ကမ္ဘာကျော် မြန်မာများ၏ ရေခံမြေခံ

မြန်မာတို့ မညံ့ပါ။ ယနေ့လူပြောများသည့် စကားတစ်ခွန်းနှင့် ထပ်ဆိုရလျှင် မြန်မာများသည် ခေသူများမဟုတ်ကြပါ။ ကမ္ဘာ့အလယ်တွင် ထူးချွန်ထင်ရှား လူသိများသည့် ကမ္ဘာကျော်မြန်မာများ ရှိခဲ့သည်။ ယခုခေတ်တွင်လည်း ရှိနေသည်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၊ ကမ္ဘာ့ပညာရှင်များကြား လေးစားခံရသည်အထိ ထူးချွန်ခဲ့သည့် စီးပွားရေးပညာရှင် ဒေါက်တာ လှမြင့်တို့ ရှိခဲ့သည်။

ယခုအချိန်တွင်လည်း အမေရိကန်ပြည်ထောင်စု အမျိုးသားအာကာသနှင့် သိပ္ပံအေဂျင်စီ (NASA) တွင် တာဝန်ထမ်းဆောင်နေသည့် ဒေါက်တာ ပဒေသာတင်၊ NASA ၏ ၂၀၂၀ အင်္ဂါဂြိုဟ်ခရီးစဉ်စီမံကိန်းကို ဦးဆောင်နေသည့် မမိမိအောင် အစရှိသူတို့သည် မြန်မာတို့အတွက် ဂုဏ်တက်စေသည့် ကမ္ဘာကျော်လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်သည်။

သို့သော် အဆိုပါပုဂ္ဂိုလ်များသည် ပြည်တွင်းတွင် မရနိုင်သည့် အသိပညာ၊ အတွေ့အကြုံများကို ပြည်ပရေခံမြေခံတွင် ဆက်လက်ဆည်းပူးလေ့လာရင်းနှင့် ကမ္ဘာကျော်အဆင့်ထိ တက်လှမ်းရောက်ရှိခဲ့ကြသူများ ဖြစ်သည်။

ဦးသန့်ဆိုလျှင်လည်း ကုလသမဂ္ဂမြန်မာကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ရင်း သူ၏အတွေ့အကြုံနှင့် စွမ်းဆောင်ရည်များကြောင့် လုပ်ဖော်ကိုင်ဖက်များအကြား လေးစားချစ်ခင်ထောက်ခံမှုကိုရရှိပြီး အတွင်းရေးမှူးချုပ်ရာထူးကို သုံးကြိမ်ဆက် တာဝန်ယူပေးရန် တောင်းဆိုခံရသူဖြစ်သည်။ သို့သော် ဦးသန့်က နှစ်ကြိမ်သာတာဝန်ယူပြီး နောက်တစ်ကြိမ်အတွက် ငြင်းဆန်ခဲ့သူဖြစ်သည်။

အထက်ပါပုဂ္ဂိုလ်များအပါအဝင် ကမ္ဘာတွင်ပါ လူသိများအသိအမှတ်ပြုခြင်းခံရသော ဂုဏ်ယူဖွယ်မြန်မာများစွာ ရှိနေခြင်းကလည်း နိုင်ငံအတွက် အားတက်ဖွယ် ဖြစ်လေသည်။ လူတော်များ များလာခြင်းကလည်း နိုင်ငံအနာဂတ်ကို တောက်ပြောင်စေပြန်သည်။

မြန်မာနှင့် MMA ကို မိတ်ဆက်ပေးသည့် ကမ္ဘာကျော် ဖိုက်တာ

“အကယ်၍ သင့်အိပ်မက်တွေအတွက် သင်ကိုယ်တိုင် မတိုက်ခိုက်ရင် ဘယ်သူမှ သင့်အတွက် တိုက်ခိုက်ပေးမှာ မဟုတ်ဘူး”

ယင်းသို့ဆိုထားသူက လတ်တလော မြန်မာများအတွက် ဂုဏ်ယူစရာအကောင်းဆုံးသူတစ်ယောက် ဖြစ်နေသည့် မြန်မာပြည်ဖွား ကချင်လူမျိုး ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲ (Mix Martial Art – MMA) အားကစားသမား အောင်လအန်ဆန်းပင် ဖြစ်သည်။

သူက ယခုဆိုလျှင် မြန်မာတွင်သာမဟုတ်။ ကမ္ဘာတွင်ပါ ကျော်ကြားနေသည့် MMA ဖိုက်တာတစ်ယောက် ဖြစ်နေပြီ။

ယခုလအစောပိုင်းက ဂျပန်နိုင်ငံတွင် ကျင်းပသည့် MMA ပြိုင်ပွဲတွင်မူ အောင်လက သူ၏ Light Heavyweight ခါးပတ်အတွက် စိန်ခေါ်လာသူ အမေရိကန်- ဖိလစ်ပိုင်ကပြား လူသန်ကြီး ဗီရာကို အလဲထိုးပြီး ချန်ပီယံကာကွယ်ပြီးနောက် အနောက်ကမ္ဘာကပါ သူ့ကို သတိပြုလာခဲ့ရတော့သည်။

သို့သော် အောင်လအန်ဆန်းသည် ယခုအောင်မြင်မှုများကို မြန်မြန်နှင့် လွယ်လွယ် ရခဲ့သည်တော့ မဟုတ်။ ဗီရာကို အလဲထိုးပြီးနောက် ကြိုးဝိုင်းအတွင်း အောင်ပွဲခံရင်း အောင်လက ယခုကဲ့သို့ ပြောသည်။

“ကျွန်တော် ၁၉ နှစ်သားထဲက တိုက်ခိုက်လာခဲ့တာ အခုကျွန်တော် ၃၄ နှစ် ရှိပြီ။ ကျေးဇူးတင်တယ်”

ယနေ့ရရှိနေသည့် အောင်မြင်မှုများအတွက် နှစ်ပေါင်း ၁၅ နှစ် ကြာသည်ထိ မရပ်မနား အောင်လ ကြိုးစားခဲ့ရသည်။

ကြိုးစားမှုရလဒ်အဖြစ် နိုင်ပွဲများရတိုင်းတွင်လည်း အောင်လက မြန်မာ့အလံကို လွှမ်းခြုံရင်း အောင်ပွဲခံလေ့ရှိသည်။ ပရိသတ်နှင့် နိုင်ငံအတွက် အကောင်းဘက်တွင်သာ ကိုယ်စားပြုကြောင်းကိုလည်း သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် မြန်မာအလံ လွှမ်းခြုံအောင်ပွဲခံနေသည့် ဓာတ်ပုံနှင့်တွဲ၍ ယခုလိုရေးသားထားသည်။

“ကျွန်တော်က အမြဲတမ်းလိုလို ကျွန်တော့်မိသားစု၊ မိတ်ဆွေ၊ ကျွန်တော့်ပရိသတ်တွေနဲ့ ကျွန်တော့်နိုင်ငံအတွက် ကောင်းတဲ့ဘက်မှာပဲ ကိုယ်စားပြုချင်ခဲ့တယ်။ ဒီလိုပဲ ဆက်လုပ်နိုင်ဦးမယ်ဆိုတာလည်း သေချာပါတယ်”

ကချင်ပြည်နယ်၊ မြစ်ကြီးနားတွင်မွေးပြီး ရန်ကုန်တွင် ကြီးပြင်းခဲ့သည့် အောင်လသည် ၂၀၀၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု အန်ဒရူးတက္ကသိုလ်တွင် စိုက်ပျိုးရေးသိပ္ပံဘာသာရပ် တက်ရောက်သင်ယူရန် မြန်မာပြည်မှ ထွက်ခွာခဲ့သည်။

သို့သော် မြန်မာပြည်သို့ လူသိများပြီး ပြန်လာသည့် အောင်လသည် စိုက်ပျိုးရေးပညာရှင်တစ်ယောက်အနေနှင့် မဟုတ်။ ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေး (Mix Martial Art – MMA) ဖိုက်တာအဖြစ် ပြန်လာခဲ့သည်။

၂၀၀၇ ခုနှစ်တွင် သူ၏ မူလရည်ရွယ်ချက်ဖြစ်သည့် စိုက်ပျိုးရေးသိပ္ပံဘွဲ့ကို အောင်လက အရယူခဲ့သည်။ တစ်ချိန်တည်းတွင်ပင် သူဝါသနာပါသည့် MMA ပြိုင်ပွဲများကိုလည်း လေ့ကျင့်ပြင်ဆင်ရင်း ၂၀၀၅ ခုနှစ်ကတည်းက ဆုကြေးစား စနစ်ပြိုင်ပွဲများတွင် ဝင်ရောက်ထိုးသတ်နေခဲ့ခြင်းဖြစ်သည်။

ယခင်က MMA အားကစားကို သိပ်မရင်းနှီးသည့် မြန်မာပရိသတ်များမှာလည်း အောင်လကြောင့်ပင် ကိုယ့်မြေပေါ်တွင် ကျင်းပသည့် MMA ပြိုင်ပွဲများကို ရင်ခုန်စိတ်လှုပ်ရှားစွာ အနီးကပ်ကြည့်ရှုခွင့် ရလာကြတော့သည်။

သူ့ကြောင့်ပင် MMA ပြိုင်ပွဲများတွင် မြန်မာပရိသတ် တိုးလာခဲ့သည် မဟုတ်ပါလား။ အောင်လအတွက်လည်း မည်သို့ပင် ပင်ကိုယ်ဗီဇအရ ကြိုးဝိုင်းအတွင်း တိုက်ခိုက်ယှဉ်ပြိုင်လိုစိတ် ရှိလင့်ကစား လေ့ကျင့်ရာ ရေခံမြေခံနှင့် လေ့ကျင့်ဖော်များ၊ လေ့ကျင့်မှုအတွက် မှတ်ကျောက်အတင်ခံမည့် ပြိုင်ပွဲများနှင့် အလှမ်းဝေးပါက ယခုအောင်မြင်မှုများနှင့် သူ့ကို တွဲမြင်နိုင်ပါ့မလားဆိုသည်ကို တပ်အပ်ပြောနိုင်မည် မဟုတ်ပေ။

ယင်းအတွက် သူ့အောင်မြင်မှုများကို မြေတောင်မြှောက်ပေးလိုက်သည်က သူ၏ ပင်ကိုယ်ဗီဇနှင့် သူလျှောက်လှမ်းခဲ့ရာ အမေရိကရေခံမြေခံပင် ဖြစ်သည်။

ကမ္ဘာကျော် မြန်မာ့စွန်ဦးတီထွင် အမျိုးသမီး

‘မျိုးစေ့မမှန် အပင်မသန်’ ‘မျိုးစေ့မှန်မှ အပင်သန်မည်’ ဟူသော မြန်မာ့ဆိုရိုးစကားပုံများ ရှိသည်။

ရှင်သန်ကြီးထွားရန်အတွက် ပင်ကိုယ်ဗီဇမျိုးရိုးက အဓိကဖြစ်ကြောင်း ဆိုလိုခြင်းပင်။ ထိုထက်ပို၍ ပင်ကိုယ်သန်မာသောအပင်များမှ အသီးအပွင့်များ ဝေဆာပွင့်ဖူးရန်အတွက် မြေဆီမြေနှစ်ကြွယ်ဝသော ရေခံမြေခံကောင်းတွင် ရှင်သန်ကြီးထွားနိုင်ပါက ပိုကောင်းနိုင်မည် မဟုတ်ပါလော။

အောင်လအန်ဆန်းကဲ့သို့ပင် ပြည်ပတွင် ရရှိကြုံတွေ့သင်ယူခဲ့ရသည့် ရေခံမြေခံကို ရှိရင်းစွဲဗီဇနှင့် ပေါင်းကူးပြီး အမိမြေတွင် အကောင်အထည်ဖော်နိုင်ခြင်းကြောင့် အောင်မြင်မှုရပြီး မြန်မာတို့ ဂုဏ်ယူနေရသည့် စွန့်ဦးတီထွင် မြန်မာအမျိုးသမီးတစ်ဦးလည်း ရှိသည်။

“Harvard ကြောင့်တော့ ပြောလို့မရဘူး။ Silicon Valley (ဆီလီကွန် တောင်ကြား) ကြောင့်တော့ ပြောလို့ရတယ်။ Silicon Valley မှာ ကျွန်တော်သွားတက်တဲ့ကျောင်းက Policy School ဆိုတော့ ကျွန်တော် နိုင်ငံရေးထဲခုန်ဝင်ရင် ဝင်မယ် ပေါ့နော်။ Silicon Valley ကြောင့် ဖြစ်သွားတာကတော့ နည်းပညာကုမ္ပဏီထောင်ဖို့ ဖြစ်သွားတာပေါ့” ဟု ဆိုလိုက်သူမှာ နည်းပညာနှင့်ချိတ်ဆက်ပြီး ပညာသင်ယူနိုင်သည့် 360.ed ကုမ္ပဏီ တည်ထောင်သူနှင့် စီအီးအို ဒေါ်လှလှဝင်း ဖြစ်သည်။

ဒေါ်လှလှဝင်းနှင့် ၂၀၁၇ က စတင်တည်ထောင်ခဲ့သည့် သူ၏ 360.ed ကုမ္ပဏီတို့သည် လက်ရှိတွင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ယူနက်စကိုနှင့် မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Netexplo က ပေးသည့် ကမ္ဘာ့အမြင့်ဆုံး ဒီဂျစ်တယ် တီထွင်ဖန်တီးမှုဆိုင်ရာ ထူးချွန်ဆု၊ ၂၀၁၈ အောက်တိုဘာလတွင် သူတက်ခဲ့ဖူးသည့် William Penn University က ပေးသည့် Emerging Young Leader Award နှင့် ယခုနှစ် ၂၀၁၉ တွင် World Economic Forum နှင့် သူ၏ မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် SCHWAB Foundation တို့ကပေးသည့် Social Entrepreneur of the year award ဆိုသည့် အထင်ကရဆုကြီးသုံးခုကို ပိုင်ဆိုင်ထားပြီဖြစ်သည်။

ပြည်ပသို့ သုံးကြိမ် ပညာတော်သင်သွားခဲ့ဖူးသည့် ဒေါ်လှလှဝင်းသည် နောက်ဆုံးအကြိမ်အဖြစ်သွားမည့် ဟားဗတ်တက္ကသိုလ်တွင်တက်ရန် ထွက်ခွာစဉ်က ယခုကဲ့သို့ နည်းပညာနှင့် ပညာရေးပေါင်းစပ်ပေးသည့် ကုမ္ပဏီတည်ထောင် မည်ဟု ရည်ရွယ်ထားခဲ့ခြင်းမဟုတ်။

မြန်မာ့ပညာရေးပြုပြင်ပြောင်းလဲမှုတွင် ပါဝင်လိုသည့် မူရင်းဆန္ဒအရ ပညာသင်ပြီး ပြန်လာပါက ကျောင်းတည်ထောင်ခြင်း၊ အဆိုပါကျောင်းမှတစ်ဆင့် ဆင့်ပွားကျောင်းများ ဖွင့်လှစ်ခြင်းနှင့် ဆရာ၊ ဆရာမများကို ပညာပြန်လည်ဖြန့်ဝေသည့် မွမ်းမံသင်တန်းများပေးခြင်းများကို လုပ်ကိုင်မည်ဟူသည့် ရိုးရှင်းသည့် ရည်ရွယ်ချက်သာထားခဲ့သည်ဟု ဒေါ်လှလှဝင်းက ဆိုသည်။

သို့ရာတွင် ဟားဗတ်တွင်ကျောင်းတက်ပြီး ပညာရေးဘွဲ့ရရှိပြီးနောက် Google ကပေးသည့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ထူးချွန်ဆုကိုပါ ဒေါ်လှလှဝင်း ရရှိခဲ့ပြီး နာဆာသို့ သွားရောက်လေ့လာခွင့် ရခဲ့သည်။

အဆိုပါလေ့လာမှုများထဲမှ အမေရိကန်ပြည်ထောင်စု၏ တီထွင်ဆန်းသစ်မှုများစုဝေးရာ ကမ္ဘာငယ်တစ်ခုဟုဆိုနိုင်သည့် ဆီလီကွန်တောင်ကြား (Silicon Valley) သို့ပါ သူရောက်သွားခဲ့သည်။

ထိုနေရာသည် သူ့အတွက် အတွေးသစ် အမြင်သစ်များဆီ ဆွဲခေါ်သွားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို နည်းပညာအသုံးပြုပြီး ဖြေရှင်းနည်းအတွက် သင်တန်းအမျိုးအစားဆယ်ခုခန့်ပေးရာ ယင်းအထဲမှ နည်းပညာအသုံးပြု ပညာရေးပြဿနာ ဖြေရှင်းနည်း သင်တန်းကို သူက ရွေးချယ်ခဲ့သည်။

ယင်းသည်ပင် 360.ed ကုမ္ပဏီ ဖြစ်လာရန် လမ်းစဖြစ်လာတော့သည်။

“ကျွန်တော်က အစထဲက ပညာရေးကို ရူးသွပ်တဲ့သူဆိုတော့ ဒီနည်းပညာတွေနဲ့သာ ငါတို့ပေါင်းစပ်ခွင့်ရရင် မဆိုးဘူးပေါ့နော်။ ကိုယ်တိုင်က နည်းပညာ Background (နောက်ခံနယ်ပယ်) က လာတာမဟုတ်တဲ့သူဆိုတော့ ကျွန်တော့် အတွက်က တော်တော်ကြိုးစားရတယ်” ဟု သူ့ရုန်းကန်ခဲ့ရမှုများကို ဒေါ်လှလှဝင်း က ပြန်လည်မျှဝေသည်။

မည်သို့ပင်ဆိုစေ ဒေါ်လှလှဝင်းနှင့် သူတည်ထောင်သည့် 360.ed တို့သည် ယခုအခါ ကမ္ဘာ့နာမည်ကြီးအဖွဲ့အစည်းများက အသိအမှတ်ပြုချီးမြှင့်သည့် ဆုကြီးသုံးခု အပါအဝင်ဒေသတွင်းဆုများကိုပါ ရရှိပြီး နည်းပညာအခြေခံ စွန့်ဦးတီထွင်လုပ်ငန်းအဖြစ် အောင်မြင်မှုလမ်းကြောင်းပေါ်သို့ တက်လှမ်းနေပြီ ဖြစ်သည်။

အာရှနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၏ ပညာရေးပြသနာကို ဖြေရှင်းရင်း ကမ္ဘာကပါ အသိအမှတ်ပြုလာခြင်းကြောင့် မြန်မာနှင့်အလားတူ ပညာရေးပြဿနာရင်ဆိုင် နေရသည့်ဒေသတွင်း အာရှနိုင်ငံများကပါ 360.ed ကုမ္ပဏီ၏ ထုတ်ကုန်များကို စိတ်ဝင်တစားကမ်းလှမ်းမှုများ ရှိလာကြသည်ဟုလည်း ဒေါ်လှလှဝင်းက ဆိုသည်။

ကိုယ့်နိုင်ငံတွင် မရနိုင်ခဲ့သည့် တီထွင်ဆန်းသစ်မှုနည်းပညာများကို နိုင်ငံရပ်ခြား ရေခံမြေခံတွင် ဆည်းပူးခွင့်ရပြီး ကိုယ့်ရေမြေနှင့် ကိုက်ညီအောင် မွမ်းမံနိုင်ခဲ့သည့်အတွက် ဒေါ်လှလှဝင်းသည် သူ၏မူလရည်မှန်းချက်ဖြစ်သည့် ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ခွင့်ရနေခဲ့ပြီမဟုတ်ပါလား။

အနာဂတ်မြန်မာ့ လူ့အရင်းအမြစ်များ၏ အလုပ်အကိုင်အခွင့်အလမ်းအတွက် ကြိုတင်ပြင်ဆင်ပေးရာတွင် ရေခံမြေခံကောင်းများ များစွာလိုသည်ဟု ဒေါ်လှလှဝင်းက ဆိုသည်။

အဆိုပါ ရေခံမြေခံများစွာထဲမှ တစ်ခုအပါအဝင်ဖြစ်နိုင်ရန် နည်းပညာအသုံးပြု ပညာရေးကုမ္ပဏီအဖြစ် 360.ed ကို တည်ထောင်ခြင်းဖြစ်ကြောင်း သူက ယခုကဲ့သို့ ဆိုသည်။

“နိုင်ငံတော်အတိုင်ပင်ခံကလည်း ပြောတယ်။ ကျွန်တော်တို့ Quantum Leap frog လုပ်မယ်၊ ဖားခုန် ခုန်ကြမယ်။ Quantum ဆိုတာ အကျယ်ကြီးပေါ့နော်။ အဲဒီ Quantum Leap frog လုပ်မယ်ဆို ရေခံမြေခံကောင်းတွေ အများကြီးလို တယ်။ နေရာစုံမှာ ခုန်လို့ရတယ်။ ကျွန်တော်တို့က ပညာရေးမှာ ခုန်တယ်”။ 

ဝေကြည်စံ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *