ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ကတော့ ပြဋ္ဌာန်းချက်တွေအရ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စည်းရုံးလှုပ်ရှားမယ့် ပါတီက သုံးနေရာ မဝင်မနေရပေါ့။ ဒါက ပထမဆုံးပြဋ္ဌာန်းချက်ပေါ့။ အခုက ကျွန်တော်တို့က ပါတီမှတ်ပုံတင်ကျတာ တစ်နှစ်သက်တမ်းပေါ့။ အဲဒီတော့ တစ်နှစ်သက်တမ်း အတောအတွင်းမှာ ပါတီအဖွဲ့အစည်း စည်းရုံးရေးလှုပ်ရှားမှုတွေတော့ ကျွန်တော်တို့ တောက်လျှောက်လုပ်နေတယ်။ ကျွန်တော်တို့ ရုံးခန်းဖွင့်လှစ်နိုင်ဖို့တွေလည်း တောက်လျှောက်ကြိုးစားနေတော့ အဲဒီလိုမျိုး စည်းရုံးရေး၊ ရုံးခန်းဖွင့်လှစ်ရေးလုပ်ရင်းနဲ့ အလားအလာရှိမယ့် နေရာတွေကို ကျွန်တော်တို့လိုက်ပြီး စုံစမ်းလေ့လာထားတာ ရှိတယ်။ အဲဒီအပေါ်မှာမူတည်ပြီးတော့ ကော်မရှင်ကနေ ရွေးကောက်ပွဲရက် ကြေညာတာ၊ နောက်ကိုယ်စားလှယ်လောင်းအမည်စာရင်းတွေတင်သွင်းဖို့ ကြေညာတဲ့အခါကျရင်တော့ ကျွန်တော်တို့က ဘယ်နေရာတွေမှာ ဝင်မယ်၊ ဘယ်လောက်လောက်ဝင်မယ်ဆိုတာတွေကို တရားဝင် လူသိရှင်ကြား ထုတ်ပြန်ကြေညာမယ်ပေါ့။ အခုကတော့ ပါတီစည်းရုံးရေး၊ ရုံးခန်းတွေ ဖွင့်လှစ်ရေး ဆောင်ရွက်ရင်းနဲ့ ဖြစ်နိုင်ခြေရှိတဲ့ နေရာတွေနဲ့ ကိုယ်စားလှယ်လောင်း ဖြစ်နိုင်ခြေရှိတဲ့သူတွေ၊ ဆန္ဒရှိတဲ့သူတွေကို ကျွန်တော်တို့ စုစည်းပြီး လေ့လာနေတဲ့ ကာလဖြစ်ပါတယ်။

The Voice Journal – ပြည်သူ့ပါတီရုံးခန်းဖွင့်လှစ်တာတွေ၊ လူတွေစည်းရုံးတာက ဘယ်လိုအခြေအနေရှိလဲ။ ဘယ်နေရာတွေမှာ ရုံးခန်းဖွင့်ထားပြီးပြီလဲ။

UKKG – အခုကတော့ ကျွန်တော်တို့ အားလုံး ရုံးခန်းခြောက်ဆယ် ပတ်ဝန်းကျင်လောက် ဖြစ်လာပြီ။ ရပ်/ကျေးရုံးခန်းတွေကတော့ ရာဂဏန်းလောက်ဖြစ်လာပြီ။ ဒီနှစ်အကုန်မှာတော့ ရပ်/ကျေးရုံးခန်းသုံးရာ လောက်အထိ ဖွင့်နိုင်ဖို့ ကျွန်တော်တို့ ဆက်ပြီးတော့ မျှော်မှန်းထားပါတယ်။

The Voice Journal – ပါတီကို ဝင်ရောက်ဖို့ ဆက်သွယ်လာတဲ့သူတွေ အရေအတွက် ဘယ်လောက်ရှိနေပြီလဲ။

UKKG – အခု ပထမဆုံးအဆင့် ပါတီမှတ်ပုံတင်တဲ့ အချိန်တုန်းကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စည်းရုံးလှုပ်ရှားမယ့် ပါတီက အနည်းဆုံးပါတီဝင်အင်အား တစ်ထောင်ရှိရမယ်ဆိုတော့ ဒီဟာတော့ ကျွန်တော်တို့ တင်ပြီးသွားပြီပေါ့။ အခုမြို့နယ်တွေမှာရော၊ ရပ်/ကျေး တွေမှာရော ဖွဲ့စည်းလှုပ်ရှားမှုအရ ပြောရရင် သိန်းဂဏန်းလောက်အထိ တိုးတက်လာပြီလို့ ပြောလို့ ရပါတယ်။

The Voice Journal – အစ်ကိုက ပါတီခေါင်းဆောင်လည်း ဖြစ်၊လူလတ်ပိုင်းလည်း ဖြစ်တယ်။ အခု လက်ရှိ မြန်မာပြည်နိုင်ငံနဲ့ ပါတီပိုင်းမှာက လူကြီးပိုင်းတွေ များတယ်ပေါ့။ လာမယ့်ရွေးကောက်ပွဲမှာ အစ်ကိုတို့ပါတီက လူလတ်ပိုင်းနဲ့ လူငယ်ပိုင်းတွေ အဓိကပါဝင်လာမယ့် ပါတီများဖြစ်လာမလား။

UKKG – ပါတီတစ်ခု ရေရှည် ရှင်သန်ဖွံ့ဖြိုးဖို့ ဆိုတဲ့ကိစ္စက အဲဒီပါတီမှာ လူငယ်အင်အား ဘယ်လောက် ရှိသလဲဆိုတဲ့ အပေါ်မှာမူတည်တယ်။ နောက်တစ်ခုကလည်း လူငယ်လို့ ပြောရင် အစဉ်အလာအားဖြင့် ကျွန်တော်တို့ နှုတ်ကျိုးနေတာပေါ့။ ကျွန်တော်တို့ နားလည်နေကြတာက လူငယ်ဆိုတာက အနာဂတ်ရဲ့ အင်အားတို့ အစရှိသည်ဖြင့်ပေါ့။ ကျွန်တော်တို့ ကမ္ဘာကြီးတစ်ခုလုံးက အရမ်း Dynamic ဖြစ်နေပြီ။ အဲဒီလောက် အပြောင်းအလဲတွေ မြန်နေတဲ့ အချိန်မှာ အနာဂတ်ဆိုတာက လှစ်ခနဲဆို ရောက်သွားတာ။ ကျွန်တော်တို့က ပစ္စုပ္ပန်ကာလမှာကိုပဲ လူငယ်တွေ၊ အရည်အချင်းရှိတဲ့ ထိုက်သင့်တဲ့ လူငယ်တွေကို အနာဂတ်အထိ စောင့်နေစရာ မလိုဘူး။ ပစ္စုပ္ပန်မှာတင် သူတို့ကို ထိုက်ထိုက်တန်တန် လုပ်ဆောင်ခွင့်ရဖို့ လိုတယ်လို့မြင်တယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ တစ်နိုင်ငံလုံးစည်းရုံးရေးသွားတဲ့အခါမှာ ထက်မြက်တဲ့ လူငယ်တွေရှိရင် သူတို့ကို မြို့နယ်ဥက္ကဋ္ဌတွေ၊ CEC တွေကအစ လူငယ်တွေကို လွတ်လွတ်လပ်လပ် အခွင့်အလမ်းပေးထားတယ်။

The Voice Journal – လာမယ့် ရွေးကောက်ပွဲမှာ အမျိုးသမီးတွေပါဝင်မှုနဲ့ ပတ်သက်ရင် အစ်ကိုတို့ပါတီက ဘယ်လိုသဘောထားမျိုးရှိလဲ။ ဘယ်လိုမူဝါဒရှိလဲ။

UKKG – အမျိုးသမီးနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်က ရာခိုင်နှုန်းတွေ သတ်မှတ်တာထက်ကို အမျိုးသမီးတွေဟာ တကယ်ကို အရည်အချင်းရှိပြီးတော့ လုပ်နိုင်ရင် တစ်ရာလုပ်နိုင်ရင် တစ်ရာရာခိုင်နှုန်းပဲ ဖြစ်ဖြစ် ကျွန်တော်တို့က ဝမ်းမြောက်ဝမ်းသာ ကြိုဆိုတယ်။ အခုလည်းပဲ နယ်တွေမှာ အမျိုးသမီးတွေဆိုရင် အထူးသဖြင့် ဖိတ်ခေါ်တယ်။ ပြဿနာတစ်ခုက နိုင်ငံရေးဆိုတာ စိုးရိမ်စရာ၊ ကြောက်စရာကောင်းတဲ့၊ အရင်တုန်းက မစားကောင်းတဲ့ အသီးလိုဖြစ်ခဲ့တော့ မိန်းကလေးတောင်မှ ဗိုင်းကောင်းကျောက်ဖိပေါ့။ မိန်းကလေးတော်တော်များများဟာ နိုင်ငံရေးထဲ မလာဘူး။ အဲဒီထဲမှာမှ တော်တော်ချွန်တဲ့၊ ဖောက်ထွက်တဲ့ မိန်းကလေးတွေလောက်ပဲ နိုင်ငံရေးထဲကို ရောက်လာတယ်လို့ ပြောလို့ရပါတယ်။ ရောက်လာပြီဆိုရင်လည်း ယောက်ျားလေးထက်တောင် အောင်မြင်တယ်။ မိန်းကလေးပြောရင်၊ ဟောရင် ယောက်ျားလေး ပြောတာထက် လူက စည်းရုံးမှုအားပိုကောင်းတယ်။ ဒါကြောင့်မို့ မိန်းကလေးတွေပါဝင်မှုကို ကျွန်တော်က တိုက်လည်း တိုက်တွန်းတယ်။ ဖြစ်လည်း ဖြစ်စေချင်တယ်။ သို့သော် နောက်ပြဿနာတစ်ခုက ဘ၀ရပ်တည်ရေးနဲ့ ပတ်သက်တာ။ တချို့ဆိုရင် တော်တော်များများက ကျွန်တော်တို့ ပါတီကို ထောက်ခံတယ်။ အားပေးတယ်။ ကိုယ်တိုင်ဝင်လုပ်ဖို့လည်းကျရော နေ့စဉ်ရပ်တည်ဖို့ အတွက်ကို ကုမ္ပဏီတစ်ခုခုမှာ လုပ်နေတယ်။ တချို့ လည်း မီဒီယာလောကမှာ ရောက်နေတယ်။ တချို့လည်း NGO ၊ CSO တွေမှာ ရောက်နေတယ်။ အစရှိသဖြင့် ဖြစ်နေတော့ နိုင်ငံရေးပါတီထဲကို ခြေစုံပစ်ဝင်ဖို့က သူတို့ကိုယ်၌က အကန့်အသတ်တွေရှိတယ်ပေါ့။ အဲဒါလည်း နိုင်ငံရေးလောကတစ်ခုလုံးအတွက် အလေးအနက်ထားစဉ်းစားရမယ့် ကိစ္စပဲပေါ့။

The Voice Journal – ရွေးကောက်ပွဲနဲ့ ပတ်သက်ရင် တချို့ပြောကြတာရှိတယ်။ ဒီမိုကရေစီရင့်သန်တဲ့ အမေရိကန်တို့လို ဘာတို့လို နိုင်ငံတွေမှာ ရွေးကောက်ပွဲမှာ စည်းရုံးတဲ့အခါကျရင် ပါတီမှာ ပညာရေးနဲ့ ပတ်သက်လို့ ဘယ်လိုမူဝါဒရှိတယ်။ စီးပွားရေးနဲ့ ပတ်သက်ရင် ဘယ်လိုလုပ်မယ်။ ငြိမ်းချမ်းရေးမှာရော ဘယ်လိုပေါ့။ စသဖြင့် ပြောဆိုကြတာရှိတယ်။ တချို့ပြောကြတာက မြန်မာနိုင်ငံမှာ အဲဒီလိုအချက်အလက် အကြောင်းအရာ ခိုင်ခိုင်မာမာပြောကြတာ အားနည်းတယ်။ လူထုကလည်း စဉ်းစားကြတဲ့အခါ လူတွေအပေါ် နှစ်သက်မှု၊ မနှစ်သက်မှုမှာပဲ အခြေခံစဉ်းစား ကြတယ်ပြောတယ်။ ပြည်သူ့ပါတီအနေနဲ့ရော ပညာရေးတို့၊ ငြိမ်းချမ်းရေးတို့၊ စီးပွားရေးတို့နဲ့ ပတ်သက်ရင် ဘယ်လိုရပ်တည်ချက်ရှိလဲ။ ဘယ်လိုသဘောထားရှိလဲ။

UKKG – အရင်ဆုံးကတော့ Sexy ဖြစ်တဲ့ ခေါင်းစဉ်က ငြိမ်းချမ်းရေးပေါ့။ အခုပဲ ကျွန်တော်လည်း အစည်းအဝေးသွားတဲ့အခါကျတော့ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံကိစ္စ ဒါတွေပေါ့။ ဒါတွေက နိုင်ငံရေး ဝေါဟာရ အငြင်းအခုံက အမြဲတမ်းရှေ့တန်းမှာ ရောက်ရောက်နေတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သာမန်မိသားစု ရပ်ကွက်ထဲမှာ ကြီးပြင်းတဲ့အခါကျတော့ နေ့စဉ်ပြည်သူတွေရဲ့ စားဝတ်နေရေးဘ၀နဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ငြင်းခုံနေတဲ့ဟာ ဘယ်လောက် ဆက်စပ်မှုရှိသလဲလို့ ကျွန်တော် သံသယ ဖြစ်လာတယ်။ ဒါက အရင်ဆုံး ကျွန်တော် တွေးမိတဲ့ စဉ်းစားချက်ပေါ့။ အဲဒီတော့ ကျွန်တော်က ဘာမြင်လဲဆိုတော့ ဟုတ်တယ်။ ငြိမ်းချမ်းရေးကိစ္စ၊ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စ၊ ဒီမိုကရေစီတို့၊ ဖက်ဒရယ်တို့ ကိစ္စတွေဟာ အခုလည်း ပြော၊ နောက်လည်းပြော ပြောနေကြမှာပဲ၊ ဆွေးနွေးနေ ကြဦးမှာပဲ။ တစ်ချိန်ထဲမှာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ စီးပွားရေးဆိုင်ရာရှုထောင့်ကို အလေးအနက်ထားသင့်တယ်။ အာရုံစိုက်သင့်တယ်လို့ မြင်တယ်။ အဲဒါက အောက်ခြေ ပြည်သူတွေရဲ့ နေ့စဉ်ဘ၀ကို တိုက်ရိုက်ပတ်သက်တယ်။ ဟိုဟာတွေက တကယ် ပြောင်းသွားရင်တော့ သူ့ရဲ့ သက်ရောက်မှုကြီးကလည်း ကြီးတယ်ပေါ့။ သို့သော် အဲဒါကို ငြင်းရင်းခုံရင်း အဖြေမထွက်ဘဲနဲ့ ပြည်သူတွေက ပိုပိုပြီးပြီး ကျပ်တည်းလာနိုင်တာကိုတော့ ကျွန်တော်တို့ နိုင်ငံရေးသမားတွေ ပိုပြီးသတိထားသင့်တယ်လို့ ထင်တယ်။ ဒါကြောင့် ကျွန်တော့်ပါတီအနေနဲ့ ပြောရင်လည်း ခုနက မဖြစ်မနေဆက်ဆွေးနွေးနေရမယ့် အခြေခံပြဿနာတွေဖြစ်တဲ့ တိုင်းရင်းသားတန်းတူညီမျှရေး ဖွဲ့စည်းပုံပြင်ဆင်ရေး ဒါတွေကလည်း ပါတီအနေနဲ့ ဆက်ပြီးသွားနေရမှာ ပြောနေရမှာပါပဲ။ တစ်ချိန်ထဲမှာ ပြည်သူတွေရဲ့ နေ့စဉ်ဘ၀ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်အောင် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးဖို့၊ ဆင်းရဲနွမ်းပါးမှုလျှော့ချဖို့ ဒါမျိုးတွေကို ကျွန်တော်တို့ အာရုံစိုက်ချင်ပါတယ်။

The Voice Journal – အဲဒါနဲ့ ပတ်သက်လို့ အစ်ကိုတို့ပါတီက သုတေသနလုပ်ထားတာပဲဖြစ်ဖြစ်၊ အခြေခံမူဝါဒပဲဖြစ်ဖြစ် ပြုစုထားတာများရှိလား။

UKKG – အခုဒီမှာကတော့ ပါတီစတည်ကတည်းက စီးပွားရေးအကြံပေးအဖြစ်နဲ့ ဆရာကြီးဦးမြင့်။ သူကတော့ သူ့ရဲ့ စာတမ်းတွေ၊ သူ့ရဲ့ သုတေသနအချက်အလက်တွေ ကျွန်တော်တို့ကို အမြဲတမ်းပံ့ပိုးနေတာ ရှိပါတယ်။ ဒါကတော့ ဆရာကြီးကတော့ သီအိုရီပေါ့။ စီးပွားရေးပညာရှင်ရှုထောင့်ပေါ့။ နောက်တစ်ခုက နယ်ပယ်အသီးသီးက စီးပွားရေးလုပ်နေတဲ့ စီးပွားရေးသမားတွေရောက။ ကျွန်တော်တို့ပါတီက နီးစပ်တဲ့ လူတွေကတစ်ဆင့်လည်း သက်ဆိုင်ရာလုပ်ငန်းကဏ္ဍ အလိုက်အခက်အခဲ သူတို့ရဲ့အကြံပြုချက်တွေ၊ ဒါတွေလည်း ကျွန်တော်တို့စုစည်းတာတွေရှိပါတယ်။

The Voice Journal – တိုင်းရင်းသားပါတီတွေနဲ့ ပူးပေါင်းဖို့၊ မဟာမိတ်အနေအထားဆောင်ရွက်ဖို့ ဆရာတို့ စဉ်းစားထားတာရှိလား။

UKKG – တွေးရုံတင်မကဘူး။ ကျွန်တော်တို့ လက်တွေ့လည်း ပြောလည်း ပြောတယ်။ အခုလည်း တိုင်းရင်းသား ကျွန်တော့်မိတ်ဆွေတွေနဲ့ တွေ့တဲ့အချိန်မှာလည်း ၂၀၂၀ အတွက်ကို ပြောတာတွေလည်း ရှိတယ်။ လူချင်းတွေ့ပြီးတော့ ဆွေးနွေးကြတာလည်းရှိတယ်။ ကျွန်တော်က ဘာကို ယုံကြည်လဲဆိုတော့ ကျွန်တော်တို့လည်း ဒီမိုကရေစီကို ထောင်ကျတန်းကျခံပြီး တောင်းခဲ့တာ။ နှစ်နှစ်ကာကာလည်း ယုံကြည်တယ်။ သို့သော် ကျွန်တော်တို့ နိုင်ငံလောက် အကွဲအပြဲပြဿနာများတဲ့ နိုင်ငံမှာ ရွေးကောက်ပွဲရလဒ် ကိုယ်လိုချင်တဲ့ ရလဒ်တစ်ခုခုပေါ့။ ကိုယ်မနိုင်စေချင်တဲ့ လူက မနိုင်ဘူးပေါ့။ နိုင်စေချင်တဲ့လူ နိုင်သွားတယ်ဆိုရုံနဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းနိုင်တဲ့ရလဒ်နဲ့ ထပ်တူမဖြစ်ဘူး။ ဒါကြောင့်မို့ အခုလိုမျိုးကာလဟာ အရမ်းကို အကဲဆတ်တဲ့အချိန် ဖြစ်တော့ နိုင်ငံအတွက် အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ် ဖြစ်သင့်တယ်။ လိုအပ်တယ်လို့ မြင်ပါတယ်။ ဒါမှပဲ အားလုံးစုပေါင်းပြီး ဆွေးနွေးဖြေရှင်းနိုင်တဲ့ ပလက်ဖောင်းတစ်ခုဟာ အမျိုးသားညီညွတ်ရေးအစိုးရဆိုတဲ့အပေါ်မှာ တည်ဆောက်သင့်တယ်လို့ မြင်ပါတယ်။

The Voice Journal – ရွေးကောက်ပွဲကော်မရှင်က အချက်အလက်အရဆိုရင် ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ မဲပေးတဲ့ လူက ၃၄ သန်းလောက်ပဲရှိတယ်ပေါ့။ ၂၀၂၀မှာ ဆိုရင် ၃၉ သန်းလောက်ဖြစ်မယ် မှန်းတယ်ပေါ့။ ဆိုတော့ နိုင်ငံလူဦးရေ အချိုးအစားနဲ့ ကြည့်မယ် ဆိုရင် မဲပေးမယ့် လူပမာဏဟာ နည်းနေမလားပေါ့။ ဒီအချက်အလက်တွေအရ လူထုက ရွေးကောက်ပွဲတွေ၊ နိုင်ငံရေးတွေနဲ့ ပတ်သက်ရင် စိတ်ဝင်စားမှုနည်းနေတဲ့ အခြေအနေရှိနေပြီလား။ ဘယ်လိုသုံးသပ်လဲ။ စိတ်ဝင်စားမှုနည်းနေရင် ကျွန်တော်တို့ နိုင်ငံအတွက် ကောင်းပါ့မလား။ ဘာ သက်ရောက်မှုဖြစ်မလဲပေါ့။

UKKG – ကျွန်တော် ခုနကပြောတဲ့အထဲမှာ ဒီအယူအဆ အခြေခံပါတယ်။ ရွေးကောက်ပွဲ ရလဒ်နဲ့ နိုင်ငံရေး ရလဒ်ထပ်တူ မဖြစ်တဲ့အခါကျတော့ လူထုက တကယ်ခံစားရတာက နိုင်ငံရေးရလဒ်ပေါ့။ ပဋိပက္ခတွေ ချုပ်ငြိမ်းသွားသလား၊ တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာသလားဆိုတာ ဒီရလဒ်တွေပေါ့။ အဲဒီရလဒ်တွေ မျှော်လင့်သလိုမဖြစ်ဘူးဆိုရင် သူက ဘာစိတ်ထဲဖြစ်လာသလဲဆိုတော့ ရွေးကောက်ပွဲ ဘယ်သူနိုင်နိုင် ၊ ဘယ်သူရှုံးရှုံး မထူးပါဘူးကွာ ကိုယ့် ထမင်းကိုယ်ရှာစားရတာ။ တချို့ဆို လူငယ်ပိုင်းထဲမှာ သူတို့ပြောတာကြည့်ပြီး တော်တော်လေးကို စိတ်ထဲမကောင်းဖြစ်မိတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က မဲပေးခွင့်ရဖို့ ၊ ရွေးချယ်တင်မြှောက်ခံအစိုးရရဖို့ဆိုတာ ကျွန်တော်တို့ အများကြီး ပေးဆပ်ခဲ့ရတယ်။ သူတို့က အပြစ်တော့ မပြောပါဘူး။ စိတ်ပျက်လက်ပျက်နဲ့ ပြောတာဘာလဲဆိုတော့ ရွေးကောက်ပွဲနေ့ကိုဗျာ ကျွန်တော်တို့ သူငယ်ချင်းတွေ အားလုံးစုပြီးတော့ Picnic (ပျော်ပွဲစား) လိုဟာမျိုး ထွက်မယ်တဲ့ ကျွန်တော်တို့ မဲမထည့်ဘူးတဲ့။ အဲဒါကြားလိုက်တဲ့အချိန်မှာ ကျွန်တော်တော်တော်ကို အံ့အားသင့်တယ်ပေါ့။ အဲဒါလည်း ဘာကြောင့်လဲဆိုတော့ သူတို့ လက်တွေ့ ကြုံလိုက်ရတဲ့အခြေအနေပေါ်မှာ မူတည်ပြီးတော့ ဒီအယူအဆဖြစ်လာတာပေါ့။ ကျွန်တော်က သူတို့ကို ပြန်တိုက်တွန်းတာက ဒီမိုကရေစီမှာ ချစ်စရာကောင်းတဲ့ တစ်ချက်က ရွေးကောက်ပွဲရလဒ်ကို ဒီမှာဆို ငါးနှစ် တစ်ကြိမ်ပေါ့။ ပြည်သူက ပြုပြင်ပြောင်းလဲခွင့် ရှိတယ်။ ဒီရလဒ်ကို မကျေနပ်ရင် နောက်ရလဒ်ကို ထပ်ပြီး ကြိုးစားခွင့်ရှိတယ်။ အဲဒါကြောင့် စိတ်မပျက်ပါနဲ့ ကျွန်တော်တို့ ကိုယ့်ရဲ့ရွေးချယ်မှုပုံစံကို ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဘယ်လိုစဉ်းစားခဲ့လို့ ဘယ်လိုဖြစ်သွားသလဲ။ အခုဘယ်လိုမျိုး ပြန်စဉ်းစားရင် ကောင်းမလဲ။ ဒါက လူထုရဲ့ ရေချိန်ပေါ့။ မြင့်လာတာနဲ့အမျှ ရွေးကောက်ပွဲ ရလဒ် အရည်အသွေးကလည်း မြင့်လာမယ်။ ဒါကြောင့်မို့ မဲတော့ ပေးဖြစ်အောင်ပေးပါ။ ဘယ်သူ့ကို ပေးပါဆိုတာက တစ်ပိုင်းထား။ မဲတော့ ပေးပါ။ ဒါက လူထုရဲ့ နိုင်ငံရေးအရ ပါဝင်မှုပေါ့။ ကျမသွားဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်။

The Voice Journal – လူထုမဲပေးတဲ့ကိစ္စ Voter Education ပေါ့။ ပါတီအနေနဲ့ အဲဒါကို လုပ်နေတာများရှိလား။ ဘယ်လိုအခြေအနေရှိလဲ။

UKKG – အခုလောလောဆယ်ကတော့ ကျွန်တော်တို့ ဟောပြောပွဲတွေမှာ၊ ရုံးခန်းဖွင့်ပွဲတွေမှာ မဲပေးဖို့ဟာ ပြည်သူတစ်ယောက်ရဲ့ အခွင့်အရေးတင်မကဘူး။ တာဝန်တစ်ရပ်အနေနဲ့ပါ ခံယူပြီး မဲပေးသင့်တယ် ဆိုတာမျိုး ဟောပြောနေတာတွေ ရှိတယ်။ နောက်တစ်ခုက ဒီကိစ္စက တစ်ဖွဲ့တစ်ပါတီက လုပ်လို့မရဘူး။ ရွေးကောက်ပွဲ ကော်မရှင်ကိုယ်တိုင်ရော၊ ရွေးကောက်ပွဲ အသိပညာပေးတဲ့ CSO တွေရော၊ မီဒီယာတွေကရော မဲပေးရေးပေါ့။ ကမ်ပိန်းပေါ့။ အထူးသဖြင့်တော့ Young Voter တွေ တစ်ခါမှ မဲမပေးဖူးတဲ့သူတွေ ငါးသန်းလောက်တက်လာမယ်လို့ မျှော်မှန်းရတယ်။ ဒီ ၂၀၂၀ မှာ။ အဲဒီမဲဆန္ဒရှင်တွေနဲ့ ပတ်သက်လို့လည်း သူတို့ရဲ့ မျှော်လင့်ချက်တွေ မထိခိုက်စေချင်ဘူး။ လူတွေက ပြည်တွင်းမှာ တဖြည်းဖြည်း အကုန်လုံးက မွန်းကျပ်လာတဲ့ သဘောရှိတယ်။ အဲဒီတော့ တစ်ကိုယ်ရည်ထွက်ပေါက်အနေနဲ့ နယ်စပ်သွားမယ်။ အလုပ် လုပ်မယ်။ တတ်နိုင်တဲ့သူကလည်း တတ်နိုင်သလို ဖွံ့ဖြိုးပြီးသားနိုင်ငံတွေကို သွားမယ်။ ဖြစ်လာတယ်။ နောက်ဆုံးအနိမ့်ဆုံးအဆင့်တော့ ပြည်တွင်းရွှေ့ပြောင်းပေါ့။ နယ်တွေမှာ တဖြည်းဖြည်းနဲ့ လူတွေက မရှိတော့ဘူး။ ရန်ကုန်လို အလုပ်အကိုင်အခွင့်အလမ်းရှိတဲ့ နေရာတွေကို ရွေ့သွားကြတယ်။ ဒါလည်း တော်တော်ကို သတိထားရမယ့် ကိစ္စလို့ မြင်တယ်။ ဥပမာအားဖြင့် ထိုင်းမှာဆိုရင် လေးသန်းလောက်တောင်ရှိတယ်လို့ ပြောတယ်။ ဒါက လူဦးရေအချိုးအစားနဲ့ ပြောမယ်ဆိုရင် တော်တော်များတဲ့ ပမာဏပဲ။

The Voice Journal – ပြီးခဲ့တဲ့ ၂၀၁၅ ရွေး ကောက်ပွဲမှာဆိုရင် အားလုံးသိတဲ့အတိုင်း NLD ပါတီက တော်တော်များများ အနိုင်ရတယ်ပေါ့။ ဆိုတော့ လာမယ့် ၂၀၂၀ မှာဆိုရင် ပြည်မက အင်အားကြီးပါတီတွေ အနေနဲ့က အဲဒီလိုမျိုးနိုင်ချင်မှ နိုင်တော့မယ်။ တိုင်းရင်းသားပါတီတွေနဲ့ အပေးအယူသဘောမျိုး ညှိနှိုင်းတာတွေ ပိုပြီးလုပ်လာရနိုင်တယ်ဆိုတာမျိုး သုံးသပ်ကြတာတွေလည်းရှိတယ်။ ညွန့်ပေါင်းအစိုးရ လိုဟာမျိုး မျှော်လင့်တယ်ဆိုတာမျိုး တချို့နိုင်ငံရေးလေ့လာတဲ့သူတွေ ပြောကြတာလည်းရှိတယ်။ ဆိုတော့ ဆရာတို့ပါတီအနေနဲ့ရော ၂၀၂၀ ရွေးကောက်ပွဲ အခင်းအကျင်းမှာ ဘာတွေဖြစ်လာမယ်လို့ မျှော်လင့် ထားတာရှိလဲ။

UKKG – ကျွန်တော်တို့က ပုဂ္ဂလဓိဋ္ဌာန်တွေ မပါဘဲနဲ့ပေါ့။ ဘယ်သူမို့လို့၊ ဘယ်အဖွဲ့မို့လို့ဆိုတာ မပါဘဲနဲ့ အချက်အလက်တွေအရပဲ ကျွန်တော်တို့ စဉ်းစားကြည့်သင့်တယ်ပေါ့။ ဟုတ်ပြီ ပါတီတစ်ခုခုက သောင်ပြိုကမ်းပြိုနိုင်ခဲ့ရင် ဘာရလဒ်တွေထွက်မလဲ။ ရွေးကောက်ပွဲရလဒ်က ခုနက ပြောသလို သောင်ပြိုကမ်းပြိုနိုင်သွားပြီ ဆိုပါတော့။ နိုင်ငံရေးရလဒ် ဘာတွေထွက်မလဲဆိုတာမျိုး ကျွန်တော်တို့ စဉ်းစားကြည့်သင့်တယ် ထင်တယ်။ ပြောကြစို့ဆိုရင် ၂၀၁၅  ရလဒ်ကြောင့်မို့လို့ တိုင်းရင်းသားအင်အားစုတွေထဲမှာ ဒီမိုကရေစီအပေါ်မှာတောင်မှ ယုံကြည်မှုပျက်သွားတယ်။ ဘာကြောင့်လဲဆိုရင် ဒီမိုကရေစီဆိုတာက ရွေးကောက်ပွဲနိုင်တဲ့သူက လုပ်ချင်တာ လုပ်လို့ရတာပဲ ဆိုတာမျိုး Miss Interpretation ပေါ့။ ဘာသာပြန်မှုလွဲသွားတဲ့ ပုံစံမျိုးတွေတောင် ဖြစ်သွားတယ်။ ဖြစ်သွားတော့ နောက်တစ်ကြိမ် သောင်ပြိုကမ်းပြိုနိုင်ရင် ဘာတွေမျှော်လင့်နိုင်မယ်လို့ မျှော်လင့်သလဲ။ ဥပမာ လူပြောများတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုပါတော့။ အခု NLD က သောင်ပြိုကမ်းပြိုနိုင်ထားတာ လွှတ် တော်ထဲမှာ ၅၈ ရာခိုင်နှုန်းကျော်ကျော်ရှိတယ်။ ဒီတစ်ရာမှာပေါ့။ အဲဒီတော့ ၇၅ ကျော်မှလို့ ပြောတဲ့ကိစ္စက အဲဒီ သောင်ပြိုကမ်းပြိုရလဒ်ကြောင့် ဖွဲ့စည်းပုံပြင်နိုင်တဲ့ အလားအလာ မရှိဘူး။ ၂၀၂၀ မှာ ဒီရလဒ်အတိုင်း ရဖို့တောင် မသေချာဘူး။ ဒါက သောင်ပြိုကမ်းပြိုရလဒ်နဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ချိတ်ဆက်ကြည့်တာပေါ့။ နောက်တစ်ခုက ၂၀၁၅ မှာ ရွေးကောက်ပွဲမလုပ်နိုင်တဲ့နေရာ ခုနစ်နေရာရှိတယ်။ လက်နက်ကိုင်ပဋိပက္ခကြောင့် လုံခြုံရေးအခြေအနေအရ ။ အဲဒီတော့ ခုနစ်နေရာ နုတ်လိုက်ရင်ကို ၇၅ က မရှိတော့ဘူး။ ဆိုတော့ စစ်တပ်ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းဆိုတာက ၇၅ ရာခိုင်နှုန်းပြည့်တဲ့အချိန်ကျမှ သူ့ကဏ္ဍက ပါလာမှာ။ အခုက ရွေးကောက်ခံကိုယ်၌က ၇၅ မပြည့်တဲ့အခါကျတော့ အမှန်ကတော့ ပြောရင် စစ်တပ်က ထောက်ခံတာ ကန့်ကွက်တာထား။ ကိုယ်ကိုယ်တိုင်က ၇၅ မပြည့်ဘူး။ ၂၀၁၅ နောက်ပိုင်းမှာ တိုက်ပွဲအရှိန်က ပိုတောင်မြင့် လာတယ်။ ရခိုင်ကိစ္စ၊ ကချင်တို့၊ ရှမ်းမြောက်တို့ ကိစ္စတွေမှာ ဖြစ်တော့ နောက်ထပ်များ ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ မဲဆန္ဒနယ်တွေ တိုးလာရင် ကျွန်တော်တို့ ၇၅ က ဒီထက်ဒီထက် လျော့ဖို့ပဲရှိတယ်။ ကိုယ်ကသာ သောင်ပြိုကမ်းပြို ပြောနေတာ။ လက်တွေ့မှာက ၇၅ က ပိုပိုပြီး လျော့သွားဖို့ပဲ ရှိတယ်။ ဆိုရင် သောင်ပြိုကမ်းပြိုရလဒ်နဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ တိုက်ရိုက်အချိုးမညီဘူးဆိုတာ ကျွန်တော်တို့က ပြောလို့ရတယ်။

နောက်တစ်ခုက ငြိမ်းချမ်းရေးကိစ္စ။ ငြိမ်းချမ်းရေးကိစ္စမှာလည်း တိုင်းရင်းသားလက်နက်ကိုင်အင်အားစုနဲ့ တိုင်းရင်းသားနိုင်ငံရေး အင်အားစုလို့ နှစ်မျိုးထားလိုက်ပါတော့။ သို့သော် တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ ဆက်စပ်မှုတွေရှိနေတယ်။ တိုင်းရင်းသားက နိုင်ငံရေးလမ်းကြောင်းပေါ်မှာ သူ့အတွက် အခွင့်အလမ်းမရှိဘူးဆိုရင် သူက လက်နက်ကိုင်မှုကို တိမ်းညွှတ်သွားပြီ။ သောင်ပြိုကမ်းပြိုနိုင်တယ်ဆိုတာ တစ်နည်းအားဖြင့် နိုင်ငံရေးအင်အားစုတွေကို ဖယ်ထုတ်ခံရသလို ဖြစ်တာပေါ့။ အဲဒါဆိုရင် တို့က ပါတီထောင်၊ မဲပုံးထောင်လည်း မျှော်လင့်ချက်သိပ်မရှိဘူးဆိုရင် သူက ပြောရရင် ဒါက ရွေးကောက်ပွဲ ရလဒ်နဲ့ ငြိမ်းချမ်းရေးနဲ့ပါ သွားဆက်စပ်တယ်။ နောက်တစ်ခုက ငြိမ်းချမ်းရေးကိစ္စသည် အထူးသဖြင့် ပြောရရင် အပစ်အခတ်ရပ်စဲရေးကိစ္စသည် လက်နက်ကိုင်ထားတဲ့သူတွေရဲ့အပေါ်မှာ မူတည်တယ်။ အစိုးရစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အပေါ်မှာ မူတည်တယ်။ တကယ့်တကယ်က ဒါသည် အကြောင်းအရင်းက နိုင်ငံရေးကြောင့်ဖြစ်တယ်လို့ ပြောရင်ကျွန်တော်တို့က နိုင်ငံရေးဖြေရှင်းမှုတွေ ဖော်ပြနိုင်ဖို့လိုတယ်။ တိုင်းရင်းသားဒေသတွေမှာ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ ဘယ်လောက်အခွင့်အလမ်းတွေ ရလာသလဲ။ သူတို့ဒေသမှာ သူတို့ အုပ်ချုပ်ခွင့်တွေ ဘယ်လောက်ရလာသလဲ။ လွှတ်တော်မှာ အချိုးအစား ဘယ်လောက်တိုးတက်လာတယ်ဆိုတာမျိုး ပြနိုင်ရင် နိုင်ငံရေးနည်းလမ်းအပေါ်မှာ ယုံကြည်မှုများလာမယ်။ ဒါကြောင့်မို့ ကျွန်တော်က ဒီနေရာမှာ၊ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေရဲ့ အယူအဆမပါဘူး။ ကျွန်တော့် အယူအဆကို ကျွန်တော် လွတ်လွတ်လပ်လပ်ပြောတာသည် အမျိုးသားညီညွတ်ရေးအစိုးရဆိုတာက ကျွန်တော်တို့က ပြဿနာတွေအားလုံးဖြေရှင်း ဖို့ အတွက် ပြည်မအင်အားစုတွေရော ၊ တိုင်းရင်းသားအင်အားစုတွေရော ၊ တပ်ပိုင်းဆိုင်ရာပုဂ္ဂိုလ်တွေရော ဒီဟာကို လက်တွဲလုပ်နိုင်တဲ့ Platform တစ်ခုပေါ့။ အဲဒါမျိုးဖြစ်ရင်တော့ ကောင်းမယ်ပေါ့။ ဒါကတော့ ကျွန်တော့်စိတ်ကူးပေါ့။

The Voice Journal – ကျေးဇူးတင်ပါတယ်ဗျ။

ဇင်လင်းထက်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *