ဖေ့စ်ဘွတ်ခ်သည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက် ရပ်တည်သည် (မာ့က်ဇူကာဘတ်)

၂၀၀၄ ခုနှစ်တွင် ဖေ့စ်ဘွတ်ခ်ကို စတင်ချိန်မှစ၍ ပြည်သူတို့ကို ပြောရေးဆိုခွင့်ရှိကာ စုစည်းပေးမည့် ဝန်ဆောင်မှုများ တည်ဆောက်ရန် ဦးစားပေး ဆောင်ရွက်ခဲ့ပါသည်။ ယနေ့ခေတ် ကြုံတွေ့နေရသလို မဟုတ်သော်လည်း သမိုင်းတစ်လျှောက်တွင် ထိုရည်မှန်းချက်နှစ်ရပ်သည် လက်တွဲချီတက်ခဲ့ကြပါသည်။ လွတ်လပ်စွာပြောဆိုခွင့်ကို ‘လူ့အဖွဲ့အစည်း၏ မဟာကိုယ်ကျင့်တရား ပြန်လည်ထိန်းသိမ်းရေးကိရိယာ’ အဖြစ် ဖရက်ခရစ်ဒါက်ဂလပ်စ်က တစ်ခါက ပြောဆိုခဲ့ဖူးပါသည်။ #BlackLives Matter နှင့် #Metoo ကဲ့သို့သော လှုပ်ရှားမှုများသည် ၎င်းတို့၏ အတွေ့အကြုံများကို ပွင့်ပွင့်လင်းလင်းမျှဝေသော ပုဂ္ဂိလ်များအပေါ်တွင် အားကိုးအားထားပြုပါသည်။ ဒီမိုကရေစီရေးအတွက် ကမ္ဘာတစ်ခုလုံးက တိုက်ပွဲဝင်ရာတွင် လွတ်လပ်စွာပြောဆိုနိုင်စွမ်းသည် အဓိကကျပါသည်။ လူ့အဖွဲ့အစည်းတွင် လူအများ ပိုမိုအကျုံးဝင်ပတ်သက်ရန်ဆိုလျှင် လူအများအပြားကို ၎င်းတို့၏အမြင်များမျှဝေခွင့်ပြုရန် လိုပါသည်။ သို့သော် ထိုသဘောတရားကို စိန်ခေါ်မှုများပိုမို၍ တိုးပွားလာနေပါသည်။ အချို့ က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်သည် လူတွေကို စုစည်းရန်ထက် ကွဲပြားရန်ဖြစ်စေသည်ဟု ယုံကြည်ကြပါသည်။ အခြားသော နိုင်ငံရေးနယ်ပယ်တစ်ဝန်းမှ ပုဂ္ဂိုလ်များကလည်း လူတိုင်းကို ပြောရေးဆိုခွင့်ပေးခြင်းထက် ၎င်းတို့၏ ဦးစားပေးစိတ်ကြိုက်နိုင်ငံရေးရလဒ်များ ရရှိရေးက ပို၍အရေးကြီးသည်ဟု ယုံကြည်ကြပြန်ပါသည်။

လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာအတွင်း လူတစ်ဦးချင်းက ၎င်းတို့၏ ဆန္ဒသဘောထားများ ထုတ်ဖော်နိုင်စွမ်း လျင်မြန်စွာ ကျယ်ပြန့်လာခဲ့ပါသည်။ သို့သော် လူမှုရေးအကျပ်အတည်းများနှင့် ကြုံတွေ့ရသည့်အခါ လွတ်လပ်စွာထုတ်ဖော်ပြောဆိုရေးသားခွင့်ကို ပြန်လည်ရုပ်သိမ်းလိုသောဆန္ဒများ မကြာခဏပေါ်ပေါက်လာခဲ့ပါသည်။ ‘ဘာမင်ဟမ်ထောင်မှ ပေးစာ’ ကို ငြိမ်းချမ်းစွာဆန္ဒပြမှုအတွက် ထောင်သွင်းအကျဉ်းချခံနေရစဉ် မာတင်လူသာကင်း (ဂျူနီယာ)က ရေးသားခဲ့ပါသည်။ ပထမကမ္ဘာစစ်တွင် မိမိပါဝင်သော အခန်းကဏ္ဍနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံတွင် အကွဲကွဲအပြားပြားဖြစ်နေစဉ် တရားရုံးချုပ်က ထင်ရှားသော ဆိုရှယ်လစ်ခေါင်းဆောင် ယူဂျင်း-ဗွီ-ဒက်ဘင်ကို စစ်ဆန့်ကျင်ရေး ဟောပြော၍ ထောင်ချနိုင်သည်ဆိုပြီး စီရင်ချက်ချခဲ့သည်။

ယခုကဲ့သို့ လူမှုတင်းမာမှုများ ပြန်လည်ဖြစ်ပေါ်နေချိန်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားခွင့်ကို တားဆီးချုပ်ချယ်လိုသည့်ဆန္ဒများ တစ်ကျော့ပြန် ပေါ်ပေါက်လာနေပါသည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၏ ရှုပ်ထွေးမှုကို နားလည်ပြီး တိုးတက်မှုရရှိရေး ခရီးရှည်ကို ချီတက်ရာတွင် လိုအပ်သော ကျွန်တော်တို့ကို စိန်ခေါ်နေသော ထိပ်တိုက်ရင်ဆိုင်နေသည့် အတွေးအခေါ်များရှိရန် လိုအပ်သည်ဟု ယုံကြည်ကာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်အတွက် ရပ်တည်ကြမည်၊ သို့မဟုတ် ရပ်တည်မှုမရှိဘဲ ထိခိုက်နစ်နာမှုကြီးမားသောလမ်းကြောင်းကို ရွေးချယ်ဆုံးဖြတ်ကြမည်ဟူသော ရွေးချယ်စရာနှင့် ကြုံကြိုက်နေရပါသည်။

ကျွန်တော်တို့သည် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ဘက်က မဖြစ်မနေရပ်တည်ရမည်ဟု ယုံကြည်ပါသည်။ ထိုသို့ရပ်တည်သည့်အခါတွင် အဓိကခြိမ်းခြောက်မှုသုံးခုနှင့်တွေ့ကြရပါမည်။

ပထမစိန်ခေါ်မှုမှာ ကမ္ဘာတစ်ဝန်းတွင် ပေါ်ပေါက်နေသော ဥပဒေများသည် ပြောဆိုမှုများကို ဟန့်တားချုပ်ချယ်ခြင်း၊ နိုင်ငံတစ်ခု၏ အပြောအဆိုက အခြားနိုင်ငံတစ်ခုအပေါ် လွှမ်းမိုးခြင်းနည်းများဖြင့် လွတ်လပ်စွာထုတ်ဖော်မှုကို ယုတ်လျော့စေလျက် ရှိကြပါသည်။ မကြာသေးခင်ကအထိ အင်တာနက်သည် လွတ်လပ်စွာပြောဆိုထုတ်ဖော်ခွင့်ကို တန်ဖိုးထားသော အမေရိကန်ပလက်ဖောင်းများက လွှမ်မိုးခဲ့ပါသည်။ သို့သော်လည်း ထိုတန်ဖိုးထားမှုများက အနိုင်ရမည်ဟု အာမမခံနိုင်ပါ။ လွန်ခဲ့သောဆယ်နှစ်က အင်တာနက်အဓိကပလက်ဖောင်းများသည် အမေရိကန်နိုင်ငံမှ ဖြစ်ခဲ့ပါသည်။ ယခုအခါ ထိပ်တန်းပလက်ဖောင်းဆယ်ခုတွင် ခြောက်ခုသည် တရုတ်နိုင်ငံမှ ဖြစ်ပါသည်။ WhatsApp နှင့် TikTok ကဲ့သို့သော အချင်းချင်းလျှို့ဝှက်စွာ ဆက်သွယ်နိုင်သည့်ဝန်ဆောင်မှုများကို မည်သည့်နေရာမှ ဆန္ဒပြသူများ၊ တက်ကြွလှုပ်ရှားသူများမဆို အသုံးပြုနိုင်ကြပါသည်။

အဆိုပါ တရုတ်တို့၏ Application များ ကမ္ဘာတစ်ဝန်းတွင် အသုံးပြုမှု ကျယ်ပြန့်လာနေသော်လည်း အမေရိကန်ပြည်ထောင်စု၌ပင်လျှင် ဆန္ဒပြမှုအကြောင်းဖော်ပြပါက ပိတ်ပင်တားဆီးခြင်းခံရပါသည်။ အမေရိကန်မူဝါဒချမှတ်သူများက အများပြည်သူတို့၏ အန္တရာယ်ကင်းလုံခြုံမှုအတွက် အင်တာနက်ကို ထိန်းချုပ်မှုပြုလုပ်မည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားရာ ၎င်းတို့အနေနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုနိုင်ရေးကို အကူအညီပေးသင့်ပါသည်။

လွတ်လပ်စွာထုတ်ဖော်ခွင့်နှင့် ပတ်သက်သော ဒုတိယစိန်ခေါ်မှုမှာ ဖေ့စ်ဘွတ်ခ်အပါအဝင် အင်တာနက်ပလက်ဖောင်းများနှင့် ပတ်သက်ပါသည်။ လူအများ၏ မိမိတို့အကြောင်း ထုတ်ဖော်ပြောဆိုနိုင်စွမ်းကို ထိခိုက်သော ဆုံးဖြတ်ချက်များကို ဖေ့စ်ဘွတ်ခ်က ချမှတ်ခဲ့ပါသည်။ ကျွန်တော်တို့သည် အမေရိကန်ထုံးတမ်းစဉ်လာအရ တန်ဖိုးထားမှုများကို လက်ခံလိုက်နာကျင့်သုံးသော်လည်း တိကျသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပထမပြင်ဆင်ချက်အရ၊ အကြမ်းဖက်မှုကို လှုံ့ဆော်ခြင်း၊ အနိုင်ကျင့်ခြင်းတို့ကို လက်မခံပါ။ အမေရိကန်တို့က အခြားသူမကြိုက်သော အရာပင်ဖြစ်လင့်ကစား လွတ်လပ်စွာ ပြောဆိုခွင့်ရှိသည်ဟု အမေရိကန်အတော်များများက လက်ခံသော်လည်း အခြားသူအန္တရာယ်ဖြစ်စေမည့်ကိစ္စမျိုးကို မည်သူမျှ လက်မခံနိုင်ကြပါ။ ပြဿနာမှာ အန္တရာယ်ဖြစ်စေနိုင်ခြင်းရှိ-မရှိကို ခွဲခြားရန် ခက်ခဲပါသည်။

ဖေ့စ်ဘွတ်ခ်တွင် ကျန်းမာရေးနှင့်ပတ်သက်၍ တလွဲအကြံပေးခြင်းမျိုးကဲ့သို့သော ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်ဖြစ်စေနိုင်သည့် သတင်းအချက်အလက်အမှားတွေကို ဂရုစိုက်ဖြေရှင်းပါသည်။ ကလေးသူငယ်များကို ခေါင်းပုံဖြတ်ဒုက္ခပေးမည့် ခြိမ်းခြောက်မှုများကိုလည်း ဖယ်ရှားပစ်ပါသည်။ ပဋိပက္ခဖြစ်နေသည့်နိုင်ငံများတွင် အကြမ်းဖက်မည့် လူမျိုးရေးသတ်ဖြတ်မှုကို ဦးတည်စေမည့် သတင်းစကားများကိုလည်း ဖယ်ရှားပါသည်။ မိမိကိုယ်ကိုမိမိ အန္တရာယ်ပေးစေနိုင်သည့် စွန့်စားမှုများကို မိနစ်ပိုင်းအတွင်း ထောက်လှမ်းနိုင်မည့်စနစ်လည်း ရှိပါသည်။

သို့သော် မည်သည့်အရာက အန္တရာယ်ရှိသည်ဟု သတ်မှတ်ရာတွင် တစ်ယောက်နှင့်တစ်ယောက် မတူညီကြ။ လူမျိုးခွဲခြားဆန့်ကျင်သည့် ဗီဒီယိုတစ်ခုကို မျှဝေဖော်ပြလျှင် ထိုသူသည် ခွဲခြားမှုကို ရှုတ်ချနေသည် သို့မဟုတ် ဂုဏ်ပြုနေသည်ကို မည်သို့ခွဲခြားနိုင်မည်နည်း။ သာမန်ဗန်းစကားတစ်ခု သို့မဟုတ်၊ အပြစ်ကင်းသောဝေါဟာရတစ်ခုကို နည်းလမ်းအသစ်သုံးပြီး အကြမ်းဖက်မှုပေါ်ပေါက်လာစေရန် လှုံ့ဆော်နေခြင်းဖြစ်ပါသလား။ ဘာသာစကားပေါင်းရာချီပြီး တွေ့ကြုံရမည့် ထိုစိန်ခေါ်မှုများကို တွက်ဆကြည့်ပါ။

သတင်းအမှားတွေနှင့်ပတ်သက်၍ ကြည့်လိုက်ပါဦး။ မည်သူမျှ သတင်းအမှားတွေကို မကြည့်ချင်ကြပါ။ သို့သော် လူတွေက သရော်စာတွေကို သဘောကျကြသည်။ မတိကျသော်လည်း အဆုံးတွင် အမှန်တရားတွေ အကြီးအကျယ် ပါဝင်နေသည့် ဇာတ်လမ်းတွေ ပြောတတ်ကြသည်။ အချက်အလက်ချင်းတူသည့်တိုင် စာနယ်ဇင်းတွေက ရှုထောင့်အမျိုးမျိုးမှ ရေးသားဖော်ပြကြသည်။ အမှန်တရားတွေ လျော့ပါးတိုက်စားသွားမည်ကို စိုးရိမ်မိပါသည်။ သို့သော် ကွန်ပျူတာကုမ္ပဏီတွေက ရာနှုန်းပြည့်မှန်ကန်ပါ သည်ဟု အတည်ပြုပေးမှသာ အချင်းချင်းမျှဝေရမည့် အဖြစ်မျိုးကို လူအများက သဘောကျကြမည်မဟုတ်ပါ။

ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံတွင် အင်တာနက်ကုမ္ပဏီလို ကုမ္ပဏီတစ်ခုက နိုင်ငံရေးသမားတွေကိုသော်လည်းကောင်း၊ သတင်းတွေကိုသော်လည်းကောင်း စိစစ်ခွင့်ရှိသည်ဟု မယူဆပါ။ အခြားအင်တာနက် ပလက်ဖောင်းများ၊ စာနယ်ဇင်းများကဲ့သို့ပင် ဖေ့စ်ဘွတ်ခ်သည် နိုင်ငံရေးကြော်ငြာများကို အချက်အလက်မှန်မမှန် စစ်ဆေးခြင်းမရှိပါ။ သတင်းဖြစ်သင့်သည်ဟု ယူဆလျှင် ဖျက်မပစ်ပါ။ ချွင်းချက်အချို့တော့ ရှိပါသည်။ နိုင်ငံရေးသမားပင်ဖြစ်လင့်ကစား လက်တွေ့အန္တရာယ်ဖြစ်စေနိုင်သည့် ကိစ္စမျိုး၊ မဲဆန္ဒရှင်တွေကို နှိပ်ကွပ်မှုမျိုးတွေကို ခွင့်မပြုပါ။

ကျွန်တော်တို့ နိုင်ငံရေးကြော်ငြာတွေ လုံးဝပိတ်ပစ်ရန် သင့် မသင့် စဉ်းစားပါသေးသည်။ ကြော်ငြာရငွေသည် ဖေ့စ်ဘွတ်ခ်စီးပွားရေးတွင် သေးငယ်သော အစိတ်အပိုင်းမှပါဝင်ပြီး ကြော်ငြာခနှင့် အငြင်းပွားစရာဖြစ်သည့်ကိစ္စ တန် မတန်လည်း ချိန်ဆနေပါသည်။ သို့သော် လွတ်လပ်စွာ ထုတ်ဖော်ခွင့်ဟုဆိုလျှင် ကြော်ငြာလည်း ပါဝင်ပါသည်။ နိုင်ငံရေးကြော်ငြာတွေကို ပိတ်လိုက်လျှင် လက်ရှိတာဝန်ထမ်းဆောင်နေသူများနှင့် စာနယ်ဇင်းက အကြိုက်တွေ့နေသူများအပေါ် မသက်ညှာရာရောက်မည်။ အကြောင်းအရာတွေကို မဲဆွယ်ရန် ဟုတ် မဟုတ် ခွဲခြားရန်ကလည်း ခက်သည်။ ကြော်ငြာအတော်များများသည် ရွေးကောက်ပွဲနှင့် မဆိုင်၊ ကိစ္စရပ်များနှင့်သာဆိုင်သည်။ လူဝင်မှု သို့မဟုတ် အမျိုးသမီးများကို လုပ်ပိုင်ခွင့် တိုးပေးရေးနှင့်ပတ်သက်၍ ကြော်ငြာများကို ပိတ်ပင်သင့်သလော၊ နိုင်ငံရေးအငြင်းအခုန် ဆွေးနွေးပွဲများတွင် လူတိုင်းပါဝင်ဆွေးနွေး ခွင့်ရှိသော်လည်း အမတ်လောင်းတွေကို ပြောဆိုခွင့်မပြုလျှင် သဘာဝကျပါမည်လော။
လွယ်ကူရှင်းလင်းသော အဖြေမရှိပါ။ သို့သော် မှားချင်းမှားလျှင် လွတ်လွတ်လပ်လပ် ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုခွင့်ပြုသည့်ဘက်ကို ခွင့်ပြုလိုက်၍ ကြုံရသောအမှားများကိုသာ လက်ခံလိုပါသည်။

ဖေ့စ်ဘွတ်ခ်အနေနှင့် လွတ်လပ်စွာဖော်ထုတ်ခွင့်နှင့်ပတ်သက်သော အရေးကြီးသည့် ဆုံးဖြတ်ချက်အများအပြားကို ချမှတ်ရန်မသင့်ဟု ကျွန်တော်ယုံကြည်ပါသည်။ သို့ဖြစ်၍ လွတ်လပ်သော ဘုတ်အဖွဲ့တစ်ခုတည်ထောင်ကာ မည်သည့်အရေးအသားတွေကို ခွင့်ပြုမည်၊ မပြုမည် ဆုံးဖြတ်လုပ်ကိုင်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ ထိုဆုံးဖြတ်ချက်ကို ကျွန်တော်သော်လည်းကောင်း၊ ကျွန်တော်၏အဖွဲ့သားများသော်လည်းကောင်း ဆန့်ကျင်မည်မဟုတ်ပါ။ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို တန်ဖိုးထားကာ အမြင်အမျိုးမျိုး၊ နောက်ခံသမိုင်းအမျိုးမျိုးရှိသူများကို ထိုဘုတ်အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် ခန့်ထားပါသည်။

တတိယစိန်ခေါ်မှုမှာ နိုင်ငံရေးနယ်ပယ်နှင့် ပတ်သက်သည်။ အချို့က ၎င်းတို့လက်မခံနိုင်သော ရလဒ်များထွက်ပေါ်စေနိုင်သဖြင့် လွတ်လပ်စွာ ပြောဆိုထုတ်ဖော်ရေးသားခွင့်သည် အန္တရာယ်ရှိသည်ဟု ရှုမြင်ကြသည်။ အချို့က ထွက်ပေါ်လာနိုင်သည့် ရလဒ်သည် အလွန်ကြီးမားသဖြင့် နိုင်ငံသားတွေ ဘာယုံကြည်ရမည်ကို ဆုံးဖြတ်ခွင့်၊ အချင်းချင်းဆက်သွယ်ပြောဆိုခွင့်ပေးရန် မယုံကြည်ဟု ဆိုကြပြန်ပါသည်။

ထိုအမြင်များသည် ဒီမိုကရေစီအတွက် အခြားမိန့်ခွန်းများထက် ပို၍အန္တရာယ်ကြီးသည်ဟု ရှုမြင်ပါသည်။ အထက်ကနေ အောက်ကို သည်းခံကြပါဟု ပြော၍မရပါ။ လူတွေ ပွင့်လင်း၊ အတွေ့အကြုံတွေ ဝေမျှ၊ ကိုယ်နေသောလူ့ဘောင်အကြောင်းကို အားလုံးနားလည်လာပါမှ အချင်းချင်း သည်းခံနိုင်ကြပါမည်။

ဒီရေကို ကျွန်တော်တို့ မည်သို့ပြောင်းပြန်လှန်ပစ်ကြမည်နည်း၊ တစ်ယောက်ကတော့ ဒီမိုကရေစီစတင်တည်ထောင်သူတစ်ဦးက လွတ်လပ်စွာ ပြောဆိုခွင့်သည် လေနှင့်တူသည်၊ မရှိတော့မှ လွမ်းသည်တဲ့ဟု ပြောဆိုဖူးကြောင်း သိရပါသည်။ ကျွန်တော်ကတော့ ပို၍အကောင်းမြင်သည်။ လူတွေကိုယုံကြည်သဖြင့် လူတွေကို ပြောရေးဆိုခွင့် ပြုချင်ပါသည်။ တိုးတက်မှုဆိုသည်မှာ အဖြောင့်အတိုင်း၊ ဆက်တိုက်ဖြစ်ပေါ်သည်မဟုတ်။ တစ်ခါတစ်ရံ ရှေ့နှစ်လှမ်းတိုးပြီး နောက်တစ်လှမ်း ပြန်ဆုတ်တတ်ရပါသည်။ ဤကိစ္စတွေနှင့်ပတ်သက်၍ အခြားသူတွေကို ပြောဆိုခွင့်မပြုနိုင်လျှင် ပထမခြေလှမ်းကိုပင် ဘယ်တော့မျှ လှမ်းနိုင်မည်မဟုတ်ပါ။ 

(ဖေ့စ်ဘွတ်ခ်တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် ဇူကာဘတ် ဂျော့ခ်ျ တောင်းတက္ကသိုလ်တွင် ၁၇.၁၀.၂၀၁၉ နေ့က ပြောကြားသော ဒစ်ဂျစ်တယ်ခေတ်-ဒီမိုကရေစီမိန့်ခွန်းမှ)

ခင်မောင်ညို(ဘောဂဗေဒ)
ကိုးကား – Wall Street Journal

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *