ပါတီများ၊ ရွေးကောက်ပွဲများ၊ မရေရာခြင်းများ

ဗိုလ်ချုပ်မှူးကြီး သန်းရွှေတစ်ယောက် လူလုံးပြနိုင်ငံရေးကစားပွဲမှ ထွက်ခွာသွားပြီးနောက် ပေါ်ပေါက်လာသော တတိယအကြိမ်မြောက် ရွေးကောက်ပွဲကြီးသည်ကား လာမည့် ၂၀၂၀ တွင် စတင်တော့မည်ဖြစ်သည်။

ဒီမိုကရေစီ အငွေ့အသက်များ ထုံမွှမ်းထားသည့် အဆိုပါရွေးကောက်ပွဲသည် နိုင်ငံရေးပါတီများအကြား သူနိုင်ကိုယ်နိုင်အပြိုင်နွှဲမည့် အရှုံး၊ အနိုင် အကဲဆတ်သော နိုင်ငံရေးကြိုးဝိုင်းဖြစ်လာမည်လော။ သို့တည်းမဟုတ် အပြန်အလှန်အပေးအယူများဖြင့် မိတ်ဖက်အသွင် ပြိုင်ဆိုင်မည့် အခင်းအကျင်းဖြစ်လာမည်လော။ ကြိုတင်တွေးဆစရာဖြစ်လာသည်။

နိုင်ငံရေးအခင်းအကျင်းများကား ပြောင်းလဲလျက်ရှိသည်။ ပြည်မတွင် ပါတီသစ်များပေါ်ထွက်လာသည်။ တိုင်းရင်းသားပါတီများ နှစ်ပါတီမှ တစ်ပါတီ၊ သုံးပါတီမှ တစ်ပါတီ စသည်ဖြင့် ပေါင်းစည်းသွားကြသည်များ ရှိသကဲ့သို့ တစ်ပါတီမှ သုံးပါတီအထိ တိုးပွားလာမှုများ ရှိနေပြန်သည်။

ထို့ကြောင့် နိုင်ငံရေးကစားပွဲမှာ ပိုမြိုင်လာမည့်သဘော။

“၂၀၁၅ ထက်စာရင် ၂၀၂၀ က ထူးခြားမှာပဲ။ အဓိကကတော့ ယှဉ်ပြိုင်မှုပိုကြီးမယ်ဆိုတာကတော့ ပြောစရာမလိုဘူး” ဟု ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE ၏ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က ပြောကြားသည်။

ပါတီနိုင်ငံရေးအခင်းအကျင်းသစ်

မြန်မာနိုင်ငံတွင် ၂၀၁၀ ခုနှစ်မှ စတင်ကာ အထွေထွေရွေးကောက်ပွဲကို ငါးနှစ်တစ်ကြိမ်ကျင်းပခဲ့ရာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပါအဝင်ဆိုပါက ရွေးကောက်ပွဲနှစ်ကြိမ်ဖြတ်သန်းခဲ့ပြီး ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၉၁ ပါတီဝင်ပြိုင်သည့်အနက် NLD ပါတီသည် ပြည်သူ့လွှတ်တော်တွင် ၂၅၅ နှင့် အမျိုးသားလွှတ်တော်တွင် ၁၃၅ နေရာအနိုင်ရပြီး စုစုပေါင်း ၃၉၀ ဖြင့် အစိုးရဖွဲ့နိုင်ခဲ့သည်။ အစိုးရ အဖွဲ့နိုင်ရန် လိုအပ်သည့်နေရာ အရေအတွက်မှာ ၃၃၃ ထက်ပိုမိုများပြားစွာ ရရှိခဲ့ခြင်းလည်းဖြစ်သည်။

(၁)

၂၀၂၀ ပါတီနိုင်ငံရေးအခင်းအကျင်းသစ်တွင် ပေါ်ထွန်းလာသည့် အခြေအနေတစ်ရပ်မှာ တိုင်းရင်းသားပါတီများ သို့မဟုတ် တိုင်းရင်းသားများနှင့် NLD ဆက်ဆံရေးဖြစ်သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲ ပြီးသည့်နောက်တွင် အနိုင်ရပါတီနှင့် တိုင်းရင်းသားပါတီအချို့ကြား အက်ကြောင်းများရှိခဲ့သည်။ နိုင်ငံရေးသုံးသပ်သူများအကြားတွင်မူ NLD ပါတီနှင့် တိုင်းရင်းသားပါတီများအကြားအဟမှာ ပိုမိုကြီးမားလာခဲ့သည်ဟုဆိုကြသည်လည်းရှိသည်။ အဆိုပါအခြေအနေများကို မီးမောင်းထိုးပြနေသည့် ကိစ္စများလည်း ရှိခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ်ခန့်သည့်ကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်တွင် NLD နှင့် ANP ၊ ရှမ်းပြည်နယ်တွင် NLD နှင့် SNLD တို့အကြား အမြင်မတူမှုများဖြစ်ပေါ်ခဲ့သည်။ ယင်းသည် တိုင်းရင်းသားပါတီများနှင့် NLD ပါတီတို့၏ ၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် ဖြစ်ပေါ်ခဲ့သောကိစ္စများဖြစ်သည်။

ဤသို့ဖြစ်ရပ်များက တိုင်းရင်းသားပါတီများနှင့် NLD ပါတီအကြား ဆက်ဆံရေးအက်ကြောင်းထင်ခဲ့မှု တစ်စိတ်တစ်ဒေသဖြစ်သည်။

(၂)

တိုင်းရင်းသားပါတီများနှင့်သာမက တိုင်းရင်းသားဒေသများတွင် NLD အစိုးရ၏ စီမံအုပ်ချုပ်မှုမှာလည်း နိုင်ငံရေးအခင်းအကျင်းသစ်တစ်မျိုးကို ပုံဖော်လျက် ရှိသည်။

NLD အစိုးရလက်ထက်တွင် မွန်ပြည်နယ် ချောင်းဆုံတံတားကိစ္စနှင့် ကယားပြည်နယ် ဗိုလ်ချုပ်မြင်းစီးကြေးရုပ် ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းမှု အစရှိသည့်ကိစ္စတို့နှင့်ပတ်သက်၍ ဒေသခံတိုင်းရင်းသားများနှင့် အမြင်မတူညီမှုများ ဖြစ်ပေါ်ခဲ့သည်။

NLD အစိုးရသည် ချောင်းဆုံတံတားကို ဗိုလ်ချုပ်အောင်ဆန်းတံတားဟု အမည်ပေးခဲ့သည်။ တံတားအမည်ပေးမှုအပေါ် ဒေသခံများက ကြိမ်ဖန်များစွာ ဆန္ဒပြသော်လည်း ဒေသခံတိုင်းရင်းသားများ၏ ဆန္ဒကို လျစ်လျူရှုခဲ့သည်။ ထို့အတူ ပင် ကယားပြည်နယ် ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူမှုကို ကန့်ကွက်သည့် ဒေသခံများကိုလည်း ရော်ဘာကျည်ဖြင့် နှိမ်နင်းခဲ့သည်။

(၃)

ဤသို့သောဖြစ်ရပ်များသည် ဒေသခံတိုင်းရင်းသားများနှင့် NLD ပါတီ၏ ဆက်ဆံရေးကို တစ်နည်းတစ်ဖုံရိုက်ခတ်မည့် နိုင်ငံရေးအခင်းအကျင်းသစ်ဖြစ်လာသည်။

NLD သည် အာဏာရပြီးနောက်တွင် နိုင်ငံရေးပါတီသစ်များလည်း ထွက် ပေါ်လာသည်။ အဓိကအားဖြင့် တစ်ချိန်က NLD ၏ မဟာမိတ်အဖြစ် ရပ်တည်ခဲ့သူများ၏ ပါတီများဖြစ်သည်။

ပါတီသစ်များတွင် NLD ကို ခေတ်အဆက်ဆက်ဝန်းရံခဲ့သည့် ဦးကိုကိုကြီး၏ ပြည်သူ့ပါတီလည်း အပါအဝင်ဖြစ်သည်။ ယခုအခါ ဦးကိုကိုကြီးသည် ပြည်သူ့ပါတီ၏ ဥက္ကဋ္ဌအဖြစ် တာဝန်ယူလျက်ရှိသည်။

ထို့အတူ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းသည်လည်း ယခုအခါ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ (UBP)ကို တည်ထောင်ထားပြီဖြစ်သည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် NLD နှင့် USDP တို့သာ အဓိက ယှဉ်ပြိုင်ခဲ့ကြသည်။ လာမည့်ကာလတွင် ပါတီသစ်များ၏ ခြေစွမ်းခြေစကိုလည်း ကြည့်ရမည်ဖြစ်သည်။

(၄)

၂၀၁၅ ရွေးကောက်ပွဲတွင် အင်အားကြီး NLD ကို သူတို့ရပ်ရွာတွင် အံတုဖက်ပြိုင်နိုင်ခဲ့သည် တိုင်းရင်းသားပါတီများ ရှိခဲ့သည်။ ရခိုင်တွင် ANP နှင့် ရှမ်းပြည်နယ်တွင် SNLD တို့ဖြစ်သည်။

ယခုအခါ တိုင်းရင်းသားပါတီများသည်လည်း ကိုယ့်ပြည်နယ်တွင် ကိုယ့်တိုင်းရင်းသားပါတီများ အနိုင်ရရေး အချင်းချင်းမဟာမိတ်ဖွဲ့သည့်လမ်းစဉ်ကို ကျင့်သုံးရန်တာစူလျက်ရှိသည်။ ထို့ကြောင့် ပြည်နယ်အချို့တွင် တကွဲတပြားဖြစ်နေ သော တိုင်းရင်းသားပါတီများက တစ်စုတစ်စည်းတည်းအဖြစ် ပေါင်းစည်းလိုက်ကြသည်။

မွန်ပြည်နယ်တွင် မွန်တိုင်းရင်းသားပါတီနှစ်ခုက မွန်ညီညွတ်ရေးပါတီအဖြစ် အသက်ဝင်လာပြီဖြစ်သည်။ ထို့အတူ ချင်းပြည်နယ်တွင်လည်း ချင်းတိုင်းရင်းသားပါတီ သုံးခုပူးပေါင်းကာ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ပေါ်ထွန်းစေခဲ့ပြီဖြစ်သည်။

ထိုမျှမက ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင်လည်း တိုင်းရင်းသားပါတီများ တစ်ခုတည်းသောပါတီအဖြစ် ပေါင်းစည်းထားကြပြီးဖြစ်သည်။

ပြည်မအင်အားကြီးပါတီများကို စုစည်းမှုဖြင့် ပြန်လည်ယှဉ်ပြိုင်မည့် တိုင်းရင်းသားပါတီများ၏အခန်းကဏ္ဍမှာ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပိုမိုအားကောင်းလာနိုင်ကြောင်း သုံးသပ်မှုများလည်းရှိနေပြီဖြစ်သည်။

“ဒီတစ်ခါ ရွေးကောက်ပွဲတော့ ကျွန်တော်က နဲနဲထူးခြားလိမ့်မယ်ထင်တယ်။ NLD အဓိကယှဉ်ရမှာက တိုင်းရင်းသားပါတီတွေဖြစ်ဖို့များ များမလားလို့ ကျွန်တော်စဉ်းစားမိတာပေါ့” ဟု နိုင်ငံရေးဆောင်းပါးများ ရေးသားနေသည့် စာရေး ဆရာ ဦးကျော်ဝင်းက အောက်တိုဘာ ၁၉ ရက်က ရန်ကုန်မြို့တွင် ကျင်းပသည့် ယောမင်းကြီးဇရပ်စကားဝိုင်းတွင် ပြောကြားခဲ့သည်။

“အထူးသဖြင့်တော့ အကွဲကွဲအပြားပြားဖြစ်နေတဲ့ ပါတီတွေကို စုစည်းနိုင်တဲ့ ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေ အခြေအနေကောင်းလိမ့်မယ်ထင်တယ်” ဟု စာရေးဆရာ ဦးကျော်ဝင်းက စကားဝိုင်းတွင် ပြောကြားခဲ့သည်။

ခတ်ကွင်းပြင်နေသော ပါတီများ

၂၀၂၀ ရွေးကောက်ပွဲ ကျင်းပရန် တစ်နှစ်ခန့်လိုနေသေးသော်လည်း ပြည်မအခြေစိုက် အင်အားကြီးနိုင်ငံရေးပါတီများကမူ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုတင်ပြင်ဆင်နေကြပြီ ဖြစ်သည်။

လက်ရှိကာလတွင် အစိုးရလည်းဖြစ်သည့် NLD ပါတီ၊ USDP ပါတီနှင့် အသစ်ပေါ်ထွက်လာသော ပါတီတို့သည် ပါတီအင်အားတောင့်တင်းရန် စည်းရုံးရေးလုပ်ငန်းများပင် လုပ်ကိုင်နေကြပြီ ဖြစ်သည်။

အာဏာရပါတီ NLD

NLD ပါတီသည် ပါတီ၏အောက်ခြေအလုပ်အမှုဆောင်အဖွဲ့အတွက် အင်အားဖြည့်တင်းခြင်း၊ လစ်လပ်နေရာများ အစားထိုးခန့်ထားခြင်းများ ဆောင်ရွက်နေကြောင်း ယင်းပါတီထံမှသိရသည်။

“လူထုအတွင်းမှာလည်း မဲပေးနိုင်အောင်လို့ IDP၊ ပြည်တွင်းရွှေ့ပြောင်းအလုပ်သမားတွေကအစ မှတ်ပုံတင်မရတဲ့ သူတွေရရှိအောင် သန်းခေါင်စာရင်းနဲ့ မဲဆန္ဒရှင်စာရင်းမှာပါဝင်နိုင်အောင် ဘယ်လိုပါတီကိုပဲ မဲပေးသည်ဖြစ်စေ မဲပေးပိုင်ခွင့် ရှိအောင်ဆိုပြီး ဒါကို လောလောဆယ်ဦးစားပေးပြီးလုပ်နေပါတယ်” ဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောကြားသည်။

ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင်လည်း သက်ဆိုင်ရာ မြို့အလိုက် မြို့မိ၊ မြို့ဖများနှင့် လူထုထောက်ခံသူများ ရွေးချယ်ပြီး ပါတီက ပြန်လည်စိစစ်ကာ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်သွား မည်ဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

“ပါတီကို အစဉ်တစိုက်ထောက်ခံခဲ့တဲ့ မြို့မိ၊ မြို့ဖတွေရှိပါတယ်။ ပါတီဝင်မဟုတ်ပေမယ့်ပေါ့။ အဲဒီလိုပုဂ္ဂိုလ်တွေကို အထူးသဖြင့် နယ်မြေခံအလုပ်အမှုဆောင် အဖွဲ့ဝင်တွေရဲ့ ဩဇာခံမဟုတ်ဘဲ သီးခြားလွတ်လပ်တဲ့နည်းလမ်းတွေနဲ့ ရွေးချယ်နိုင်ဖို့ ကျွန်တော်တို့စဉ်းစားနေပါတယ်။ အခုထိတော့ အတည်မပြုရသေးပါဘူး” ဟု ၎င်းက ပြောပြသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် NLD သည် အောက်ခြေမှ တင်ပြလာသည့် လူပုဂ္ဂိုလ်ထက် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ရွေးချယ်သည့်လူများကိုသာ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်စေခဲ့သည်။ ထို့ကြောင့် နုတ်ထွက်သူများ၊ ဆန္ဒပြသူများလည်း ရှိခဲ့သည်။

ထို့နောက် ရွေးကောက်ပွဲ မဲဆွယ်ရာတွင် လူကိုမကြည်ဘဲ ပါတီကိုသာကြည့်၍ မဲပေးရန် တိုက်တွန်းခဲ့သည်။ အာဏာရရှိချိန်တွင် ၎င်းတို့ရွေးချယ်ခန့်အပ်ခဲ့သော တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်အချို့၏ ပြောစကားများနှင့် လုပ်ရပ်များသည် ပြည်သူကို မျက်နှာမမူခဲ့။

ဥပမာပြရသော် လတ်တလော ပူပူနွေးနွေးအားဖြင့် ကျေးလက်ဒေသတွင် တာဝန်ကျသည့် ဆရာ၊ ဆရာမများအတွက် ဝန်ထမ်းအိမ်ရာတောင်းရာတွင် ဆရာမများ ရွာတွင်မြဲရန် ရွာသားများကို ရည်စားစကားလိုက်ပြောခိုင်းသည့် ပဲခူးတိုင်း ဝန်ကြီးချုပ်၏ပြောကြားချက်မျိုးဖြစ်သည်။ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၏ ဟင်းတစ်ခွက်လျှော့စားပါဆိုသည့် စကားသည်လည်း လူအများပါးစပ်တွင် ပြောစမှတ်တွင်စရာဖြစ်ခဲ့သည်။

ထို့ကြောင့်ပင် မဲဆန္ဒရှင် ဒေသခံလူထုသည် ၎င်းတို့ပေးခဲ့သည့် မဲတစ်ပြားအတွက် ကိုယ့်ကိုယ်ကိုယ်ပြန်ဆန်းစစ်ရန် ဒွိဟပွားစရာဖြစ်ခဲ့သည်။

ထိုသို့သို့သော ဖြစ်ရပ်များရှိခဲ့ရာ NLD ပါတီ၏ ဗဟိုပြန်ကြားရေးကော်မတီဝင် မုံရွာအောင်ရှင်ပင် ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် အားနည်းချက်များရှိခဲ့သည်ဟု ဝန်ခံပြောကြားထားရသည်။

NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကမူ လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူလူထုအနေနှင့် NLD ပါတီကို လူရော၊ ပါတီပါ ကြည့်ရှုရွေးချယ်ရမည်ဟု ဆိုထားပြီဖြစ်သည်။

ထိုပြင် တိုင်းရင်းသားပါတီများ ပေါင်းစည်းခြင်းနှင့်ပတ်သက်၍လည်း ပါတီနည်းသွားပါက ယှဉ်ပြိုင်စရာနည်းသွားသောကြောင့် NLD က ပိုမိုအခွင့်သာသည်ဟု ဒေါက်တာမျိုးညွန့်က ဆိုသည်။

မည်သို့ဆိုစေ တိုင်းရင်းသားပါတီများက ပိုမိုအားကောင်းလာခြင်းကြောင့် လာမည့်ရွေးကောက်ပွဲတွင် တိုင်းရင်းသားဒေသများ၌ NLD ပါတီသည် ခြေကုန်ထုတ်ယှဉ်ပြိုင်ရမည့်ကိန်းဖြစ်သည်။

USDP

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ပါတီသည်လည်း ကိုယ်စားလှယ်လောင်းများကို အောက်ခြေအဆင့်မှ စတင်ကာ လူရွေးချယ်မှုများ ဆောင်ရွက်နေပြီ ဖြစ်သည်။

“အခုဒီကာလကတော့ တို့ Candidate ရွေးချယ်နေတာပေါ့။ လွှတ်တော်အဆင့်ဆင့်ရဲ့ Candidate ကို ပိုက်စိပ်တိုက်ရွေးချယ်နေတာ။ အောက်ခြေကနေ အဆင့်အထိ လူတွေကို အကဲဖြတ်ဆုံးဖြတ်နေရတယ်ပေါ့” ဟု USDP ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောဆိုသည်။

ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင်လည်း အောက်ခြေပါတီနှင့် လူထုက လက်ခံသူများ၊ နိုင်ငံနှင့် လူမျိုးကို စိတ်ရင်းအမှန်နှင့် ချစ်မြတ်နိုးသူများပြီး အလုပ်အကျွေးပြုနိုင်သူများကိုသာ ရွေးချယ်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောပြသည်။

“အရည်အချင်း၊ အရည်အသွေးအားဖြင့်က တတ်နိုင်သမျှကတော့ ဘွဲ့ကို များသထက်များရမယ်ဆိုတဲ့ ဟာမျိုးတွေပေါ့။ လူငယ်အမျိုးသမီးပိုင်းတွေကို လူထုအသံတွေနားထောင်တယ်။ သေချာစိစစ်တယ်။ အဲဒီလုပ်ငန်းစဉ်တွေက ပိုက်စိပ် တိုက်လုပ်နေကြတယ်” ဟု ဦးသိန်းထွန်းဦး က ပြောဆိုသည်။

USDP ပါတီနှင့်ပတ်သက်၍မူ အချို့သော နိုင်ငံရေးလေ့လာသူများက တပ်မတော်နှင့် နီးစပ်မှုရှိသည်ဟု ဆိုကြသည်။

USDP ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးကမူ ပါတီ၏ မူဝါဒနှင့် တပ်မတော်က အလေးထားသော ဒို့တာဝန်အရေးသုံးပါးမှာ ယေဘုယျအားဖြင့် တူညီခြင်းသာဖြစ်သည်ဟု ဆိုသည့် USDP သည် ရပ်တည်ချက်၊ မူဝါဒခြင်း တူညီသည့် မည်သည့်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်နှင့်မဆို ပူးပေါင်းရန်အသင့်ရှိသည်ဟုလည်း ၎င်းက ဆိုသည်။

ပြည်သူ့ပါတီ

၂၀၂၀ ရွေးကောက်ပွဲယှဉ်ပြိုင်ရေး ခြေတကြွကြွဖြစ်နေသည့်ပါတီများတွင် ပြည်သူ့ပါတီလည်း ပါဝင်သည်။

ယင်းပါတီကို နာမည်ကြီးနိုင်ငံရေးသမား ဦးကိုကိုကြီးက ဦးဆောင်နေခြင်း ဖြစ်သည်။ ဦးကိုကိုကြီးမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးလည်း ဖြစ်သည်။

၂၀၁၅ ခုနှစ်အထွေထွေ ရွေးကောက်ပွဲတွင် ဦးကိုကိုကြီးတစ်ယောက် ပါတီနိုင်ငံရေးလမ်းကြောင်းကို လျှောက်လှမ်းရန် ပြင်ဆင်ခဲ့သေးသည်။ ထို့ကြောင့် NLD ပါတီမှ ဝင်ရောက်အရွေးခံရန် စီစဉ်ခဲ့သော်လည်း ရွေးကောက်ပွဲမဝင်ဖြစ်ခဲ့ပေ။

လက်ရှိတွင် ပြည်သူ့ပါတီကို တည်ထောင်ထားသည်။ ပါတီရုံးခန်းဖွင့်ပွဲများ မကြာခဏလုပ်ဆောင်လျက်ရှိသည်။ အချို့သောပွဲများတွင် နာမည်ကြီး စီးပွားရေးပညာရှင် ဒေါက်တာ ဦးမြင့်ကို တွေ့ရသည်။

“အခုဒီမှာကတော့ ပါတီစတည်ကတည်းက စီးပွားရေးအကြံပေးအဖြစ်နဲ့ ဆရာကြီးဦးမြင့်။ သူကတော့ သူ့ရဲ့ စာတမ်းတွေ၊ သူ့ရဲ့ သုတေသနအချက်အလက်တွေ ကျွန်တော်တို့ကို အမြဲတမ်းပံ့ပိုးနေတာ ရှိပါတယ်” ဟု ဦးကိုကိုကြီးက ပြောသည်။

စီးပွားရေးပညာရှင် ဒေါက်တာ ဦးမြင့်သည် သမ္မတဦးသိန်းစိန်အစိုးရလက်ထက် နိုင်ငံတော်စီးပွားရေးအကြံပေး အဖွဲ့ခေါင်းဆောင်ဖြစ်ခဲ့ပြီး ယခု NLD အစိုးရလက်ထက်တွင်မူ မည်သည့်တာဝန်မှ ယူမထားပေ။

ဦးကိုကိုကြီး၏ ပြည်သူ့ပါတီသည် အင်အားကြီး နှစ်ပါတီဖြစ်သော NLD နှင့် USDP ကို မကြိုက်နှစ်သက်သော ပညာတတ်အချို့၏ စိတ်ဝင်တစားစောင့်ကြည့်နေရသည့် ပါတီလည်းဖြစ်သည်။

ပြည်သူ့ပါတီတွင်လည်း လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ပါတီရုံးခန်းများ ဖွင့်လှစ်နိုင်ရေးနှင့် ပါတီစည်းရုံးရေး လှုပ်ရှားမှုများဆောင်ရွက်နေကြောင်း၊ ယင်းသို့လှုပ်ရှားမှုများ ဆောင်ရွက်နေစဉ်ကာလအတွင်း ရွေးကောက်ပွဲဝင်ရန် အလားအလာရှိသော နေရာဒေသများကို လေ့လာနေကြောင်း ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲကျင်းပမည့်ရက်နှင့် ရွေးကောက်ပွဲဝင်ရန် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းနိုင်မည့်ရက် ကြေညာပြီးမှသာ မည်သည့်နေရာများမှ ကိုယ်စားလှယ်လောင်းမည်မျှ ဝင်ရောက်ယှဉ်ပြိုင်မည်ကို ပြည်သူ့ပါတီက တရားဝင်သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အခုကတော့ ပါတီစည်းရုံးရေး ၊ ရုံးခန်းတွေဖွင့်လှစ်ရေး ဆောင်ရွက်ရင်းနဲ့ ဖြစ်နိုင်ခြေရှိတဲ့နေရာတွေနဲ့ ကိုယ်စားလှယ်လောင်း ဖြစ်နိုင်ခြေရှိတဲ့သူတွေ၊ ဆန္ဒရှိတဲ့သူတွေကို ကျွန်တော်တို့ စည်းပြီးလေ့လာနေတဲ့ ကာလဖြစ်ပါတယ်” ဟု ဦးကိုကိုကြီးက ပြောကြားသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP)

ဦးကိုကိုကြီး၏ ပြည်သူ့ပါတီနည်းတူ ၂၀၂၀ ရွေးကောက်ပွဲခရီးကြမ်းကို ဖြတ်သန်းရန်တာစူနေသည့် နောက်ထပ်ပါတီတစ်ခုမှာ သူရဦးရွှေမန်း၏ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UBP ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် (အထူးကော်မရှင်) ဥက္ကဋ္ဌဖြစ်ခဲ့ဖူးသော သူရဦးရွှေမန်း၏ UBP ပါတီကို အထူးကော်မရှင်အဖွဲ့ဝင်အချို့နှင့် သူရဦးရွှေမန်းကို ထောက်ခံသူများဖြင့် အဓိကဖွဲ့စည်းထားခြင်းဖြစ်သည်။

သူရဦးရွှေမန်းသည် တပ်မတော်အစိုးရလက်ထက် ဗိုလ်ချုပ်ကြီးဘ၀မှ အနားယူပြီးနောက် ကိုးနှစ်အကြာတွင် နိုင်ငံရေးပါတီတစ်ရပ် ဦးဆောင်တည်ထောင်လာခြင်းလည်း ဖြစ်သည်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် မဟာမိတ်အဖြစ် ရပ်တည်နိုင်ခဲ့ပြီး NLD အာဏာရပြီးနောက်တွင် ၎င်း၏အထူးကော်မရှင်မှာ ပြည်ထောင်စုလွှတ်တော်၏ ကော်မရှင်ဖြစ်လာခဲ့သည်။ အထူးကော်မရှင်သက်တမ်းတိုးမှုများတွင် တပ်မတော်သားများနှင့် USDP ပါတီဝင်များ၏ ကန့်ကွက်မှု ကြုံတွေ့ခဲ့သော်လည်း NLD အမတ်အများစုထောက်ခံမှုဖြင့် ဆက်လက်ရပ်တည်နိုင်ခဲ့သည်မှာ ကော်မရှင်ကိုဖျက်သိမ်းသည့် ယခုနှစ် ဖေဖော်ဝါရီလကုန် မတိုင်မီအထိ ဖြစ်သည်။

ကော်မရှင်ကို ဖျက်သိမ်းပြီး တစ်လကျော်အကြာ ဧပြီ ၄ ရက်တွင် UBP ကိုတည်ထောင်ခွင့်ရခဲ့သည်။

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ကဏ္ဍအသီးသီးတွင် လူငယ်များကို နေရာပေးနိုင်ရန် ရည်သန်၍ လူငယ်ရေးရာအဖွဲ့ ဖွဲ့စည်းရန် UBP ပါတီက စီစဉ်လျက်ရှိသည်။ ပါတီ၏ စီးပွားရေးမူဝါဒမှာ ဈေးကွက်စီးပွားရေးကို အခြေခံသည်။ နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးအတွက် နိုင်ငံသားများ၏ အမျိုးသားအကျိုးစီးပွားကို ဗဟိုပြုမည်ဟု အဆိုပါ ပါတီထံမှ သိရသည်။

လက်ရှိတွင် UBP ပါတီ ကမကထလုပ်သည့် ဟောပြောပွဲများတွင် ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းကိုယ်တိုင် တက်ရောက်လျက်ရှိပြီး ပါတီ၏ အနာဂတ် မျှော်မှန်းချက်များကို ပြည်သူများထံ မိတ်ဆက်ပေးလျက်ရှိသည်။

ရခိုင်ပါတီ (ANP)

ရခိုင်အမျိုးသားပါတီ ANP အတွက်မူ ရခိုင်ပြည်နယ်သည် အောင်မြေဖြစ်သည်။ အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းဖြစ်သည်။

သို့သော်လည်း ANP နှင့် NLD ပါတီကြားတွင် သဘောထားကွဲလွဲမှုအချို့လည်း ရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ NLD ပါတီက ပြည်နယ်လွှတ်တော်အတွက် အမတ်နေရာ ၁၀ နေရာသာ အနိုင်ရခဲ့ပြီး ရခိုင်နိုင်ငံရေးပါတီများ စုစည်းထားသည့် ရခိုင်အမျိုးသားပါတီ ANP က အများစု နိုင်ခဲ့သည်။ ထို့ကြောင့် ANP ပါတီက ပြည်နယ်ဝန်ကြီးချုပ်နေရာကို ၎င်းတို့ပါတီမှ လူများကို ခန့်စေချင်သည်။

သို့သော် NLD က ၎င်းတို့ယုံကြည်ရသည့် သံတွဲမဲဆန္ဒနယ် အမှတ် (၂)က ဦးညီပုကို ဝန်ကြီးချုပ်နေရာ ခန့်အပ်ခဲ့ရာ ANP ပါတီအမတ်အများစုက လွှတ်တော်တွင် အတိုက်အခံပုံစံဖြင့် ရှိခဲ့သည်။

“ပုံမှန်ပါတီစည်းရုံးရေးတွေ၊ လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံပွဲတွေ။ အထူးသဖြင့် စစ်ဘေးရှောင်ပြည်သူတွေကို ထောက်ပံ့ရေးလုပ်တာတွေ ဒါတွေနဲ့ လုံးခြာလည်လိုက်ပြီးတော့ လှုပ်ရှားမှုတွေရှိနေတဲ့ သဘောပါ” ဟု ANP ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ပြောကြားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်မူ တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။ တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် ရွေးကောက်ပွဲများ ကျင်းပနိုင်ပါမည်လောဟု အချို့သော ရခိုင်ဒေသခံများတွင် စိုးရိမ်မှုများလည်း ရှိသည်။

ဒေါ်အေးနုစိန်ကမူ ရွေးကောက်ပွဲကျင်းပရန် အချိန်တစ်နှစ်ခန့်လိုနေသးသည်ဖြစ်ရာ အထွေထွေရွေးကောက်ပွဲ မကျင်းပရသေးမီကာလအတွင်း တိုက်ပွဲများ ရပ်တန့်ပြီး ရွေးကောက်ပွဲများကျင်းပနိုင်ရန် မျှော်လင့်လျက်ရှိသည်ဟု ဆိုသည်။

“တစ်နှစ်လောက်ရှိနေသေးတဲ့ကာလမှာ ငြိမ်းချမ်းရေးက အမှန်တကယ်လိုလားတယ်ဆိုရင် တကယ့်ပြည်ထောင်စုရဲ့ အနှစ်သာရကို အစစ်အမှန်ဖော်ဆောင်ကြမယ်ဆိုရင်ပေါ့လေ။ ချက်ချင်း ဒီနေ့ရပ်ဆိုရင် ရပ်ပါတယ်။ ဒီနေ့ငြိမ်းနိုင်ရင် ငြိမ်း မယ်ဆိုတဲ့ အကောင်းဘက်ကို တော်တော်လေးမျှော်လင့်ထားတယ်” ဟု၎င်းက ပြောကြားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ဘက်ကမူ ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအနှံ့ ကျင်းပနိုင်ရန် ရည်ရွယ်ချက်ရှိနေသည်။

“မဲစာရင်းတွေ ပြုစုနေတယ်။ ရွေးကောက်ပွဲကျင်းပမယ့်ကာလကတော့ ပြောလို့မရသေးဘူးပေါ့။ ကျွန်တော်တို့ကတော့ နေရာအားလုံးမှာ ကျင်းပသွားနိုင်ဖို့ ရည်စူးထားပါတယ်” ဟု UEC ၏ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောကြား သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ ANP ပါတီအပြင် အခြားရခိုင်နိုင်ငံရေးပါတီ နှစ်ခုလည်းပေါ်ထွန်းလျှက်ရှိသည်။

မွန်ညီညွတ်ရေးပါတီ

မွန်ပါတီနှစ်ခုပေါင်းစည်းကာ မွန်ညီညွတ်ရေးပါတီကို တည်ထောင်ထားသည်။ ပါတီမှတ်ပုံတင်ခွင့်ကျသည်မှာ သုံးလခန့်သာ ရှိသေးသည်။ ထို့ကြောင့် လက်ရှိတွင် ပါတီပြန်လည်တည်ဆောက်ရေးကို ဆောင်ရွက်နေသည်။

“အခုလောလောဆယ်တော့ ကျွန်တော်တို့ ပါတီပြန်လည်တည်ဆောက်တာရယ်၊ ကျေးရွာအဆင့်တွေအထိပေါ့။ ပါတီတည်ဆောက်ရေးနဲ့ ပါတီဖွဲ့စည်းရေး ကျွန်တော်တို့ ရွေးကောက်ပွဲလည်းပါတာပေါ့။ ပါတီဝင်အင်အားစုစည်းရေး အဲဒါကို လုပ်နေတယ်” ဟု မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်က ပြောကြားသည်။

မွန်ဒေသခံများရှိသည့် ကျေးရွာအလိုက် ပါတီဆိုင်းဘုတ်များစိုက်ထူကာ လူထုအစည်းအဝေးပုံစံ ဟောပြောပွဲများပြုလုပ်ကာ စည်းရုံးရေးဆင်းနေပြီး ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေး မဟာဗျူဟာလည်း ရေးဆွဲနေကြောင်း ၎င်းက ဆိုသည်။

ကိုယ်စားလှယ်လောင်းရွေးချယ်ရာတွင် မွန်ညီညွတ်ရေးပါတီဝင်များကိုသာ ရွေးချယ်သွားမည်ဖြစ်ပြီး လူငယ်နှင့် အမျိုးသမီးများများ ပါတီနိုင်ငံရေးတွင် ပါဝင်လာရန် ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်းလည်း နိုင်စံတင်က ပြောသည်။

မွန်ညီညွတ်ရေးပါတီအနေနှင့် ကိုယ်စားလှယ်လောင်းများ ဝင်ရောက်အရွေးခံမည့် မဲဆန္ဒနယ်များကို လတ်တလောတွင် အတည်ပြုမရွေးချယ်ရသေးသော်လည်း မွန်ပြည်နယ်တွင် အဓိကထား ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကရင်ပြည်နယ်ဆိုရင် အဓိက သုံးမြို့နယ်ပေါ့။ အဲဒီထဲမှာ လေးမြို့နယ်ဖြစ်ချင်လည်း ဖြစ်သွားမှာ။ ကျွန်တော်တို့ တနင်္သာရီတိုင်းမှာတော့ အနည်းဆုံးရေဖြူမြို့နယ်အပါအဝင် နှစ်မြို့နယ်လောက် ဝင်ဖြစ်မယ်ထင်တယ်။ ပဲခူးတိုင်းနဲ့ ရန်ကုန် တိုင်းကတော့ မစဉ်းစားရသေးဘူးပေါ့” ဟု နိုင်စံတင်က ပြောကြားသည်။

ကိုယ်စားလှယ်လောင်းများ ဝင်ရောက်အရွေးခံမည့် မြို့နယ်များနှင့် ကိုယ်စားလှယ်လောင်းအမည်များကို ၂၀၂၀ ရွေး ကောက်ပွဲအောင်နိုင်ရေးမဟာဗျူဟာရေးဆွဲပြီးမှသာ အတည်ပြုနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

SNLD

အာဏာရ NLD နှင့် ဒီမိုကရေစီခရီးလမ်းကို မဟာမိတ်အဖြစ် ကာလရှည်ကြာလျှောက်လှမ်းခဲ့သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီကမူ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ဝင်ပြိုင်မည်၊ မပြိုင်မည်ကို ရွေးကောက် ပွဲကာလနီးမှသာ အတည်ပြုနိုင်မည်ဖြစ်ကြောင်း ယင်းပါတီမှသိရသည်။

“ပြင်ဆင်စရာရှိတာတော့ပြင်ဆင်တယ်ပေါ့။ ဒါပေမဲ့ ရွေးကောက်ပွဲဝင်ခြင်း မဝင်ခြင်း ဘယ်လိုဘာညာဆိုတာကတော့ အခြေအနေအရပ်ရပ်နဲ့ ဆိုင်တယ်လေ။ အဲဒါကတော့ နီးမှပဲ။ ဘယ်လောက်ပြိုင်တယ်တို့၊ ပြိုင်တာမပြိုင်တာတို့ နီးမှပြောလို့ရပါမယ်” ဟု SNLD အထွေထွေအတွင်းရေးမှူး (၁) ဦးစိုင်းကျော်ညွန့် က ပြောကြားသည်။

လတ်တလောတွင် ပါတီရေးရာနှင့် လွှတ်တော်ရေးရာ စိတ်ဝင်စားသူများကို ပါတီအတွင်း အစည်းအဝေး၊ သင်တန်းများ ဖော်ဆောင်ပေးနေကြောင်း ၎င်းကဆိုသည်။

ယင်းအစည်းအဝေး၊ သင်တန်းများမှ ထက်မြက်သည့် လူငယ်၊ အမျိုးသမီးများကို ရွေးကောက်ပွဲအတွက် ချက်ချင်းလူရွေးခြင်းမဟုတ်ဘဲ အကြိုအကဲဖြတ်သည့် ဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း ဦးစိုင်းကျော်ညွန့်က ပြောကြားသည်။

“လုပ်ရည်ကိုင်ရည်၊ Background တွေ ဒါတွေအားလုံးကို စိစစ်တဲ့ပုံစံ။ အကဲဖြတ်တဲ့ပုံစံတော့ရှိပါတယ်။ ဒါပေမဲ့ ဒီလူ၊ ဒီလူကတော့ လွှတ်တော်ကိုယ်စားလှယ်လောင်းဆိုတဲ့ပုံစံအဆင့်တော့ ကျွန်တော်တို့ မသွားသေးဘူး။ CEC ၊ CC လိုမျိုး မှာတော့ အကြမ်းဖျင်းဆုံးဖြတ်ချက်ချထားတာတွေရှိပါတယ်” ဟု ၎င်းက ဆိုသည်။

SNLD ပါတီအနေနှင့် ရှမ်းလူမျိုးကို အခြေမခံဘဲ ရှမ်းပြည်နယ်ကို အခြေပြုသည့် ပါတီဖြစ်ရန် ဆောင်ရွက်နေပြီး ပါတီ၏မူဝါဒရပ်တည်ချက် ၂၀ ခန့်ကိုလည်း ရေးဆွဲနေကြောင်း ယင်းပါတီမှသိရသည်။

ရေးဆွဲနေသော မူဝါဒများတွင် ပါတီ၏ ဖက်ဒရယ်အပေါ်ရပ်တည်ချက်၊ ငြိမ်းချမ်းရေး၊ လူငယ်ရေးရာ၊ သဘာဝ သယံဇာတ၊ မြေယာကိစ္စ၊ ကျား မ အရေး စသည့် အကြောင်းအရာများ ပါဝင်ကြောင်း ဦးစိုင်းကျော်ညွန့်က ပြောကြားသည်။

“ကျွန်တော်တို့ မူဝါဒရေးဆွဲနေတယ်။ ကျွန်တော်တို့ကတော့ ပေါ်လစီကို အခြေခံပြီး ပေါ်လစီဆန်တဲ့စကားလုံးတွေ ပိုပြောလိမ့်မယ်။ ပေါ်လစီနဲ့လည်း ဆွဲဆောင်မယ်။ ဆွဲဆောင်ရုံတင်မကဘူး။ ဒါတွေကို ဘယ်လိုအကောင်အထည်ဖော်မယ်ဆိုတာတော့ ပြောဖို့ရှိတယ်” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်ရှိ ANP ပါတီကဲ့သို့ပင် SNLD ပါတီနှင့် NLD ပါတီ အကြားတွင် သဘောထားကွဲလွဲမှု အက်ကြောင်းတချို့လည်းရှိခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ထောင်စုနှင့် ပြည်နယ်လွှတ်တော်တို့အတွက် အမတ်နေရာ ၄၆ နေရာ ရရှိခဲ့သော ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက ရှမ်းပြည်နယ်တွင် ဝန်ကြီးချုပ်အဖြစ် ၎င်းတို့ပါတီဝင်ကို ခန့်အပ်လိုသော်လည်း NLD က အခွင့်မပေးခဲ့။

သို့သော်လည်း NLD သည် ပြည်ထောင်စုအစိုးရဖွဲ့သည့်အခါ SNLD မှ ထိုစဉ်က အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးစိုင်းညွန့်လွင်ကို အမည်တပ်၍ ပြည်ထောင်စုဝန်ကြီးတစ်နေရာ ကမ်းလှမ်းခဲ့ဖူးသော်လည်း SNLD ပါတီက လက်မခံခဲ့ပေ။

ထိုသို့ သဘောထားကွဲလွဲမှုအချို့ရှိနေရာ NLD ပါတီနှင့် SNLD ပါတီတို့သည် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဟာမိတ်ဆက်ဆံရေး ဆက်လက်ရှိ မရှိမှာလည်း စိတ်ဝင်စားဖွယ်ရာပင်ဖြစ်သည်။

“ဒါကတော့ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှရတာကိုး။ ပြီးရင် ကျွန်တော်တို့ကို လာတွဲပါ။ လာတွဲပါလို့လည်း ကျွန်တော်တို့က ပြောစရာအကြောင်းမရှိဘူး။ နှစ်ပေါင်း ၃၀ ကျော်ခဲ့ပြီလေ။ ဒီလိုပဲ။ အတူတူလုပ်လာခဲ့ကြတာပဲ။ ဒါပေမဲ့ သူတို့ဖြေတဲ့စကားတွေလည်းရှိတယ်။ သူတို့မှာ မဟာမိတ်မရှိခဲ့ဘူးလို့ ပြောတယ်ဆိုတော့ကာ။ ကျွန်တော်တို့က အတင်းအကျပ်သွားလုပ်စရာလည်း အကြောင်းမရှိဘူး။ ဒါပေမဲ့ သေချာတာက ကိုယ့်အလုပ်ကို ကိုယ်လုပ်ရမှာ ဖြစ်တယ်” ဟု SNLD ပါတီ၏ အထွေထွေအတွင်းရေးမှူး (၁) ဦးစိုင်းကျော်ညွန့်ကပြောသည်။

မျှော်ရည်မှန်းသည့် ၂၀၂၀

လာမယ့် ၂၀၂၀ ခုနှစ်သည် တပ်မတော်အစိုးရအုပ်ချုပ်မှုနောက်ပိုင်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ကျင့်သုံးအုပ်ချုပ်မှု ၁၀ နှစ်ပြည့်မည့်ကာလလည်းဖြစ်ပြီး တတိယအကြိမ်မြောက်အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်ကာလလည်း ဖြစ်သည်။

ရွေးကောက်ပွဲများ ပုံမှန်ရှိခြင်းသည် ဒီမိုကရေစနစ်အသက်ဆက်ရေးအတွက် အရေးကြီးသည်။ ခန့်မှန်းရခက်သော နိုင်ငံရေးနယ်ပယ်တွင် လာမည့်ရွေးကောက်ပွဲအတွက် မည်သည့်ပါတီက အနိုင်ရမည် သို့မဟုတ် အစိုးရဖွဲ့နိုင်မည်ဆိုသည်မှာလည်း မှန်းဆချက်များသာဖြစ်သည်။

မည်သို့ဆိုစေ ပြည်သူ့အကျိုးဟုဆိုကာ နိုင်ငံရေးပါတီများကမူ ရွေးကောက်ပွဲဝင်ကြမည်ကား မုချပင်ဖြစ်သည်။ သို့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများသည် နိုင်ငံတစ်ဝန်းရှိ မဲဆန္ဒနယ်အားလုံး၌ ဝင်ပြိုင်မည်မဟုတ်။ ဝင်ပြိုင်နိုင်ရန်လည်း အင်အားမရှိသေး။ ထို့ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲဝင်ပြိုင်နိုင်သည့် အင်အားကြီးပါတီများကသာ အစိုးရဖွဲ့လာနိုင်သည့် အလားလာရှိသည်ဟု နိုင်ငံရေးလေ့လာသူများကဆိုသည်။

ထို့အတူ တိုင်းရင်းသားပါတီများသည် ပြည်နယ်များတွင် အနိုင်ရနိုင်သော်လည်း ပြည်နယ်ဝန်ကြီးချုပ် ခန့်အပ်နိုင်ရေးမှာမူ ၂၀၂၀ တွင်လည်း မသေချာ။

အကြောင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ အရ အစိုးရဖွဲ့နိုင်သည့်ပါတီက ခန့်အပ်သော သမ္မတကသာ ပြည်နယ်ဝန်ကြီးချုပ်ခန့်အပ်နိုင်ခြင်းကြောင့်ပင်ဖြစ်သည်။ ပြည်နယ်ဝန်ကြီးချုပ် မခန့်အပ်နိုင်သောကြောင့် ပြည်နယ်အစိုးရဖွဲ့ရေးမှာလည်း မရေရာ။

လာမည့် ရွေးကောက်ပွဲတွင် လက်ရှိအာဏာရ NLD ပါတီပင် အစိုးရဖွဲ့နိုင်ဦးမည်လောဆိုသည့် ယူဆချက်နှင့်ပတ်သက်၍ ဦးကျော်ဝင်း၏ အမြင်မှာမူ ဤသို့ ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ သိက္ခာနဲ့ သမာဓိကို အခုချိန်အထိယှဉ်နိုင်တဲ့လူ သိပ်မတွေ့သေးဘူး။ အဲဒီတော့ (ပြည်မမှာ)NLD ပဲနိုင်လိမ့်ဦးမယ်။ သို့သော် အစိုးရဖွဲ့ဖို့ကတော့ မနည်းကြိုးစားရလိမ့်မယ်ထင်တယ်။ ဒါတော့ကျွန်တော် ယတိပြတ် မပြောတတ်ဘူး” ဟု ၎င်းကဆိုသည်။ 

ဇင်လင်းထက်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *