နိုင်ငံတော်နှင့် ဈေးကွက် ဘာအချိုး ချိုးနေလဲ

၂၀၁၁ တွင် ပြုပြင်ပြောင်းလဲရေးမစမီက နိုင်ငံ့စီးပွားရေး တိုးတက်အောင် ဆောင်ရွက်ရာတွင် လူအများစုသည် နိုင်ငံတော် State ၏ အခန်းကဏ္ဍကို လျှော့ချလိုကြပြီး ဈေးကွက် Market ကို အသားပေးလိုကြသည်။ ပြုပြင်ပြောင်းလဲရေး ခုနစ်နှစ် ရှစ်နှစ်ထဲ ဝင်လာသောအခါ နိုင်ငံတော်၏ အခန်းကဏ္ဍကို ပြန်ပြီးအသားပေးလိုသူများကို အစိုးရပိုင်းတွင်ရော သာမန်ပြည်သူများတွင်ပါ မကြာခဏ တွေ့လာရသည်။

နိုင်ငံတော်၏ အခန်းကဏ္ဍကို ပြန်အသားပေးလိုလာကြခြင်းသည် ဈေးကွက်သို့ သွားနေသော လက်ရှိလမ်းကြောင်းတွင် အသီးအပွင့်များ ဖြစ်ထွန်းမှုကို အားမရသောကြောင့် ဖြစ်နိုင်သလို တရုတ်၊ ဗီယက်နမ် စသော တစ်ပါတီစနစ်နိုင်ငံများ၏ စီးပွားရေးအောင်မြင်မှုများကို အားကျသောကြောင့်လည်း ဖြစ်နိုင်သည်။ ထိုသို့ နိုင်ငံတော်ကို အသားပေးလာသူများ ပြန်များလာခြင်းသည် တကယ်တော့ မဆန်း။ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သည့် အစိုးရများသည်လည်း ထိုသူများနည်းတူ စဉ်းစားခဲ့ကြသည်။ ၁၉၄၈ မှ ၂၀၁၁ အထိ ခေတ်ကြီးသုံးခေတ်စလုံးတွင် စီးပွားရေးတွင် နိုင်ငံတော်၏ အခန်းကဏ္ဍသည် ကြီးမားခဲ့သည်သာ။ သူတို့သုံးခု ပြန်ယှဉ်လျှင်သာ ကြီးစဉ်ငယ်လိုက် ကွာသွားသည်။ တစ်ပါတီဆိုရှယ်လစ်စနစ်ဖြစ်သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က အကြီးဆုံး၊ ထို့နောက် တပ်မတော်အစိုးရခေတ်၊ ထို့နောက် ပါလီမန်ဒီမိုကရေစီခေတ်။ စီးပွားရေးတွင် နိုင်ငံတော်၏နေရာကို လျှော့ချသည်ကို ၂၀၁၁ နောက်ပိုင်းမှသာ သိသိသာသာ မြင်လာရသည်။ နိုင်ငံတော်နှင့် ဈေးကွက်အချိုးသည် ၂၀၁၁ နောက်ပိုင်းမှသာ မူဝါဒအရရော လက်တွေ့ပါ ပြောင်းလာခြင်း။

စင်စစ် ကမ္ဘာ့နိုင်ငံများအားလုံးနီးနီးသည် State ခေါ် နိုင်ငံတော်နှင့် Market ခေါ် ဈေးကွက်တို့ကို ပေါင်းစပ်ကျင့်သုံးကြသည်ချည်း ဖြစ်သည်။ ကမ္ဘာပေါ်တွင် State ခေါ် အစိုးရချည်းသက်သက်က စီးပွားရေးကို အစစအရာရာချုပ်ကိုင်သည့်စနစ်သည် ဆိုရှယ်လစ်အုပ်စုနှင့်အတူ နိဂုံးချုပ်ခဲ့ပြီ။ ယခုအချိန်တွင် State ချည်းသက်သက် ချုပ်ကိုင်ထားသည့်နိုင်ငံဟု ကင်ပွန်းတပ်လောက်စရာ မြောက်ကိုရီးယားလောက်သာ ကျန်ပေတော့မည်။ တရုတ်၊ ဗီယက်နမ်တို့သည် အချို့နေရာများတွင် ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးနိုင်ငံများထက်ပင် ဈေးကွက်ကို အသားပေးသေးသည်။ ကျူးဘားပင် ပြောင်းလဲနေပြီ။ တစ်ဖက်စွန်းသို့ ကြည့်ပြန်လျှင် ဈေးကွက်ကို သူ့ချည်းလွှတ်ထားလိုက်၊ အားလုံးအဆင်ပြေသွားမည်ဟူသော အယူအဆမျိုးကို ကျင့်သုံးသည့် နိုင်ငံမျိုးလည်း မရှိပါ။ အမေရိကန်ကဲ့သို့ Free Market အယူအဆကို ဈေးကွက်တင်သော နိုင်ငံမျိုးပင် ၂၀၀၈ နောက်ပိုင်းတွင် အစိုးရ၏နေရာ ပြန်ကြီးထွားလာခဲ့သည့်အတွက် အချို့က ‘We are all socialists now’ ဟုပင် တင်စားခဲ့ကြသည်။ နိုင်ငံများအားလုံးလိုလို State နှင့် Market ကို ပူးတွဲကျင့်သုံးကြသော်လည်း အချိုးအစားက စကားပြောသည်။

State နှင့် Market အချိုးမှန်ကန် (Right Mix) မှသာ နိုင်ငံ့စီးပွားရေးအောင်မြင်မည်။ အလုပ်ဖြစ်သည့် အချိုးအဆ တစ်နိုင်ငံနှင့် တစ်နိုင်ငံမတူပါ။ သူ့နိုင်ငံသူ့လူမျိုး သူ့အစိုးရ၏ အခြေအနေပေါ်တည်သည်။ မည်သည့်အချိုးအဆသည် အကောင်းဆုံးဟု မရှိ၊ မည်သည့်အချိုးအဆသည် အရှောင်သင့်ဆုံးဆိုသည်လည်း မရှိ။ စင်ကာပူ၏ State Market အချိုးအဆနှင့် တောင်ကိုရီးယား၏ အချိုးအဆမတူနိုင်။ စင်ကာပူ့အချိုးက စင်ကာပူနှင့် ကိုက်ရမည်၊ တောင်ကိုရီးယား၏ အချိုးက တောင်ကိုရီးယားနှင့် အံဝင်ရမည်။ တစ်နိုင်ငံတည်းတွင်ပင် အခြေအနေနှင့် အချိန်အခါကိုလိုက်ပြီး အချိုးမတူနိုင်ပါ။ ၂၀၀၈ မတိုင်မီ အမေရိကနှင့် ၂၀၀၈ အပြီး အမေရိကတို့ State နှင့် Market အချိုး မတူပါ။

စီးပွားရေးမူဝါဒတွင် State က ဘယ်နေရာအထိပါမည်၊ Marekt ကို ဘယ်လောက်လွှတ်ထားမည်ဟူသော State Market အချိုး အရေးကြီးသည်။ State Market အချိုးသည် စီးပွားရေးမူဝါဒ၏ အခြေခံစည်းမျဉ်းဖြစ်ရာ ယင်းစည်းမျဉ်း မပြတ်လျှင် လက်တွေ့မူဝါဒချမှတ် အဆုံးအဖြတ်ပေးရမည့် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ ဝေဝါးမည်၊ မဆုံးဖြတ်ရဲသဖြင့် အဆုံးအဖြတ်များ အချိန်ကြာမည်။ သို့မဟုတ် နိုင်ငံအကျိုးစီးပွားနှင့် သွေဖည်ပြီး ကိုယ့်စိတ်ကြိုက် ဆုံးဖြတ်ကုန်ကြမည်။ ကိုယ်မလုပ်ချင်လျှင် ဈေးကွက်စီးပွားရေး Market သဘောအရဟု ခေါင်းရှောင်ကြပြီး ကိုယ့်ဌာနလုပ်ပိုင်ခွင့်ကို ချဲ့ချင်လျှင် နိုင်ငံတော်ဟု ခေါင်းစဉ်တပ်ပြီး ကိုယ့်ဌာနအောက်သို့ ဆွဲသွင်းကြသည့် အနေအထားများကို ရံဖန်ရံခါ မြင်နေရသည်။

State Dominance နိုင်ငံတော်ကြီးစိုးခြင်း

မြန်မာနိုင်ငံသည် ဈေးကွက်စီးပွားရေးကိုကျင့်သုံးကြောင်း အခြေခံဥပဒေတွင် ရေးသားထားပြီးဖြစ်ရာ ယင်းလမ်းကြောင်းအတိုင်း သွားနေသည်။ တစ်ဆက်တည်းပင် လွတ်လပ်ရေးရအပြီး မြန်မာ့စီးပွားရေးသမိုင်းတွင် State ၏ အခန်းကဏ္ဍသည် အစဉ်တစိုက်ကြီးမားခဲ့သည်။ ထိုသို့ အကျင့်ပါခဲ့သည့်အတွက် Market ဘက်သို့ သွားနေသော်လည်း State ဘက်သို့ ပြန်ဆွဲချင်နေသည်များရှိသည်။ ကိုယ့်အခန်းကဏ္ဍပျောက်မည်စိုးသောကြောင့်၊ ကိုယ့်လုပ်ပိုင်ခွင့် ပျောက်မည်စိုးသောကြောင့် State Player အချို့က State ၏ နေရာကို လျှော့မပေးချင်သည်များရှိသည်မှာ နားလည်၍ရသည်။ သို့သော် Market Player များထဲတွင်ပင် State နေရာနှင့် ပတ်သက်ပြီး ဆန့်ကျင်ဘက် အယူအဆများရှိသည်။ State က လွန်လွန်ကဲကဲ ပါလွန်းသည်ဟု ညည်းသည်များရှိသလို State က လက်ပိုက်ကြည့်နေသည်ဟု ထို Market Player များကပင် လက်ညှိုးထိုးသည်များလည်း ရှိပြန်သည်။ State ၏ နေရာအပေါ်အမြင်သည် တစ်သမတ်တည်းမရှိဘဲ လိုတစ်မျိုး မလိုတစ်မျိုးဟု ပြောရမည်။

တစ်ဖန် မြန်မာ့ဈေးကွက်သည် အားယူနေရဆဲဖြစ်သည်။ လူအများ၏ အတွေးအခေါ်မှာလည်း ‘ကြွေးတင်ရှင်ဘုရင်ဆပ်’ ဆိုသကဲ့သို့ State ကိုသာ အားကိုးလိုသည်များ အနည်းအများရှိသည်။

မြန်မာ့စီးပွားရေးသည် နိုင်ငံရေးနှင့် နီးစပ်စွာပတ်သက်နေသည့် Political Economy လည်း ဖြစ်သည်။ အစိုးရသည် စီးပွားရေးလုပ်ငန်းများ၏ အဓိကဝယ်ယူသူဖြစ်သည်။ အစိုးရပိုင် အစိုးရတစ်ဝက်တစ်ပျက်ပိုင်လုပ်ငန်းကြီးများ အများအပြားရှိရာ အစိုးရသည် ဒိုင်လူကြီးဖြစ်သလို ကစားသမားလည်းဖြစ်သည်။ ယနေ့ကြီးပွားနေသော စီးပွားရေးလုပ်ငန်းရှင်ကြီး အများအပြားသည် အစိုးရကိုရောင်းပြီး ကြီးပွားလာသူများ၊ အစိုးရက ချပေးသော လိုင်စင်များဖြင့် ကြီးပွားလာသူ အများစုဖြစ်သည်။ ထို့ကြောင့် State အပေါ် အမြင်မှာ သူတို့ကိုယ်တိုင်တွင်ပင် ချစ်လိုက် မုန်းလိုက် နှစ်မျိုးကွဲနေခြင်း ဖြစ်သည်။

နိုင်ငံပိုင်လုပ်ငန်းများ

State နှင့် Market အချိုးအကြောင်းပြောလျှင် နိုင်ငံပိုင်လုပ်ငန်းများကို ထည့်ကိုပြောရမည်။ နိုင်ငံပိုင်လုပ်ငန်းများလျှင် State အချိုးအစားများသည်၊ State နေရာ များသည်။ နိုင်ငံပိုင်လုပ်ငန်းများသည် အရင်းအမြစ် (ရုံးခွဲအင်အား၊ ဘဏ္ဍာငွေ စသည်) တောင့်တင်းသဖြင့် ယင်းတို့ အင်ပြည့်အားပြည့် မလည်ပတ်နိုင်လျှင် နိုင်ငံနစ်နာသည်။ အရှုံးပေါ်လျှင် ပြည်သူ့အခွန်ငွေများ၊ ဘဏ္ဍာငွေများစွာ ထိုလုပ်ငန်းများထဲသို့ ဝင်သွားသဖြင့် သဲထဲရေသွန်။ တောင့်တင်းသော ပုဂ္ဂလိကလုပ်ငန်းကြီးများ နည်းပါးသေးချိန်တွင် နိုင်ငံပိုင်လုပ်ငန်းကြီးများသာ တောင့်တင်းလျှင် မြန်မာ့စီးပွားရေးတွင် အားကိုးရမည်။ အရှုံးမရှိလျှင်ပင် မဆိုး။ တာဝန်များစွာယူထားသော ဝန်ကြီးများလက်အောက်ရှိ စီးပွားရေးလုပ်ငန်းကြီးများကို ပုဂ္ဂလိကပိုင်ပြု၊ သို့မဟုတ် အစိုးရအောက်တွင်ပင် ပုဂ္ဂလိကစီမံခန့်ခွဲမှုဖြင့် လွတ်လွတ်လပ်လပ် လည်ပတ်စေလျှင် ထိုဝန်ကြီးများ အခြားတာဝန်များကို ပိုအာရုံစိုက်နိုင်မည်။ လက်ရှိလက်ခံထားသော သီအိုရီများအရ State က မူဝါဒနှင့် စံသတ်မှတ်ချက်များချမှတ်သူ ဖော်ဆောင်သူ ထိန်းကျောင်းသူ အရေးယူသူအဖြစ် ဒိုင်လူကြီးနှင့် အုပ်ချုပ်သူနေရာတွင်သာနေကာ လွတ်လပ်မျှတစွာ ပြိုင်ဆိုင်နိုင်မည့်ပွဲကို ဖန်တီးပေးခြင်းသည်အကောင်းဆုံးဟု ဆိုကြသည်။ နိုင်ငံပိုင်လုပ်ငန်းများကို ပုဂ္ဂလိကပိုင်ပြု သို့မဟုတ် စွမ်းသော CEO များခန့်ကာ သွက်လက်အောင်လုပ်ပြီး Yangon Stock Exchange တွင် စာရင်းသွင်းနိုင်လျှင် စတော့အိတ်ချိန်းပါ သွက်လာမည်၊ နိုင်ငံပိုင်လုပ်ငန်းများလည်း အရင်းအနှီးရမည်၊ ပြည်သူများလည်း ငွေအိပ်မနေဘဲ ရင်းနှီးစရာနေရာရမည်။ ယင်းသို့ ဘယ်လုပ်ငန်းကို ဘယ်နေရာပို့မည်၊ ဘယ်လိုစီမံခန့်ခွဲမည်၊ ဘယ်လိုပြုပြင်ပြောင်းလဲမည် စသည့်ဆုံးဖြတ်ချက်များသည် State Market အချိုးပေါ်တွင် မူတည် မည်။ စင်ကာပူအစိုးရသည် အစိုးရနှင့်ဆက်စပ်သော လုပ်ငန်းများကို စီမံခန့်ခွဲရာတွင် အောင်မြင်သောနိုင်ငံဖြစ်သည့်အတွက် သူ့ထံမှ လေ့လာနိုင်သည်။ စင်ကာပူ၏ အခြေအနေနှင့် မြန်မာ့အခြေအနေ တစ်ထပ်တည်းတော့ မတူနိုင်။

ဖင်ပေါ့ပေါ့ စီးပွားရေးအမြင်

State နှင့် Market အချိုး မည်မျှရှိသည်ဖြစ်စေ State အစိုးရသည် စီးပွားရေးအမြင်ရှိမှသာ နိုင်ငံအတွက် စီးပွားရေးရေခံမြေခံကောင်းကို တည်ဆောက်ပေးနိုင်မည်။ အစိုးရပိုင် စီးပွားရေးလုပ်ငန်းများရှိလျှင်လည်း ထိုလုပ်ငန်းများကို အောင်မြင်စွာ စီမံခန့်ခွဲနိုင်မည်။ ထို့ကြောင့် အစိုးရ၊ စီးပွားရေးမူဝါဒများချမှတ်မည့် ပုဂ္ဂိုလ်အဖွဲ့အစည်းများသည် စီးပွားရေးအမြင်ရှိရန် အလွန်အရေးကြီးသည်။ မြန်မာပြည်သည် ဆိုရှယ်လစ်အစွဲသန်သည့်အတွက် စီးပွားရေးအမြင်ရှိသူသည်ပင်လျှင် ထိုအစွဲကို ကျော်လွန်ရန် လိုသေးသည်။ နိုင်ငံအားလုံးတွင် အစိုးရသည် စီးပွားရေးအမြင်ရှိရန်လိုရာ မြန်မာနိုင်ငံကဲ့သို့ State က ကြီးစိုးနေသေးသော နိုင်ငံတွင် အစိုးရသည် စီးပွားရေးအမြင်ရှိရန် ပိုပြီးပင်လိုအပ်သည်။ ဗီယက်နမ်အစိုးရကို အတုယူသင့်သည်။ ဗီယက်နမ်အစိုးရသည် စီးပွားရေးလာဘ်မြင်သည်၊ ဖင်ပေါ့သည်။ ထို့ကြောင့် ဗီယက်နမ်စီးပွားရေးသည် ခပ်မြန်မြန်သွက်သွက်တက်လာခြင်းဖြစ်သည်။

မှန်ကန်သော State နှင့် Market အချိုးသည် စီးပွားရေးအောင်မြင်သောနိုင်ငံတိုင်း၏ အုတ်မြစ်ဖြစ်သည်။ မြန်မာ့ State နှင့် Market ဘာအချိုးလဲ။ လက်ရှိအချိုးကို ပြင်ရမလား။ အချိုးပြင်နေပြီလား။

 

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *